Monday, July 22, 2013

သစ္စာလေးပါးတရား (သို့) ဓမ္မစင်္ကြာတရားတော်


သစ္စာလေးပါးတရား (သို့) ဓမ္မစင်္ကြာတရားတော်

ဒီ လောကမှာ ဘယ်သူ့အတွက်မဆို မလွဲနိုင်တဲ့ အမှန်တရားဆိုတာ သစ္စာလေးပါးသာ ရှိပြီး သစ္စာလေးပါးကလွဲရင် ကျန်တာအားလုံးက တချို့အတွက် ဘယ်လောက်ပဲ မှန်နေပါစေ၊ တချို့အတွက်တော့ မှားနေတတ်တတ်ပါတယ်။ ဒါကြောင့် သစ္စလေးပါးကလွဲရင် တခြား အမှန်တရားလို့ ပြောနေတာတွေ အားလုံးဟာ အမှန်တရား ဧကန်စင်စစ်မဟုတ်ဘဲ ကာလံ၊ ဒေသံနဲ့ လူပုဂ္ဂိုလ်တွေ၊ သတ္တ၀ါတွေရဲ့ နှစ်သက်သဘောကျမှု၊ လိုက်လျောညီထွေမှုအပေါ် မူတည်ပြီး ပညတ်ထားတဲ့ သတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာ တရားတော်မြတ်ဟာ သစ္စာလေးပါးတရားကို မြတ်စွာဘုရားက သူဘုရားဖြစ်ပြီး ပဉ္စ၀ဂ္ဂီငါးပါးကို ၀ါဆိုလပြည့်နေ့မှာ ပထမဦးဆုံး ဟောတော်မူတဲ့ တရားဦးဖြစ်သလို ဗုဒ္ဓတရားတော် အားလုံးရဲ့ အနှစ်ချုပ်လည်း ဖြစ်ပါတယ်။ ဒီတရားတော်ရဲ့ မြတ်စွာဘုရားဟောခဲ့တဲ့အတိုင်းကို အရှင်အာနန္ဒာက တခြားသော သံဃာတော်တွေကို ပြန်လည်ပြောပြချက် ဖြစ်ပါတယ်။

ဓမ္မစင်္ကြာတရားတော်ရဲ့ အတိုချုပ်


မြတ်စွာဘုရားဟာ ဓမ္မစင်္ကြာတရားကို တိရိစ္ဆာန်တွေကို ဘေးမဲ့ပေးထားတဲ့ မိဂဓါရုံတောထဲမှာ သူအရင်က ဘယ်တုန်းကမှ မသိခဲ့ဘဲ အခုမှ သိလာရတဲ့ တရားတွေကို ဟောပြပါမယ်ဆိုပြီး ပဉ္စ၀ဂ္ဂီငါးဦးကို ၀ါဆိုလပြည့်နေ့မှာ ဟောကြားခဲ့ပါတယ်။ ပထမဦးစွာ အယုတ်တရားနှစ်ပါးကို စတင်ဟောပြပါတယ်။ အယုတ်တရား နှစ်ပါးကတော့ ကာမသုခလ္လိကာ နုယောဂေါ ခေါ် အပျော်အပါး လွန်ကဲစွာ လိုက်စားခြင်း အပါအ၀င် ကာမဂုဏ်အာရုံမှာ အလွန်အကျူး ခံစားခြင်းနှင့် အတ္တကိလမထာ နုယောဂေါခေါ် မိမိခန္ဓာကိုယ်ကို ညှင်းဆဲပြီး ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ အယုတ်တရား နှစ်ပါးဟာ သတ္တ၀ါတွေအတွက် ဘာအကျိုးကျေးဇူးမှ မရှိဘဲ ဒုက္ခဆင်းရဲတွင်းကိုသာ ရောက်စေတတ်တဲ့ အစွန်းရောက်တဲ့ တရားနှစ်ပါး ဖြစ်တယ်လို့ ဘုရားက ဟောပါတယ်။ ဆက်လက်ပြီးတော့ မြတ်စွာဘုရားက ဒီလို အစွန်းနှစ်ဘက်က လွတ်အောင် ရှောင်လို့ ရနိုင်သော တရားဖြစ်တဲ့ မစ္ဈိမပဋိပဋာခေါ် အမြတ်တရား (သို့) အလည်အလတ်ကျင့်စဉ် ဆိုတာလည်း အမှန်တကယ် ရှိပြီး ဒီအလည်အလတ်ကျင့်စဉ်ကသာ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်သော တရားဖြစ်ကြောင်း ဟောပါတယ်။ အလယ်အလတ် တရားဆိုတာတွေကတော့ သမ္မာဒိဋ္ဌိ (မှန်ကန်သော အမြင်) သမ္မာသင်္ကပ္ပေါ (မှန်သော အကြံအစည်) သမ္မာဝါစာ (မှန်သောပြောဆိုမှု)၊ သမ္မာကမ္မန္တော (မှန်သော ပြုကျင့်မှု)၊ သမ္မာအာဇီဝေါ (မှန်သော အသက်မွေးမှု)၊ သမ္မာဝါယာမော (မှန်သော အားထုတ်မှု)၊ သမ္မာသတိ (မှန်သော သတိ)၊ သမ္မာသမာဓိ (မှန်သော စူးစိုက်မှု) လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။


ပြီးနောက်မှာတော့ မြတ်စွာဘုရားက သစ္စာလေးပါးတရားကို ဆက်ဟောပါတယ်။

သစ္စာလေးပါး


(၁) ဒုက္ခသစ္စာ။ ။သတ္တ၀ါတွေ အားလုံးဟာ အပေါ်မှာ ပြောထားတဲ့ အယုတ်တရား နှစ်ပါးကြောင့် ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။ ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း သေခြင်းမကင်းတဲ့ ဘ၀၊ ချစ်သူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းတွေဟာ ဆင်းရဲခြင်း ဒုက္ခသစ္စာအမှန် ဖြစ်ပါတယ်။


(၂) သမုဒယသစ္စာ။ ။ ဘ၀ကို လိုချင်တပ်မက်ခြင်း၊ စွဲလန်းခြင်း သံယောစဉ် အနှောင်အဖွဲ့တွေဟာ သတ္တ၀ါတွေမှာ ရှိတဲ့ သမုဒယတွေ ဖြစ်ပြီး ၎င်းတို့ဟာ ဒုက္ခကို ဖြစ်စေတဲ့ အကြောင်းအရင်း သမုဒယ သစ္စာအမှန် ဖြစ်ပါတယ်။


(၃) နိရောဓသစ္စာ။ ။အရိယသူတော်စင်အကျင့်ကို ကျင့်သူတွေအတွက် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ၊ သမုဒယဆိုတဲ့ လိုချင်တပ်မက်မှု တဏှာကုန်ဆုံးရာ နေရာနိဗ္ဗာန်ဆိုတာ အမှန်ရှိပါတယ်။ နိဗ္ဗာန်ဆိုတာ ငြိမ်းအေးခြင်း နိရောဓသစ္စာအမှန် ဖြစ်ပါတယ်။


(၄)မဂ္ဂသစ္စာ။ ။ ဒုက္ခအပေါင်းက လွတ်မြောက်နိုင်ဖို့အတွက် သမုဒယကို အဆုံးသတ်သည့်နေရာ နိဗ္ဗာန်ကို သွားတဲ့ နည်းလမ်းလည်း အမှန်ရှိပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ (အပေါ်က မစ္ဈိမပဋိပဋာလမ်းစဉ်) ဒုက္ခကလွတ်မြောက်ရာ နည်းလမ်း မဂ္ဂသစ္စာအမှန် ဖြစ်ပါတယ်

(မြတ်စွာဘုရား ၄၅ ၀ါပတ်လုံး ဟောလာတဲ့ တရားအားလုံးရဲ့ အနှစ်ချုပ် ဖြစ်ပါတယ်။ ကျန်တာတွေက သစ္စာလေးပါးကို ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ မှန်မှန်ကန်ကန် သိရှိနားလည် ကျင့်သုံးနိုင်ဖို့အတွက် အကျယ်ပြန်ရှင်းထားတဲ့တရားတွေသာ ဖြစ်ပါတယ်။)

မြတ်စွာဘုရားဟာ တရားစဟောတဲ့အချိန်မှာ သူ့ကိုယ်သူ သဗ္ပညုတ ဥာဏ်တော်ရှင်အဖြစ် မပြောခဲ့ပေမဲ့ အပေါ်မှာ ပြောထားတဲ့ သစ္စလေးပါးကို ဟောပြီးမှ ဘုရားဖြစ်ကြောင်း ထုတ်ဖေါ်ပြောခဲ့ပါတယ်။ ပဉ္စ၀ဂ္ဂီ ငါးပါးဟာ သစ္စာလေးပါးတရားကို အလွန်ပဲ နှစ်သက်သဘောကျပြီး ရဟန်းတပါးဖြစ်တဲ့ အရှင်ကောဏ္ဍညဟာ ဓမ္မစင်္ကြာတရားအဆုံးမှာ ချက်ချင်း သောတာပန်တည်သွားလို့ သြကာသ ဘုရားရှိခိုးမှာ ဆိုနေတဲ့ အပယ်လေးပါးကို သွားတဲ့တံခါးကို ပိတ်ပြီးသားဖြစ်သွားပါတယ်။ (ဓမ္မစင်္ကြာထဲမှာ မပါပေမဲ့ ကျန်တဲ့ ရဟန်းတွေကတော့ နောက်နေ့ အနတ္တလက္ခဏာသုတ်ကို ဟောတဲ့အချိန် သောတာပန်တည်တယ်လို့ သိရပါတယ်)။ ဓမ္မစင်္ကြာတရားအပြီးမှာ အရှင်ကောဏ္ဍည သောတာပန်တည်သွားတော့ မြတ်စွာဘုရားက ကောတဏ္ဍညအတွက် အပယ်ဆိုတာ ဘယ်တော့မှ မရှိနိုင်တော့ဘူး၊ ကောတဏ္ဍညအတွက် အပယ်တံခါးပိတ်သွားပါပြီလို့ ဥဒါန်းကျူးရင့်ပါတယ်။ မြတ်စွာဘုရား ဓမ္မစင်္ကြာတရားကို ဟောတော့ ကမ္ဘာလောကကြီးတခုလုံးလည်း အလင်းရောင်တွေ ဖြာထွက်လာပြီး နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာပြည်ကလည်း ကောင်းချီးသြဘာ ပေးကြပါတယ်။ ဒါကတော့ အရှင်အာနန္ဒာ ပြန်ပြောပြထားတဲ့ ဓမ္မစင်္ကြာတရား အတိုချုပ်ပါ။

((( ဓမ္မစင်္ကြာနေ့မှာ ဒီနှစ် ပို့စ်ရေးမအားလို့ အရင်နှစ်က ဘလော့ဂ်မှာ တင်ခဲ့တဲ့ ပို့စ် < http://nge-naing.blogspot.com.au/2012/08/blog-post.html >ထဲက လိုတဲ့အပိုင်းကိုပဲ ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်)

ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသော်

No comments: