ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် စတက် click
- အန်အယ်လ်ဒီအမတ်များ လွှတ်တော်တက် ကျမ်းသစ္စာကျိန်ဆို click
ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ကျမ်းသစ္စာ ကျိန်ဆို
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံကလွှတ်တော်ကို
စစ်မှန်တဲ့ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ လွှတ်တော်
ဖြစ်စေချင် ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်
ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျန်းသစ္စာ
ကျိန်ဆိုပြီး လွှတ်တော်ကို ဒီကနေ့ စတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က
နိုင်ငံခြား သတင်းထောက် တယောက်ရဲ့ အမေးကို အခုလို ဖြေသွားတာဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ လွှတ်တော်တက်မယ်လို့ NLD ပါတီ
ဆုံးဖြတ်ပြီးတဲ့နောက်မှာ ရွေးကောက်ခံ NLD
လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးလည်း ဒီကနေ့ ဆိုင်ရာ လွှတ်တော်တွေမှာ
ကျန်းသစ္စာကျိန်ဆိုပြီးတော့ လွှတ်တော်စတက်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့
ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဒီကနေ့ဟာဖြင့် မြန်မာ့နိုင်ငံရေးမှာ နောက်ထပ် သမိုင်းစာမျက်နှာသစ်တခု ဖွင့်လှစ်လိုက်နိုင်တဲ့နေ့ လို့ ဆိုရမှာပါ။ NLD အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်ခဲ့၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုလိုက်ကြပြီး တရားဝင် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ် သွားကြပါပြီ။
လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရာမှာ အခြေခံဥပဒေကို “ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမည်” ဆိုတဲ့ စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုတဲ့စကားရပ်နဲ့ အစားထိုးပေးဖို့ NLD ပါတီဘက်က ကြိုးပမ်းချက်တွေကို စွန့်လွှတ် လိုက်ပြီး နဂိုမူရင်းစာသားအတိုင်းပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတာပါ။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ စစ်တပ်က တိုက်ရိုက်ခန့်ထားတဲ့ ၂၅% သော လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူများစုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံ့ရေးရာ ကိစ္စ ရပ်တွေကို ဆွေးနွေး ညှိနှိုင်း အဖြေရှာကြရတော့မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေတဲ့သဘော ပြောဆိုခဲ့ပါတယ်။
“ကျမအနေနဲ့ စစ်တပ်အပေါ်မှာ အင်မတန့်ကို ကောင်းမွန်တဲ့သဘောထား ရှိထားပြီးသားပါ။ ဒါကြောင့်လည်း လွှတ်တော်ထဲမှာ သူတို့နဲ့အတူယှဉ်တွဲထိုင်ရတာကို စိတ်အနှောက် အယှက်မဖြစ်သလို အဲဒီလို ထိုင်ရတာ ကိုပဲ ကျေနပ်မိပါတယ်။” လို့ လွှတ်တော်တွင်းမှာ ကျမ်းကျိန်ပြီးတဲ့နောက် သတင်းထောက်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီလိုဆိုပေမဲ့လည်း ရွေးကောက်ပွဲမ၀င်ခင်ကတည်းကိုက NLD ပါတီရဲ့ရည်ရွယ်ချက်တွေထဲမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့အချက်တွေကို ပြင်ဆင်မယ်လို့ NLD က တရား ၀င် ကြေညာ ထားတာပါ။ အဲဒီအချက်တွေထဲမှာ အဓိကအကျဆုံးလို့ ဆိုရမှာ ကတော့ မဲဆန္ဒရှင်ပြည်သူ လူထုက ရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ စစ်တပ်အကြီးအကဲက တိုက်ရိုက်ခန့်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ ၂၅% စီ ပါဝင်နေတဲ့ ကိစ္စပါပဲ။ ဒီအချက်ကို NLD က ပြင် ဖို့ကြိုးစားတာဟာ တနည်းအားဖြင့်တော့ စစ်တပ် ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းမှာ ဆက် မရှိတော့အောင် လုပ်မယ့် သဘောလို့ ယူဆရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က -
“ကျမတို့ရဲ့လွှတ်တော်ကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ အညီ ဖြစ်စေချင်ပါတယ်။ လွှတ်တော်ထဲကနေ တစုံတယောက်ကို ကျမတို့ ဖယ်ရှုားပစ်ချင်တာကြောင့်မဟုတ်ဘဲ ကျမတို့ရဲ့ လွှတ်တော်တွေ တကယ့်ကို ဒီမိုကရေစီနည်းကျဖြစ်လာစေမယ့် တိုးတက်မှုမျိုးရအောင် ကျမတို့ လုပ်ချင်တာပါပဲ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုတဲ့စာသားကို ပြင်ဆင်ဖို့ ကြိုးပမ်းချက်တွေကို စွန့်လွှတ်လိုက်ပြီဆိုတာကို ဧပြီလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့တာဖြစ်ပါတယ်။ NLD ဘက်က အဲဒီလို ဆုံးဖြတ်ဖြစ် လာအောင် ၀ိုင်းဝန်း ကြိုးစား တိုက်တွန်းခဲ့ကြတဲ့ထဲမှာ အဓိက ကတော့ လွှတ်တော်တွင်း ရောက်နေပြီးသား လူမျိုးစုတိုင်းရင်းသားပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။ ဒီကနေ့ သမိုင်းဝင် အဖြစ်အပျက်တခု ဖြစ်လာရအောင် ကြိုးပမ်းပေးခဲ့ကြတဲ့ အဲဒီပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုစကား ပြောခဲ့ပါသေးတယ်။
“လမ်းကြောင်း ဖြောင့်ဖြူးသွားအောင် ကြိုးစားခဲ့ကြတာ လူမျိုးစု တိုင်းရင်းသားပါတီတွေပဲဖြစ်ပါတယ်။ ကြိုးစားရုံတင်မကပါဘူး၊ ကျမတို့ ဆုံးဖြတ်ချက်ချဖြစ်လာအောင် လမ်းခင်းပေးတဲ့ အထိ အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ကြပါတယ်။” လို့ NLD ပါတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား ပြီးတဲ့နောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွေလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။
ဇူလိုင်လကျရင် ပြန်ခေါ်ဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပါဝင်တော့မှာဖြစ်ပါတယ်ခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည် ပါလီမန်တက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် ကိုမိုးသီးဇွန် ရဲ့ အမြင်
နေ့သစ် – ဒေါ်စု က ကျမ်းကျိန်မယ်။ ပါလီမန် တက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အပေါ် ကိုကိုမိုးသီးရဲ့ သဘောထားက။
ကိုမိုးသီး
– ကောင်းပါတယ်။ ခုလိုဆုံးဖြတ်လိုက်တာ။ တကယ်က ပါတီမှတ်ပုံတင်ကတည်း က၊
ရွေးကောက် ပွဲဝင်လိုက်က တည်းက ၂၀၀၈ ကို လက်ခံရတဲ့သဘော ဖြစ်နေတယ်။ ဒီချုပ်
ရွေးကောက်ပွဲဝင်မယ်။ မ၀င်ဘူး အခြေအတင်ကာလတုန်း က ရွေးကောက်ပွဲဝင်ရင်
ဖြစ်လာနိုင်တဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အကြံပြုခဲ့ ဖူးပါတယ်။ ဒီထဲမှာ
ကျမ်းကျိန်ရနိုင် တယ်ဆိုတဲ့အချက်ကို ကျနော် ရေးပေးလိုက်ပါတယ်။
ဒီချုပ်ခေါင်းဆောင်တွေရဲ့ ထုံးစံအတိုင်း ဖတ်ကြမယ်တော့ မထင် ဘူး။
ထားပါတော့။
အခု လက်တွေ့ဆန်တဲ့
နိုင်ငံရေးကို သူလုပ်ခွင့် ဒေါ်စုလုပ်ခွင့်ရတာပေါ့။ ဒါကြောင့် ဒေါ်စုကို
ပါလီမန် သွားတက်စေ ချင်တာ ပါ။ သူဟာ ရွေးကောက်ခံအမတ်တယောက် ဖြစ်လာပြီ။
အရင်ကလို Icon
နိုင်ငံရေးကနေ လက်တွေ့နိုင်ငံရေး (Real Politics) ကို
လုပ်ဆောင်ရပြီပေါ့ဗျာ။ အပြောနဲ့ အလုပ်တွေ က မှတ်တမ်းတွေနဲ့ ဖြစ်လာပြီပေါ့။
လက်တွေ့ရလဒ်တွေ ထွက်အောင်လုပ် တဲ့ ကိစ္စတွေ ဖြစ် လာပြီ။ နောက်တခုက သူ့ကို
ဝေဖန်တာတွေ၊ ကန့်ကွက်တာတွေ ဗြောင်လုပ်လာမယ့် သူတွေကို သူရင်ဆိုင် ရမယ်။
ဒါကို သည်းခံတတ်ဖို့။ စိတ်မဆိုးဖို့ လိုမယ်။ စကားမပြောတာ။ ပြန်ပြီး
မဆက်သွယ်တာတွေ လုပ်လို့ မရတော့ဘူး။ သဘောထားအမြင် မတူတဲ့သူတွေကို
စည်းရုံးရတော့မယ်။
နေ့သစ် – ဒေါ်စု ပါလီမန်ထဲကို ရောက်လာပြီဆိုတော့ သူက ကြံ့ဖွတ်အမတ်တွေကို စည်းရုံးပြီး အခြေခံဥပဒေ ကို ပြင်လာ နိုင်မယ်လို့ ယူဆလား။
ကိုမိုးသီး
– ပြောရခက်တယ်။ အခြေခံအားဖြင့် လူတွေဟာ ကိုယ်ရပ်တည်နေတဲ့ ပါတီအဖွဲ့အစည်း
အသင်း အပင်းတွေ ကို Loyalty ရှိကြတယ်။ ကျနော်တို့ငယ်ငယ်က ထုပ်ဆီးတိုး
ကစားကြလို့ လူခွဲလိုက်ရင်တော့ ကိုယ့်ဖက်ကအဖွဲ့ပေါ်မှာသစ္စာ ရှိကြတာ
အနစ်နာခံကြတာ ရှိတယ်။ ဇီဝဗေဒပညာရှင် ပါမောက ရစ်ချပ် ဒန် ခင် ရဲ့ Selfish
Gene ဆိုတဲ့ စာအုပ်မှာ လူ တွေဟာ ကိုယ်အုပ်စု၊ ပါတီ၊ လူမျိုးအပေါ်မှာ
အသက်ပါစွန့် လွှတ်ပြီး ကာကွယ်လေ့ရှိကြတဲ့ ဗီဇ ရှိနေတယ်လို့ ဆိုတယ်။
အမေရိကန်နဲ့ ရစ်ပတ်ဘလစ်ကန်ပါတီမှာ ဒီလို ဟိုဖက်ဒီဖက် ခြံခုန်သွားတာ၊ တဖက်ပါတီရဲ့အဆိုတွေကို တဖက်ပါတီက ထောက်ခံတာတွေဟာ တွေ့ရခဲလှပါတယ်။
ရှိတော့ရှိကြပါတယ်။
ဒါကြောင့် ဒေါ်စုပါလီမန်ထဲမှာ ပြောလိုက်လို့ ကြံ့ဖွတ်အမတ်တွေက လိုက်လုပ်
မယ်။ ထောက် ခံလာ ကြမယ်ဆိုတာ ကျနော်တော့ သိပ်မမြင်သေးဘူးလို့
မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ သူပြော ထားတဲ့ တရားဥပဒေစိုးမိုးရေး၊
ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေဆိုတာ ကြံ့ ဖွတ် အမတ်တွေရဲ့
အကျိုးတူစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့အရာတွေ ဖြစ်နေတယ်။
နေ့သစ် – ဒေါ်စုနဲ့ အရွေးခံအမတ်တွေကို ဘာလုပ်စေချင်လဲ။
ကိုမိုးသီး
– ရေလာအောင်၊ မီး ပုံမှန်ရအောင်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေရအောင်၊
တယ်လီဖုန်းတွေဈေး ကျအောင် လုပ်စေချင်တယ်။ ကြိုးပမ်းစေချင်တယ်။
အလွယ်ဆုံးဟာတွေကနေ စတင်လှုပ်ရှားဖို့ ကျနော် တိုက်တွန်းချင်တယ်။ ဒီ
အာဂျင်ဒါတွေက ကြံ့ဖွတ်တွေပါ စိတ်လှုပ်ရှားလာပါလိမ့်မယ်။
နေ့သစ်- အစိုးရဖက်ကရော ဘယ်လို့ခြေလှမ်းတွေ ပြင်လာနိုင်မလဲ။
ကိုမိုးသီး
– အစိုးရဖက်ကတော့ ဒေါ်စုရဲ့ပါဝါကြီးထွားမလာအောင် ချုံ့ပစ် (Minimize)
လုပ်မှာပဲ။ ဒါကလဲ လွယ်ပါတယ်။ စီးပွားရေးမှာ ပြုပြင်ပြောင်းလဲလာမယ်ဗျာ။
အခြေခံလိုအပ်ချက်တွေကို အောက်ခြေ လာဘ် စား မှုတွေကို နှိမ်နင်းမယ်။ တ
စုံတရာ ပွင့်လင်းလွတ်လပ်မှုတွေ ပေးလာတာနဲ့ အစိုးရက လူထုထောက်ခံမှု
တဖြေးဖြေးတက်လာနိုင်တယ်။ တိုင်းရင်း သားတွေနဲ့ အပစ်ရပ်မယ်။ ၂၀၁၅ အတွက်
ပြင်ဆင်ပြီး သား ဖြစ် လာမယ်။ ထောက်ခံမှုတွေ ရလာနိုင်တယ်။
ဒေါ်စုနဲ့
၈၈ တွေကို အရင်က ဖမ်းတယ်။ ဒီတော့ သူရဲကောင်းတွေ ဖြစ်လာတယ်။ အခုဟာ
မဖမ်းတော့ ဘူးဆိုတာ့ သူရဲ ကောင်းဖြစ်ဖို့က ကိုယ့်ဖါသာကိုယ် ဆက်လုပ်ကြရမယ်။
လုပ်ကိုင်နိုင်စွမ်း Capacity က အရေးကြီးလာကြမယ်။ စီမံခန့် ခွဲမှု
(Management) တွေက စကားပြောလာမယ်။
နေ့သစ် – ဆိုလိုတာက
ကိုမိုးသီး
– ဆိုလိုတာက ပိုပြီးအလုပ်လုပ်၊ အရေအသွေးကို ပိုပြီး မြှင့်တင်၊ ပိုပြီး
မဟာမိတ်တွေနဲ့ ပိုပြီး ပူးပေါင်းဆောင် ရွက်။ ပွင့်ပွင့်လင်းလင်းပြောရရင်
ဦးသိန်းစိန် က ပိုပြီး နာမည်ရနေတယ်။ ပိုပြီး အလုပ် လုပ်နေ တာ နားထောင်တာ၊
ပူး ပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်။ သူတို့ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြ
တယ်။
ဒီချုပ်နဲ့ ပတ်သက်လို့လူတွေက
ဝေဖန်မှုတွေတဖြေးဖြေး နက်ရှိုင်းလာနေတယ်။ ဦးကျော်ဆန်းလို
ခံစားချက်ဖြစ်သွားတဲ့ လူတွေရှိနေတယ်။ လူသစ်လူဟောင်း ခံစားချက်တွေ
ဖြစ်လာနေတယ်။ အနားပြာတွေကများပြီး အရေအသွေးက ကျ ဆင်းနေတယ်။ ဒါတွေကအစ
ပြင်ရမယ်။
source : နေ့ သစ်
ကိုမောင်မောင်ဝမ်းက..မရှိမဲ့ရှိမဲ့.ဒီခေါင်းဆောင်ပြိုသွားရင် ဘယ်သူ့ကိုအစားထိုးမလဲ? ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါတဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDဆုံးဖြတ်ချက်ကို ဘာပဲဖြစ်ဖြစ် မကြိုက်ပေမဲ့ မကန့်ကွက်ဘူး.. မရှိမဲ့ရှိမဲ့.ဒီခေါင်းဆောင်ပြို သွားရင်... ဘယ်သူ့ကိုအစားထိုးမလည်း...
.ခေါင်းဆောင်က လုပ်သင့်တယ် ထင်လို့ လုပ်တဲ့ ကိစ္စ အားလုံးက တညီတညွတ်လိုက်ဘို့ပဲရှိတာပေါ့.. တိုင်းပြည်နာနေတာကို ခံယူချက်စတေးပြီး ကျော်ဖြတ်လိုက်ရတာအတွက်...ထိုက်သင့်တဲ့ တန်ဘိုး တစုံတရာတော့...ရှိလာမှာ ပါ...လက်ရှိအစိုးရအနေနဲ့ လည်း... တဘက်ကအလျှော့ပေးလိုက်တာကိုဟုတ်ပြီကွဆို.. .ရောင့်တက်တဲ့လုပ
( ဒေါ်စုပြောသွားတဲ့..အလျှော့ပေး
လ
ဟ
ဒေါက်တာလွဏ်းဆွေကNLDကိုပထမဆုံးနဲ့နောက်ဆုံး အကြိမ်မေတ္တာရပ်ခံလိုက်ပါတယ်။
အကြပ်အတည်းတွေ ဆီက သင်ခန်းစာများ
by Aung Moe Win on Monday, 30 April 2012 at 23:39 ·
(၁)
မလုပ်နိုင်တာကို ဂတိမပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးကို ငြိမ်ငြိမ်းလေးထိုင်ပြီး နားထောင်ခဲ့ပါတယ်။
“မပျော့တာဆိုလို့ ဒူးပဲရှိတယ်။ ဒူးတော့မထောက်နိုင်ဘူး” ဆိုတဲ့ အင်တာဗျူးအပြီးမှာ မိတ်ဆွေ (၆) ယောက်လောက်က ကျနော့ကို လွှတ်တော်တက်မတက် ဘယ်လိုမြင်လဲလို့ မေးပါတယ်။ ကျနော်က “ မပူပါနဲ့ အန်အယ်ဒီက လွှတ်တော်ထဲသွားကို သွားမှာပါ” လို့ ဖြေလိုက်တယ်။
ဒါကလည်း ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး တွက်ချက်ကြည့်တာပါ။
နောက်တရက်မှာပဲ ဥရောပ သမဂ္ဂ နဲ့ အိမ်ဖြူတော် ကိုယ်စားလှယ်တွေက အန်အယ်ဒီ ကို တရားခံစစ်သလို စစ်နေတဲ့ အမေးအဖြေတွေကို ဖတ်လိုက်ရတယ်။ ဒီကနေ့မှာပဲ “ ပြည်သူတွေက ကျမကို လွှတ်တော်ထဲ သွားစေချင်တယ်” ဆိုတဲ့ အရာတွေကို ဆက်နားထောင်နေခဲ့ရတယ်။ ကျနော့စိတ်ထဲမှာ ထူးထူးခြားခြား မဖြစ်မိပါ။ အဆင်ပြေကြတယ် ဆိုရင်လည်း ပြီးရောပေါ့ ။ ပျော်ရွှင်ဘွယ်ဇာတ်သိမ်းမှုတွေက အကောင်း ဆုံးမို့လား။ ဒါပေမဲ့ တချို့စာရေးဆရာတွေရဲ့ ကောက်ချက်တွေ၊ ခံစားမှုတွေကိုတော့ အံ့သြသင့်ခဲ့ရတယ်။
ဆရာမောင်ဝံသ က
“၁၉၆၂ခုနှစ်က ကျူးဘားဒုံးပျံအရေးအခင်းဖြစ်တုန်းက ကျွန်တော် ကျောင်းသားဘ၀မှာပဲ ဖြစ်ပေမယ့် အဏုမြူစစ်ပွဲကြီး ဖြစ်သွားနိုင်တဲ့ အရေးအခင်းကြီး ဖြစ်လို့ ရင်တထိတ်ထိတ်နဲ့ သတင်းစောင့်နားထောင် ခဲ့ရပါတယ်။ နောက်ဆုံး ကနေဒီတင်းတာကို ခရူးရှက်က လျှော့ပေးပြီး ဒုံးပျံတင် သင်္ဘောတွေ ပြန်ဆုတ် သွားပြီဆိုတဲ့ သတင်း အခိုင်အမာ ထွက်လာတော့ တစ်ကမ္ဘာလုံး ပျော်လိုက်ကြတာ။ ကျွန်တော် အခု ဖြစ်နေတာ အဲဒီ ဖီလင်မျိုးပဲဗျ။” တဲ့
ဆရာမောင်ဝံသ တိုင်းပြည်အပေါ်စေတနာထားရေးနေသူတဦးမို့ သူရဲ့စာတွေကို ကျနော်က တလေးတစား ဖတ်ဖြစ်ပါတယ်။ သူ့အပျော်တွေကိုလည်း မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ မေးခွန်းတခုတော့ ဝင်လာတယ်။
အဲ့သလို ကျူးဘားဒုံးပျံအရေးအခင်းကြီးလို စစ်ပွဲကြီးဆီ ဦးတည်သွားရလောက်အောင် အန်အယ်ဒီက ဘယ်တုံးကများ စစ်ပွဲကို ဦးတည်မဲ့ တိုက်ပွဲမျိုး လုပ်ခဲ့ဘူးလို့လဲ။ ကြိုးစားမှာလည်း မဟုတ်ပါ။ တောင်း လို့မရရင် စစ်အစိုးရခင်းထားတဲ့လမ်းအတိုင်းလိုက်သွားလိမ့်မယ် ဆိုတာကိုလည်း လူတွေတော်တော် များများသဘောပေါက်နေတော့ ဒီကိစ္စကြီးကို ရင်ခုန်စရာကြီးတခုလို မျှော်လင့်မနေကြပါ။
တပြိုင်နက်တည်းမှာပဲ ပြည်ပနိုင်ငံကြီးတွေကလည်း ဗမာပြည်နိုင်ငံရေးဘယ်လိုသွားရမယ် ဆိုတာကို ကြိုတင် ဘောင်ခပ်ထားပြီးသားပါ။ ဦးသိန်းစိန်တို့ရဲ့ စစ်အုပ်စုက အန်အယ်ဒီ ရဲ့ သဘောသဘာဝ နဲ့ နိုင်ငံ တကာအခင်းအကျင်း ကို တိတိကျကျနားလည်ထားပြီးသားပါ။
(၂)
ကျူးဘားဒုံးပျံအရေးအခင်းဆိုတာ တတိယကမ္ဘာက နိုင်ငံငယ်တွေအတွက် သင်ခန်းစာယူ သင့်တဲ့ အဖြစ်အပျက်ပါ။ အမေရိကန်သမ္မတ ကနေဒီ ရဲ့ စစ်ဗိုလ်ချုပ်တွေက အင်မတန် စစ်သွေးကြွသလို၊ ဆိုဗီယက်ယူနီယံမှာလည်း စစ်ချီတေးသံတွေက တဂျိန်းဂျိန်းချနေပါပြီ။ ဂျွန်အက် ကနေဒီက အမေရိကန် စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ပွဲကို ဦးတည်ရေးအကြံပြုချက်တွေကို လက်မခံပါ။ ကနေဒီဟာ အကြပ်အတည်း ဆိုက်ရောက်တိုင်း သူ့ရဲ့ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့ တိုင်ပင်လေ့ရှိပါတယ်။
ချုပ်ပြီး ပြောရရင် ကျူးဘားဒုံးပျံအကြပ်အတည်းဟာ အပေးအယူ (၃) ခုနဲ့ အဆုံးသတ်ခဲ့တယ်။
အမေရိကန်သမ္မတဘက်ကနေ
(က) တူရကီ၊ ဂရိစ်၊ အီတလီနိုင်ငံတွေမှာ လျှို့ဝှက်ဖြန့်ကျက်ထားပြီး ဆိုဗီယက်ပြည်ထောင်စုကို ချိန်ရွယ်ထားတဲ့သူ့ရဲ့ နျူကလီးယားလက်နက်တွေကို ဖြုတ်သိမ်းခဲ့ရတယ်။ သူတို့ကိုလေးစားအားကိုးနေတဲ့ NATO မသိစေချင်တဲ့အချက်ဖြစ်တယ်။
(ခ) ကျူးဘားနိုင်ငံကို ကျူးကျော်ခြင်း မပြုပါဘူး
(ဂ) စီအိုင်အေအနေနဲ့ ကျူးဘားကွန်မြူနစ်ခေါင်းဆောင် ကပ်စထရို ကို ဆက်လက်လုပ်ကြံခြင်းမပြုတော့ပါဘူး ဆိုတဲ့ ဂတိတွေပဲဖြစ်တယ်။
ဆိုဗီယက်ပြည်ထောင်စု ကတော့ အားလုံးသိကြတဲ့အတိုင်း ကျူးဘားနိုင်ငံဆီ တင်ပို့မဲ့ သူတို့ရဲ့ စစ်ရေ ယာဉ် ကြီး ကို လာလမ်းအတိုင်းပြန်လှည့်သွားခဲ့တယ်။ဒစ်ပလိုမေစီ ဆန်တဲ့ အပေးအယူ လုပ်မှုတွေကို ရုပ်ရှင်လို ကြည့်ချင်တယ် ဆိုရင်တော့ ကယ်ဗင်ကော်စနာ ပါဝင်တဲ့ 13 Days ရုပ်ရှင်ကို ကြည့်ကြည့် ပါ။ ကျူးဘားဒုံးပျံ အကြပ်အတည်းအကြောင်း ရိုက်ကူးထားတဲ့ကားပါ။
(၃)
အမေရိကန်နိုင်ငံခြားရေးမူ နဲ့ အမျိုးသားလုံခြုံရေး ဘာသာရပ်ကို သင်ကြားတဲ့အခါ ဒီ အဖြစ်အပျက်ကို ဘက်ပေါင်းစုံကနေ သုံးသပ်ကြတယ်။ ဆိုဗီယက်၊ အမေရိကန် အင်အားကြီး နိုင်ငံနှစ်ခုရဲ့ တုန့်ပြန်ပုံတွေသာ မကဘူး။ ကပ်စရို ရဲ့ အင်တာဗျူးတွေ၊ ကနေဒီ ကို ဆန့်ကျင်ရှုတ်ချတဲ့ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ အသံတွေ၊ ကပ်စထရိုကို ပုန်ကန်ဖို့ကြိုးစားနေတဲ့ ပြည်ပြေးတွေရဲ့ နာကျင်မှုတွေ အားလုံးကို လေ့ လာသုံးသပ်ကြရတယ်။ အချက်တချက်ကို သွားတွေ့တယ်။ အဲ့ဒါကတော့ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်ပေးထားတဲ့ ဂတိတွေကို ကပျက်ကချော်လုပ်မိရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ကို အားကိုးမျှော်လင့်ထားတဲ့ မိတ်ဆွေတွေကို သစ္စာဖောက်မိ၊ မလေးမစားလုပ်မိရင်ပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြရတော့တယ်။
ကျူးဘားခေါင်းဆောင် ကပ်စထရိုအတွက်တော့ ဆိုဗီယက်ယူနီယံရဲ့ နိုင်ငံရေးပါဝါကစားမှုကို မျက်ဝါးထင် ထင်တွေ့မြင်လိုက်ရတယ်။ အင်တာဗျူးမှာ နာနာကျင်ကျင်ရင်ဖွင့်ခဲ့တယ်။ ခရူးရှက် တယောက်လည်း ကွန်မြူနစ်ကမ္ဘာမှာ နာမည်ပျက်မှု့များစွာ နဲ့ ကျဆုံးခဲ့ရတယ်။
ကနေဒီ ကိုလည်း ကျူးဘားပြည်ပြေးတွေက မကျေလည်ဘူး။ ကျူးဘားခေါင်းဆောင် ကပ်စထရို ကို ဖြုတ်ချဖို့ကြိုးစားတဲ့ Bay of Pigs စစ်ဆင်ရေးမှာ၊ အမေရိကန်ပြည်ထောင်စုက ပေးခဲ့တဲ့ ဂတိအ တိုင်း လေကြောင်း မှ ဗုံးမကြဲခဲ့တာတွေ၊ ဆိုဗီယက်နဲ့အပေးအယူလုပ်တဲ့ကိစ္စတွေကို တေးထားတယ်။ ကျူးဘားပြည်ပြေးတွေဟာ အယ်ဖာ (၆၆) လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး ဂိုဏ်းတွေဖွဲ့ကြတယ်။ ဂျွန်အက်ကနေဒီ လည်း လုပ်ကြံခံလိုက်ရတယ်။ ကနေဒီ လုပ်ကြံခံရမှုမှာ ကျူးဘားပြည်ပြေးတွေ ရဲ့နောက်ကွယ်က အကြံအ စည်တွေ၊ ကြိုးစားမှုတွေ အများကြီးပါတယ် လို့ ထောက်လှမ်းရေးသတင်းရပ်ကွက်တွေက ခိုင်ခိုင်မာမာ ဆို တယ်။
(၄)
တကယ်တော့ စစ်အေးတိုက်ပွဲကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရဲ့ အရှည်လျားဆုံး ငြိမ်းချမ်းရေးကာလ လို့ နိုင်ငံရေး ပါမောက္ခတွေက ညွှန်းဆိုလေ့ရှိတယ်။ အင်အားကြီး နိုင်ငံနှစ်ခုလုံးက စစ်မဖြစ်ကြပါဘူး။ သူတို့ သုံးလို့ရ မဲ့ နိုင်ငံတွေကို Proxy Wars တွေ လုပ်ခိုင်းတယ်။ လူတွေသေကြတယ်။ အင်အားကြီး နိုင်ငံနှစ်ခုလုံးကတော့ ခေါင်းတလူလူနဲ့လေ။ အရာရာကို သူတို့ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိနေတယ်။ အင်အားကြီးတယ်။ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပြီး ကိုယ့်ရဲ့မဟာမိတ်တွေကို မလေးမစားလုပ်ခဲ့တဲ့ အပြုအ မူတွေကြောင့်ပဲ၊ နိုင်ငံ ခေါင်းဆောင်တွေဟာ မထင်မှတ်တဲ့ ကံကြမ္မာဆိုးတွေ တိုးခဲ့ရတယ်။ နောက်ထပ် ရန်သူအသစ်တွေကို ရင်ဆိုင်လိုက်ရတယ်။ စစ်ပွဲအသစ်တွေကို ပြင်ဆင်ရကြပြန်တယ်။
ကျူးဘားဒုံးပျံအရေးအခင်း ဆီကနေ သင်ခန်းစာယူနိုင်ကြပါစေ။
အောင်မိုးဝင်း
ဆိုခဲစေမြဲစေ
”ထိန်းသိမ်းကာကွယ်စောင့်ရှောက်”တာနဲ့”လေးစားလိုက်နာ”တာကို
မထူးလှပါဘူးလို့ လူအများ ပြောနေကြတယ်။ တချို့ဖြစ်ရပ်တွေ အခြေအနေတွေ
ရှာထုတ်ပြီး ဒီစကားရပ်နှစ်ခုနဲ့ ထင်ဟပ်ကြည့် ကြဘို့ ကောင်းတယ်။
အထပ်ထပ်အပြန်ပြန် စဉ်းစားကြည့်သင့်တယ်။ ဝေါဟာရပြဿနာ လား အနှစ်သာရ ပြဿနာလား
စဉ်းစားကြည့်ကြဘို့ကောင်းတယ်။
ဥပမာ-
မိတ်ဆွေရဲ့ ဧည့်ခမ်းအဝင်မှာ ”ဖိနပ်ချွတ်ပါဆိုတဲ့” စာတန်း
ချိတ်ဆွဲထားတယ်ဆိုပါတော့။ မိတ်ဆွေရဲ့အိမ်ကိုလာလည်ရင် ကျနော်က
ဒီစည်းကမ်းကိုလေးစားလိုက်နာရမှာပေါ့။ ဧည့်ခန်းထဲကို
ဖိနပ်ချွတ်ပြီးမှဝင်သင့်တယ်။ တချိန်ထဲမှာ မိတ်ဆွေဖိတ်ကြားထားတဲ့
အခြားဧည့်သည်တချို့က ဖိနပ်စီးပြီးဝင်လာခဲ့ရင် အဲဒီလူတွေကိုတားမြစ်ဘို့၊
ဧည့်ခန်းကို မညစ်ပေ-မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ဘို့က
ကျနော့တာဝန်တော့မဟုတ်ပေဘူး။ မိတ်ဆွေရဲ့ တာဝန်သာဖြစ်တယ်။
ထိမ်းသိမ်းစောင့်ရှောက်ဘို့က မိတ်ဆွေရဲ့တာဝန်၊ လေးစားလိုက်နာရမှာက
ကျနော့ရဲ့တာဝန်။ ကွဲပြားပါတယ်မိတ်ဆွေ။
နိုင်ငံသားတိုင်းဟာ
မိမိနိုင်ငံရဲ့ အချူပ်အခြာ အာဏာ တည်တန့်ခိုင်မြဲအောင် ထိမ်းသိမ်းကာကွယ်
စောင့်ရှောက် ကြရပါတယ်။ တိုင်းတပါးက ကျူးကျော်ထိပါး စော်ကားလာရင်
မြေတစ်လက်မ အတွက်ပင် ဖြစ်စေ၊ စကားတစ်ခွန်းအတွက်ပင်ဖြစ်စေ စစ်မက်တွေခင်း
အသက်တွေရင်းပြီး ကာကွယ်စောင့်ရှောက်ကြရ ပါတယ်။ ဒါပေမဲ့
တစ်ခြားနိုင်ငံတွေက(စစ်ရေး နိုင်ငံရေး စီးပွားရေး မဟာမိတ်အဖွဲ့မဟုတ်ခဲ့ရင်)
ပါဝင် ကာကွယ်စောင့်ရှောက်ပေးဘို့ တာဝန်မရှိပါဘူး။ နိုင်ငံတကာဆက်ဆံရေးအရ
နိုင်ငံတစ်ခုရဲ့ အချူပ်အချာအာဏာကို အခြားနိုင်ငံတွေက အသိအမှတ်ပြု
လေးစားဘို့ တာဝန်သာရှိပါတယ်။ ကျနော်တို့ နိုင်ငံကို ကာကွယ်စောင့်ရှောက်ဘို့
ကျနော်တို့မှာ တာဝန်ရှိပေမဲ့၊ ကျနော်တို့နိုင်ငံကိုလာလည်တဲ့
နိုင်ငံခြားသားဧည့်သည် တစ်ယောက်ရဲ့ တာဝန်က ကျနော်တို့ရဲ့ အချူပ်အခြာအာဏာနဲ့
ဓလေ့ထုံးတမ်း ဥပဒေတွေကို လေးစားလိုက်နာဘို့သာဖြစ်တယ်။
ခင်ဗျားကို
ဗိုလ်ချူပ်အောင်ဆန်း ပြတိုက်ကို ထိန်းသိမ်းစောင့်ရှောက်ဘို့
တာဝန်ပေးမယ်ဆိုပါစို့။ အဆောက်အဦက အိုဟောင်းနေပြီ၊ ခေတ်မီခိုင်ခန့်အောင်
ပြုပြင်လိုက်မယ်လို့ ခင်ဗျားလုပ်လို့ ဘယ်ရမလဲ။ နဂိုပုံစံအတိုင်း
သမိုင်းတန်ဘိုး မပျောက်ပျက်ဘဲ ရေရှည် တည်မြဲအောင်သာ ခင်ဗျားလုပ်ရမှာ။
မပြိုမပျက် အပြောင်းအလဲမရှိအောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရမှာ။
သမိုင်းအမွေအနှစ်ဆိုတာ ခေတ်နဲ့အညီ ဆန်းသစ်ပြောင်းလဲစရာ မလိုတဲ့အရာ။
သမိုင်းတန်ဘိုး မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရမဲ့ အရာ။
သာမန်အဆောက်အဦတစ်ခုကို ပြုပြင်ထိန်းသိမ်းတာနဲ့၊ သမိုင်းအမွေအနှစ်ကို
ထိန်းသိမ်း စောင့်ရှောက်တာနဲ့လဲ မတူသေးပါဘူး။
အခု
ဖွဲ့စည်းပုံအခြေခံဥပဒေဘက် ပြန်လှည့်ကြရအောင်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို သမိုင်းအမွေအနှစ် တစ်ခုလို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဘို့ လိုလို့လား။ ခေတ်အခြေအနေအလိုက် လူတွေရဲ့
လိုအင်ဆန္ဒပေါ်အခြေခံပြီး လူတွေရေးဆွဲဖန်တီးခဲ့ကြတာပဲ။ နောင်တစ်ချိန်
ခေတ်နဲ့မလျှော်ညီတော့တာတွေ ရှိလာရင် လူတွေရဲ့ လိုအင်ဆန္ဒနဲ့
မကိုက်ညီတာတွေရှိလာရင် ပြောင်းသင့်တာပြောင်း ပြင်သင့်တာပြင်ကြရမှာပဲ။
ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ထာဝရ တည်တန့်ခိုင်မြဲနေအောင်
အပြုအပြင် အပြောင်းအလဲမရှိအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဘို့ဆိုတာ
မလိုအပ်တဲ့ စကားရပ်တစ်ခုသာဖြစ်တယ်။ သဘာဝနဲ့ မကိုက်ညီဘူးလို့ပြောရမယ်။
အာဏာသက်ဝင်နေစဲကာလအထိ ဥပဒေပြဌာန်းချက်တွေကို လေးစားလိုက်နာဘို့သာ လိုတာပါ။
ဒါပေမဲ့ အမြစ်တွယ်နေစဲ အာဏာရှင် အစုအဖွဲ့နဲ့ သူတို့ပါတီကြီးအတွက်တော့ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်နိုင်ရင် ကမ္ဘာတည်သရွေ့ စင်းလုံးချော
တည်မြဲနေစေချင်တာ။ ဒါ့ကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည် လို့
ကျမ်းကျိန်ခိုင်းတာပေါ့။
ဘယ်သူမဆို
ကိုယ်တန်ဘိုးထားတဲ့အရာကိုသာ ထိန်းသိမ်းကာကွယ်စောင့်ရှောက် လိုကြစမြဲပါ။
ကိုယ်စွန့်ပစ်ချင်တဲ့အမှိုက်ထုပ်ကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ဘို့
ဘယ်သူက သစ္စာဆိုပြီး ကတိခံနိုင်ပါ့မလဲ။ သစ္စာစကားကို တန်ဘိုးထားတတ်သူတိုင်း
စကားတစ်ခွန်းရဲ့ အနက်အဓိပ္ပါယ်ကို အလေးထားတတ်စမြဲပါ။ ဆိုခဲစေ မြဲစေ ဆိုတဲ့
စကားတစ်ခွန်းရှိတယ်မဟုတ်လား။
source : http://www.colourparliament.com/2012/04/blog-post_27.html
မိုးမခက ဒီလို မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
Tu Maung Nyo – မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
တူမောင်ညို။ မေ၁ ၊ ၂၀၁၂
(NLD) ပါတီက ရှေ့နေပညာရှင်ဦးဉာဏ်ဝင်း မကြာခင်က ပြောခဲ့တဲ့စကားနဲ့ စတင်ပါရစေ။
“ကျနော်တို့
လွှတ်တော်ထဲကိုအရင်ဝင်၊ ဝင်ပြီးတော့မှပြင် လို့ မြင်တဲ့သူတွေကို
ဘာမှဝေဖန်စရာသုံးသပ်စရာမရှိဘူး၊ ဒါက ကျနော်တို့ အမြင်တွေက
ကိုယ့်အမြင်နဲ့ကိုယ်ရှိကြမှာပဲ၊ ဒါပေမယ်လို့ ကျနော်တို့နားလည်တာက
အဲဒီလိုဝင်လိုက်ရင် ကျနော် တို့ရဲ့ မူရင်း ဖြစ်တဲ့စည်းကမ်း Principal ကို
ထိခိုက် တယ်လို့ထင်ပါ တယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကို
ပြင်ဆင်ပေးဖို့ ကျနော်တို့ တင်ပြ ကတည်းက ဒီစည်းကမ်းဟာ
ကျနော်တို့ရဲ့စည်းကမ်းပါ။အဲဒီတော့ကိုယ့်စည်းကမ်း -ကိုယ်ဖောက်တာမျိုးလည်းမဖြစ်ချင်ပါဘူး။ ဒါကြောင့် ကျနော်တို့ တတ်နိုင်သမျှ
ပြေလည်ဖို့နည်းလမ်းတွေရှာပြီးတော့ အကြံပြုချက်တွေပေးနေတာပါ”
တကယ်တော့တိုင်းပြည်နဲ့
ပြည်သူလူထုကိုယ်စားပြုတယ်၊ ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုရင်
ဘာတွေလုပ်နေတယ်၊ ဘယ် လိုလုပ်မယ်ဆိုတာ လေးလေးစားစား ရှင်းပြဖို့လိုအပ်ပါတယ်။
ခေါင်းဆောင်ဟာ
လမ်းခရီးမှာ ကိုယ်ပိုင်ကားမောင်းသူလို
ကိုယ်ပြောင်းချင်တဲ့ဂီယာပြောင်းပြီး၊
ကိုယ်ကွေ့ချင်သလိုကွေ့တာမျိုးမဖြစ်သင့်ပါဘူး။
ခရီးသည်တင်ဘတ်စ်ကားမောင်းသူလို ကားပေါ်ပါ လာ တဲ့ပါစင်ဂျာတွေရဲ့
အသက်တွေကိုအလေးထားရပါမယ်။ အချိုး၊အကွေ့၊အတက်၊အဆင်းဆိုတဲ့
ဦးတည် သွားနေ တဲ့ ခရီးလမ်းအခြေအနေအပေါ်မူတည်ပြီး ကိုယ့်ဂီယာကိုစနစ်တကျ
ပြောင်းလဲ သင့်တာပါ။
ထို့အတူနိုင်ငံရေးပါတီတစ်ခုဟာလည်း တစ်ဦးတစ်ယောက်ရဲ့ အာဏာပိုင်အဖွဲ့အစည်းဘဝ ကျရောက်မသွားစေသင့်ပါဘူး။
အဲဒီလိုကျရောက်မသွားရအောင်လည်းအဲဒီနိုင်ငံရေးပါတီအဖွဲ့အစည်းထဲ(အထူးသဖြင့် ခေါင်းဆောင် ပိုင်းထဲက)မှာ
မှန်ကန်တဲ့ ဝေဖန်ဝန်းရံမှုတွေရှိဖို့လိုပါတယ်။ အခုအခြေအနေက
ထိပ်ဆုံးခေါင်းဆောင်ပြော သမျှကို ခေါင်းဆောင်မှုအဝန်းအဝိုင်းထဲပါတဲ့ သူတွေ
ကိုယ်တိုင်က မပယ်ရှားဝံ့ဘဲ၊ “ဗောင်းတော်ငြိတ် စိတ်တော်သိ” ဆိုသလို
ဆိုးဆိုးကောင်းကောင်း လိုက်နာလုပ်ဆောင်နေကြတဲ့ သဘော တွေ့မြင်နေရပါ တယ်။
“ (NLD) လွှတ်တော်ထဲဝင်ရောက်ဖို့အတားအဆီးဖြစ်နေရတဲ့အကြောင်းရင်းဟာ
နည်းစနစ်ပိုင်း မှားယွင်းမှု သက်သက် အဖြစ် သတ်မှတ်ချင်ပါတယ်။
နိုင်ငံရေးကိစ္စအနေနဲ့ မချဲ့ကားစေ ချင်ပါ ဘူး”လို့ပြော ပါတယ်။ (၂၆ဧပြီ – EMG – သတင်း)
နိုင်ငံရေးကိစ္စအနေနဲ့
ချဲ့ကားချင်တာ၊ မချဲ့ကားချင်တာဟာ မိမိစိတ်ဆန္ဒနဲ့သာ
ဆိုင်ပြီး လက်တွေဖြစ်နေတဲ့ကိစ္စကို လက်တွေ့ ဖြစ်ပေါ်နေတဲ့
အတိုင်းသာကိုင်တွယ်ဆောင်ရွ က်ရ မှာပါ။
နည်းစနစ်ပိုင်းမှားယွင်းမှုသက်သက်အဖြစ်သတ်မှတ်ချင်ပါတယ်ဆိုဦး၊
နည်းစနစ်ပိုင်း မှားယွင်းမှုကို
ဘယ်လို ညှိနှိုင်းပြုပြင်ကြမလဲ ဆိုတာ (NLD)ထိပ်ပိုင်းခေါင်းဆောင်တွေ
ဝိုင်းဝန်းဆွေးနွေးကြရမယ့် ကိစ္စဖြစ် ပြီး ဆွေးနွေး ရရှိလာတဲ့ရလဒ်အတိုင်း
ဆောင်ရွက်ရမှာပဲ မဟုတ်ပါလား။
“ဇယား ၄ ”ကိစ္စမှာ ကျနော်ရရှိလိုက်တဲ့အချက်ကတော့ (NLD) ပါတီဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်မယ် ဆိုပေမယ့်
စနစ်တကျစုစည်းလေ့လာထားမှုမရှိဘူး။ လေ့လာထားမှုမရှိဘဲ အရေးဆိုတယ်။
ပါတီရဲ့ပညာရှင်ရှေ့နေကတော့ သူ့အမြင်ကို ဥပဒေရှုဒေါင့်ကနေ အခုလိုလေ့ လာဖေါ် ထုတ်ပြောကြားခဲ့ပါသေးတယ်။
“ကျနော်တို့ရဲ့ဥပဒေအမြင်တွေကိုတင်ထားပါတယ်။
ဒီနေ့အထိတော့ လက်ခံခြင်းရှိ/မရှိ ကျနော်တို့ မသိရသေးပါဘူး၊ ဥပဒေ တွေရော
လုပ်ထုံးလုပ်နည်းတွေရော နောက်ဆက်တွဲ ဇယားတွေရော အကုန်လုံး
ဟာလိုက်လျောညီထွေရှိရမယ်။consistentဖြစ်ရမယ်။inconsistentဖြစ်တာကဥပဒေမဟုတ်ဘူး၊
consistentဖြစ်အောင်ကိုလုပ်ရမယ်၊နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပြင်ဆင်ချက်ထွက်လိုက်ပြီ
ဆိုရင်
အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအကုန်လုံးလုပ်ဖို့က
ဥပဒေရဲ့မူပဲ ကျနော် တို့ ဒါကို ကိုင်စွဲနေတာပါ”
ပါတီရဲ့ပညာရှင်ရှေ့နေဟာပါတီဆုံးဖြတ်ချက်အတိုင်းစာရေးပြီးသက်ဆိုင်ရာနေရာတွေကို
အကြံပြု ပါတယ်။
နေပြည်တော် သွားဆိုသွားပါတယ်။ ခုံရုံးကဖိတ်တော့လည်းသွားပါတယ်။
ဟိုကလက် ချာရိုက်
တာကိုနားထောင်ပါတယ်။သူ့အမြင်သဘောထားကိုခုံရုံးမှာထုတ်မပြောခဲ့ပါဘူး။သူ့ပညာနဲ့သူ့မာနကိုအသာ
ထားခဲ့ပုံပေါ်ပါတယ်။သူ့ဘက်ကတာဝန်ကျေပါတယ်။
သတင်းစာရှင်းလင်းပွဲကျမှသာအမြင် မတူတာတွေကို အခုလိုရင်ဖွင့်ပါတယ်။
“— ကျွန်တော် ရှေ့နေ ပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
ရှေ့နေပညာရှင်ရဲ့ လေ့လာတင်ပြချက်တွေဟာ သူ့စကားအတိုင်းပြောရရင်
consistenceဖြစ်ပါတယ်။ဒါပေမယ့်သူ့ပါတီ
ခေါင်းဆောင်ကဂငယ်ကွေ့ကွေ့ချလိုက်တာကတော့
သူ့ဥပဒေ ပညာ ရှင်အတွက် မျက်နှာပူစရာဖြစ်ပါတယ်။
တိုင်းကျော်ပြည်ကျော်နိုင်ငံရေးပါတီကြီးဟာ မိုးလားကဲလားတွေ ပြော ထားပြီး
နှစ်ရက်တစ်ပိုင်းအတွင်းမှာ “ပြည်သူများ၏ ဆန္ဒ အရ” ဆိုတဲ့
စကားလုံးလှလှသုံးပြီး ကိုယ့်စည်း ကမ်း၊ ကိုယ့်(Principle)ကိုယ်ဖောက်ပြလိုက်တဲ့ဖြစ်ရပ်ကို ပြည်သူလူထုကိုယ်စားကျနော် မှတ်မှတ်သား သား
မှတ်တမ်းတင်ပါရစေ။
“မူမဲ့တဲ့ နိုင်ငံရေး” ဆိုတာ မဟတ္တမဂန္ဒီကြီး ရဲ့ “ဆိုးရွားသောဒုစရိုက် ၇ ပါး” အနက် တစ်ပါး အပါအဝင်ဖြစ်ပါတယ်။
ညွန်း
- (သတင်းထောက် အံ့ဘုန်းမြတ်နှင့် ဦးဉာဏ်ဝင်း အင်တာဗျူး- ဒီဗွီဘီ – တီဗွီသတင်း ၂၇ ဧပြီ)
- (၂၆ဧပြီ – EMG – သတင်း)
- Mahatma Gandhi’s Seven Deadly Sins
နိုင်ငံရေးခေါင်းဆောင်အစစ်မှာ တိုင်းပြည်နှင့်ပြည်သူအကျိုးအတွက် ပြောင်းလဲတတ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ပြောကြား
by Shwe Myitmakha Media Group on Tuesday, 1 May 2012 at 07:23 ·
ရန်နိုင်(မြစ်မခ)
မေ(၁)ရက်၊၂၀၁၂ခုနှစ်။
နိုင်ငံရေးခေါင်းဆောင်အစစ်ဆိုသည်မှာ တိုင်းပြည်၏အကျိုး၊ ပြည်သူလူထု၏အကျိုးနှင့်ယှဉ်လာ ပါက ပြောင်း လဲ တတ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မေလ(၂)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တက်မည်ဟု ဆုံးဖြတ်လိုက်သည့် အပေါ် တွင် မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ အချိန်အခါတွေမှာ ခက်ခဲခဲ့တဲ့အချိန်ဆိုတာ ကျွန်တော်သိပါတယ်။ နိုင်ငံရေးသမားဆိုတာ တစ်ခါ တစ်ရံမှာ ကွဲလွဲစွာပြုမူတတ်တဲ့ သဘောရှိပါတယ်။ ခေါင်းဆောင်အစစ်ဆိုတာ တိုင်းပြည်ရဲ့ အကျိုး၊ လူထုရဲ့ အကျိုးနဲ့ ယှဉ်လာမယ်ဆိုရင် ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်”ဟု မစ္စတာဘန်ကီမွန်း က ပြောကြား ခဲ့သည်။
ယနေ့(အလုပ်သမားနေ့)နံနက်ပိုင်း (၁၀) နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထွေထွေအ တွင်း ရေးမှုးချုပ် မစ္စတာဘန်ကီမွန်းတို့သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်၌ တွေ့ဆုံခဲ့ပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသားတွေအတွက် စီးပွားရေးနဲ့ပတ်သတ်ပြီး ကူးသန်းရောင်းဝယ်မှုတွေကောင်းလာဖို့ဆိုရင် ရင်းနှီးမြှပ်နှံမှုတွေဝင်လာရင် အလုပ်အကိုင်တွေ ပေါ်လာမယ်၊ အလုပ်ကိုင်တွေဖြစ်လာရင် ထင်သာမြင်သာ ရှိလာမယ်။ တာဝန်ယူမှုတွေ၊ လူ့အခွင့်အရေးတွေလည်း ကောင်းမွန်မယ်ဆိုရင် အပြန်အလှန် ဆက်ဆံ မှုတွေ ကောင်းလာပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ့်အထဲမှာ မြန်မာနိုင်ငံဟာလည်း အခွင့် အရေးတွေ ရလာလိမ့်မယ်”ဟု မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အပြု သဘောဆောင်သော တိုးတက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးမှလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ပေးသွားမည်ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။
တွေ့ဆုံမှုအပြီးတွင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂအဖွဲ့ချုပ်သို့ လာရောက်ရန် အတွက် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ချုပ်သို့ လာရောက်လို ကြောင်းနှင့် လာရောက်ရန်အချိန်ကျပါက အကြောင်းပြန်မည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နံနက် (၁၁) နာရီဝန်းကျင်ခန့်တွင် မီဒီယာများနှင့် တွေ့ဆုံ၍ မေးခွန်းအချို့ကို ဖြေကြားပြီးနောက် (၁၁)နာရီ (၄၅) မိနစ်ခန့်တွင် မစ္စတာ ဘန်ကီမွန်းနှင့် အဖွဲ့သည် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်လည်ထွက်ခွာသွားသည်။

ပါဝါ(၅၄)
အမှတ်(၅၄)
တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်
ရန်ကုန်မြို့။
ဒီခြံထဲက အိမ်ကြီးမှာ
တို့ဖခင်ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
အသက်ထက်ဆုံး နေသွားခဲ့ဘူးတယ်။
ညီမဖြစ်သူရဲ့ကရုဏာနဲ့
သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီး
ဒီခြံထဲမှာဘဲချို့ချို့တဲ့တဲ့ နေသွားခဲ့ဘူးတယ်။
မိခင်ဖြစ်သူကို နေစရာ ပေးထားသည့်အတွက်
ကျေးဇူးဆပ်သောအားဖြင့်
ဒေါ်ခင်ကြီးက ပါလာတဲ့သား
ဗိုလ်မှူးခင်မောင်အေးဆိုသူက
သူ့အမေနေခဲ့တဲ့ မြေနေရာကို
ပိုင်းရောင်းစားဖို့ ကြံခဲ့ဖူးတယ်။
ပါဝါ(၅၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးဖွားပေးရာ
ဘူမိနက်သန် နေရာမှန်ဖြစ်တယ်။
အကြောက်တရား ကြီးမားလှတဲ့
လက်နက်ကိုင် အာဏာပိုင်တို့အတွက်
မုဆိုးမတစ်ယောက်ရဲ့ နှုတ်ဖျားက
ထွက်လာတဲ့ စကားသံတွေ
ဒီမိုကရေစီအရေး တိုက်ပွဲခေါ်သံ
လူထုခေါင်းဆောင်
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်
ဒီမိုကရေစီမိခင် အတွက်
အင်းစိန်ထောင်ရဲ့လက်ခွဲအဆောင်
တစ်ဆယ့်လေးနှစ် ကျော်ကျော်
အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့
အကျဉ်းထောင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပြဿနာကို မီးခွက်ထွန်းရှာဖို့အတွက်
ဂျွန်ယက်တောဆိုတဲ့ လူ
ဒီခြံထဲကိုတိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့ဖူးတယ်။
ဒီခြံထဲကို နဝတ နအဖ အစရှိတဲ့အဖွဲ့တွေက
နိုင်ငံ့ခေါင်းဆောင်တွေ လူမသိသူမသိ
ဝင်ထွက်သွားလာဖူးတယ်။
လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့
နိုင်ငံခြား သံတမန်တွေ
ဒီခြံထဲကို ဝင်ထွက်သွားလာဖူးတယ်။
ဟီလာရီကလင်တန် ဒေးဗစ်ကင်မရွန်း
အစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီသီးက နိုင်ငံ့ခေါင်းဆောင်တွေ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ
ဝင်ထွက်သွားလာဘူးတယ်။
စကားမစပ်
အကျဉ်းကျနေတဲ့လူထုခေါင်းဆောင်ကို
UNကအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းက
ထောင်ဝင်စာတွေ့ဖို့ ကြိုးစားခဲ့ပေမဲ့
တန်းစီးက တံခါးဖွင့်မပေးလို့
ဘန်ကီမွန်းကြီး နောက်လှည့်ပြန်ခဲ့ရဘူးတယ်။
လှပတဲ့အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ခေါင်းဆောင်တွေ
လူထုအမေနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ဆွေးနွေးကြရာ
နေရာလည်း ဖြစ်တယ်။
ပါဝါ(၅၄)
နိုင်ငံတော် ဧည့်ဂေဟာမဟုတ်
ခမ်းနားထည်ဝါတဲ့ ဧည့်ခန်းမရှိသော်ငြား
နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ
သံတမန်ဧည့်သည်တွေ ဝင်ထွက်သွားလာနေမြဲ။
ပါဝါ(၅၄)
ပင်လုံဒေသ မဟုတ်သော်ငြား
ငြိမ်းချမ်းရေး လိုလားတဲ့
တိုင်းရင်းသား ခေါင်းဆောင်တွေ
ဝင်ထွက်သွားလာနေမြဲ။
ပါဝါ(၅၄)
ရှားရှားပါးပါး
ဒီအစ်ကိုဒီနှမ
မိဘတွေ မရှိကြတဲ့နောက်
အစ်ကိုဖြစ်သူ ဈေးသုံးပြတ်လို့
နေစရာမရှိတဲ့ နှမထံမှာ
အမွေခွဲတဲ့ အတွက်
အမှုဆိုင်နေရဆဲ မြေဇာပင်အိမ်တလုံး။
(ကဗျာရှင် နေရဲနီ)
ဓာတ်ပုံ On Asia (1996)ခုနှစ်.
www.demowaiyan.org/2012/05/blog-post_01.html
ဓာတ်ပုံ On Asia (1996)ခုနှစ်.
www.demowaiyan.org/2012/05/blog-post_01.html
No comments:
Post a Comment