Friday, December 21, 2012

လူထုအတွက်ရပ်တည်မဲ့လူထုခေါင်းဆောင်များ

လူထုအတွက်ရပ်တည်မဲ့လူထုခေါင်းဆောင်များ
မည်သည့်လူထုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများကိုမျှ ဝေဖန်သည့်စာမဟုတ်ပါ။  ဒီမိုကရေစီဟုတွင်တွင်ကျယ်ကျယ် ပြောလေ့ရှိကြသော်လည်း တခုခုထောက်ပြမိလျှင် မချိအောင်နာတတ်ကြပြီး ဒီမိုကရေစီဆန်၊ မဆန်နားမလည်တော့ပဲ မင်း ကကောဘာများလုပ်ခဲ့ဘူးသလဲ မေးခွန်းထုတ်လေ့ရှိတတ်ကြသည် အကျင့်များကို မြင်နေရလေ့ရှိသည့်အတွက်လဲ ဝေဖန် လိုစိတ်မရှိဖြစ်နေသည်က တစိတ် တပိုင်းတော့ပါ ပါလိမ့်မည်။  ထိုသို့သောအမူအကျင့်များဖြင့်ပင် ကျွန်တော်တို့နိုင်ငံကို နှစ်ပေါင်းဆယ်စုနှစ်၃ခုနီးပါးဖျက်ဆီးအုပ်ချုပ်ခဲ့သော နေဝင်းအာဏာရှင်စံနစ်ကိုမွေးထုတ်ခဲ့မိကြသော်လည်း သင်ခန်းစာယူ တတ်ဘို့ဝေးမြဲဝေးနေဆဲဖြစ်သည်။  ဒီမိုကရေစီစံနစ်အောက်တွင် လူတဦးတယောက်အကြောင်း ကိုယ်ရေးကိုယ်တာအား  တိုက်ခိုက်မှုမဟုတ်သည့် မှန်မှန်ကန်ကန်ဝေဖန်မှုကို မည်သည့်နိုင်ငံရေးသမားကိုမဆို၊ မည်သည့် အစိုးရတာဝန်ရှိသူကိုမဆို လုပ်ပိုင်ခွင့်ရှိသည်။  နိုင်ငံရေးသမားအားလုံးနှင့် လူထုအတွက်တာဝန်ရှိသူအားလုံး၏လုပ်ရပ်တို့ကို မေးခွန်းထုတ်ပိုင်ခွင့်ရှိ သည်။  ဒေါ်အောင်ဆန်းစုကြည်တခါကပြောခဲ့သလို လူထုကို ကိုယ်စားပြုမည့် နိုင်ငံရေးသမားတို့အနေနှင့်လဲ လူထုကို ပြန်လည်ဖြေကြားရှင်းလင်းရန်၊ လူထုအား အသိပေးရဲသည့်သတ္တိရှိရန် တာဝန်ရှိသည် ။  ကျွန်တော်တို့ချစ်သည့်သူဖြစ်စေ၊ မုန်းသည့်သူဖြစ်စေတယောက်ယောက်၏ရပ်တည်မှုကို မေးခွန်းထုတ်ဝေဖန်ခြင်းကို  
မင်းကကော ဘာတွေဘယ်လောက် လုပ်ခဲ့လို့လဲ   ဆိုသော မေးခွန်းမျိုးပြန်မေးတတ်သူများအနေနှင့် ထိုမေးခွန်းပါးစပ်မှမမေးမိမှီ စဉ်းစားကြည့်တတ်သည့် ဦးနှောက်ကိုအသုံးပြု စဉ်းစားရန်လိုသည်။  လူထုထဲတွင် ပါဝင်သည့် လူသားတိုင်းက သူတို့ကိုယ်စားရပ်တည်မည့် နိုင်ငံ ရေးသမားအား မေးခွန်းထုတ်ဝေဖန်သည့်အခါ မင်းတို့ကကောဘာတွေလုပ်ခဲ့လို့လဲဆိုသောမေးခွန်းပြန်မေးလျှင် လူထုကို စော်ကားရာကျသည်။  ထိုမေးခွန်းမျိုးမေးချင်သည့်သူများအနေနှင့် ကျွန်တော်တို့စစ်အုပ်ချုပ်ရေးစံနစ်ကို ဝေဖန်ကြသည့်အ ခါ ထိုစစ်အုပ်ချုပ်ရေးထဲက လူများက မင်းတို့ကကောဘာလုပ်ခဲ့လို့လဲမေးခွန်းပြန်ထုတ်လျှင် မည်သို့အဖြေပေးရမည်ကို ကိုယ့်ဘာသာကိုယ်ပြန်စမ်းစစ်ကြည့်သင့်သည်။  မိမိစိတ်ထဲတွင်မရှင်းလင်းသော၊ မသိမြင်သော၊ မိမိစိတ်ထဲတွင်မဟုတ်မ မှန်ဟုထင်သောအကြောင်းအရာတို့ကို မေးခွန်းထုတ်သင့်သည်။  မေးမြန်းသင့်သည်။  ထိုသို့မေးခွန်းထုတ်ခြင်းကိုလည်း အားပေးကြရသည်။  သို့မှသာ ကျွန်တော်တို့ ကော၊ ကျွန်တော်တို့ နောင်လာနောက်သား မျိုးဆက်သစ်များကော ဦး နှောက်တိုးတက်ဖွံ့ဖြိုးသည့်သူများ ဖြစ်လာကြမည်ဖြစ်သည်။  ထိုသို့မဟုတ်ပဲ ပြောသလိုလုပ်၊ ကြွေးတာစား၊ ပေးတာယူ၊ ပြန်မမေးနဲ့ဆိုသော လုပ်ရပ်ကျင့်သုံးသူများသည် မည်သို့သောသူများဖြစ်သည်ကို ထပ်ပြောရန်လိုအပ်မည်မထင်ပါ။  ထို သို့သော ကျင့်ရပ်မျိုးအတိုင်းနာခံလိုက်လုပ်ရန်ကျင့်သုံးကြလျှင်လဲ ကျွန်တော်တို့သည် လှည်းဆွဲလယ်ထွန်ရာတွင်သုံးရ သောတရိစ္ဆာန်အဆင့်ထက် ဘာမှပိုသာသည့်သူများ ဟုတ်မည်မဟုတ်ပေ။  ကျွန်တော်တို့လူမျိုးများတွင် မေးခွန်းထုတ်ရန်၊ မေးခွန်းမေးလာစေရန်အားပေးတတ်သောအကျင့်များ ပိုမွေးမြူသင့်သည်။  အမေရိကန်၊ အင်္ဂလန်နှင့် ခေတ်မှီနိုင်ငံများမှ ကျောင်းများတွင် ကလေးများကို မေးခွန်းထုတ်လာစေရန်အားပေးတတ်ကြသော်လည်း၊ ကျွန်တော်တို့ရင်းနှီးရသော ပညာ ရေးတွင် ကလေးများမေးခွန်းများများမေးခြင်းကိုအားမပေးပဲ ပြောသလိုပဲအသေကျက်မှတ်အားပေးလုပ်တတ်မှုကြောင့် ကလေးများ၏ စဉ်းစားဆင်ခြင်မှု အားကောင်းသင့်သလောက်ကောင်းအောင် မဖွင့်ပေးနိုင်ခဲ့ခြင်းကို စဉ်းစားကြည့်သင့်၏။  ကျွန်တော်ဘာလဲ၊ ဘာတွေများလုပ်ခဲ့လဲပြန်မေးချင်သည့်သူများအတွက်တော့ အဖြေရှိပြီးဖြစ်ပါသည်။  ကျွန်တော်ကဘာ မှ မဟုတ်ပါ။  ဆိုက်ကားသမားတယောက်မျှသာဖြစ်ပါသည်။  သို့သော် လူထုအတွင်းမှ သာမန်လူလူသားတဦးအနေနှင့် တော့ ကျွန်တော့်မေးပိုင်ခွင့်လေးရှိစေချင်သည့်သူဖြစ်သည်။ 
ပညာနဲ၊ ဆိုက်ကားသမားဘဝနှင့် ကျွန်တော့်တွင် ဂုဏ်၊ ပကာသနမရှိပါ။  အတွေးအခေါ်ကလဲ တသက်လုံး သူများခိုင်းတာ လုပ်၊ သနားလို့ကျွေးမှစားရတဲ့ဘဝနှင့်နေခဲ့ရသောကြောင့် ထူထုံထိုင်းဖြစ်မည်မှာမလွဲပါ။  ဒါပေမဲ့ ကျွန်တော့်ဘဝနှင့် ကျွန် တော်နားလည်သလောက် ကျွန်တော်တို့ကို ကိုယ်စားပြုပေးမည်လူထုခေါင်းဆောင်များကို အားကိုးပါသည်။  ကျွန်တော် တို့ရှေ့မှ ကျွန်တော်တို့လူထုအခက်အခဲများအတွက် မားမားမတ်မတ်ရပ်တည်ပေးမည့် လူထုခေါင်းဆောင်များရှိစေချင် သည်ကို မှားသည်ဟုတော့ မထင်ပါ။  ထိုလူထုခေါင်းဆောင်များက မလုပ်တတ်၊ မကိုင်တတ်၊ ခေတ်အဆက်ဆက်ဖိနှိပ် ခံလာရသော ကျွန်တော်တို့ကို ရှေ့မှဦးဆောင်ကာ ပွင့်ပွင့်ရှင်းရှင်း ပြောဆိုဖေးမခေါ်ဆောင်မှသာ နောက်မှလိုက်လုပ် တတ်ကြမည်ဖြစ်သည်။  တသက်လုံး ပြန်မပြောနဲ့၊ မဝေဖန်နဲ့၊ မေးခွန်းမထုတ်နဲ့ ခိုင်းတာလုပ်ဆိုတဲ့ဘဝနဲ့နေလာခဲ့ကြရ သူလူထုကို ပြန်လည်ပြောဆိုတတ်လာအောင်၊ ဝေဖန်ဆင်ခြင်စဉ်းစားတတ်လာအောင်၊ ပြောသမျှလက်ညှိုးထောင်ခေါင်း ညှိမ့်ယုံကြည်တတ်တဲ့ဘဝကလွတ်မြောက်အောင်နဲ့ မေးခွန်းထုတ်တတ်လာအောင် ယခင်အာဏာရှင်တို့နှင့်ထူးမခြားမ နားလုပ်ရိုးလုပ်စဉ်များဖြင့်တော့ လေ့ကျင့်ပျိုးထောင်ပေး၍ရနိုင်ကောင်းမည်မထင်ပါ။  မည်သည့်ပုံစံနှင့် ကျွန်တော်တို့လူထု တရပ်လုံးကို စဉ်းစားတွေးခေါ်တတ်သော၊ မှန်မှန်ကန်ကန်ရပ်တည်တတ်သော၊ မေးခွန်းထုတ်ဝန့်သောသူများဖြစ်လာ အောင် လုပ်ပေးနိုင်ကြမည်လဲကို ကျွန်တော်တို့၏လူထုခေါင်းဆောင်များက စဉ်းစားလုပ်ဆောင်စေလိုပါသည်။ 
လူထုထဲက သာမန်လူတယောက်အနေဖြင့် ကျွန်တော်တို့အားလုံး၏လူထုခေါင်းဆောင်များသည် ကျွန်တော်တို့၏ဘဝ၊ ကြုံတွေ့နေရသောအခက်အခဲများ၊ မတရားလုပ်ခံရမှုများ၊ လက်တွေ့ရင်ဆိုင်နေကြရသောပြသနာများ၊ ခံစားချက်များကို နားလည်သည့်သူများဖြစ်မှသာ လူထုကို အမှန်တကယ်ကိုယ်စားပြုသောလူထုခေါင်းဆောင်များ၊ နိုင်ငံရေးသမားကောင်း များဖြစ်လိမ့်မည်ဟု ထင်ပါသည်။  တခါတလေ ကျွန်တော်တို့ဆီလာလည်ရုံ၊ ကျွန်တော်တို့ကို စင်မြင့်ပေါ်တက်၍မိန့်ခွန်း များပေးခဲ့ရုံ၊ စာအုပ်ထူထူကြီးများထဲ မှ စာလုံးမြင့်မြင့်ကြီးများကို ပြောကြားအသိပေးရုံတို့မျှဖြင့် လူထု၏ဘဝ၊လက်တွေ့ခံ စားချက်များနှင့်အခက်အခဲများနားလည်သဘောပေါက်စေနိုင်လိမ့်မည် မထင်ပါ။  ထိုသို့လုပ်ရုံမျှဖြင့် လူထုအကြောင်းကို သေသေချာချာသိနိုင်သည်ဟု မည်သူမျှအခိုင်အမာပြောနိုင်မည်မဟုတ်ပါ။  လူထုအကြောင်းသေသေချာချာမသိပဲ လူထု ကို ကိုယ်စားပြုသောလူထုခေါင်းဆောင်များ မည်သို့ဖြစ်နိုင်မည့်နည်းလမ်းရှိလဲဆိုတာကိုတော့ ကျွန်တော့်ဦးနှောက်က လိုက်မှီစဉ်းစားနိုင်သည့် အဆင့်မရှိပါ။  ကျွန်တော်တို့လူထုဘဝ၊ လူထု၏အခက်အခဲများနှင့်ပြသနာများအတွက် မရပ်တည် ပေးလျှင်၊ လူထုခံစားနေရသည်များနှင့် ပါတ်သက်၍ရှေ့မှ မားမားမတ်မတ်ရပ်တည်လုပ်ဆောင်ပေးမည့်သူများ မဟုတ်လျှင် ထိုလူများအား လူထုခေါင်းဆောင်များဟု မည်သို့သတ်မှတ်ကြရမည်လဲက စဉ်းစားစရာဖြစ်သည်။  မည်သည့်ပါတီ၊ မည် သည့်အဖွဲ့အစည်းများ၊ မည်သည့်လူထုခေါင်းဆောင်များဆိုသူများတွင်မှ လူထု၏အခက်အခဲများကို လွယ်လွယ်ကူကူ တင် ပြဆွေးနွေးနိုင်စေရန် လုပ်ဆောင်ထား၊ ဖွင့်လှစ်ပေးထားပြီး လူထု၏ပြသနာများကို နားထောင်ပေးထားသည့် စံနစ်မရှိသေး ပါ။  ထိုသို့သောစံနစ်ရှိပါသည်လား။  လူထု၏ခံစားနေရမှုများကို ဖေါ်ထုတ်ရန်လမ်းဖွင့်ပေးထားခြင်းကင်းမဲ့နေသောကြောင့် လယ်မြေသိမ်းခံရသောလယ်သမားများ တောင်သူဦးကြီးများ၊ အခွင့်အရေးပေါင်းစုံမှ ဖိနှိပ်ခံထားရသော အလုပ်သမားများ မကြာခဏ ဆန္ဒစုပေါင်းပြကြပြီး အခက်အခဲများ၊ ပြသနာများကို ထုတ်ဖေါ်ကြရသည်။  ထိုသို့မလုပ်ကြလျှင် မည်သို့လုပ် ကြမည်နည်း။  ကျွန်တော်တို့ကို ကိုယ်စားပြုသောလူထုခေါင်းဆောင်များက ကျွန်တော်တို့နားမလည်သော အလွန်အရေး ကြီးသည့်လုပ်ငန်းများ၊ ပြည်ပခရီးစဉ်များနှင့် အလုပ်ရှုပ်နေကြသည်ကိုး။  ကြေးနီတောင်ကိစ္စတွင် နိုင်ငံရေးပါတီတခုခုက နောက်မှ ပါဝင်ပါတ်သက်နေနိုင်ကြောင်း အုပ်ချုပ်နေသည့် လူတန်းစားများက စွပ်စွဲရေးသားကြသည်ထင်ပါသည်။  နိုင်ငံ ရေးပါတီကြီးတခုကတော့ ပါတီအနေနှင့်သော်၎င်း၊ ပါတီ၏အဖွဲ့သားများအနေနှင့်သော်၎င်း၊ ကြေးနီတောင်ကိစ္စနှင့် လုံးလုံး ပါဝင်ပါတ်သက်နေခြင်းမရှိကြောင်း   ငြင်းဆိုသည်ကိုလဲကြားမိသည်။  မဟုတ်မမှန်တာလုပ်လေ့ရှိသော စစ်အစိုးရ၏ လက် ကိုင်တုတ်များက စွပ်စွဲမည်ကို ကြောက်လန့်သောကြောင့် လူထုအတွင်းဖြစ်ပျက်နေသောအကြောင်းအရာများတွင် လူထု ဘက်မှ မပါဝင်ပါဘူး၊ ပါတ်သက်ခြင်းလည်းမရှိပါဘူးဆိုသော ပါတီမျိုးက လူထုအတွက်မည်သို့အလုပ်လုပ်ပေးကြမည်လဲ ဆိုသည်ကို လူထုခေါင်းဆောင်များဆိုသူတို့က မစဉ်းစားမိကြဘူးလား မသိပါ။  သို့မဟုတ် အကြောက်တရားများမှ ကင်း လွတ်ရေးဆိုသောစာအုပ်ကို သေသေချာချာ ပြန်မဖတ်မစိစစ်ခဲ့မိသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။  စစ်တပ် ကပြောင်းပြန်ပြန်လှည့်သွားမှာစိုးရိမ်လို့ သိပ်မလုပ်ပါနဲ့ဆိုသော စကားမျိုးက မူးယစ်ယမ်းကား၊ သွေးဆိုးလက်ပါတတ် သော ပထွေးက နောက်တခါဒေါသပေါက်ကွဲ လုပ်ချင်သလိုပြန်လုပ်မည်ကို ကြောက်သောကြောင့် သားငယ်ကို သူ့ ပထွေးအား ဘာမျှမပြောရဲ၊ မလုပ်ရဲအောင် ခြောက်လှန့်ပြီး အခန်းထဲထည့် တံခါးသော့ခတ်ထားသလိုမျိုးနှင့် သိပ်မခြား နားသလိုခံစားမိဘူးတာပြန်မြင်ယောင်မိသည်။  အကြောက်တရားများမှကင်းဝေးရေးဆိုသည်မှာလဲ ကန့်သတ်ချက်လစ် မစ်တော့ရှိနေသေးသည်နဲ့တူ၏။ 
လူထုအတွက်ရပ်တည်ပေးမည့် လူထုခေါင်းဆောင်များအနေနှင့် အန်ဂျီအိုယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင် လုပ်လို့လဲ ရမည်မထင်ပါ။  ပွင့်လင်းမြင်သာသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်လုပ်ဆောင်ခြင်းသည်ကောင်းသော လုပ်ရပ်တခုဖြစ်ပါသည်။  သို့သော် ပွင့်လင်းမြင်သာမှုလုံးလုံးကင်းမဲ့သော၊ တရားမျှတမှန်ကန်မှုမရှိသော မြေယာသိမ်းပိုက် နေခြင်းများ၊ တိုင်းပြည်နှင့်နိုင်ငံတော်ပိုင်သယံဇာတနှင့် မြေယာအပါအဝင် အားလုံးကို သူတို့အလိုကျလုပ်ချင်သလိုလုပ်နေ သော စစ်တပ်နှင့်သူတို့၏ လက်ဆွဲတော် ခရိုနီများပိုင်အဖွဲ့အစည်းများနှင့် ဦးပိုင်လိုအဖွဲ့များ မည်သည့်ပွင့်လင်းမှုမှမရှိပဲ လုပ်ချင်သလိုလုပ်၊ လူထုကိုဖြစ်ချင်တိုင်းဖြစ်စော်ကားနေသည်ကို ဦးစားပေးကာ ပွင့်လင်းမြင်သာမှုဖြစ်လာအောင် လုပ်နိုင် လျှင်တော့ ကောင်းမည်။  တကယ်ပွင့်လင်းမြင်သာမှုမရှိသောသူများကို မေးခွန်းထုတ်၊ အစ်အောက်မေးပြီး  အားလုံးသိ သာအောင် လုပ်ဆောင်ခြင်းမျိုးတို့ကဲ့သို့သော ပွင့်လင်းမြင်သာ ရေးလုပ်ငန်းမျိုးက အမှောင်တိုက်ထဲထည့်ထားခံရသော ကျွန်တော်တို့ လူထုကို ဟိုစစဒီစစသင်တန်းလေးပေးပြီး ကျွန်တော်တို့လုပ်၍မရသောပွင့်လင်းမြင်သာမှုကို တည်ဆောက် ၍ရမည်မထင်ပါ။  ကျွန်တော့် အမျိုးသမီးမသိအောင် ဆိုက်ကားနင်းခလေးမှ ခိုးခိုးထားရပြီးသာ သောက်ခွင့်ရသည့် ယမ ကာရည်အတွက်တော့ ပွင့်လင်းမြင်သာမှုဆိုတာချည်းနှင့် မထိမ်းချုပ်စကောင်းဟု ပြင်းပြင်းထန်ထန်ယူဆမိသည်။ လူထုအ တွက်ရံပုံငွေကိုင်တွယ်သုံးစွဲနေရသောအဖွဲ့အစည်းများ၊ လုပ်ငန်းများတွင်တော့ ပွင့်လင်းမြင်သာမှုလိုအပ်သည်မှာသေချာ ပါသည်။  ဥပမာအနေနှင့် ပွင့်လင်းမြင်သာမှုကို ကျွန်တော်တို့အားဆရာလုပ်ကြမည့်သူများက သူတို့ကိုယ်တိုင် ပွင့်လင်း မြင်သာမှုရှိအောင် သူတို့၏ရငွေ၊ ဝင်ငွေ၊ ထွက်ငွေနှင့်မည်သို့သောအသုံးပြုမှုများအတွက် မည်သို့ဆုံးဖြတ်ကြသည်ကို အများပြည်သူကို အသိပေးနိုင်လျှင် အများပြည်သူလဲ ပိုနားလည်စေနိုင်လိမ့်မည်ဖြစ်ပါသည်။ ကျွန်တော်တို့ဘာသာကျွန် တော်တို့လုပ်ရဲလာအောင်၊ လုပ်လာအောင်အတွက်သာသင်တန်းပေးဘို့အတွက်သာ ဆိုလျှင်တော့ ကျွန်တော်တို့ဘာ သာလုပ်နိုင်နေမှတော့ ဘာ့ကြောင့်သူများတွေကို ခေါင်းဆောင်တင်ထားပေးနေရဦးမှာလဲ ပြန်မေး စရာလိုမည်ထင်သည်။ 
ဒါက ကျွန်တော့်၏ကလေးနှပ်စားအသိဥာဏ်နှင့်သာပြောသောကြောင့် မှားကောင်းမှား ပါလိမ့်မည်။  ဘယ်လိုလူမျိုးတွေက မိမိတို့ကို ကိုယ်စားပြုသောခေါင်းဆောင်၊ နိုင်ငံရေးသမားများဖြစ်စေချင်ကြသည်ကို သင်တို့လဲ သင်တို့အတိုင်းအတာနှင့် တိုင်းတာလိမ့်မည်ဟုယုံကြည်ပါသည်။  ကျွန်တော့်အတိုင်းအတာမှားလျှင် မှားတာ ကိုပြောနိုင်ပါသည်။ 

ငြိမ်းချမ်း

No comments: