Friday, August 9, 2013

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ကြိုဆို



၁၉၄ဂခုနှစ် လွတ်လပ်ရေးရပြီးပြီးချင်း ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ရှိနေသော်လည်း အသက်မဝင်ခဲ့ သည့်အပြင် အာဏာရှင် စနစ်အောက်တွင် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု များဖြင့် ဗျူရိုကရေစီ ယန္တရားတစ်ခုလုံး နီးပါး ပျက်စီးလာခဲ့သော မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အမည်ဖြင့် ပြဋ္ဌာန်းနိုင်ခြင်းကို အထူးကြိုဆိုရမည် ဖြစ်သည်။

အရပ်သားအစိုးရအဖြစ် ပြောင်းလဲတာဝန်ယူပြီးနောက် သမ္မတဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းများတွင် မကြာခဏပါဝင်ခဲ့သည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်ရန်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ မရှိဘဲ မဖြစ်နိုင်ပေ။

အဂတိဆိုသည့် ပါဠိဝေါဟာရကို မြန်မာလိုပြောရပါက မလိုက်ပါသင့်သည့် အရာကို လိုက်ပါခြင်းဟု ဆိုနိုင်သည်။
အများသိထားကြသည့် အဂတိတရား လေးပါးမှာ -
၁။ ဆန္ဒာဂတိ - ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်၍ မပြုလုပ်သင့် သည်ကို ပြုလုပ်မိခြင်း
၂။ ဒေါသာဂတိ - စိတ်ဆိုးသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း
၃။ ဘယာဂတိ - ကြောက်ရွံ့သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
၎။ မောဟာဂတိ - တွေဝေသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း တို့ဖြစ်သည်။

ယခုအခါ အဂတိလိုက်စားမှုသည် မြန်မာနိုင်ငံတွင် သမားရိုးကျ ပြုမြဲ ပြုနေကျ အမှုကိစ္စတစ်ခုအသွင် ဆောင်လာသည်အထိ အမြစ်တွယ်နေ သည့်အပြင် ဥပဒေအထက်တွင် တစ်စုံတစ်ရာ အမြဲရှိနေသကဲ့သို့ ဖြစ်နေသောကြောင့် လက်ရှိ ပြဋ္ဌာန်းလိုက်သည့် ဥပဒေက အဂတိလိုက်စားမှု မည်မျှ တိုက်ဖျက်နိုင်မည် ဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။

အဂတိလိုက်စားမှု၏ ရင်းမြစ်ကိုကြည့်ပါက ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ကြည်ဖြူစွာ ပေးကြရမည့် ဗျူရိုကရေစီယန္တရားတွင် ကြိုးနီစနစ်များ ကြီးထွားနေခြင်း၊ ကြိုးနီစနစ်ကြောင့် မလိုအပ်သော အရည်အချင်းမမီ အပိုဝန်ထမ်း များပြားနေခြင်း၊ အပိုဝန်ထမ်း များကြောင့် ဝန်ထမ်းဖောင်းပွမှု ဖြစ်ကာ သက်ဆိုင်ရာ နယ်ပယ်အလိုက် အရည်အချင်းရှိ၊ ကျွမ်းကျင်သောဝန်ထမ်း များကို ထိုက်တန်သော လစာ မပေးနိုင်ခြင်း၊ ရှိနေသော ဝန်ထမ်းများ ကိုလည်း လုံလောက်သည့် လစာ၊ ရိက္ခာ မထောက်ပံ့နိုင်ခြင်း၊ အထက်အဆင့်ဆင့်က အမိန့်ပေး စေခိုင်းမှုကြောင့် အခွင့်ထူးခံအချို့ကို စည်းကမ်းမညီ၊ ဘောင်မဝင်ဘဲ ဆောင်ရွက်ပေးရခြင်း၊ လုပ်ငန်းအကြောင်း နားမလည်သော မိုးကျရွှေကိုယ် အရာရှိများ စနစ်တကျ၊ ရည်ရွယ်ချက် ရှိရှိ နေရာယူထားခြင်း၊ ပညာတတ်၊ အရည်အချင်းရှိ၊ ကျွမ်းကျင် ဝန်ထမ်းများမှာ မိုးကျရွှေကို အရာရှိများကြောင့် ရာထူးအဆင့်ဆင့် တိုးမြှင့်မှု မျှော်လင့်ချက် ပျောက်ကွယ်သွားခြင်း၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှု မကျွမ်းကျင်သူများကြောင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခြင်း၊ ထိုကြန့်ကြာမှုများ မြန်ဆန်စေရန် လာဘ်ပေးလာခြင်း စသည့်အချက်များကို တွေ့ရမည်ဖြစ်သည်။

ဥပဒေတစ်ခုပြဋ္ဌာန်း၍ အဂတိလိုက်စားမှုများ တိုက်ဖျက်ရန် ကြိုးစားခြင်းမှာ အကျိုးတရား အပေါ်တွင် ဦးတည်ဖြေရှင်းသည့် သဘော ဆောင်ပြီး အဂတိ လိုက်စားမှုများ ဖြစ်ပေါ်ရသည့် အထက်ဖော်ပြပါ အကြောင်းတရားများ နောင်တွင် မဖြစ်ပေါ်စေရန် ဗျူရိုကရေစီ ယန္တရား ပြုပြင်ပြောင်းလဲရေးက ပို၍ အရေးကြီးကြောင်း သတိပေးလိုရင်းဖြစ်သည်။

အယ်ဒီတာ (၈-၈-၂၀၁၃)

No comments: