မြန်မာလူမျိုးတို့သည် ဆံပင်ကို အမြတ်တနိုးထားပြီး အမျိုးမျိုး ထုံးဖွဲ့လေ့ ရှိသည်။ မြန်မာ့ရိုးရာ အစဉ်အလာတွင် အသက်အရွယ်ကို လိုက်၍ ဆံပင်ထုံးဖွဲ့ ပုံကွဲပြားကြသည်။ ထို့ကြောင့် မြန်မာ အမျိုးသမီးများ အနေဖြင့် မြန်မာတို့၏ ဆံပင်ထုံးဖွဲ့မှုကို သိရှိသင့်သည်။
မြန်မာ့ရိုးရာ အစဉ်အလာတွင် မွေးဖွား ပြီးနောက် ခုနစ်ရက် လည်သောကလေး ကို ခေါင်းဆေး၍ ကတုံးတုံးပေးသည်။ ထိုကလေးကို ကာလ အတန်ကြာမျှ ကတုံးနှင့်ပင် ထားရှိပြီးသော် ခေါင်းထိပ် တည့်တည့်တွင် ဦးစွန်းဖုတ် ထားပေးရသည်။ ဦးစွန်းဖုတ် နေရာမှလွဲ၍ ကျန်ဦးခေါင်း ပတ်လည်တွင် ဆံပင်ကိုရိတ် ထားသည်။ ဦးစွန်းဖုတ်မှ ဆံပင်များကိုသာ နှစ်လက်မခန့် အရှည်ခံ၍ အရှေ့သို့ ဖြီးချပေးရ၏။ အချို့ကလေးများကို နှစ်နှစ်သား၊ သုံးနှစ်သား အရွယ်၌ နားပန်းဆံ ထားပေးသည်။
အသက်လေးနှစ် အရွယ်မှ ၁ဝ နှစ် အရွယ်အတွင်း ယောက်ျားလေးများနှင့် မိန်းကလေးများသည် ကြက်တောင်စည်းနှင့် ဆံရစ်ဝိုင်းထား၏။ ဆံပင်များ အတော် ရှည်လာသော် သျှောင်ထုံးနှင့် ထားကြသည်။ မိန်းကလေးများသည် ၁ဝ နှစ်မှစ၍ ၁၆ နှစ်-၁၈ နှစ်ခန့်အရွယ် သို့ရောက်သော် နဖူးရှေ့မှ ဆံရစ်များကို ရှိမြဲတိုင်းထား၍ ကျန်ဆံရစ်ဝိုင်းမှ ဆံပင် များကို အရှည်ခံသည်။ နားရွက်စွန်း နှင့် တညီတည်း ဖြစ်လာအောင် ညှိပေးသည်။ ယင်းကို ဆံတောက် ဟုခေါ်သည်။ အချို့ဒေသတို့တွင် ဆံတော်ကို ဆံလေးတိုဟု ခေါ်ကြသည်။ အလယ်မှာမူ ရှေ့နည်းတူပင် မြင်းခွာဆံထုံး ထုံးသည်။ ဆံတော်မှာ ရိုးရိုးဆံတောက်နှင့် မြို့မဆံတောက်ဟု နှစ်မျိုးရှိသည်။
အသက် ၁၈ နှစ်ခန့်ရောက်လျှင် ဆံတောက်မှ ဆံပင်များကို အရှည်ခံ၏။ ယင်းကို အုပ်လုံး သွင်းသည်ဟုခေါ်သည်။ ဆံပင်များ အတန်ငယ်ရှည်လာသော် တစ်ခေါင်းလုံးရှိ ဆံပင်ကိုအပေါ် သို့ပင့်တင်ပြီး တစ်ပတ်လျှို ဆံထုံးထုံးသည်။ အသက် ၁၈ နှစ်မှ ၃ဝ ကျော်သည် အထိ အမျိုးသမီးများသည် အလှူအတန်း ပွဲထိုင်များ၌ ဆံထုံးကို ထုံးကြသည်။ ယင်းဆံထုံးမှာ ဘီးဆံပတ် ဆံထုံးဖြစ်သည်။
ထိုမှတစ်ဖန် ဆံထုံးမှတစ်ဆင့် ဘီးအငယ်လေးများနှင့် ဆံထုံး ခံတစ်ခုကို မြှုပ်ခံ၍ ဆံတုတို့ဖြင့် ရစ်ပတ်ကာ ထုံးရသော ဆံထုံးတစ်မျိုး ခေတ်စားလာသည်။ ၁၉၂၆ ခုနှစ်မှစပြီး ဆံထုံးကြီးများသည် တစ်စနှင့်တစ်စ ကြီးထွားလာပြီး ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီ နှစ်အနည်းငယ် ကမှစ၍ ဆံထုံးမြင့်မြင့်ထုံးသော ဓလေ့သည် တဖြည်းဖြည်း တိမ်ကောသွား သည်။ ထို့နောက် ယခုတွင် မြင်တွေ့ရသော ဆံထုံးကဲ့သို့ မနိမ့်မမြင့် မကြီးမငယ် လုံးလုံးကလေး ထုံးလာသည်။ ဆံမြိတ်ကိုလည်း အရှည်၊ အတို၊ အကွင်းဟူ၍ အမျိုးမျိုး ထွင်ကြသည်။ ပွဲလမ်းမသွားသည့်အခါ နောက်တွဲထုံး ဘီးကျော်ပတ်နှင့်သာ နေကြသည်။
ဆံထုံးဟူသော အလေ့သည် ရှေးမြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုအစ တကောင်းခေတ်က သတိုး နဂါးနိုင်မင်း၏ မိဖုရားကြီးသည် ရာပေး၍ အုပ်ထောင်ပေး လုပ်ချုပ် ချစ်သူ့အရိုး ဆံထိုး လုပ်ဟူ၍ စကားဝှက်ခဲ့ရာ ယင်းကို ထောက်ရှု၍ ထိုခေတ်က ဆံထုံးထုံးခြင်း၊ ဆံထုံး၌ ဆံထိုး၊ ဆံညှပ်များတပ်ဆင်ခြင်းရှိသည
အင်းဝခေတ်တွင်လည်း ဆံထုံးကို ဆက်လက် ထုံးဖွဲ့ကြလေသည်။ အင်းဝခေတ်မှာပင် ဗျာပါဆံချသော အလေ့ပေါ်လာသည်။ ဗျာပါဆံမှာ ဆံထုံး အကြားမှ နားရွက်နှစ်ဖက်အစွန်း နောက်သို့ချထားသော ဆံပင်များဖြစ်သည်။ အမရပူရ- ကုန်းဘောင်- မန္တလေး ခေတ်တိုင်အောင် ဗျာပါဆံချသော အလေ့ရှိသည်။
ကုန်းဘောင်ခေတ်တွင် ဆံထုံးထုံးပုံမှာ ခုနစ်မျိုးရှိပြီး ပုပုံထုံးဟူသော ဆံထုံး တစ်မျိုးခေတ်စား လာပြန်သည်။ စတင် ထုံးဖွဲ့သူမှာ ရွှေဘိုမင်း၏ အနောက်နန်း မိဖုရား မမြကလေး ဖြစ်သည်ဟု ဆိုသည်။ မမြကလေးသည် စိတ်မချမ်းမြေ့ ဖြစ်သဖြင့် ဆံပင်ကို နောက်ဘက်၌ တစ်ပတ် လျှိုလျော့လျော့ထုံး၍ ဆံမြိတ်ဖားလျား ချလျက်ထွက်လာသည်။ ယင်းကဲ့သို့ ထုံးဖွဲ့သည်ကို အတုယူ၍ နောင်ကာလ များ၌ထုံးကြသည်။ မန္တလေးခေတ်တွင် ဗျာပါဆံနှင့် ဆံထုံးများ ခေတ်စားလာ၏။ ဘီးဆံပတ် ဆံထုံးကြီးများကို မန္တလေး ခေတ်တွင် စတင် တွေ့ရှိရပေသည်။
မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီး နောက်တွင် မြန်မာတို့၏ အစဉ်အလာ ဆံပင်ထုံးဖွဲ့နည်း အမျိုးမျိုးသည် တစ်စနှင့် တစ်စ မှေးမှိန် လာခဲ့သည်။ ကြာကွက်ဆံ ရစ်ဝိုင်း ဆံတောက် စသည်တို့ မှေးမှိန် လာခဲ့သည်။ ကြာကွက်ဆံရစ်ဝိုင်း ဆံတောက်စသည် တို့ကို ကျေးလက်တောရွာ၌ သာတွေ့မြင်နိုင်ပြီး ဆံထုံးကိုမူ မင်္ဂလာ အခမ်းအနားများနှင့် ယဉ်ကျေးမှု ကိုဖော်ထုတ်ထားသော ပွဲလမ်းသဘင် များ၌သာ တွေ့မြင်ရလေတော့သည်။
ယခု မျက်မှောက် ခေတ်တွင်မူ မြန်မာ အမျိုးသမီးများသည် အနောက်တိုင်း ယဉ်ကျေးမှုကို အတုယူကာ မြန်မာတို့ အမြတ်တနိုးထားသော ဆံပင်ကိုပင် အကြေကောက်၊ အဖြောင့်တွန့်၊ ကုပ်ဝဲ စသည်ဖြင့် ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ်နေရုံ မျှမကဘဲ မိမိပင်ကို ဆံပင်ရောင် အနက် ရောင်ကိုပင် အရောင်မျိုးစုံ ဆိုးကြပြီး နေထိုင်လာကြသည်ကို တွေ့ရှိရပါသည်။
အချုပ်အားဖြင့် ဆိုရသော် ခေတ်ရှေ့ ပြေးသည်ဆိုသည်မှာ ကောင်းမွန်သော် လည်း အတုယူ မမှားဖို့တော့ လိုအပ်ပေသည်။ ရှေးမြန်မာ မင်းများလက်ထက် ကတည်းက အမြတ်တနိုး ထားခဲ့သော မြန်မာဆံထုံးသည် ယခုခေတ်တွင် ပျောက်ကွယ် မသွားစေချင်ပါ။ မိန်းမ တို့ဘုန်း ဆံထုံးဟူသော မြန်မာစကားပုံအား မြန်မာမလေးများ ထိန်းသိမ်းကြပါဟု တိုက်တွန်းရင်းဖြင့် ရေးသားတင်ပြ လိုက်ရပါသည်။
Written by စကားဝါ
http://www.myawady.com.mm/

No comments:
Post a Comment