Monday, October 14, 2013

ခင်ပွန်းဖြစ်သူ ခေါင်းဖြတ်အသတ်ခံရသော နှစ်လောင်းပြိုင် လူသတ်မှု ဖြူးတွင် ဖြစ်ပွား



တောင်ငူ၊ အောက်တိုဘာ ၁၃

တောင်ငူခရိုင် ဖြူးမြို့နယ် ခင်တန်းကြီး ကျေးရွာအုပ်စု သစ်မာစိုက်ခင်းတစ်ခုတွင် အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က ခင်ပွန်းဖြစ်သူ ခေါင်းဖြတ် အသတ်ခံရသော ဇနီးမောင်နှံ နှစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ပဲခူးရိုးမ တောင်ခြေရှိ ခင်တန်းကြီး ကျေးရွာအုပ်စုတွင်းမှ သစ်မာစိုက်ခင်း တစ်ခုတွင် စိုက်ခင်းစောင့်အဖြစ် လုပ်ကိုင်သူ အသက် ၅၆ နှစ်အရွယ် ဦးဇော်မင်းနှင့် ၎င်း၏ဇနီး အသက် ၅၅ နှစ်အရွယ် ဒေါ်တင်ရွှေတို့က ယင်းကျေးရွာ အုပ်စု၊ ကျွဲမကူးကျေးရွာ ဦးဇော်နိုင်ဦး၏ နေအိမ်တွင် တည်းခိုနေထိုင်ပြီး အဆိုပါအိမ်သို့ ပြန်မလာသောကြောင့် အိမ်ရှင်နှင့် ခင်တန်းကြီးကျေးရွာ နေထိုင်သူ အချို့က အဆိုပါ သစ်မာစိုက်ခင်းသို့ သွားရောက် ရှာဖွေခဲ့ရာ စိုက်ခင်းစောင့် တဲအတွင်း သေဆုံးသူ နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

အဆိုပါ အသတ်ခံရသူ ဦးဇော်မင်းကို ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ်နှင့် ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာဖြင့် တွေ့ရှိရပြီး ၎င်း၏ဇနီး ဒေါ်တင်ရွှေကို ဘယ်ဘက်ဝမ်းဗိုက်နံဘေး ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့် အူများပွင့်ကာ သေဆုံးနေကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။
“ကျွန်တော်တို့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေအထိ သေသွားတဲ့ ယောက်ျားရဲ့ခေါင်းကို ရှာမတွေ့သေးဘူး။ သူတို့ သေသွားတဲ့ နေရာအနားမှာ ထင်းခုတ် ဓားမတစ်ချောင်းနဲ့ ထမင်းချိုင့် တစ်လုံးကိုပဲ တွေ့ရတယ်” ဟု သေဆုံးသူများနှင့် ပတ်သက်၍ လိုက်လံ ရှာဖွေသူများတွင် ပါဝင်သူ ခင်တန်းကြီး ကျေးရွာနေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

သေဆုံးသူ ဇနီးမောင်နှံသည် ဖြူးမြို့နယ် ဇာတိဖြစ်ပြီး အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သည့် သစ်မာစိုက်ခင်းတွင် လာရောက် အလုပ် လုပ်ကိုင်နေသည်မှာ နှစ်လခန့်သာ ရှိသေးကြောင်း၊ သေဆုံးသူ အမျိုးသားသည် အရက်သေစာ သောက်စားတတ်သော်လည်း ရန်ငြိုးရန်စ ရှိသည်ကို မကြားမိကြောင်း အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

ဇနီးမောင်နှံနှစ်ဦး အသတ်ခံရမှုကို (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူဟု သံသယရှိသူများကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖြူးမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က တောင်ငူခရိုင် ဖြူးမြို့နယ် ဇဟားချောင်း တံတားအောက်တွင် အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်ပွားခဲ့ရာ တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့ (C.I.D) က စစ်ဆေးလျက်ရှိရာ ရှစ်လကြာသည်အထိ အမှုတွင် ကျူးလွန်သူကို မဖမ်းမိ သေးရုံသာမက အသတ်ခံရသူကိုပင် မည်သူမည်ဝါမှန်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

No comments: