Written by ရဲစွမ်းနေ |
Monday, 21 May 2012 16:40 |
Story 1
တိုက်ပွဲသည် တောင်စွယ်တွင် နေကွယ်သည့်တိုင် အဆုံးသတ်မည့် ပုံမပေါ်။ သတ္တုရောင် ပြောင်လက်နေသော ဓားချင်း ထိတွေ့သည့် အခါ ထွက်ပေါ်လာသော ရောင်စဉ်များသည် လျှပ်စီး လက်သကဲ့သို့ ရှိနေဆဲ “ချွင်” “ချန်”ဟူသော ဓားချင်း ပွတ်တိုက် သံများကတော့ မိုးယံသို့ ချီနေပြီ။ ရုတ်ခြည်း ဆိုသလိုပဲ စစ်မြေပြင်သည် ဆန့်ကျင်ဘက် အခြေအနေ တစ်ရပ်ဆီ ကူးပြောင်း သွားပါသည်။ တစပြင် မဟုတ်သေးဘူး၊ စစ်မြေပြင်။အလို၊ မတူညီသော ဝေါဟာရ နှစ်ခုသည် တူညီသော အနက် အဓိပ္ပာယ်ကို ဆောင်နေပါကောလား။ တိတ်ဆိတ် ငြိမ်သက်၍ ချောက်ချားဖွယ် ကောင်းသော သင်္ခါရတရား အတိပြီးသော တစပြင်။ ကျွန်ုပ် လက်ရှိ မြင်တွေ့ရသော စစ်မြေပြင်သည် ဤသဘော တရားနှယ်ပင်။တစ်ဖက် တိုင်းပြည်မှ၊ကျွန်ုပ်၏ တိုင်းပြည်မှ တစ်ယောက်ပေါ် တစ်ယောက် အတုံးအရုံး လဲကျ သေဆုံးနေသော စစ်သည်များကို ကြည့်ရင်း ကျွန်ုပ်၏ စိတ်နှလုံးဝယ် အနိဋ္ဌာရုံ၏ အဆုံးသတ် ဖြစ်စေသော သင်္ခါရ တရား၏ ခြောက်လှန့် ရိုက်ပုတ်မှု ဒဏ်ကို အလူးအလဲ ခံစား နေရလေတော့သတည်း။ ဘုန်းတန်ခိုး ကြီးမြတ်တော်မူသော အသောက ဘုရင်မင်းမြတ်ဘုရား၊ ကျွန်တော်မျိုးတို့ တပ်မဟာ အနေနဲ့ အရှင့်အတွက်အောင်ပွဲကို ဆောင်ကြဉ်းပေး နိုင်ပြီမူပါပြီဘုရား” စစ်သူကြီး၏ လျှောက်တင်ချက်များကို နားထောင် ရသည်မှာကား ယခင် အကြိမ်များကဲ့သို့ ကျွန်ုပ်၏ စိတ်ဘ၀င်ကို ယစ်မူးစေခြင်းငှာ မစွမ်းသာ။ ယခုအချိန်တွင် ကျွန်ုပ်စိတ်၌ ဖြစ်ပေါ်နေသည်မှာ ရွှေဝါရောင်ဝင်းလဲ့ သော စပါးနှံများ၊ ဆည်၊ မြောင်း၊ ချောင်း၊ ကန်များ၊ စိမ်းမြသောတောအုပ်၊ ဘုံ၊ ပြာသာဒ် အဆောင်ဆောင်ဖြင့် ခမ်းနားထည်ဝါသော နန်းတော်စသည်ဖြင့် ပြည့်စုံကြွယ်ဝသော သူတစ်ပါးတိုင်းပြည် အပေါ် လိုချင်တပ်မက်စိတ်မဟုတ် ချေတကား။ ကွယ်ရာတွင် အများက ခက်ထန်ကြမ်းကြုတ်သည်ဟု စကားတင်းဆို ကြသော ကျွန်ုပ်စိတ်တွင် ယခုဖြစ်ပေါ်နေသော စိတ်အခြေအနေသစ်သည် အသားမကျသေးသလို ဖြစ်နေသော်လည်း ကျွန်ုပ်အနေနှင့် မငြင်းဆိုပါတခဲ့။ ယင်းက သူတစ်ပါး၏ နာကျင်မှုကို ကိုယ့်၏ နာကျင်မှုကဲ့သို့ မျှဝေခံစားနိုင် သော ကိုယ်ချင်းစာတရားပေတည်း။ Story 2 A, B နှင့်C တို့သည် ဘောလုံးပွဲစချိန် နီးကပ်လာ၍ ဘောလုံးကွင်းကို အမြန်ရောက်ချင်ဇောဖြင့် ခပ်သွက်သွက်လျှောက်လာကြသည်။ ကွင်းထဲ ရောက်တော့ ထိုင်ခုံများတွင် လူပြည့်နေပြီ။ “ဟိုဘက် တိုးဦးကွာ၊ ထိုင်စရာ တစ်နေရာတော့ ရဦးမှာပါ” A က အစွန်မှာ ထိုင်နေသူအား ပြောလိုက်သည်။ “ဒီမှာတောင် ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်နေတာ၊ ပျော်ချင်ရင်တော့ လာကွာ” A က ရသမျှနေရာလေးမှာ ကုတ်ကတ်ပြီးထိုင်လိုက်ရာ ဖင်တစ်ခြမ်းသာ ထိုင်စရာရသည်။ “တို့ ဟိုကုန်းထိပ်က သစ်ပင်ရိပ်အောက်ကနေ သွားကြည့်ရအောင်” C က B အား ပြောသည်။ “တော်ပြီကွာ မလိုက်တော့ဘူး။ အဲဒီနေရာက ဝေးတယ်။ ငါ ဒီနားလေး မှာပဲ ရပ်ကြည့်လိုက်တော့မယ်” B က နေခဲ့သည်။ A က သစ်ပင်အောက်ရောက်လာသောခါ ဖိနပ်ခု၍ တင်ပျဉ်ခွေထိုင်လိုက် ပါသည်။ “အမယ် ဒီနေရာလေးက တယ်ဟုတ်ပါလား။ ဘောသမားအားလုံးကို အပေါ်စီးကနေ မြင်ရတယ်” Story 3 သူသည် အတက်ချီကေ့စ်ကို ဆွဲလာရင်း တက္ကစီ တစ်စင်းကို တားလိုက် သည်။ သွားမည့်လိပ်စာကို ပြောပြသောအခါ သူ့အသံတို့က သံစဉ်မညီချင်။ ဆယ်ကျော်သက် မဟုတ်တော့၍ ရင်မခုန်ရဘူးဟု ဘယ်သူတားမြစ်ချင် သလဲ။ သူသည် သူမအရမ်း မုန်းတယ်ဟု မကြာခဏ ပြောလေ့ရှိသော မာကျော ကြွပ်ဆတ်သော အပြုံးမျိုး ပြုံးပြရင်း လေတစ်ချက် ချွန်လိုက်သည်။ တရိပ်ရိပ်ပြေးနေသော ကားသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခပ်ဝေးဝေးတွင် ထားခဲ့သည်။ “စ”လုံး နိုင်ငံတွင် သူ မနားမနေ ကြိုးစားရှာ ဖွေခဲ့သော ငွေများကို သူမနှင့် အတူ ပျော်ရွှင်ဖွယ် ကောင်းသော မိသားစု ဘ၀ တစ်ခု တည်ဆောက်ရန် အကြောင်း ကိစ္စမှ လွဲ၍ အခြားမည်သည့် အတွက်မှ မရည်ရွယ်ခဲ့ပါ။ ကားရပ်ပေးချိန်မှာ ယခင်မြင်နေကျ သွပ်မိုး ပျဉ်ထောင်အိမ် အစား တိုက်တစ်လုံးကို တွေ့လိုက် ရတော့ သူ အံ့သြသွားသည်။ သူ မသိလိုက်သော တစ်စုံတစ်ခုသည် စနစ်တကျ လွဲချော်ခဲ့ပြီ ဖြစ်သည်။ ပိတ်ထားသော တံခါး တစ်ချပ်နှင့် ကြုံရသော ကြိုဆိုသူမဲ့ ဧည့်သည် တစ်ယောက်အတွက် တွေဝေစွာ ရပ်နေရုံမှတစ်ပါး အခြားမရှိပြီ။ ထို အချိန်မှာ နောက်ဆုံးပေါ် တန်ဖိုးကြီး ဇိမ်ခံကား တစ်စီး ထွက်လာသည်။ ကားထဲမှာ ခေတ်မီလှပ စွာဝတ်ဆင်ထားသော သူမကို ကျော့မော့စွာ တွေ့ ရသည်။ သူမဘေးမှာတော့ သူ့ထက်ပို၍ ပြည့်စုံ ကြွယ်ဝသော အမျိုးသား တစ်ယောက်။ သူမက ထိုလူ့ပခုံးပေါ် နွဲ့မှီရင်း။ Story 4 ဆရာဖေမြင့် ဘာသာပြန်သော ပြတင်းပေါက် Window အက်ဆေးကို ဖတ်လိုက်ရသော အခါ ဘ၀၏ အလင်းနှင့် အမှောင် အခြမ်းများကို ဖျတ်ခနဲ တွေ့မြင် လိုက်ရသလို၊ လူသားတစ် ယောက်၏ ညစ်နွမ်းသော စိတ်နှလုံးကို ကောင်း မြတ်ခြင်းတရားက သန့်စင်ပေးနိုင်ခြင်း မရှိပါ လားဆိုပြီး အားလျော့ ချင်လာသည်။ တစ်ခါတုန်းက ဆေးရုံကြီး တစ်ရုံ၏ ကျဉ်းမြောင်းသော အခန်း တစ်ခန်းမှာ လူနာနှစ်ယောက် နေထိုင်နေကြသည်။ အသည်းအသန်ဟု ပြောရ မည့် လူနှစ်ယောက်မှာ တစ်ယောက်က နေ့လယ် ပိုင်းတွင် အဆုတ်ထဲက အရည်တွေကို ပိုက်နှင့် စုပ်ထုတ်ရသည့် အတွက် တစ်နာရီ ထိုင်ခွင့်ရ သည်။ သူ့ခုတင်က ပြတင်းပေါက်နားမှာ ဆိုတော့ သူထိုင်လိုက်သော အခါ ပြတင်းပေါက်မှ တစ်ဆင့်အပြင်ကို လှမ်းမြင်ရသည်။ အဲဒီအချိန်မှာ တစ်ဖက်လူနာက ခုတင်ပေါ်မှာ ပက်လက်ကြီး။ ထိုင်ခွင့်ရသော လူနာက ပြတင်းပေါက်မှ တစ်ဆင့် မြင်ရသော လှပသော ပန်းခြံ၊ အရောင် အသွေးစုံသော ပန်းခင်း၊ ကြည်လင် အေးမြသော ရေကန်၊ ကန်ထဲမှာ ဘဲတွေ၊ ငန်းတွေ၊ လွတ်လပ်စွာ ကူးခတ် နေကြခြင်း၊ သူတို့ကို ကလေးတွေက ပေါင်မုန့်တွေ ပစ်ကျွေးနေကြခြင်း၊ တခြားကလေး တွေက လှေကလေးတွေ မျှောနေကြခြင်း၊ သစ် ပင်အောက်မှာ ချစ်သူ စုံတွဲတွေ လမ်းလျှောက်နေ ကြခြင်း၊ အဝေးမှာတော့ သစ်ပင်ထိပ်ဖျားမှ ထိုးထွက်နေသော တိုက်တာ အဆောက်အအုံများ၊ ပြီးတော့ အဆုံးမရှိ ပြာလဲ့သောမိုးကောင်းကင် စသည်ဖြင့်တစ်ဖက်လူနာအား စိတ်ကြည်နူး အောင် ပြောပြနေခဲ့သည်။ ထိုလူနာပြောသမျှ နားထောင်ရင်း ကိုယ်တိုင်ကြည့်မြင်နေရသကဲ့သို့ လိုက်ပါ ခံစားပျော်ရွှင်နေရသော ပက်လက်လူနာသည် ငါ့ကျတော့ ပြတင်းပေါက်နား ဘာလို့ထိုင်ခွင့် မရတာလဲ ဟူသော သေးသိမ်သော အတွေးဖြင့် မိမိကိုယ်ကို ညှဉ်းဆဲ စပြုလာသည်။ သို့သော် မကောင်းမှုက သူ့ကို ဖြားယောင်းသွေးဆောင် နေသော်လည်း ကိုယ်တိုင် လိုက်ပါဆောင်ရွက်ခြင်း မရှိသေး။ တစ်ညမှာ ထိုလူနာ အဆက်မပြတ် ချောင်း ဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေး ပေါ်လှမ်းခေါ်သော ခလုတ်ကို လက်ကစမ်းနေ သော်လည်း မတွေ့။ ထိုလူနာအသက်ရှူရပ် သွားသည်အထိသူငြိမ်သက်စွာ ကြည့်နေခဲ့သည်။ မနက်ခင်းမှာ ထိုလူနာ၏ အသက်မဲ့ခန္ဓာကိုယ်ကို သူနာပြု သယ်သွားသည်အထိ သူ့ဘက်က တိတ် ဆိတ်နေခဲ့သည်။ ထို့နောက် အားလုံး နေသားတကျ ဖြစ်သွားပြီဟု ယူဆသော အချိန်မှာ သူ့ကို သေဆုံးသူ လူနာ ၏ နေရာတွင်ပြောင်းပေးရန် တောင်းဆိုခဲ့သည်။ သူ့ဆန္ဒ ပြည့်ဝခဲ့ပါသည်။ သူသည် ပြတင်း ပေါက်မှတစ်ဆင့် ထိုလူနာ ပြောခဲ့သော ပြင်ပ ကမ္ဘာကို ကြည့်ချင်စိတ်ဖြင့် ထက်သန်တက် ကြွနေခဲ့သည်။ သူနာပြုဆရာမ ထွက်သွား သည်နှင့် နာကျင်မှုဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ဖြည်းဖြည်းချင်းထိုင်ဖို့ ကြိုးစားသည်။ သူ ပြတင်းပေါက်မှ တစ်ဆင့် သူ မြင်လိုက်ရ သည်က လှုပ်ရှားသက်ဝင်မှုကင်းမဲ့သော တံတိုင်းတစ် ခုသာ ဖြစ်လေသည်။ Story 5 တစ်ခါတုန်းက ငှက်များသည် ဘယ်လောက် အမြင့်ဆုံးအထိ ပျံနိုင်ကြမလဲဆိုသော အခြေအနေ တစ်ရပ်အတွက် ပြိုင်ပွဲတစ်ခု ကျင်းပ ပြီး ဆုံးဖြတ်ရန် သဘော တူညီခဲ့ကြသည်။ ထူးခြားသည်က နှံပြီစုတ်ငှက် အများစုထဲမှာ လင်းယုန်ငှက် တစ်ကောင် ပါဝင်နေခြင်းပင်။ ပြိုင်ပွဲချိန် ကြာလာသည်နှင့် အမျှ ခွန်အားကြီး မားသည့် ငှက်ဖြစ်စေ၊ ခွန်အားနည်းသည့် ငှက်ဖြစ်စေ မောပန်း နွမ်းနယ်မှု ဝေဒနာကို စတင်ခံစားရ လေပြီ။ မြင့်သည်ထက် မြင့်အောင် ကြိုးစားပျံ သန်းနေသော ငှက်များသည် မိမိအောက်မှ ငှက်များနှင့် တစ်တန်းတည်း အခြေအနေသို့ ဆန္ဒကင်းစွာ သက်ဆင်း ရလေသည်။ ထိုအချိန်တွင် ငှက်များ အားလုံးထက် ပိုမြင့်သော နေရာတွင် ရှိသော လင်းယုန်ငှက်သည် အများနည်းတူ မောပန်း နွမ်းနယ်နေပြီ။ အားလုံး ထဲမှာ အမြင့်ဆုံး ဖြစ်နေသည့် အတွက်တော့ သူ ကျေနပ်ပျော်ရွှင်နေသည်။ သူမသိ လိုက်သော အချက်က သူ့အောက်ဘက်မှာ နှံပြီစုတ်ငှက် တစ်ကောင် ခိုစီး လိုက်ပါလာသည်ကိုပင်။ သူ သိ လိုက်သော အချိန်တွင် နှံပြည်စုတ်ငှက်သည် သူ့ ထက် ပိုမြင့်သော နေရာသို့ လျင်မြန်စွာ ပျံသန်း သွားခဲ့ပြီဖြစ်သည်။ Story 6 ကျွန်တော် ညက အိပ်မက်မက်သည်။ အိပ်မက်ထဲမှာ လီယိုတော်လ်စတွိုင်း၏ လူတစ်ကိုယ် မြေမည်မျှ လိုသနည်း ၀တ္ထုတိုထဲမှ ပါဟွန်ကို တွေ့ရသည်။ မိမိ၏ လယ်ယာမြေ ပိုင်ဆိုင်မှု ချမ်းသာမှုနယ်ကို ချဲ့ထွင်လိုသော ပါဟွန်၊ ချွေးများရွှဲနစ်နေသော ပါဟွန်၊ လောဘရမ္မက်၏ စေစားမှုကြောင့် အင်မတန် ပင်ပန်း နွမ်းနယ်ကာ အသက်ကို မျှဉ်းရှူနေရသော ပါဟွန်ကို ကျွန်တော် တွေ့ခဲ့ရပါသည်။ နိမ့်ချည်မြင့် ချည်လှိုက်ဖိုနေသော ပါဟွန်၏ရင်ဘတ်ထဲကနေ မချိတင်ကဲခံစားရခြင်း တာတမံ ကျိုးပေါက် လာသလိုမျိုး နာကျင်ကြေကွဲဖွယ် စကားလုံး အချို့ ပွင့်အန်ကျလာခဲ့သည်။ “ခင်ဗျား သိရဲ့လား၊ တကယ်တော့ ကျွန်တော်တို့ လူသား တစ်ယောက်ချင်းစီ အတွက် ဒီကမ္ဘာကြီးကနေ ရသင့် ရထိုက်တဲ့ နေရာက သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ ခြောက်ပေသာသာ မြေနေရာ လွတ်တစ်ခုပါပဲ”
ရဲစွမ်းနေ
|
Sunday, May 27, 2012
နေရာ
Labels:အတိတ်က မြိတ်သမိုင်း
အက်ဆေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment