Monday, May 28, 2012

ငွေထုပ်ထမ်းပြီး လျှောက်လှမ်းသူများ


Written by မောင်လွင်မွန် (ကသာ)   
Sunday, 27 May 2012 13:25
လွန်ခဲ့တဲ့ ၁၅ နှစ်၊ ပုဂ္ဂလိကဘဏ်တစ်ခုမှာ တာဝန်ယူစဉ်၊ ဧည့်ခံပွဲတစ်ခုမှာ အိမ်ရှင်က ကျွန်တော့်ဘဏ်ရဲ့ ၀န်ဆောင်မှု မြန်ဆန်တာကို ချီးကျူးပြီး အစိုးရဘဏ်တွေမှာကြာကြောင်း ညည်းပါတယ်။

ကျွန်တော်ကလည်း ပုံမှန်ဘဏ် ဖောက်သည်အဖြစ် ခင်နေသူမို့ ရင်းရင်းနှီးနှီးပဲ။ ''တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ဘဏ်က အရာရှိကြီးမှန်သမျှ ကျွန်တော်အပါအ၀င် အစိုးရဘဏ်က လာသူတွေချည်းပဲဗျ''လို့ အစချီပြီး ပုဂ္ဂလိကဘဏ်မှာ ပိုမြန်အောင် လုံခြုံရေးအဆင့် လျော့ပစ်တာ၊ ယုံကြည်သူကို ရွေးခန့်ပြီး လုပ်ပိုင်ခွင့် ပိုပေးတာ။ နည်းပညာ အကူအညီသုံး တာစတာတွေက (အဲဒီကာလက) အစိုးရဘဏ်များတွေမှာ မရှိလို့ဖြစ်ကြောင်း ဖာဖာထေးထေး ပြောပြရပါတယ်။

ဆက်ပြီးတော့ အဓိကပြဿနာက အဲဒီကွာခြားချက်မဟုတ်ဘဲ ငွေ ဖောင်းပွမှုအပြင် လက်ရှိသုံးငွေကြေး ပမာဏနဲ့ကိုက်တဲ့ ငွေစက္ကူအမျိုးအစား (Notes) မရှိလို့ ယူဆတာကို ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ''ကျွန်တော် ပုစ္ဆာ တစ်ပုဒ် မေးကြည့်ချင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က လက်ဖက်ရည်တစ်ခွက် တစ်မတ်ခေတ်မှာ စီမံကိန်းတစ်ခုအတွက် ငွေလာထုတ်ရင် သုံးလေးသောင်းပါ၊ ငွေစုစာအုပ်လာစုရင် အများစုက ငါးဆယ်၊ တစ်ရာကနေ အများဆုံး ငါးထောင်၊ တစ် သောင်းပေါ့။ အဲဒီကာလက ဘဏ်မှာ ငွေကြေးဝန်ထမ်း ၁၀ ယောက်လောက် ရှိတယ်ဆိုပါတော့။ အခု လက်ဖက်ရည်တစ်ခွက် တစ်ရာ (ထိုစဉ်ကဈေး)ဖြစ်သွားချိန် စီမံကိန်း အတွက် ငွေလာထုတ်ရင် သိန်းငါးဆယ်၊ တစ်ရာထုတ်တဲ့အချိန်၊ ငွေစုစာအုပ်ကို ဆယ်သိန်းကနေ၊ သိန်းရာ ချီပြီးစုကြချိန်မှာ ၀န်ထမ်းဘယ်နှစ်ယောက် ခန့်သင့်တယ်ထင်လဲ။ သုံးချက်တွက်နည်းနဲ့ပဲ တွက်ကြည့်စမ်းပါ''

ကျွန်တော့်အမေးကို သူရုတ်တရက် မဖြေနိုင်ခဲ့ပါ။ ကျွန်တော်က ဆက်ပြီး''တွက်ကြည့်လို့ အဖြေရရင်လည်း အဲဒါလက်တွေ့ လုပ်လို့မရနိုင်တဲ့ အဖြေမျိုးပဲဖြစ်မယ်။ ဘာနဲ့တူမလဲဆို အဆောက်အဦ တစ်ထပ်ဆောက်ဖို့ အလုပ်သမားတစ်ရာလိုရင် ရော့အလုပ်သမား ၁၀၀၀၊ ဆယ် ထပ်တစ်ပြိုင်နက်ဆောက်စမ်းလို့ ခိုင်းသလိုဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဘဏ်တွေမှာ  အဲဒီလိုလက်တွေ့ သုံးမရတဲ့ အဖြေမျိုးနဲ့ ဖြေရှင်းမှုမျိုးတောင် မရှိသေးပါဘူး။ ကျွန်တော်တို့ဝန်ထမ်းက အရင် လက်ဖက်ရည်တစ်ခွက် တစ်မတ်ခေတ်ကလူနဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ဒါကြောင့် ငွေသွင်း ငွေထုတ် အရမ်းကြာတယ်ဆိုတာ ဖြစ်နေတာပါ''လို့ အဖြေပေးခဲ့ပါတယ်။
အဲဒီတုန်းက ကိုယ့်ကိုချီးကျူးသူကို အလိုက်အထိုက် ပေါ့ပေါ့ပါးပါး မတုံ့ပြန်ဖြစ်ဘဲ ရင်ဖွင့်သလို ဖြစ်ခဲ့မိတာကတော့ အဲဒီစကားမျိုး တရားဝင် ပြောစရာနေရာမရှိခဲ့လို့ လို့ဆိုရပါလိမ့်မယ်။  အမှန်တော့ အဲဒီတုန်းကလည်း ဂျာနယ်၊ မဂ္ဂဇင်းများမှာ ဒီအကြောင်းကို တင်ပြဖို့ ကြိုးစားခဲ့ဖူးပါ တယ်။ မအောင်မြင်ခဲ့ပါဘူး။

ဒီလိုန့ လက်ဖက်ရည်တစ်ခွက်ကလည်း နှစ်ရာ၊ နှစ်ရာ့ငါးဆယ်ဖြစ်သွားပြီး စီမံကိန်းအတွက် ငွေကလည်း သိန်းထောင်ချီသွားသလို ငွေစုစာအုပ် အထုတ်အသွင်းကလည်း အများစုက သိန်းဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ ဖြစ်လာပါပြီ။ ငွေရေစက်နဲ့ ကွန်ပျူတာနဲ့ ဖြစ်လာပေမယ့် ဘဏ်ဝန်ထမ်းကတော့ ဟိုအရင် လက်ဖက်ရည်တစ်ခွက် တစ်မတ်ခေတ်မှာ ဆယ်ယောက်ဆို အခု (၂၀၀ x ၁၀ ÷ ၀.၂၅ = ၈၀၀၀) လောက်ခန့်ဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုလိုတင်ပြခွင့်နဲ့ ၀ိုင်းဝန်းအဖြေရှာခွင့်မျိုး ရမယ်ဆိုရင်ပဲ(ဒီလိုစာမျိုးရေးဖို့)ဆယ်ငါး နှစ်လောက် စောင့်ခဲ့ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်က မန္တလေးကလာတဲ့ စာရေးဆရာတစ်ဦးက မဂ္ဂဇင်းကိုပေးမယ့် ၀တ္ထုတစ်ပုဒ်ကို ဖတ်စေပါတယ်။ ''ဘဏ်အကြောင်း ရေးထားတာအမှားပါမှာစိုးလို့ ဆရာ့ကို ဖတ်ခိုင်းတာပါ''လို့ ပြောတဲ့ အဲဒီဝတ္ထုမှာ ငွေရေစက်လေးများ ခေါင်းမူးအောင် အလုပ်လုပ်ရပုံနဲ့ စက်ကလေးများရှုထောင့်က ၀န်ထမ်းတွေကတော့ သက်သောင့်သက်သာနဲ့ သူတို့သာ ပင်ပန်းကြီးစွာ လုပ်ရပုံကို ရေးထားပါတယ်။

ငွေလျော့တာ၊ ပိုတာ၊ အတုဖြစ်တာစတဲ့ နှလုံးရောဂါဖြစ်ချင်စရာများ နေ့စဉ်ဖြတ်သန်းရတာ၊ ငွေအထုပ်လိုက်ထမ်းပြီး အသွင်းအထုတ်လုပ်နေကြတဲ့(ကမ္ဘာ့ပြိုင်ဘက်မရှိ)ဘဏ်မျိုးမှာ ငွေတွေ အထုပ်အထည်လိုက်၊ အစုအပုံလိုက်၊ မနေမနား ရေနေရတာကို ဆရာအတွင်းသိ သိရင် စက်ထက် ပိုသနားစရာကောင်းသူများအကြောင်း ရေးဖွဲ့ဖြစ်မှာပါ   . . .

တကယ်က ငွေကြေးဝန်ထမ်း အများစုဟာ ငွေဝင်ငွေထွက်များတဲ့ ဘဏ်များမှာ မနက်စာကို ညနေသုံး နာရီလောက်မှ စားကြရတာ။ ငေလျော့တာ၊ ပိုတာ၊ အတုဖြစ်တာစတဲ့ နှလုံးရောဂါ ဖြစ်ချင်စရာများ နေ့စဉ် ဖြတ်သန်းရတာ၊ ငွေအထုပ်လိုက်ထမ်းပြီး အသွင်းအထုတ် လုပ်နေကြတဲ့ (ကမ္ဘာ့ပြိုင်ဘက်မရှိ)ဘဏ်မျိုးမှာ ငွေတွေ အထုပ်အထည်လိုက်၊ အစုအပုံလိုက်၊ မနေမနား ရေနေရတာကို ဆရာအတွင်းသိ သိရင် စက်ထက်ပိုသနားစရာ ကောင်းသူများအကြောင်း ရေးဖွဲ့ဖြစ်မှာပါ။

ဒီလိုဆို ငွေရေစက်ကလေးများ အလုပ်မလုပ်ရလို့လားဆိုတော့ သူတို့ဟာလည်း ကမ္ဘာပေါ်မှာ အလုပ်အလုပ်ရဆုံး ငွေရေစက်များအဖြစ် ဂင်းနစ်မှတ်တမ်း ၀င်နိုင်တာပါပဲ။ ဒီလောက်ရေတွက်ရများလွန်းတော့ အိုဗာလုတ်ဖြစ်ပြီး ရေတွက်တာလည်း မမှန်တော့ဘူး။ အဲဒီအခါ ၀န်ထမ်းများ ခမြာ အမေမွေးပေးလိုက်တဲ့ လက်ကိုပဲအားကိုးပြီး ပြန်ရေကြရပါတယ်။

ဒီထက်ဆိုးတာတစ်ခုက ငွေစက္ကူဟောင်းက မှိုတွေကို ၀န်ထမ်းများ ရှုရတဲ့ကိစ္စပါ။ ငွေကြေးဌာန အဲယားကွန်းများကို သန့်ရှင်းရေးလုပ်တဲ့အခါ မှိုတွေကို အစုအခဲလိုက် တွေ့ရတတ်ပါတယ်။ ဒီတော့ ငါ့အဆုတ်ထဲမှာလည်း နည်းမှာမဟုတ်ဘူးလို့ စိတ္တဇနဲ့ အပြေးအလွှား ဆေးစစ်ကြရသူများလည်း ရှိပါတယ်။ ဒီကိစ္စအတွက် နှာခေါင်းစည်း(Mask) များ တပ်စေပေမယ့် အများနဲ့ ဆက်ဆံလုပ်ကိုင်နေရာမှာ အမြဲမတပ်ဖြစ်ဘဲ အထိုက်အလျောက် ရှုကြရတာပါပဲ။
လက်ဖက်ရည်တစ်ခွက် တစ်မတ်ခေတ်က ကျွန်တော်တို့ရဲ့ အကြီးဆုံး ငွေစက္ကူအမျိုးအစား(Currency Notes) က တစ်ရာကျပ်ပါ။ ဒီနေ့ လက်ဖက်ရည်တစ်ခွက် နှစ်ရာဆိုရင် ငွေဖောင်းပွမှုက အကြမ်းဖျင်း အဆ ရှစ်ရာလောက် တက်လာချိန် အကြီးဆုံးငွေစက္ကူက တစ်သောင်းလောက် မဖြစ်ရင် ငွေရေတွက်လို့ မလွယ်ကူနိုင်တာ မြင်သာပါတယ်။

ကျွန်တော်တို့ ဒီနေ့ အရောင်းအ၀ယ်ဂဏန်းများက သိန်းထောင်ချီနေချိန်မှာ အကြီးဆုံး ငွေစက္ကူက တစ်ထောင်ဆိုတော့ ငွေတွေအိတ်ကြီးနဲ့ ဖြစ်လာတာ အံ့စရာမဟုတ်ပါဘူး။ ဒီတော့ ငွေစက္ကူအမျိုးအစားကို ဒီနေ့ ငွေဖောင်းပွမှုနဲ့ လိုက်လျောညီထွေ ရေတွက်နိုင်တဲ့ (Currency Notes) ဖြစ်အောင် ပြင်ကြမလား။ ဒါကလည်း ဘေးထွက်ဆိုးကျိုး (Side Effect) ရှိတာမို့ သိပ်ကြိုက်ကြမယ် မထင်ပါဘူး။ ဒါပေမယ့် ဖြစ်သင့်တာကို ဘယ်လိုလုပ်မယ်ဆိုရာမှာတော့ အချက်တစ်ခုအဖြစ် ထည့်စဉ်းစားသင့်ပါတယ်။

အဓိက ပြုပြင်ရာမှာတွေထဲက တစ်ချက်က ငွေထုတ်ကြီးထမ်းပြီး ရောင်းဝယ်ပေးချေနေကြတာကို လျော့သွားအောင် ဘဏ်တွေရော ရောင်းသူ ၀ယ်သူ ပေးသူ လက်ခံသူများပါ ၀ိုင်းကြိုးစားကြရမယ့်အချက်ပါ။
တကယ်တော့ အဲဒီအချက်ကို မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအမည်နဲ့ ရေးသားပြီး ငွေလွှဲဖို့ကိစ္စကို စာရင်းပြောင်းနည်းနဲ့ ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ငွေထုတ်ဘဏ်မှာ ငွေသားမထုတ်ယူဘဲ ငွေပေး အမိန့လွှာ (Payment Order) (၀ယ်)ယူပြီး မြန်မာ့စီးပွားရေးဘဏ် ဆီ ယူလာလို့ရပါတယ်။ အဲဒီဟာနဲ့ ဘဏ်မှာစာရင်းပြောင်းနည်းနဲ့ ငွေသွင်းပြီး နယ်အသီးသီးကို အလွယ် တကူလွှဲပို့နိုင်ပါတယ်။  ဒီလိုလုပ် ရင်တော့ ငွေပေး အမိန့်လွှာဝယ်ယူစ ရိတ် ကုန်ကျမှာဖြစ်ပေမယ့် ငွေနှစ်ခါ ရေတွက်ရတဲ့ဒုက္ခ၊ ကားငှားရတဲ့စ ရိတ်၊ ငွေထုပ်ထမ်းရတဲ့အမော၊ ငွေထုတ်ကို လူငှားထမ်းရင်လည်း သယ်ပြေးမလား ပူပန်ရတဲ့ သောက တွေတော့ သက်သာသွား မှာပါ။ 

ဒါ့အပြင် ငွေထုပ်ကြီးထမ်းပေး ချေရယူခြင်းက ကိုင်တွယ်တာဝန်ယူရ ခက်ခဲတဲ့အတွက် မရိုးမသားလုပ်လိုသူတို့အဖို့ အလွန်အဆင်ပြေပြီး ရိုးသားမှန်ကန်ချင်သူများ ဒုက္ခရောက်လေ့ရှိပါတယ်။ မရိုးသားသူကတော့ ဘဏ်ဝန်ထမ်းထဲမှာရော ငွေလာထုတ်တဲ့၊ သွင်းတဲ့ အဖွဲ့အစည်းက ၀န် ထမ်းထဲမှာသာမက ငွေပိုင်ရှင်သူဌေး သို့မဟုတ် သက်ဆိုင်ရာ အရာရှိကြီးကအစ မည်သူမဆို ဖြစ်နိုင်ပါတယ်။
ငွေကြေးအထုပ်အထည်လိုက်က သွင်းတဲ့နေရာမှာ ငွေများလွန်းလို့ ခွဲရေတွက်ရတဲ့အတွက် စောင့်ကြည့်ဖို့ ခက်သလို ထုတ်တော့လည်း အချိန်ပေးရေတွက်ယူဖို့ ခက်ပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ ဘဏ်တွေမှာ ဆိုရင်တော့ ငွေထုတ်သူများသုံးဖို့ စက်တစ်လုံးနဲ့ ၀န်ထမ်းစီစဉ်ပေးပြီး ရေတွက်ယူသွားဖို့လည်း တိုက်တွန်းပါတယ်။ ဒီလိုလုပ်တဲ့ကြားက မရေတွက်ဘဲ ယူသွားပြီး အပြင်ရောက်တော့မှ ဘဏ်ကပေးလိုက်တာ မပြည့်ဘူးဆိုပြီး ပြန်လာပြောတာတော့ အဆင်မပြေပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေဟာ အပြောင်းအလဲတွေဆီ ဦးတည်လှုပ်ရှားနေကြပါပြီ။ ခေတ်မီတိုးတက်သော နိုင်ငံသစ်ကြီးဆိုတာကို ဆိုင်းဘုတ်စာလုံးလောက်နဲ့မကတော့ဘဲ ရင်ထဲက မျှော်လင့်ချက်အဖြစ်ပါ ခံစားယုံကြည်စ ပြုလာပါပြီ။ ဒီလောကသစ်ကြီး ချီတက်ရာမှာ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ထမ်းအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများအဖို့ မကင်းနိုင်တဲ့ ငွေပေးငွေယူကိစ္စများကို ငွေထုတ်ကြီးများ ထမ်းပိုးလုပ်ဆောင်နေရတာဟာ ကမ္ဘာ့အလယ်မှာ အမြင်မတင့်တယ်တဲ့အပြင် အချိန်ကုန် လူပန်းဖြစ်ကြရလွန်းပါတယ်။
ဒီလောကသစ်ကြီးဆီကို ချီတက်ရာမှာ ငွေထုတ်ကြီးများ ထမ်းထားပြီး ပင်ပန်းတစ်ကြီး လျှောက်လှမ်းနေကြရာက လွတ်မြောက်အောင် ကျွန်တော်အားလုံး ၀ိုင်းဝန်းစဉ်းစား ကြံဆအဖြေရှာဖို့ အချိန်တန်ပါပြီလို့ နှိုးဆော်လိုက်ချင်ပါတယ် ခင်ဗျား . . .။

No comments: