Friday, December 21, 2012

(၈)လေးလုံးအရေးတော် ပုံတွင် တစ်မ္ဘာလုံး၌ ပြန့်ကျဲခဲ့သည့် (၈)လေးလုံး အင်အားစုများကို ပြန်လည်စုစည်း၍ နိုင်ငံရေးဆွေးနွေးပွဲကြီး တစ်ခုပေါ်ပေါက်လာအောင် ဆောင်ရွက်သွားမည်

 

(၈)လေးလုံး အင်အားစုများကို စုစည်းမည့် ABSDF၊လူ့ဘောင်သစ်နှင့် (၈၈)မျိုးဆက်
........................................................................................................
ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup on 21 Dec, 2012

ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ABSDF အဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့နှင့် (၈၈) မျိုးဆက်တို့ တွေဆုံကာ (၈)လေးလုံးအရေးတော် ပုံတွင် တစ်မ္ဘာလုံး၌ ပြန့်ကျဲခဲ့သည့် (၈)လေးလုံး အင်အားစုများကို ပြန်လည်စုစည်း၍ နိုင်ငံရေးဆွေးနွေးပွဲကြီး တစ်ခုပေါ်ပေါက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“တစ်ကမ္ဘာလုံးမှာပြန်ကျဲနေတဲ့ (၈) လေးလုံး အင်အားစုတွေကို ပြန်စုပြီးတော့ ဆွေးနွေးပွဲတစ်ခု တည်ဆောက် မယ်။ ထိပ်သီးတွေကြီးပဲ ဆွေးနွေးနေတာက အနှစ်(၅၀)လောက်ရှိပြီ ဘယ်တော့မှလည်းမပြီးခဲ့ဘူး လိုအပ်နေ တာက အောက်ခြေ အဖွဲ့အစည်း မကျယ်ပြန့်တဲ့ ပြဿနာပေါ့။ မကျယ်ပြန့်တာကို အကျယ်ပြန့်ဆုံး ဖြစ်အောင် လက်လှမ်းမှီ သမျှ (၈)လေးလုံးအင်အားစုတွေ ကို ပြန်စုပြီးတိုင်းပြည်အနာဂတ်တစ်ခုလုံးအတွက် အလုပ်လုပ် ကြမှာပါ”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကပြောသည်။

အဆိုပါ တွေ့ဆုံပွဲကြီးအား အချက်(၄)ချက်ဖြင့် အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါအချက်များမှာ အဖွဲ့သုံးဖွဲ့၏ ဆက်ဆံရေးကိုတိုးမြှင့် ဆောင်ရွက်သွားရန်၊ မတူညီသောဖြတ်သန်းမှုများကို အတွေ့အကြုံချင်း ဖလှယ်ကြရန်၊ နိုင်ငံတကာနှင့် နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော ၈၈၈၈ အရေးတော်ပုံအင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲ တစ်ရပ်ကျင်းပရန်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပရန် စသည်အချက်များ ပါဝင်သည်။

“ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်တဲ့ ဒီလုပ်ငန်းစဉ်တွေကို လက်တွဲပြီးတော့ ရှေ့ဆက်လျှောက်မယ် ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ခုလုပ်ဖို့ကြိုးပမ်းသွား မှာဖြစ်တယ်။ ၁၉၈၈မှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုလုပ်ခဲ့ ကြတယ်။ မတူညီတဲ့အတွေ့ကြုံတွေ ကြားမှာ ဖလှယ်သွား မှာဖြစ်ပါတယ်”ဟု ABSDF ဥက္ကဋ္ဌ ကိုသံခဲက ပြောသည်။

အဆိုပါ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအား ရန်ကုန်မြို့တွင်သာပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲများမှာ မြန်ဆန်ခြင်း ရှိသည့်အတွက် အချိန်အများကြီးယူရန် အခက်ခဲရှိကြောင်း အားလုံးကိုဖိတ်ခေါ်ရန် အချိန်တစ်ခုယူရန် လိုအပ်ကြောင်း ၂၀၁၃ခုနှစ် ပထမ(၆)လ ပိုင်းအတွင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ကိစ္စရပ်တိုင်းပြဿနာတွေရှိနေတုန်းပဲ။ ကျန်နေတဲ့ပြဿတွေကို ဒီမိုကရေစီအင်အားစု တွေ တိုင်းရင်းသား အင်အားစု တပ်မတော်အစိုးရရဲ့ ကိုယ်စားလှယ်တွေအားလုံးပေါင်းပြီးတော့တန်းတူညီတူတွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခု လိုအပ်တယ်လို့ ရှုမြင်ပါတယ်။ အဲဒီပွဲကြီးဖြစ်ပေါ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်”ဟုလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းက ပြောသည်။

၎င်းတို့အဖွဲ့တွေ့ဆုံမှုသည် တိုင်းပြည်အတွက် အပေါင်းလက္ခဏာသာဖြစ်ပေါ်ရမည်ဖြစ်ကြောင်းနှင့် အနှုတ်လက္ခဏာ မဖြစ်ပေါ်ရန် အာမခံကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင် မင်းကိုနိုင်ကအတည်ပြုပြောသည်။

တွေဆုံမှုတွင် ABSDF အဖွဲ့မှ ဥက္ကဋ္ဌကိုသံခဲ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းနှင့် ကိုယ်စားလှယ်များ ပါဝင်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တွင် မင်းကိုနိုင်မှ ဦးဆောင်ကာတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့တွေ့ဆုံရာတွင် မီဒီယာများအတွက် မိနစ်(၂၀) ခန့်သာ အချိန်ပေး၍ မေးခွန်း(၃)ခုသာ လက်ခံဖြေကြားပေးခဲ့သည်။

No comments: