Sunday, May 27, 2012

တိမ်ပုတ်မိုးရဲ့ မျက်ရည်စိမ်း

PDF Print E-mail
Written by အောင်ဖြိုးကျော်၊ပခုက္ကူ၊   
Wednesday, 09 May 2012 14:14


၁။
မိုးလား၊  မရွာစေချင်သေးဘူးဗျာ။ နှစ်ဝါထပ်တဲ့ နှစ်ဆိုရင် ဘာဖြစ်တတ်တယ်။
ညာဖြစ်တတ်တယ် ဆိုတဲ့ ရှေးလူကြီးသူမတွေရဲ့ စကားလုံး ဇာတ်ညွှန်း အဟောင်းတွေနဲ့ အတူ ဒီနှစ်အညာနွေက ဇာတ်ကားထဲက လူမိုက်လို ၀တ်စုံအပြည့်နဲ့ တည်တည်ခံ့ခံ့ကြီး။ အကယ်ဒမီ ပေးလောက်တဲ့ အပူရှိန်ကလည်း ၀င်းဝင်းတောက်လို့။

သင်္ကြန်ပြီး စကတည်းက နွေလူမိုက်က ရှုတင်စပြီး ဇာတ်ကြမ်း ရိုက်တော့တာ။ လက်ဆေးမိုးလေးတောင် တတို့လောက် ရွာပြီးမနားခဲ့တော့၊ အင်း။ အရည်ပျော်လူသား ဇာတ်ကားကို အားကျတယ်ထင်ပါ့။

ကျုပ်တို့ အလုပ် လုပ်နေတဲ့ နေရာက သစ်ကြီးဝါးကြီး သိပ်ရှိတာ မဟုတ်ဘူး။ လူ တစ်ရပ်သာသာ ကန္တာရဆူး ပင်တွေ ပတ်လည်ဝိုင်းတဲ့ နေရာ။ လေးထောင့်ဖိုကြီးတွေထဲက လွင့်ပျံ့လာတဲ့ အပူရှိန် က နွေနေနဲ့ နင်လား ငါလား အပြိုင်ကြဲနေတာ ဆိုတော့၊ အင်္ကျီမကပ်နိုင်တဲ့ ကိုယ်မှာ နေ့တိုင်း ချွေးမိုးရွာတာ။ ပုဆိုး တစွတ်စာ ဘယ်ကမတုံး။

အဲဒီလောက် ပူလှတာ၊ မိုးကိုမျှော်ကြ၊ တကြပေါ့။ မိုးရွာမှာ စိုးရိမ်တဲ့လူဆိုလို့ ကျုပ် တို့တစ်မိသားစုတည်း။ အနောက်မြောက်က လေပြင်း မွှေတာ သုံးခါလောက်ရှိပေမဲ့၊ နီရဲရဲ တိမ်ညိုသန်းတာက လွဲလို့ မိုးရိပ်မိုးငွေ့ မတွေ့ရ သေးဘူး။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ မိုးလား၊ မရွာစေချင် သေးဘူးဗျာ။

၂။
ကျုပ် ရွာတစ်ရွာက  လယ်ကူလီပါ။ ဒါပေမဲ့ (အစိမ်းစားဘတိုး)နဲ့ တွေ့မှ မြို့ကြီးပြကြီးနီးခဲ့ရတာ။ ရွာ ရဲ့ တစ်နေ့လုပ်အားခက လည်း မိန်းမတွေ တစ်ထောင်၊ ယောက်ျားတွေ တစ် ထောင့်ငါးရာပဲ ပေါက်တာ ဆိုတော့ မိသားစု စီးပွားရေး က ၀ါးလုံးခေါင်းထဲ ဆင်ဝင် သလိုမျိုး။ အဲဒီအချိန်မှာ (အစိမ်းစား ဘတိုး)နဲ့ တွေ့ တာ။ နေစရာပေးမယ်၊ ရေမီး ရမယ်၊ မိန်းမ ၁၅၀၀၊ ယောကျာ်း ၂၀၀၀ ဆိုတဲ့ မက်လုံးလေးကလည်း မက် လောက်စက်လောက်ကိုး။

ရွာမှာထက် တစ်နေ့ ၁၀၀၀၊ ပိုရမယ်ဆိုတဲ့ မဟာ မျှော်လင့်ချက်ကြီးကလည်း ကျုပ်ကို အရမ်း တက်ကြွစေ ခဲ့တာ။ တစ်ကယ်တမ်း ရောက်သွားတော့ မြို့အရှေ့ ဘက် ၅ မိုင်လောက်ဝေးတဲ့ ကန္တာရ တောကြီးထဲမှာပါဗျာ။ မြို့ဆိုပြီး  တက်ကြွလန်းဆန်း လာခဲ့တဲ့ ကျုပ်တို့ မိသားစု အပျော်စိတ်လေးကို ချွန်မြမြ အစိမ်းရောင် ကန္တာရဆူးတွေ ရဲ့ ကုတ်ခြစ်ခံလိုက်ရတယ်။

သွေးစိမ်းရှင်ရှင် ကျုပ် တို့ ဒဏ်ရာတွေကိုတော့ (အစိမ်းစား ဘတိုး)က လိမ္မာ ပါးနပ်စွာနဲ့ မနောသုခ ဆန် ကြမ်း ၁ အိတ်၊ ၅ ပိဿာဝင် ဆီတစ်ပုံးကို ဆေးအဖြစ် သုံးပြီး အုံဖွ လုပ်လိုက်တော့ ယူပစ်သလို ပျောက်သွား တာပေါ့။ ဆေးဖိုးတော့ (နောင်လုပ်အားခထဲက နှိမ် မယ်ပေါ့)။

အဲဒီနေ့က စလို့ ကန္တာရ ဘီလူး ဘတိုးဆီမှာ အစိမ်းစား ခံနေရတာ ဒီနှစ်ကုန်ရင် ၄ နှစ်ပြည့်ပြီပေါ့။ ဒီကောင်က အစိမ်းစားဆိုပေမဲ့ ကြွပ်ကြွပ် ၀ါးတာ မဟုတ်လို့ အသံမမြည် ဘူးရယ်။ အသံ မမြည်တော့ ချက်ချင်း မသိနိုင်ဘူးပေါ့။ ညင်ညင်သာသာ မသိမသာ တစိစိဝါးတာ။ အစဦးနှစ်က ၀ါးပုံလေး ပြောပါတယ်။ ညင်သာ လိုက်ပုံများ ပါးစပ် ထဲကနေ ဖင်ကပြန်ထွက်ခဲ့ ရတာတောင် ကျုပ် ချက်ချင်း မသိနိုင်ခဲ့ဘူး။

အနောက်ဘက်က ဖိုကြီးတွေရဲ့ အပူငွေ့က လေနဲ့ အတူ ကျုပ်တို့ဆီ ကဆုန် ပစ်ပြေးပြီး တိုက်ချသွား လိုက်တာ ရှိန်ခနဲ။ ကျုပ်နှယ် အတွေးလွန်နေလိုက်တာ။ အနောက်ကောင်းကင်မှာ လေဆင်ပါပေါ့လား။ စိုးရိမ် တကြီးမော့ကြည့်ရင်း “ခုနေ မိုးသာရွာချလိုက်ရင်တော့ ကျုပ်တို့ ဘ၀ပျက်ပါပြီတော်” ဆိုတဲ့ မိခင်ရွှေ အသံက ထိတ် ထိတ်လန့်လန့်။ မတောင်း ကောင်းတဲ့ ဆုပါ။ ဒါပေမဲ့ မိုးလား။ မရွာစေချင်သေး ဘူးဗျာ။

၃။
စစဦးနှစ်က တစ်ဝက်နဲ့ ကျုပ်တို့စရတာလေ။ လူသစ် ဆိုတော့ လုပ်ငန်းလည်း မကျွမ်းကျင်သေးဘူး။ “နေ့ စားနဲ့စ၊ ကျွမ်းကျင်မှ ပုတ်ပြတ်လုပ် ပိုဝင်တာပေါ့”လို့ ပြောတဲ့ အစိမ်းစားကို ကယ် တင်ရှင်ကြီးအဖြစ် တစ်ည ဦးသုံးကြိမ်တောင် ချဖြစ် သေးတာ။

အစနှစ်ကုန်လို့ ၆ လစာ စာရင်းရှင်းတော့ ကျုပ်ရယ်၊ ခင်ရွှေရယ် လင်မယားနှစ် ယောက်လုပ်အားခနဲ့ ယူထား တဲ့ ဆန်ဖိုးဆီဖိုး အသုံးစရိတ် တွေ နုတ်လိုက်တာ ပိုငွေက သုံးသောင်းကျော်လေးရယ်။  ရွာက ထွက်ခဲ့တုန်းက တစ် နေ့ တစ်ထောင်ပို တစ်လ သုံးသောင်းပို ခြောက်လ တစ်သိန်းရှစ်သောင်းဆိုတဲ့ ခပ်လန်းလန်း အိပ်မက်လေး လည်း ကန္တာရဆူးတွေ ကုတ် ခြစ်ပစ်တာနဲ့ အစုတ်စုတ် အပြတ်ပြတ် (လန်) ထွက်လို့။ မစုတ်မပြတ်ဘဲ နေမလားဗျာ။ ၁၂၀၀၀ တန် ဆန်အိတ် ကို ၂၀၀၀၀ လုပ်ထားတာ။ အဲဒါတွေ နောက်မှ ကျုပ်သိ တာပါ။

လက်ကျန်ငွေ သုံး သောင်းလား။ ဘယ်ကလာ ရတော့မတုံး။ “ကန္တာရတော ထဲ နေရတာ ပျင်းစရာ ကောင်းပါတယ် ကိုညိုရာ။ အိမ်မှာသုံးတဲ့ VCD  စက်လေး ဆောင်းဘောက်ပါ အပိုထည့် ပေးလိုက်မယ်။ သုံးသောင်းနဲ့ ယူ” ဆိုပြီး ဘတိုး ဇွတ်ကျွေး တော့တာ။ (အမှန်ကတော့ လူတွင်ပါလို့ နွားကျားကိုက် ခံရတာပါ။ ကျုပ်အပြစ် လည်းပါတာပေါ့)။

အဲဒီအပြားထည့်တဲ့ ဟာတွေက ဈေးတွေ အနည်း မနော ပေးရတယ်ထင်တာ။ ပေါ်စဦးတုန်းကတော့ ဈေး ကတော်တော်များတာ။ တောင်ဘက်အိမ်က ဆိုနီဝယ် တုန်း၊ ခြောက်သောင်းပေးရ တော့ သုံးသောင်းဆို မဆိုး ဘူးပေါ့။ ဈေးတွေကျကုန် တာ ကျုပ် မသိလိုက်ဘူး။ အဲဒီစက် ကျုပ်လက်ထဲ ရောက်ချိန်မှာ EVD မှ နှစ် သောင်းခွဲပဲ ရှိသတဲ့။

အဲလိုမျိုး စားတာ။ ကျုပ် ဦးဆုံးနှစ်က အစိမ်းစား ခံရပုံက အဲသလိုမျိုး။ ကြွပ် ကြွပ် မမြည်လိုက်ဘူးရယ်။ ပြောရင်း တွေးရင်း လေက ပြင်းလာပါလား။ ဘုရား ဘုရား မိုးစက်လေးတွေ တောင် တစ်မှုန်တစ်မွှားပါ လာပေါ့။ မိခင်ရွှေ မျက်ဝန်း တွေထဲက ထိတ်လန့်မှုတွေနဲ့ ကျုပ် ရင်ထဲက အပူတွေက နံဘေးနားက လေးထောင့်ဖို ကြီးတွေနဲ့ အပြိုင်ပေါ့။
မပြုကောင်းတဲ့ ဆန္ဒ ပါ။ ဒါပေမဲ့ မိုးလား၊ မရွာစေ ချင်သေးဘူးဗျာ။

၎။
ဒုတိယနှစ်ဝက်မှာ ကျုပ် လုပ်ငန်း တော်တော်ကျွမ်း ကျင်လာပြီ။ ပစ္စည်းတွေစပ် တတ်သလို အစိမ်းပုံစံလည်း ကိုင်တတ်လာပြီ။ အကြီး ကောင် ကုလားလည်း လူပျို ပေါက် ဖြစ်စပြုပြီ။ မိခင်ရွှေ ဗိုက်လည်း ပူထွက်လာတယ်။ မပူခံနိုင်ရိုးလား။ ဆီပုံးလိုက်၊ ဆန်အိတ်လိုက် စားနေရတာ။

ကျုပ် ရိုးရိုးလေး ပြောတာကို ခင်ရွှေက မျက်စောင်း ထိုးသေးတာ။ သမီး ရည်း စားဘ၀က ရင်ကိုမှန်တဲ့ မျက် စောင်းလေး။ အခုတော့ ကန္တာရတောထဲက ဖိုကြီးတွေ ရဲ့ အပူရှိန်ကြားမှာ ကြည့် ကောင်းရုံ တစ်ဆစ်စာ လောက် ကျန်သေးလို့သာ ပေါ့။ ၃ လ ရှိပြီလို့ ပြောတော့ ကျုပ်လန့်သွားတယ်။ စီးပွား ရေး အကြောင်းပြပြီး နား ထားတာ ကုလားတောင် ၁၂ နှစ်ရှိပြီဆိုတော့ အင်း။

အဲဒီ ဒုတိယနှစ်မှာ စရိတ်နုတ်ပြီး ၈ သောင်းပို တော့ ဖီးဆင့်စပေါ့ စက်ဘီး အသစ်လေး(အစိမ်းစား) ယူ လာပြတယ်။ အသစ်ဆိုရင် တစ်သိန်းရှစ်သောင်း ရှိတယ်။ ကျုပ်ဆိုရင် ရှစ် သောင်းနဲ့ ပေးမယ်ပေါ့။ ၁၀ တန်းအောင်တဲ့ သူ့သားက G.T.C ဆိုင်ကယ်နဲ့ တက်မှာမို့ အပိုဖြစ်လို့ ရောင်းတာ ပေါ့။ တခြားသူဆို ဒီဈေး နဲ့ မပေးဘူးတဲ့။

ဒီတစ်ခါ ကုလားက ကျုပ်ထက်ပိုတက်ကြွတယ်။ ပြောင်ပြောင်လက်လက် စက်ဘီးကို ပတ်ကြည့်ပြီး အနားက မခွာတော့ဘူး။ သူ့ သား လူပျိုပေါက်ကို ကြည့် ပြီး၊ မိခင်ရွှေက “ယူလိုက်ပါ ကိုညိုရယ်၊ ကလေးမက်နေ တဲ့ဟာ”ဆိုတော့ ပွဲပြီးသွား တာပေါ့။ သိပ်မကြာပါဘူး။ ရွာက အောင်ရွှေ မြို့သွားရင်း  အကြုံဝင်လာတော့မှ(စက်ဘီး က ကိုယ်ထည်နဲ့ လက်ကိုင်ပဲ ဖီးဆင့်တဲ့။ ကျန်တာတွေက တရုတ်ခွေနဲ့ တရုတ် ပစ္စည်း တွေ။ ဆေးကလည်း နောက် ဆေးတဲ့။ ကာလပေါက်ဈေး လေးသောင်းထက် မတန်ဘူး တဲ့)။

ကိုင်း အဲဒါ ဒုတိယနှစ် မှာ အ၀ါးခံရတာ။ အရင်လို ပဲ ကြွပ်ကြွပ် မမြည်လိုက် ဘူး။ တစိစိနဲ့။ ဟာ လေက ပိုကြမ်းလာပါလား။ “မရွာပါ ဘူး ခင်ရွှေရယ်။ လေ ဒီ လောက်တိုက်နေတာ”လို့ အားပေးပေမဲ့ ကျုပ် စကား ယုံပုံမရဘူး။ မိုးပေါ် မော့ ကြည့်ပြီး ပါးစပ်ကလည်း မိဆိုင်ဖဆိုင်တွေ အားကိုး တကြီးတနေတယ်။ ဖိုကြီး တွေဆီက အပူကို ကျုပ် ခံနိုင် ပါတယ်။ ဒါပေမဲ့ မိခင်ရွှေ ရင်ထဲကလာတဲ့ အပူကိုတော့ မခံနိုင်ဘူးဗျာ။

အဲဒါကြောင့် ပြောတာ။ မိုးလား မရွာစေချင်သေးဘူး ဗျာ။
(အစိမ်းစားရဲ့) ကန္တာရ တောမှာ သုံးနှစ်ကျော်ပြီး လေးနှစ်စွန်းစပြုတော့ ကျုပ် မှာ VCD စက်အဟောင်း တစ်လုံးရယ်၊ ထိုင်းတရုတ် ဖက်စပ် ပြန်ဆေး စက်ဘီးရယ်၊ မိခင်ရွှေ မွေးပေးတဲ့ ကန္တာရ ဖွား ကလေး တစ်ယောက်ရယ် စုမိဆောင်းမိတာပေါ့။ ရွာက ထွက်ခဲ့တုန်းက တစ်နှစ်သုံးသိန်းပိုရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကတော့ ဖိုကြီးတွေရဲ့ အပူရှိန်နဲ့အတူ ပြာဖြစ်သွားတာကြာပြီ။

လေးနှစ်ဆိုတဲ့ အချိန်က ကျုပ်ဘ၀ကို မပြောင်းစေ ပေမဲ့ ကျုပ်သား ကုလားကို တော့ ပြောင်းလဲစေခဲ့တယ်။ ရွာကထွက်စလို နှပ်တွဲ လောင်းနဲ့ မဟုတ်တော့ဘူး။ အသံတွေ သြရှရှဖြစ်လာသ လို အရပ်ကြီး ရှည်ထွက် လာတာကလည်း ကျုပ်နဲ့ နင်လား ငါလား။ “ကိုညို တော့်သား လူပျိုပေါက်ပြီ”လို့ ပြောပြီး စေ့စေ့ကြည့်လာတဲ့ မိခင်ရွှေရဲ့ ရှေ့က စကား ထက် နောက်က အကြည့်ကို  ကျုပ်တန်းခနဲ ဘာသာပြန် တတ်ပါတယ်။ ငယ်လင် ငယ်မယားပဲဗျာ။ သိတာပေါ့။

“ငါတို့ သူ့ကို သင်္ကန်း မဆီးရသေးဘူးနော်” ဆိုတဲ့ ကျုပ် အသံက ဖိုကြီးတွေရဲ့ အပူရှိန်ထဲ နစ်ဝင် ပျောက်သွားတယ်။ တိုးပေမဲ့ မိခင်ရွှေ ကြားသာပါတယ်။ စာကောင်းကောင်း မတတ်ပေမဲ့ လက်ရှိ အခြေအနေကို သူ ကောင်းကောင်း တွက်တတ် ပါတယ်။ သက်ပြင်းချ သံပြင်းပြင်းနဲ့ ပုံစံက ကျပြီး သား အစိမ်းတွေကို လှည်းပေါ်တင်ပြီး ထွက်သွားရှာ တယ်။ လှည်းဘီးသံက တကျိကျိ၊ ကျုပ်ရင်ထဲလည်း မချိတရိပေါ့။

အဲဒီကတည်းက ညဘက် ကျုပ် အိပ်မပျော် တော့ဘူး။ ခါတိုင်းဆို တုံးခနဲ။ ကျုပ်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ သားလေးမွေး ရင် မဖြစ်မနေ သင်္ကန်းဆီး ပေးကြတာ ကျော်ချန်ထား ခဲ့လို့ မရတဲ့ မိဘ ၀တ္တရားဖြစ် သလို အကြီးမားဆုံး ဒါနအင် အားဖြစ်တယ်ဆိုတာ ကျုပ် ကောင်းကောင်းသိတာပေါ့။

အဲဒါ မိခင်ရွှေနဲ့ ကျုပ် တိုင်ပင်ကြည့်တယ်။ ညဦး ပိုင်း အလုပ် နားချိန်တွေမှာ သားအဖ သုံးယောက် အစိမ်း ကိုင်မယ်ပေါ့။ ခက်တာက အစိမ်းကိုင်တယ် ဆိုတာ လူချည်းလုပ်လို့ရတာ မဟုတ်ဘူးရယ်။ နေရာလို တယ်။ ရေလိုတယ်။ ပစ္စည်း လိုတယ်။ ဒီနေရာ ဒီပစ္စည်း တွေက ဘတိုးနေရာ၊ ဘတိုး ပစ္စည်း။  ဒီနေရာ ဒီပစ္စည်း တွေ သုံးခွင့်ရဖို့ ဘတိုး ခွင့်ပြု ချက်ရမှ။

မနက်မိုးလင်းတော့ ကျုပ် စိတ်ကူးလေး ဘတိုး ကို ပြောကြည့်တော့ ရင်တ ထိတ်ထိတ်နဲ့။ ထင်မထားဘူး ဗျာ။ ရှောရှောရှူရှူပဲ။ “လုပ် ပါ ကိုညိုရာ။ လှူရေးတန်း ရေးပဲ ခွင့်ပြုရမှာပေါ့” ဆို တော့ ၀မ်းသာလွန်းလို့ ကျုပ် ဘာပြောရမှန်းတောင် မသိ ဘူးရယ်။ အင်း အရင်တုန်းက အစိမ်းစားတာ စားတာပေါ့ လေ။ ဒီလိုလေးကျတော့ လည်း မဆိုးရှာပါဘူး။

၆။
(လှူမယ်၊ လှူမယ်။ လှူမယ်လို့ စိတ်ကူးကတည်း က မန္တလေးသိန်းအောင်ကိုပဲ ရွေး ငှားဖြစ်တယ်)။ ကျုပ် VCD က မှန်ဘီလူး အသစ် လေးလဲထားတာ မကြာသေး တော့ စိမ်စိမ်လန်လို့။ ကုလား ရွာသွားပြီး မွန်ပြည်နယ် ကိုကိုနိုင်နဲ့ မန္တလေးသိန်း အောင်ခွေတွေ ငှားချလာ တော့တာ။ ညဦးပိုင်း အစိမ်း ကိုင်မရပ်မချင်း ဖွင့်တော့ တာ။ ဒီကောင်ကလည်း ဖအေတူသားပဲ။ ဆိုင်းကြိုက် တဲ့ မောင်ကိုး။ ဒီနှစ် အညာ ဆောင်းအေးပုံကလည်း ဧ၀ ရတ်တောင်ထိပ် ရောက်နေသ လိုမျိုး။ ဒါပေမဲ့ ဖိုကြီးတွေရဲ့ အပူရှိန်နဲ့ နေသာပါတယ်။

ကောင်းလိုက်တဲ့ ဆိုင်း တွေဗျာ။ အစိမ်းခွက်ကိုင်နေ တဲ့ ကျုပ်လက်တွေက စည်း ချက်ဝါးချက်နဲ့ အကိုက်။ (ချွင်၊ ချပ်ဆို ဘွင်၊ ခွပ်) ပေါ့။ ချွင်ချပ်ဆိုတာ ဆိုင်းက စည်း ချတာ။ ဘွင်ဆိုတဲ့ အသံက စပ်ပြီးနှပ်ပြီးသား မြေလုံးကြီး ကို တစ်ချပ်စာ ပုံစံထဲ ပစ်ထည့်သံ။ “ခွပ်” ဆိုတာ ပုံစံထဲက အစိမ်းကို အသား ပြားထိပ်က ပိတ်ပြီး တင်ခုံ ပေါ် ပစ်ချတဲ့ အသံ။

ဒီနှစ်သံ တစ်ဆက် တည်း ထွက်ဖို့ မလွယ်ဘူး ဗျ။ အစိမ်းကိုင် ကျွမ်းကျင် အဆင့်မှ ရတာ။ ခွက်ထဲဝင် သွားတဲ့ ရွှံ့လုံးက တစ်ချပ်စာ ကိုက်မှ။ ပိုသွားရင် ပိုရွှံ့ကို ခြစ်တံနဲ့ ဆွဲဖယ်ရတာ။ လိုနေရင်လည်း အသားပြည့် အောင် ဖြည့်ရတော့ ကြာတာ ပေါ့။ (ချွင်၊ ချပ်၊ ဘွင်၊ ခွပ်) ဖြစ်ဖို့ မလွယ်ဘူး။ ကျုပ်က တော့ ခွပ်ကိုင်လာတာ ၄ နှစ်ရှိပြီ။ အငြိမ်ပေါ့။

ကျုပ်တို့သားအဖ သုံးယောက် ဆောင်းရာသီတစ် ရာသီလုံး ချမ်းရအေးရမှန်း တောင် မသိဘဲ။ ကိုကိုနိုင်တို့ မန္တလေး သိန်းအောင်တို့နဲ့ ပေါင်းပြီး (ချွင်-ချပ်=ဘွင်- ခွပ်) လုပ်ခဲ့ကြတာ။ ခုနွေ ပေါက်တော့ ကျုပ်တို့ မိသားစု သုံးယောက် (အဲ-မဟုတ် သေးဘူး။ ပုခက်ထဲက ကောင်ရောဆို လေးယောက်) ပိုင် အစိမ်း ပုံလေးက မများ ပေမဲ့ မနည်းတော့ဘူး။

မြောက်တဲနဲ့ အရှေ့တဲ ကလည်း ကျုပ်တို့ အားကျပြီး လုပ်ကြသေးတာ။ ဒါပေမဲ့ ပြင်းပြတဲ့ရည်ရွယ်ချက် ကျုပ် တို့လို မရှိတော့ နပ်မမှန်ဘူး။ ပျက်တဲ့ညပျက်၊ လုပ်တဲ့ည လုပ်ဆိုတော့ ကျုပ်တို့လို ဖို ကြီးတစ်ဝက်စာ ဘယ်ရ မတုံး။ ကျုပ် အစိမ်း တစ်သောင်းပုံကတော့ ဟီးထနေ ပြီ။ လှူမယ်ပေါ့ဗျာ။

အစိမ်း တစ်ချပ်ဈေး ဆယ့်နှစ်ကျပ်၊ အကျက်ဈေးက လေးဆယ်ဆိုတော့၊ တစ် သောင်း အကျက်ဖြစ်ရင် လေးသိန်းပေါ့။ ထင်းဈေးက တလံရှစ်ထောင်၊ ဆယ်လံဆို တော့ ရှစ်သောင်း၊ ထင်းဖိုး ရှစ်သောင်းနုတ်ပြီးရင် သုံး သိန်းကျော် ကျန်မှာဆိုတော့ လှူပါလေ့ဗျာ။ (အရေးကြီး တာက အစိမ်းစား မခံရဖို့)။

မိခင်ရွှေဆိုတာ မနက် စောစော မျက်နှာသစ်တိုင်း သူ့အစိမ်းပုံကြီးကို အပြုံးစိမ်း စိမ်းကြီးနဲ့ ရပ်ရပ်ကြည့်တာ၊ တစ်နေ့မဟုတ်ဘူး၊ နေ့တိုင်း။ (ဘတိုးကလည်း ရောက် တိုင်း အဲလိုကြည့်တာ)။ ခု တော့ နွေဦးပေါက်ကနေ မိုးဦးစတော့မယ်။ တစ်ခါ တစ်ရံ အနောက်လေနဲ့ ဒုန်း စိုင်းလာတဲ့ မိုးသားမိုးရိပ်က ကျုပ် အစိမ်းပုံလေးကို ခြိမ်း လား ခြောက်လား လုပ်စပြု လာပြီဆိုတော့။

မိုးလား။ မရွာစေချင် သေးဘူးဗျာ။

၇။

ဒီနေ့ မနက်အစောကြီး ဘတိုး ကျုပ်တဲကို ရောက်ချ လာတော့ ကျုပ်မယ်မျက်နှာ မသစ်ရသေးဘူး။ မနေ့က သူ့ဖိုကြီးတစ်ဖို ထင်းထည့် နေတာကလည်း အစမသတ် ရသေးဘူး။ “ဒီနေ့ ဖိုတည် ပြီးပါ့မလား ကိုညို” လို့ ဆိုင် ကယ်ပေါ်က ဆင်းရင်း မေး တော့၊ “လိုအုတ် တစ်သောင်း နဲ့ စရင်ရပြီ” လို့ ကျုပ် စကား ခံလိုက်တယ်။ ဒီမှာတင် “ကိုညို အပုံထည့်လိုက်ဗျာ။ ကျုပ် ငွေတစ်ခါတည်း ချေခဲ့ မယ်” ဆိုပြီး ငွေတစ်သိန်း နှစ်သောင်း စားပွဲပေါ်တင်မှ တစ်ဆောင်းတွင်းလုံး သဘော ကောင်းခဲ့တာ ကျုပ် အစိမ်းပုံ လေးကို အစိမ်းစားချင်လို့ဆို တာ သိလိုက်ရတော့တယ်။

ကျုပ်က တစ်ချိန်လုံး မိုး ကိုပဲ စိုးရိမ်နေခဲ့တာ။ ကျောချ မှ ဓားပြမှန်းသိတော့တာ။ ရုတ်တရက်ဆိုတော့ ကျုပ် လည်း ပျာသွားတယ်။ ဒီလို နေရာမှာကျ မိခင်ရွှေက ကျုပ် ထက် အကင်းလည်းပိုပါး တယ်။ သတ္တိလည်း ပို ကောင်းတယ်။ “ဒါလေး တော့ မလုပ်ပါနဲ့ ကိုဘတိုး ရယ်။ ကျုပ်တို့လှူစာတန်းစာ လေးပါ။ တိုက်ဆောက်ဖို့၊ ကားစီးဖို့ မဟုတ်ပါဘူး။ အဲဒါ ထင်းလိုနေတာလေး ခုနစ်လံလောက်ကို ဘတိုးတောင် မျှခိုင်းမလို့” ဆိုတော့ ဘတိုး မျက်နှာကြီး မည်းခနဲဖြစ် သွားတယ်။

ပြီးမှ “ကြည့်လုပ်ကြ တာပေါ့” ဆိုပြီး ထပြန်သွား တာ။ မြောက်တဲနဲ့ အရှေ့တဲ တော့ ၀င်သွားတာပေါ့။ ခဏ နေတော့ နှစ်တဲစာ အစိမ်းပုံ လေး ဘတိုးဖိုကြီးထဲ လှည်း စီးပြီး ရောက်ရရှာပြီပေါ့။ နှစ် တဲတစ်ဖို ပေါင်းလုပ်ဖို့ စီစဉ် နေတဲ့ ကျုပ်နဲ့ဘ၀တူတွေရဲ့ အစိမ်းပုံလေးကို ဘတိုး အစိမ်းစားပြီ ဆိုတာ ကျုပ် သိ လိုက်တယ်။ ဒီတစ်ခါတော့ ကြွပ်ကြွပ်မြည်အောင် ၀ါး တော့တာ။

ဒါတောင် ဆိုင်ကယ် ထွက်ခါနီး ကျုပ်အစိမ်းပုံလေး ကို စိမ်းစိမ်းကြီး လှမ်းကြည့် သွားသေးတာ။ ဒီတစ်ခါ ကျုပ် လက်ဦးမှ ဖြစ်တော့ မယ်လို့ ဆုံးဖြတ်လိုက်ရ တယ်။ ညရောက်တော့ ကျုပ် မိခင်ရွှေနားကပ်ပြီး နှစ်ကိုယ် စာကြားရုံ တွတ်ထိုးနေလိုက် တယ်။ ဒါမျိုး သမီးရည်းစား ဘ၀ကတည်းက ကျွမ်းပြီး သားမို့ မိခင်ရွှေက ခေါင်းတ ညိတ်ညိတ်။ ကျုပ်တွတ်ထိုး သံ၊ မိခင်ရွှေ ခေါင်းညိတ်ဟန် ကို ကုလားဟောက်သံက စည်းချက်မှန်လို့။
(ရှိုး၊ ရွတ်= အင်း၊ ဟင့်။ ခူး ခလောက်) မိုးလင်း တော့ ဂဲ-ဒေါက်ဆို ကုလားနဲ့ ကျုပ်သားအဖနှစ်ယောက် ရွာကို သုတ်တော့တာပေါ့။ (အလုပ်လေးရက် နားမည်။ ရွာမှ ဘကြီးဆုံးသည်။ နာရေး မို့ မသွားမဖြစ်သွားသည်။ သည်... သည်...) ပေါ့ဗျာ။

နေလိုက်ပါဦး မိုးရယ်၊ သုံးလေးငါးရက်။ သုံးလေး ငါးဆိုတော့ ပေါင်းခြင်းဆယ့် နှစ်ပေါ့။ ဟာ- ရောကုန်ပြန် ပါပြီ။ မပြုကောင်းတဲ့ဆန္ဒပါ။ ဒါပေမဲ့ မိုး... လား။ မရွာ စေချင်သေးဘူးဗျာ။

၈။

ရွာရောက်တော့ ကျုပ် ညီဝမ်းကွဲနှစ်ယောက်က လွှတစ်ဆိုင်း၊ ကျုပ်နဲ့ကုလား က တစ်ဆိုင်း၊ လွှနှစ်ဆိုင်း အပြိုင်ဆွဲတာ။ ပထမရက်မှာ ပဲ ထင်းလေးလံရတယ်။ ကံ ကောင်းချင်တော့ လေဦး တုန်းက အရီးအုံတို့ အိမ်ခြေ ရင်းက မန်ကျည်းပင်ကြီး အမြစ်ကနေ ကျွတ်လဲထား တာ ကျုပ်ရလိုက်တယ်။ နောက်နေ့ည ထင်း ၃ လံ ထပ်ရတယ်။ ဒီနေ့တော့ ဆွေရိပ်မျိုးရိပ် မကင်းတဲ့ လှည်း ရှစ်စီးက ထင်းတွေ တင်ပြီး ကျုပ် အုတ်ဖိုရှိရာ ကန္တာရတောဆီ မောင်းထွက် သွားကြပြီ။

လွတ်ပြီ၊ ကျွတ်ပြီပေါ့ ဗျာ။ ဒီထင်းတွေရောက်တာနဲ့ ဖိုတည်၊ တစ်ပတ်လောက် နေဖိုကြ။ မိုးရန်ကလည်း အေးပြီပဗျာ့နော်။ ကျုပ်နဲ့ ကုလားက လှည်းတွေနဲ့ မလိုက်တော့ဘူး။ လိုရမည်ရ ငှားထားတဲ့ မိုးကာခြောက် ချပ်ကို ကုလား စက်ဘီးပေါ် သုံးချပ်၊ ကျုပ် စက်ဘီးပေါ် သုံးချပ်တင်ပြီး ရွာကထွက် တော့ အနောက်မြောက်က လေဆင်(စဉ်)နေပြီ။

ငါးမိုင်ခရီးဆိုတော့ မဝေးလှပါဘူး။ စက်မှုဇုန် အရှေ့ဖျားဖြတ်လမ်းပေါ်ရောက် တော့ လေက တော်တော် ကြမ်းလာပြီ။ ကျုပ်တို့က တောင်လှည့်နင်းတာဆိုတော့ လေက နောက်ကနေ ပစ် ဆောင့်နေတာ။ စက်ဘီးနင်း လို့တော့ သွက်ပါရဲ့။ ဒါပေမဲ့ လေထဲပါလာတဲ့ ဖုန်တွေသဲ တွေက မျက်နှာဆီပြေးရိုက် ရင် တစ်ချက်တစ်ချက် မျက်လုံးစုံမှိတ်ပြီး ကျုံးနင်းရတာ။

ဖုန်လုံးကြီးတွေ အလိပ် လိုက် ဖြတ်ပြေးနေတာမို့ ရှေ့ ဝေးဝေးတောင် မမြင်ရတော့ ဘူး။ ၀င်းခနဲလက်သွားတဲ့ လျှပ်ရောင်မှာ ကုလားခေါင်း တုံး က လက်ခနဲပြောင်သွား တယ်။ “ဒုံး” ခနဲ တစ်ချက် တည်း နားကွဲမတတ်မြည် တာမို့ ထစ်တာမဟုတ်ဘဲ တစ်နေရာကို ပစ်တာတော့ သေချာတယ်။ အသံအဆုံးမှာ ဝေါခနဲ ရွာပုံက သွန်ချသလို မျိုး။
“သွားပါပြီ အဖေရာ။ ကျုပ်တို့အုတ်ပုံလေးတော့ ကုန်ပါပြီဗျာ” ကုလား အသံက လေတွေမိုးတွေထဲမှာ ငို သံစွက်နေပြီ။ “မီနိုင်ပါသေး တယ်ကွ။ မြန်မြန်နင်း” အား သာပေးရတယ်။ ကျုပ်ရင်ထဲ လည်း မောလှပြီ။

တ၀င်းဝင်း တလက် လက် လျှပ်ရောင်၊ တဝေါ ဝေါလေသံ၊ သားအဖနှစ် ယောက်ဟောဟဲသံက မိုး သံလေသံကို ဖောက်ထွက် လာတယ်။ မိုးတွေ ရွာနေတဲ့ မိုးရေကြားက ချွေးတွေကန် ထွက်လာပြီး၊ ကျုပ်လည် ချောင်းတွေ ခြောက်ကပ်လာတယ်။ ပါးစပ်က တစ်ချက် တစ်ချက် ဟပေမဲ့ ခပ်ပြင်း ပြင်း ၀င်လာတဲ့ မိုးရေတွေကို မျိုမချဖြစ်ဘူး။

မိုးက ပိုသည်းလာတယ်။ ကုန်ပြီ ထင်ပါရဲ့ဗျာ။ ခုချိန်ဆို ကျုပ်အုတ်စိမ်းပုံလေး အရည်ပျော်လောက်ပါပြီ။ မနက် မျက်နှာသစ်တိုင်း သူ့ အုတ်စိမ်းပုံလေးကို အကြာကြီး ရပ်ရပ်ကြည့်တဲ့ မိခင်ရွှေ ကို မျက်စိထဲပြေးမြင်တော့ ကျုပ် လက်ကိုင်ကို တင်း တင်းဆုပ်ပြီး အားကုန်နင်း ပေမဲ့...။
မြို့သစ် အရှေ့ဖျား ရောက်တော့ စက်ဘီးတာယာ တွေကို ရွှံ့တွေကပ်ပြီး ဘီးဖုံး တွေနဲ့ ရွှံ့တွေကျပ် စက်ဘီး တွေက မရွေ့တော့ဘူး။ တွန်းမရတဲ့အဆုံး နီးရာအိမ် မှာ အပ်ပြီး နောက်က မိုးကာ တွေဖြုတ်ထမ်း။ သားအဖနှစ် ယောက် မိုက်မိုက်ကန်းကန်း မိုးတောထဲ ဆက်ပြေးရတာပေါ့။

သိပ်မဝေးတော့ဘူး။ ဒီ ရှေ့က ကန္တာရတောကို ဖြတ် ပြီးရင် ရောက်ပြီ။ တစ်တိုင် သာသာ ပေ ၉၀၀၊ ၁၀၀၀ ခရီးက ဆူးအတိလွှမ်းတဲ့မြေ ရယ်၊ ဒီဘက်က မြေတွေက သဲမဆန်ဘူး။ ရွှံ့စေးမြေတစ် ပေသာသာ လူသွား လမ်းဘေးက ထိုးထိုးထောင် ထောင် ကန္တာရဆူးတွေက မရောက်ဖူးသူဆို မြင်တာနဲ့ အူရော အသည်းရော ခြေဖ၀ါး ပါ ယားလာတာ။

အောက်က ရွှံ့မြေက ခြေဖ၀ါးကို တစ်လှမ်းလှမ်း ရင် တစ်ခါကပ်တော့ ဖ၀ါး အောက်က ရွှံ့လုံးကြီးက ကြီး ကြီးလာပြီး၊ ခြေထောက်ကို ဆွဲထားတာမို့ ပြေးအားအကုန် ထုတ်တာတောင် ခရီးက ပေါက်လှတာ မဟုတ်ဘူး။ ဒါပေမဲ့ ကုလားက လူငယ် ဆိုတော့ သန်တယ်။ မျက်စိ အောက်တင် ဝေးဝေးပြီး လမ်းကွေ့တစ်ခုမှာ ပျောက် သွားတယ်။

မျက်လုံးထဲ စွတ်ဝင်နေ တဲ့ မိုးရေကြောင့် လမ်းက အမြင်အာရုံမှာ တစ်ချက်တစ် ချက် ၀ါးဝါးသွားတယ်။ ဖျတ်ခနဲ လက်တဲ့ လျှပ်စီး ရောင်က ဘေးတိုက်မဟုတ် ဘူး။ အထက်အောက်ဒေါင် လိုက်ကြီး ၀င်းဝင်းတောက် လို့။ အားပြည့်တဲ့ ကားဘက် ထရီအိုးကြီးတွေကို ချိတ်နဲ့ ရှော့ တိုက်ပြီး ထွက်လာတဲ့ အသံမျိုးကြီး။ ဖျဉ်းခနဲမြည် သံကြီးက ကျုပ်ခေါင်းပေါ် က ဖြတ်ပြေးသွားတယ်။

ဝုံးဂျိမ်းဆိုတဲ့ နားကွဲ မတတ် အသံကြီးအဆုံးမှာ ကြက်သီးမွေးညင်းတွေထပြီး ကျုပ်တစ်ကိုယ်လုံး တုန်ဆင်း သွားတယ်။ ကျုပ်အုတ်စိမ်းပုံ လေးကို ပြေးပြေးမြင်မိသေး တာ။ ကမြင်းမသားမိုး။ မိမစစ် ဖမစစ်မိုး။ မအေ မိုး။ နှမ မိုး။

ကန္တာရ တောကြီးမို့ ရှေ့ ကို အဝေးကြီး မမြင်ရပေမဲ့ အုတ်ဖိုဘေး ထန်းတောက ထန်းပင် ထိပ်ဖျားတွေကိုတော့ ကောင်းကောင်း မြင်နေရပြီ။ “ဟင်” ဘယ်လိုဖြစ်ပါလိမ့်။ ဒီလောက် မိုးတွေသည်းနေတဲ့ ကြားက ရှေ့မြေကြီးက ဘာဖြစ်လို့ သွေ့ခြောက်နေရ တာတုံး။ နောက်ကို ပြန် ကြည့်တော့လည်း မျက်စိ တစ်ဆုံးမြေပြင်မှာ ရေတွေ တင်လို့။ ကျုပ်ခြေရာကွက် အကြီးကြီးတွေပေါ်မှာ မိုး စက်တွေက တဗျောဗျောနဲ့။

ကျုပ်ရင်ဘတ်တစ်ခု လုံး နိမ့်ချည်၊ မြင့်ချည် ဖြစ် လာပြီး ခြေလှမ်းတွေ ဆက်လှမ်းလို့ မရချင်တော့ဘူး။ ဘယ်ဘက် ခြေဖ၀ါးက စူး ခနဲဝေဒနာနဲ့အတူ ကန္တာရ ဆူး တစ်ချောင်း ဖောက်ဝင် သွားတာတော့ သတိထားမိလိုက် ရဲ့။ တစ်ဆုံး နစ်ဝင်နေတဲ့ စူးက တော်ရုံနဲ့ နုတ်မရပြန်ဘူး။ အားစိုက်ပြီး ဆွဲနုတ်မှ ထစ် ခနဲမြည်သံနဲ့ ခြေဖ၀ါးက သွေး တွေ ရဲခနဲ ပန်းထွက်လာတယ်။

စိတ်ထဲမှာ ဟာခနဲဖြစ်ပြီး အောင့်တက်လာတဲ့ ဝေဒနာက ခြေဖ၀ါး ခြေချင်း ၀တ်ကနေ ခြေသလုံး၊ ဒူး ခေါင်း၊ အဲဒီကနေ ပေါင်ထိပ်၊ ဆီးစပ်တွေ တစစ်စစ် ကိုက်ပြီး ဗိုက်ထဲ အောင့်တက်လာတယ်။ ကျုပ်အစိမ်းပုံလေးကို တွေးရင်း ဘတိုးမျက်နှာကြီး ပေါ်လာတော့ မိုးကာသုံးချပ်ကို ထမ်း အားတင်းထပြီး လျှောက်တော့ ခြေဖ၀ါးက သွေးတွေ မိုးရေ မစိုတစိုမြေပေါ်မှာ အတန်း လိုက်။ ရှေ့က အကွေ့ကို လွန် တော့ အုတ်ဖိုက ဘွားခနဲ စပေါ်လာတယ်။

ထင်းလှည်းတွေက ထင်းတွေချနေပြီ။ ကုလားက အုတ်စိမ်းပုံပေါ်တက်ပြီး၊ မိုး ကာတွေအုပ်လို့။ မိခင်ရွှေက အောက်က မိုးကာတစ်ချပ် လှမ်းပေးရင်း “နင့်အဖေက ဘယ်နားကျန်ခဲ့တာတုံး” လို့ မေးနေတယ်။ “ဒီကန္တာရ တောထဲ ကျန်ခဲ့တာ။ ရွာဘက် ဆို သည်းလိုက်တာ အမေရာ၊ သွန်ချတဲ့အတိုင်း။ ကျုပ်တို့ လည်း ပြေးသာလာရတယ်။ မီမှမီပမလား။ တထင့်ထင့် နဲ့” ဆိုတဲ့ ကုလားမြေသံ။
“မိုးက တိမ်ပုတ်မိုးဟဲ့။ ငါ့မလည်း မြောက်ကနေ ပြေးလာတဲ့ မိုးကိုကြည့်ပြီး ရင်မနေရတယ်။ ကန္တာရ တောအစပ်ကနေ အရှေ့ဆီ ဖြတ်သည်း သွားလို့သာပေါ့။ တိမ်ပုတ်မိုးဟဲ့” စကားအဆုံး မှာ လှည့်ကြည့်လာတဲ့ မိခင်ရွှေ ကျုပ်ကို မြင်သွားပုံရတယ်။ သူက စူးစူးကြီး ကြည့်နေသလို၊ ကျုပ်က လည်း မိုးကာသုံးချပ် ထမ်း ပြီး တောင့်တောင့်ကြီးရပ် နေမိတယ်။

ခြေထောက်က အသည်းခိုက်မတတ်နာလာ သလို စိတ်အလျှော့မှာ မျက်လုံးတွေထဲ ပြာမိုက်သွား တယ်။ ၀င်းခနဲ ဒေါင်လိုက် ကြီး လက်သွားတဲ့ လျှပ်စီး ကြောင်းကြီးနဲ့အတူ ဖျဉ်းခနဲ မြည်သံကြီးက ခေါင်းပေါ်က ဖြတ်ပြေးသွားတယ်။ ၀ုန်း ဂျိမ်းဆိုတဲ့ အသံကြီးအဆုံးမှာ ကျုပ်ခွေခနဲပုံကျသွားတယ်။

“ကိုညို” ဆိုတဲ့ မိခင်ရွှေ အော်သံ၊ “အဖေ” လို့အော်ရင်း အုတ်စိမ်းပုံပေါ်က ကုလားခုန် ဆင်းတာကိုပဲ နောက်ဆုံးမြင် လိုက်မိတယ်။
ကန္တာရတော စိမ်းစိမ်း ထဲမှာ ကျုပ်ခြေဖ၀ါးက သွေး စိမ်းရှင်ရှင်တွေက ရဲနေသလို မိခင်ရွှေပါးပေါ်က မျက်ရည် စိမ်းတွေက စောစောက တိမ် ပုတ်မိုးနဲ့ အပြိုင်ကြဲလို့။ အစိမ်းစား ဘတိုးလက်က အစိမ်းစားမခံရဘဲ ပြေးထွက် ခဲ့ရတဲ့ အုတ်စိမ်းပုံကြီးက တော့ အသက်ရှူသံ ပြင်း ပြင်းနဲ့ သူ့သခင်နဲ့ သခင်မကို မိုးကာပုံကြီးထဲကနေ ချောင်းကြည့်နေလေရဲ့။
အောင်ဖြိုးကျော်၊ပခုက္ကူ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

No comments: