Sunday,
July 14, 2013
http://www.naytthit.info/2013/07/blog-post_14.html#more
၂ဝ၁၃ ခုနှစ်သည် ၁၉၈၈ ခုနှစ်
ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး၏ ငွေရတုနှစ်ပတ်လည်နှစ် ဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှု၊ ဘာလင်တံတိုင်းကြီးဖြိုချခံရမှုတို့နှင့်အတူ
အရှေ့ဥရောပတလျှောက် တပါတီ ကွန်မြူနစ် အစိုးရများကို ဖြုတ်ချနိုင်ခဲ့ပြီး၊
စစ်နွေးခေတ်ကို နိဂုံးချုပ်စေခဲ့သော
လူထုလှုပ်ရှားမှုများကို ဦးဆောင်လမ်းပြခဲ့သည့်အ လား ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးသည် မြန်မာ့သမိုင်းတွင်သာမက၊ ကမ္ဘာ့သမိုင်းတွင်လည်း ဂန္ထဝင်မြောက် မှတ်တမ်းတင်ခံခဲ့ရသည်။ ငွေရတုတိုင်ခဲ့ပြီဖြစ်သော်လည်း၊ အောက်ခြေ မြန်မာပြည်သူလူထု အများစုကြီး သည် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး၏ အသီးအပွင့်ကို တစိုးတစိမျှသာရရှိခံစားနိုင်သေးသည်ကို ဝမ်းနည်းဖွယ် သတိပြုမိသည်။
၁၉၈၇ ခုနှစ် ငွေစက္ကူဖျက်သိမ်းခြင်းနှင့် ဆက်စပ်သော ကျောင်းသားလှုပ်ရှားမှု၊ ၁၉၈၈ ခုနှစ် မတ်လ စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု၊ တံတားနီကျောင်းသားလှုပ်ရှားမှု၊ ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှုများသည် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးဆီသို့ ဦးတည်စေခဲ့သော တော်လှန် ရေး လှေကားထစ်များ သို့မဟုတ် လတ်တလောအကြောင်းအရင်းများ ဖြစ်သည်။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဖြစ်ပေါ်စေခဲ့သော အဓိကအကြောင်းအရင်းများမှာ စစ်တပ်ကျောထောက်နောက်ခံပြု တပါတီ အာဏာရှင်အုပ်ချုပ်ရေးစနစ်နှင့် ပြည်သူလူထုကို ချွတ်ခြုံကျစေခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တို့ပင် ဖြစ်သည်။
၁၉၆၂ ခုနှစ် မတ်လ အာဏာသိမ်းပွဲအလွန်ကာလတွင် မြန်မာ့နိုင်ငံရေးအချိုးအကွေ့ကြီးတခုကို သတိပြုမိသည်။ အဆိုပါ အာဏာသိမ်းမှု၏နောက်ပိုင်းတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ကို ရပ်ကွက်ကျေးရွာ အောက်ခြေအဆင့်မှစပြီး၊ ထိပ်ဆုံးအစိုးရ အထိ၊ စစ်တပ်အရာရှိများက အဆင့်ဆင့်အာဏာသိမ်းယူခဲ့သည်ဟု မှတ်ချက် ပြုနိုင်သည်။ နိုင်ငံရေးပါတီဖြစ်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုမှအောက်ခြေအထိ ပါတီအဖွဲ့အစည်းအ ဆင့်ဆင့်တွင်လည်း အငြိမ်းစားတပ်မတော်အရာရှိများက လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။ အစိုးရဝန်ကြီး ဌာနရုံးများတွင် လည်း တပ်မတော်အရာရှိများသည် မိုးကျရွှေကိုယ်အရာရှိများဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းမှုသည် အလုံးစုံအာဏာသိမ်းမှုဟု ကောက်ချက်ပြုနိုင်သည်။
စစ်တပ်မှအာဏာသိမ်းမှုနှင့်အတူ၊ အလုံးစုံခိုင်ခန့်အောင်၊ စနစ်တကျတည်ဆောက်ထားခဲ့သည့် မြန်မာ့ ဆိုရှယ်လစ်လမ်း စဉ်ပါတီအစိုးရကို အာခံအန်တုရမည့်ကိစ္စမှာ နံရံကိုဦးခေါင်းနှင့်တိုက်ရမည့်အရေး ဖြစ်ခဲ့သည်။ ထိုအခြေအနေတွင် တက္ကသိုလ်ကျောင်းသားများသည် နံရံကို ဦးခေါင်းများနှင့် တိုက်ခဲ့ကြသည်။ ဦးခေါင်းတို့သည် သွေးချင်းချင်းနီနေလင့် ကစား၊ ကျောင်းသားတို့သည် ရဲရဲဝံ့ဝံ့ နံရံကိုဆက်၍ဆက်၍ တိုက်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက် ကျောင်းသား သမဂ္ဂအဆောက်အဦ ဖြိုချခံရခြင်းနှင့် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၆၉ ခုနှစ် ကျွန်းဆွယ်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ ဆရာကြီး သခင်ကိုယ်တော် မှိုင်း ရာပြည့်ကျောင်းသား လှုပ်ရှားမှုတို့သည် စစ်အာဏာရှင်စနစ်နံရံကို ဦးခေါင်းနှင့်တိုက်ခဲ့ကြသော ကျောင်းသားလှုပ် ရှားမှုကြီးများပင် ဖြစ်သည်။
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးအကြောင်းကိုပြောလျှင်၊ ၁၉၆၂ ခုနှစ်၊ ၁၉၆၉ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၅ ခုနှစ် ကျောင်းသားလှုပ်ရှားမှုများကို ပြန်ဆင်ခြင်ရမည် ဖြစ်သည်။ အဆိုပါ ကျောင်းသားလှုပ်ရှားမှုများတွင် ကျဆုံးခဲ့သူများ၊ ဘဝပျက်ခဲ့သူများ၊ ပံ့ပိုးကူညီခဲ့သော နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးခေါင်းဆောင်များ တို့ကို လည်း မမေ့မလျော့ အလေးအနက်တန်ဖိုးထား ဂုဏ်ပြုရမည် ဖြစ်သည်။
တော်လှန်ရေးကောင်စီအစိုးရနှင့် လမ်းစဉ်ပါတီအစိုးရတို့၏ ဘုန်းမီးနေလတောက်ပနေချိန်တွင် အာခံအန်တုခဲ့သော၊ နံရံကိုခေါင်းနှင့်တိုက်ခဲ့သော ကျောင်းသားများ၊ အလုပ်သမားများ၊ ပြည်သူများ၏ ပေးဆပ်မှုများ၊ စွန့်လွှတ်မှုများကို မျက်မှောက်ခေတ် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် တန်ဖိုးထားအသိအမှတ်ပြုရန်လည်း အထူးလိုအပ်သည်ဟု မှတ်ချက်ပြုလိုပါသည်။
၁၉၈၈ ခုနှစ်သို့ တဖြည်းဖြည်းချဉ်းကပ်လာခြင်းနှင့်အတူ၊ လမ်းစဉ်ပါတီအစိုးရ၏ အာဏာနံရံတံတိုင်းမှာလည်း တဖြည်း ဖြည်း ပွယောင်းချိနဲ့လာခဲ့သည်။ မြန်မာပြည်သူလူထု၏ တပါတီအာဏာရှင်စနစ်အပေါ် မကျေနပ်မှုများ မြင့်မားလာနေ သည့် တချိန်တည်းတွင်၊ လမ်းစဉ်ပါတီအစိုးရ၏ စီမံကိန်းများ၊ စီမံခန့်ခွဲမှုများကလည်း အဆုံးစွန်ဖရိုဖရဲ ဖြစ်လာခဲ့သည်။ ၁၉၈၇ ခုနှစ် ငွေစက္ကူကျောင်းသား လှုပ်ရှားမှုသည် နိုင်ငံရေးမီးပွားဖြစ်ခဲ့ပြီး၊ မတ်လ ကျောင်းသားလှုပ်ရှားမှုသည် နိုင်ငံ ရေးမီးစကို ဖြစ်စေခဲ့ပြီး၊ ဇွန်လ ကျောင်းသားလှုပ်ရှားမှုသည် အာဏာရှင်စနစ်ဆန့်ကျင်ရေး နိုင်ငံရေးမီးတောက်အဖြစ် အသက်ဝင်လာခဲ့သည်ဟု ဆိုနိုင်သည်။ ဤသို့ဖြင့် ကျောင်းသားများ၏ ခေတ်အဆက်ဆက် နံရံကို ခေါင်းနှင့်တိုက်ခဲ့ သော လှုပ်ရှားမှုများသည် ၁၉၈၈ ခုနှစ် ဇွန်လကျောင်းသားလှုပ်ရှားမှုနောက်ပိုင်းတွင် ပြည်သူလူထုကြီးနှင့် ပေါင်းစပ်နိုင် ခဲ့ပြီး၊ ကမ္ဘာကျော် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးကို သမိုင်းနေရာရစေခဲ့သည်။
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှုနောက်ပိုင်းတွင်၊ လူထုလှုပ်ရှားမှုအသွင်၊ ပြည်သူ့အရေးတော်ပုံအသွင်သို့ ဦး တည်လာခဲ့သည့် အခြေအနေနှင့်အတူ၊ နိုင်ငံရေးခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးသမားဟောင်းများသည်လည်း သိသိသာသာတမျိုး၊ မသိမသာတဖုံ ဝင်ရောက် ပါဝင်လာခဲ့ကြသည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်အလွန် ကာလ တွင်၊ လူထုလှုပ်ရှားမှုသည် လမ်းစဉ်ပါတီအစိုးရ၏ အာဏာကွန်ယက်ကို ပုခုံးချင်းယှဉ်၊ စီးချင်းထိုးနိုင်မည့် အနေအထား သို့ တစတစ ရောက်ရှိလာခဲ့သည်။ ထိုအခြေအနေတွင် လမ်းစဉ်ပါတီအစိုးရကို စီးချင်းထိုးမည့် ပြည်သူ့သူရဲကောင်းတဦး နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ခေါင်းဆောင်ကောင်းကို မျှော်လင့်နေကြသော၊ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်လည်တမ်းတနေကြသော မြန်မာပြည်သူ လူထုကြီးအတွက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ တဦးတည်းသောသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ သူရဲ ကောင်း၊ ပြည်သူ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသြဇာ၊ အရှိန်အဝါ၊ ပုဂ္ဂိုလ်ရေးအရှိန် အဝါတို့သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပူးကပ်ဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်သူလူထုကြီးသည် ဒေါ်အောင်ဆန်းစု ကြည် ကို ဒုတိယလွတ်လပ်ရေးတိုက်ပွဲအတွက် ဒုတိယအောင်ဆန်းအသွင် ပုံအောထောက်ခံခဲ့ကြသည်။ ထိုမှစခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တော်လှန်ရေးခရီးသည် ယနေ့အချိန်တွင် ကမ္ဘာသိ၊ မြန်မာသိ ခေါင်းဆောင်ကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုသည့် အသီးအပွင့်တချို့ ဝေဆာနေပြီဖြစ်သည်ဟု မှတ်ချက်ပြုနိုင်သည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနှင့်အလွန်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခု ၈၈ မျိုးဆက်များ (ယခင်ကျောင်းသား သမဂ္ဂခေါင်းဆောင်ဟောင်းများ) သည် အလွန်နီးကပ်သော မဟာမိတ်ဆက်ဆံရေး အခိုင်အမာရှိခဲ့ သည်။ မျက်မှောက်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့အကြားဆက်ဆံရေးမှာ လေစိမ်းတိုက်နေ သည်ဟုပင် မှတ်ချက်ပြုရမည် ဖြစ်သည်။ နှစ်ဖက်အလှမ်းကွာဝေးမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့် အသွင်ကူး ပြောင်းရေးအတွက် အနှုတ်လက္ခဏာပြသောကိစ္စဖြစ်သည်။ ထိုကဲ့သို့ ဆုတ်ယုတ်နစ်နာခဲ့ရသော ဖြစ်စဉ်တခုကိုလည်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအတွင်းတွင် သတိပြုမိခဲ့သည်။
၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တနေ့ထက်တနေ့ နိုင် ငံရေးအရ ချွတ်ခြုံကျလာခဲ့ပြီး၊ စစ်တပ်နောက်ခံပြုသော လမ်းစဉ်ပါတီ၏ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း စာခြောက်ရုပ်ဥပဒေ ဖြစ်လာခဲ့သည်။ ထိုစဉ်ကာလ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ စင်ပြိုင်အစိုးရဖွဲ့စည်းခဲ့ခြင်းနှင့် ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အဓ္ဓမသိမ်းယူခဲ့သည့် နိုင်ငံတော်အာဏာကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဝန်ကြီးချုပ်ဟောင်းဦးနုထံ ပြန်လည်အပ်နှံရန် တောင်းဆိုခဲ့ခြင်းတို့သည် လမ်းစဉ် ပါတီအစိုးရကို နိုင်ငံရေးအရ ဗျူဟာမြောက် ထိုးနှက်မှုတခုဖြစ်ခဲ့သည်ဟု သုံးသပ်နိုင်သည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ဗျုဟာမြောက်ခြေလှမ်းကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်အများစုက စုပြုံထောက်ခံမှုမရှိခဲ့ သဖြင့်၊ ဦးနု၏ခြေလှမ်းသည် အားပျော့ခဲ့ရပြီး၊ စင်ပြိုင်အစိုးရမှာလည်း ဇာတ်မျောခဲ့ရသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် စင်ပြိုင်အစိုးရအစီအစဉ်ကို ကြိုတင်ဆွေးနွေး ရန် ပျက်ကွက်ခဲ့ပြီး၊ တဖက်နိုင်ငံရေးခေါင်းဆောင်များဖက်ကလည်း ဦးနုအပေါ် နိုင်ငံရေးအရ ယုံကြည်မှုအားနည်းခဲ့ သည်ဟု မှတ်ချက်ပြုနိုင်သည်။ နောက်ပိုင်း ကြားဖြတ်အစိုးရဖွဲ့စည်းရေးလမ်းကြောင်းကို ကျောင်းသားခေါင်းဆောင်များ ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သော်လည်း၊ အာဏာသိမ်းမှုနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရသည် နိုင်ငံရေးအရ ပွင့်လင်းမြင်သာသော စားပွဲဝိုင်းဆွေးနွေးပွဲများကို နိုင်ငံရေး ခေါင်းဆောင်များနှင့် စနစ်တကျကျင်းပပြီး၊ နိုင်ငံရေးသဘောတူညီချက်တရပ်ကို ချမှတ်နိုင်မည့်လမ်းကြောင်းဆီ ဦးတည်ခဲ့မည်ဆိုလျှင်၊ စစ်တပ်အာဏာသိမ်းသည့်ဖက်သို့ ဦးတည်နိုင်ခြေနည်းသည်ဟု သုံးသပ်မိသည်။ တိုင်းပြည်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို လက်တွေ့ကျကျ ဦးတည်စဉ်းစားမည်ဆိုလျှင်၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရသာ ဖြေရှင်းဆောင်ရွက်ခဲ့ရမည် ဖြစ်သည်။
ရှစ်ဆယ့်ရှစ် မျိုးဆက်ဟူသည် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြောင်းပြုဖြစ်တည်ခဲ့သော နိုင်ငံရေးမျိုးဆက် ဖြစ်သည်။ လူမှုရေးနှင့် သာရေးနာရေး မျိုးဆက်မဟုတ်သည်မှာ အသေအချာ ဖြစ်သည်။ ထို့ကြောင့် ရှစ်ဆယ့်ရှစ်မျိုးဆက်သည် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အသိပညာရှင်၊ အတတ်ပညာရှင် စသည့် လူ့အဖွဲ့အစည်း အလွှာအသီးသီးကို ကိုယ်စားပြုသည်။ ကျောင်းသားထုတခုတည်းကို ကိုယ်စားပြုခြင်းမဟုတ်သည်မှာ အထင်အရှား ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားခေါင်းဆောင်ဟောင်းများအနေဖြင့်၊ ရှစ်လေးလုံး ပြည်သူ့အရေး တော်ပုံကြီးကို ကျောင်းသားများကသာ ဦးဆောင်ခဲ့သည့်ပုံစံ ပြောဆိုသုံးသပ်မှုများကို ဆင်ခြင်သင့်သည်။
ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် လမ်းစဉ်ပါတီအစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အဓိကနေရာ မှ ပါဝင်ခဲ့သော ကွန်မြူနစ်ဟောင်းများနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့ကိုလည်း ရှစ်လေးလုံးငွေရတုကာလ တွင် ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုသင့်သည်ဟု ထင်မြင်မိသည်။ လက်ရှိ မြန်မာ့နိုင်ငံရေးတွင် ကွန်မြူနစ်ကြောက် ရောဂါ၊ လက်ဝဲကြောက်ရောဂါနှင့် ကွန်မြူနစ်တစ္ဆေတို့ လွှမ်းခြုံနေခြင်းမှာ ပွင့်လင်းမြင်သာသော နိုင်ငံရေးအခင်းအကျင်း အတွက် သင့်လျော်သောအခြေအနေဟု မဆိုနိုင်ပေ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကွန်မြူနစ်ပါတီများနှင့် ကွန်မြူနစ်များ၏ဆောင်ရွက်မှုများကို အသိအမှတ်ပြုအလေးထားသည့်နည်းတူ၊ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေး တော်ပုံကြီးနှင့် လမ်းစဉ်ပါတီ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် စွန့်လွှတ်၊ အနစ်နာခံပါဝင်ခဲ့သော ကွန်မြူနစ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ကို အသိအမှတ်ပြုတန်ဖိုးထားရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါသည်။
ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး၏ ငွေရတုအခါသမယတွင်၊ ၁၉၆၂ ခုနှစ်မှသည် ယနေ့အချိန်အထိ၊ အသက်စွန့်၊ ကိုယ်ကျိုးစွန့်၊ မိသားစုဘဝပျက်၊ စီးပွားပျက် တိုက်ပွဲဝင်ခဲ့ကြသော နိုင်ငံရေးနယ်ပယ်အသီးသီးမှ ရဲဘော်အ ပေါင်းကို အလေးအနက်ဂုဏ်ပြုရမည် ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ ယနေ့အချိန်အထိ၊ တော်လှန်ရေးတွင် အသက်စွန့်ခဲ့ကြ သူများ၏စာရင်းကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ခြင်း မရှိသေးပေ။ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများထံ ဝမ်းနည်းကြောင်းသဝဏ်လွှာများနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးပို့နိုင်ခြင်း မရှိသေးပေ။
ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာများသည်လည်း ယနေ့အချိန် အထိ မပြည့်မစုံ ဖြစ်နေဆဲဖြစ်သည်။ သူတို့၏ပေးဆပ်မှုများသည် အချည်းအနှီးမဖြစ်ခဲ့သော်လည်း၊ သူတို့၏ပေးဆပ် စွန့်လွှတ်မှုများအပေါ် အသိအမှတ်ပြုမှုအပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။ ထို့ကြောင့် ရှစ်လေးလုံး ငွေရတုအထိမ်း အမှတ်ကာလတွင် ကျဆုံးရဲဘော်များနှင့် ကျန်ရစ်မိသားစုများနှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာများကို စနစ်တကျ စုဆောင်းပြုစုသင့်ကြောင်းလည်း နှိုးဆော်လိုပါသည်။
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှ မွေးထုတ်ပေးခဲ့သော ကျောင်းသားမျိုးဆက်များဖြစ်သည့် ၈၈ မျိုးဆက်ခေါင်း ဆောင်များကို ကြည့်ပါက၊ နိုင်ငံရေးမကျ၊ လူမှုရေးမကျ၊ စာသမားမကျ၊ ကဗျာဆရာမကျ၊ ပန်းချီဆရာမကျ၊ ဟိုလိုလို ဒီလိုလိုဘဝများတွင် တဝဲလည်လည်ဖြစ်နေသည့်အပေါ် အားမလိုအားမရဖြစ်နေကြသည်မှာလည်း ဒုနှင့်ဒေးဖြစ်သည်။ အသက်စွန့်ခဲ့သူများ၏ ပေးဆပ်မှုအချည်းနှီးမဖြစ်ရေးတွင် ၈၈ မျိုးဆက်များ၏ ရှေ့ဆက်မည့်လမ်းကလည်း အရေးကြီး သည်ဟု မှတ်ချက်ပြုနိုင်သည်။ ပေးဆပ်ခဲ့သူများ၊ ပေးဆပ်ခဲ့သူများ၏ မိသားစုများ၊ ဘဝပျက်ခဲ့သူများ၊ ဘဝပျက်ခဲ့သူ များ၏ မိသားစုများ၊ ကျဆုံးခဲ့သူများ၊ ကျဆုံးခဲ့သူများ၏ မိသားစုများ စသူတို့ကို နိုင်ငံရေးအရ ရင်ကွဲနာကျစေမည့် လမ်း ကို ၈၈ မျိုးဆက်များအနေဖြင့်၊ လုံးဝမလျှောက်သင့်ကြောင်း ထပ်လောင်းအကြံပြုလိုပါသည်။
နိုင်ငံရေးအပြောင်းအလဲအတွက် လွန်ခဲ့သော ၂၅ နှစ်က မ တည်ခဲ့သောလမ်းသည် နိုင်ငံရေးအကျိုးအတွက်သာ ဆက် လက်ရှိနေရမည် ဖြစ်သည်။ ချော်တောငေါ့ပြီး၊ အန်ဂျီအိုလမ်း၊ လူမှုအဖွဲ့အစည်း လမ်းတို့ကို ပြောင်းလျှောက်ခဲ့မည်ဆို လျှင် ထိုထိုမိသားစုများအတွက် ရင်ကွဲနာကျစေမည့်အပြင်၊ သမိုင်းမှတ်တမ်းတွင်လည်း အပြန်ပြန်အလှန်လှန် ဖြေရှင်း ရဖွယ်ရှိနေသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော်၊ ယနေ့ကာလမှသည် လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်ကို ပြန်ပြောင်းသုံးသပ်သောအခါ၊ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင် ဟောင်းကြီးများ စုံစုံညီညီပါဝင်ခဲ့လင့်ကစား၊ ပြည်သူလူထုကို နိုင်ငံရေးအရ ဦးဆောင်နိုင်မှုအပိုင်းတွင် အားနည်းခဲ့သည် ဟု မှတ်ချက်ပြုနိုင်သည်။ လမ်းစဉ်ပါတီအစိုးရသည် နိုင်ငံရေးအရဖြေရှင်းမည့်နည်းကို ဘေးဖယ်ထားခဲ့ပြီး၊ ဆုံးဖြတ်ချက် များကို တဖက်သတ်ချမှတ်လုပ်ဆောင်ရန် အားထုတ်ခဲ့ခြင်းသည်လည်း အားနည်းချက်ကြီးတခု ဖြစ်သည်။ လက်ရှိ ကာလတွင် လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်ကာလ နိုင်ငံရေးအတွေ့အကြုံများကို သင်ခန်းစာယူလျက်၊ ငွေရတုကာလတွင် နိုင်ငံရေးပေါင်းထုပ်များ မဖြစ်မနေလုပ်သင့်ပါကြောင်း ပြည်သူ့အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။
ဒေါက်တာရန်မျိုးသိမ်း
၁၂ ဇူလိုင် ၂ဝ၁၃

No comments:
Post a Comment