Friday, August 9, 2013

စာသင်ခန်းကို စွန့်ခွာတဲ့နေ့

August 9, 2013 at 2:04am
၈.၈.၈၈ က ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စတင်ဆန္ဒပြပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးကို စတင်ခဲ့ကြပြီး ကျောင်းသား၊ ပြည်သူတွေ သွေးမြေကျခဲ့ရပါတယ်။ ဒီလို သွေးမြေကျခဲ့လို့ လှုပ်ရှားမှုတွေက မရပ်သွားတဲ့အပြင် ပိုလို့တောင် တိုးလာပြီး ဗြိတိသျှကို တော်လှန်အုံကြွခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံလို လူထုအုံကြွမှုကြီးကိုပါ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာစေခဲ့ပါတယ်။ ရှစ်လေးလုံးဟာ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာပဲ ဖြစ်ပွားခဲ့ပြီး တခြားနယ်တွေမှာ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် တပါတီအာဏာရှင်စနစ် အဆုံးသတ်နိုင်ပါ့မလား ဆိုတာကို ကျွန်မ မကြာခဏ ပြန်တွေးမိပါတယ်။ ဒီလိုပြန်တွေးရင်း အရေးတော်ပုံကြီးကို ကျွန်မတို့နေတဲ့ တောစွန်အုံဖျားပါမကျန် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်လာအောင် လှုံဆော်ခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ဗကသရဲ့ စွမ်းဆောင်မှုကိုလည်း အံ့မခန်း လေးစားဂုဏ်ပြုမိပါတယ်။ အရေးတော်ပုံကြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာပုံကို ပြန်တွေးရင်း ကျေးလက်တောမြို့ သေးသေးလေးမှာ ရှိတဲ့ ကျွန်မတို့ကျောင်းက စတင်ပြီး ကျွန်မတို့ မြို့နယ်တခုလုံးမှာ အရေးတော်ပုံကြီး ဖြစ်လာပုံကို ပြန်သတိရနေမိတယ်။

"ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။


ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်။ ရှစ်ရက်နေ့မှာ ဆန္ဒထွက်ပြဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမယ့် အဲဒီနေ့က ကျောင်းအုပ်ဆရာကြီးက တမနက်လုံးနီးပါး ကျောင်းမှာ အတန်းကြီးဆုံး ဖြစ်တဲ့ ကိုးတန်းနဲ့ ၁၀ တန်း ဖြစ်တဲ့ ကျွန်မတို့ ကျောင်းသားကြီးကြီးတွေရဲ့ အခန်းတွေရှေ့မှာ ခေါက်တုန့်ခေါက်ဖြန့် လမ်းလျှောက်ပြီး မကြာခဏ ရောက်ရှိနေပါတယ်။ မနက်ပိုင်းမှာ မဖြစ်တော့ နေ့လည်ကျောင်းဆင်းတာနဲ့ ကျောင်းပြန်မတက်တော့ပဲ ဆန္ဒပြဖို့ အစီစဉ်ခဲ့ပြန်တော့လည်း မြို့ပေါ်က ကျောင်းသားတွေက အိမ်ပြန် ထမင်းပြန်စားကြပြီး ကျောင်းမှာ ကျန်နေတာက ကျေးရွာတွေက လာတက်တဲ့သူတွေပဲ ကျန်ပြီး စတင်ဖို့ အချိတ်အဆက်မရ၊ ဆရာတွေကလည်း တချက်မှ မျက်စိအလစ်မပေးဆိုတော့ ကျွန်မတို့ မြို့မှာ အရေးအခင်းကို ရှစ်ရက်နေ့မှာ မစနိုင်ခဲ့ဘူး။


၉.၈.၈၈ မှာတော့ နေ့တိုင်း ကျောင်းတက်ခေါင်းလောင်း နောက်ဆုံးကြိမ်ကျတာနဲ့ ဆိုနေကျ ဖြစ်တဲ့ မဆလစနစ်ရဲ့ လူငယ်သစ္စာ အဓိဌါန်ငါးချက်ကို မဆိုပဲ ညနေ ကျောင်းဆင်းမှ ဆိုရတဲ့ နိုင်ငံတော်သီချင်းကို ဆိုကြဖို့၊ သီချင်းကျတာနဲ့ အလယ်တန်းအဆင့်ကနေ ကျောင်းသားအားလုံး ကျောင်းဝင်းပြင်က လမ်းမပေါ် ထွက်ပြီး ဆန္ဒပြကြမယ်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိအတန်းကုန် လိုက်ပြီးဆရာမတွေ မသိအောင် ကျောင်းသား ကြီးတွေက နိုးဆော်ထားလိုက်ပါတယ်။ ကျောင်းတက်ချိန်တိုင်း ခေါင်းလောင်း သုံးကြိမ်ထိုးလေ့ရှိပြီး နောက်ဆုံး ခေါင်းလောင်းသံက တချက်ပဲ ဖြစ်ပြီး အဲဒီတချက်ကျတာနဲ့ လူငယ်သစ္စာအဓိဌါန် ငါးချက်ကို ဆိုရလေ့ရှိပါတယ်။


9/8/88 ကျောင်းတက်ချိန် ရောက်ပါပြီ....

ကလင်… ကလင်… ကလင်… ပထမဦးဆုံး အကြိမ် ခေါင်းလောင်းသံ
ကလင်… ကလင်… ကလင်… ဒုတိယခေါင်းလောင်းသံ နဲ့အတူ အားလုံးငြိမ်နေကြတယ်။ ဆရာမလည်း အတန်းထဲမှာ ရောက်နေပြီ။ ကျွန်မတို့ အားလုံးရဲ့ စိတ်ထဲမှာတော့ ရန်သူတပ်ကုန်းတခုကို ချီတက်နေသည့်အလား စိတ်လှုပ်ရှားနေမိတယ်။
..........ကလင်… နောက်ဆုံးခေါင်းလောင်းသံ

ကမ္ဘာာမကြေ..... မြန်မာပြေ...

ဒို့အဘိုးအဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ...

ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ..

ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုက်နက်မြေ
ဒို့ပြေ ဒို့မြေ အကျိုးကို
ညီညာစွာဒို့တတွေ
ထမ်းဆောင်ပါစို့လေ
ိဒို့တာဝန်ပေ အဖိုးတန်မြေ

နိုင်ငံတော်သီချင်း အပြည့်အစုံက အထက်ပါအတိုင်း ဖြစ်ပေမဲ့ ကျွန်မတို့ အတန်းကြီးသားတွေ ပြီးအောင် မဆိုလိုက်ရဘူး ဖြစ်ပုံက ..


"ကမ္ဘာမကြေ… ဗမာပြေ… တို့အဖိုးအဖွားအမွေစစ်မို့ ချစ်မြတ်နိုးပေ”... လို့ ဆိုလိုက်တာနဲ့ အစောကြီးကတည်းက တခုခုဖြစ်မှာကို စိုးရိမ်နေတဲ့ ဘိုင်အိုလော်ဂျီသင်တဲ့ အတန်းပိုင် ဆရာမ မျက်နှာက ပြူးတူးပြာတာနဲ့ ”ဘာလုပ်တာလဲ နင်တို့ ဒုက္ခရောက်ကုန်တော့မှာပဲ မလုပ်ကြပါနဲ့ ဆရာမတောင်းပန်ပါတယ်” လို့ ပြောလိုက်တဲ့အချိန်မှာ ယေက်ျားလေးထဲက တယောက်က ”ဆရာမ ကျွန်တော်တို့ကို တားမနေပါနဲ့တော့ ဒီလူသတ်၊ မုဒိန်းကျင့် အစိုးရကို ကျွန်တော်တို့ ဖြုတ်ချမှ ရတော့မယ်” ပြန်ပြောလိုက်ပေမယ့် ကျန်တဲ့သူတွေကတော့ ကမ္ဘာမကြေကို အဆိုမပျက် ပဲ ဆက်ဆိုနေတယ်။" ပြည်ထောင်.....စုကို အသက်ပေးလို့ ဒို့.".(ဒို့ကာကွယ်မလေအထိ စာကြောင်းဆုံးအောင် မဆိုလိုက်ရဘူး)


"အားလုံးတိတ်ကြစမ်း မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ လုံးဝဆက်မဆိုနဲ့ ငြိမ်ငြိမ် တိတ်တိတ်နေကြစမ်း” ဆရာကြီးရဲ့ အသံဖြစ်တယ် ဆရာကြီးကိုတော့ တခါမှ ရိုက်တာမတွေ့ပေမယ့် အရှိန်အ၀ါကြောင့် ထင်တယ် ကျောင်းသား အားလုံးက ကြောက်ကြတယ်။ ဆရာကြီးက အပေါ်ထပ်က အခန်းအားလုံး ကြားအောင် အသံကျယ်ကျယ်နဲ့ ကျွန်မတို့အခန်းရှေ့က နေအော်ပြီးပြောတော့ အတန်းကြီးဆုံးတွေ ဖြစ်တဲ့ ကျွန်မတို့ အပေါ်ထပ်က အတန်းတွေ အားလုံးနီးပါး ငြိမ်သွားကြတယ်။ ဒါပေမယ့် အောက်ထပ်နဲ့ တခြားအတန်းကတွေ ဆက်ဆိုနေတော့ အဲဒီအတန်းတွေကို သွားထိန်းဖို့ ဆရာကြီးကသွားလိုက်တယ်။ ကျွန်မတို့ အောက်ဘက်က သူငယ်တန်းက ကလေးတွေရဲ့ ကမ္ဘာမကြေ သီချင်းသံကို သဲသဲကွဲကွဲကြားနေရပါတယ်။


ကျွန်မတို့ ကျောင်းက အင်္ဂလိပ် အက္ခရာ E ပုံသဏ္ဍန် ရှိပြီး E ပုံသဏ္ဍန်ရဲ့ ကန့်လန့်ဖြတ် မျဉ်းစတဲ့ နေရာတိုင်းမှာ အပေါ်ထပ်တက်တဲ့ လှေကားတွေ ရှိတော့ စုစုပေါင်း လှေကား သုံးခု ရှိပါတယ်။ ကိုးတန်းနဲ့ ၁၀ တန်းမှာ သိပ္ပံနဲ့ ၀ိဇ္ဇာ နှစ်ခန်းစီ ရှိတော့ တတန်းမှာ လေးခန်းစီရှိပါတယ်။ ခုနှစ်တန်းကနေ ၁၀ တန်းအထိက အပေါ်ထပ်မှာ ရှိပြီး သူငယ်တန်းကနေ ၆ တန်းအထိ က အောက်ထပ်မှာ ရှိပါတယ်။ ကျွန်မတို့ အခန်းက ၁၀ တန်း A ဆရာများနားနေခန်းတွေ ရုံးခန်းတွေနဲ့ အနီးဆုံးခန်း E ပုံသဏ္ဍန် ကျောင်းမှာ အရှေ့လှေကားက တက်ရင် ပထမဦးဆုံး ရောက်တဲ့ စာသင်ခန်း ဖြစ်သလို ကျောင်းဆင်းရင်လည်း ပထမဦးဆုံး ကျောင်းပြင်ရောက်တဲ့ အခန်း ဖြစ်တယ်။ အောက်ထပ်က ကျောင်းသားတွေကို ထိန်းဖို့ ဆရာကြီးဆင်းသွားတာ ကျွန်မတို့အတန်းကနေ အပေါ်ထပ်မှာ ရှိတဲ့ အတန်းတွေ အားလုံးရှေ့ကို ဖြတ်ပြီးမှ အနောက်လှေကားက ဆင်းသွားတာ ဖြစ်တယ်။


ဆရာကြီးကြောင့် ခဏငြိမ်သွားရာကနေ ”ဆရာကြီး ပြန်ရောက်လာရင် ငါတို့ အစီစဉ် ဘာမှ ဖြစ်တော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ် ပျက်သွားနိုင်တယ် ကမ္ဘာမကြေလည်း ဆက်ဆိုနေလို့ ထူးတော့မှာ မဟုတ်ဘူး လာအခုပဲ ထွက်ကြရအောင်” လို့ ပြောပြီး ယောက်ျားလေးတွေက အခန်းပြင်ကို စထွက်ကြတော့ ဆရာမက ”မသွားကြပါနဲ့ နင်တို့ဒုက္ခရောက်မှာစိုးလို့ပါ” လို့ တောင်းပန်ပြီး ပြောနေတာကို ကျွန်မတို့ မိန်းကလေးတွေက ဆရာမကိုတလှည့် ယောက်ျားလေးတွေကို တလှည့် ကြည့်ပြီးစဆင် ဆုံးဖြတ်ဖို့ ခက်နေတဲ့အချိန်မှာ ”မိန်းကလေးတွေ နင်တို့က ကျောင်းသူတွေမဟုတ်ဘူးလား မြန်မြန်ထွက်လာကြပါ အချိန်မဆွဲနေကြပါနဲ့ ဆရာကြီး ပြန်ရောက်လာရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ်ပျက်သွားလိမ့်မယ်” လို့ ပြောလိုက်တာနဲ့ ဒီနေ့တော့ ပျက်လို့ မဖြစ်ဘူးဆိုပြီး ကျွန်မတို့အားလုံး ဆရာမနဲ့ စာသင်ခန်းကို ထားခဲ့ပြီး စတင်စွန့်ခွာခဲ့ပါတယ်။ အခန်းပြင်ရောက်တော့ ဆရာကြီးက အလယ်လှေကားကနေ အပေါ်ထပ် ပြန်တက်လာပြီလို့ အလယ်လှေကားအနီး ဆယ်တန်း ၀ိဇ္ဇာခန်းဘက် ကျောင်းသားတယောက်က ပြောလိုက်တာနဲ့ ဆရာကြီးရောက်ရင်တော့ ပွဲပျက်တော့မှာပဲ ဆိုတဲ့အသိနဲ့ ချက်ချင်းပဲ ကျောင်းအောက်ကို အမြန်ဆုံးရောက်အောင် အရှေ့လှေကားကနေပြီး ဆင်းပြေးကြတယ်။ ထိုနည်းအတူ တခြား အလယ်လှေကားနဲ့ နီးတဲ့ကိုးတန်းအခန်းတွေက ကျောင်းသားတွေကလည်း အလယ်လှေကားက မဆင်းပဲ ဆရာကြီးနဲ့တွေ့မှာစိုးလို့ အနောက်လှေကားက ဆင်းကြတယ်လို့ သိရတယ်။ ဒီလိုနဲ့ ကျွန်မတို့ဟာ ကျောင်းဝင်းပြင်ကို အစုလိုက် အပြုံလိုက်နဲ့ ရောက်ရှိလာခဲ့ပါတယ်။


ပြည်ထောင်စုနေ့တွေမှာ နှစ်စဉ်နှစ်တိုင်း ဆရာတွေရဲ့ ကြီးကြပ်မှုနဲ့ ဒို့အရေး အော်ဖူးတာကလွဲပြီး ကိုယ့်အစီစဉ်နဲ့ကိုယ် ဆန္ဒလည်း တခါမှမပြဖူး၊ အစိုးရကို ဆန္ဒပြတယ်ဆိုတာ ဗြိတိသျှလက်ထက်မှာပဲ နယ်ချဲ့ကို တော်လှန်ဖို့အတွက် ရှိစရာလိုပြီး ကိုယ့်လူမျိုး အုပ်ချုပ်နေတဲ့အချိန်မှာ ဒါတွေဟာ မလိုအပ်တော့ဘူးလို့ တောက်လျှောက် ထင်လာခဲ့တယ်။ အခုတော့ ကိုယ်ထင်သလို မဟုတ်ပဲ ဗြိတိသျှမှ မဟုတ်ဘူး မကောင်းတဲ့ အစိုးရဖြစ်ရင် ဘာလူမျိုးပဲဖြစ်ဖြစ် ဖြုတ်ချဖို့ လိုအပ်တယ်ဆိုတာ သိလာလို့ ဆရာတွေ တားနေတဲ့ကြားက ဆန္ဒပြဖို့ ကျောင်းဝင်းပြင် ရောက်လာကြတာ ဘာအော်လို့ အော်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျောင်းဂိတ်ဝမှာ တက္ကသိုလ် ကျောင်းသားတချို့ကို တွေ့ရတယ်။ မတ်လနဲ့ ဇွန်လအရေးအခင်းနောက်ပိုင်း ကျောင်းတွေ ပိတ်လိုက်လို့ မြို့ပြန်ရောက်နေကြသူတွေ ဖြစ်တယ်။ တက္ကသိုလ် ကျောင်းသားတွေက ကျွန်မတို့ကို စောင့်ကြိုနေကြပြီး ”ဆန္ဒပြချီတက်တယ် ဆိုတာ ဒီလို အစုလိုက်အပြုံလိုက် ချီတက်လို့မရဘူး စနစ်တကျ ချီတက်ရပါတယ်၊ လေးယေက် တတန်း တွဲပြီး တန်းစီပါ” လို့ ပြောပြပါတယ်။ ပြီးတော့ သူတို့အသင့် ပြင်ဆင်လာခဲ့တဲ့ ကြွေးကြော်သံ စာရွက်တွေကို ဝေပေးပါတယ်။


အဲဒီတော့မှပဲ


သပိတ် သပိတ်.. (မှောက် မှောက်).

ဒီမိုကရေစီ ရရှိရေး …(ဒို့အရေး)၂
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး …(ဒို့အရေး)၂
ဖမ်းဆီးကျောင်းသား ပြန်လွတ်ရေ (ဒို့အရေး)၂
လူသတ်စိန်လွင် ပြုတ်ကျရေး… (ဒို့အရေး)၂ နဲ့
အရေးတော်ပုံ... (အောင်ရမည်)၂ ဆိုတဲ့ ကြွေးကြော်သံကို အော်ရကောင်းမှန်း သိသွားတယ်။ ပြည်ထောင်စုနေ့တိုင်း အော်နေကျ ကြွေးကြော်သံဖြစ်တဲ့ ကြွေးကြော်သံနဲ့ မတူဘဲ ကြွေးကြေ်ထူးထူးဆန်းဆန်းကို အော်ရလို့ ပါးစပ်မှာလည်း အရသာ ပိုရှိသလို စိတ်ဓါတ်တွေမှာလည်း အဆတရာမက ပိုပြီးတက်ကြွနေပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး.....(ဒို့အရေး)၂

စီးပွားရးစီမံကိန်း အောင်မြင်ရေး.....(ဒို့အရေး)၂
အဖျက်သမားချေမှုန်းရေး......(ဒို့အရေး)၂
ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး.... (အောင်ရမည်)၂ ဆိုတာကိုပဲ အမြဲအော်ဖူးပြီး နှလုံးသားထဲရော ပါးစပ်ထဲကိုပါ သံမှိုနဲ့ ရိုက်သွင်းထားသလို ရိုက်သွင်းထားခြင်း ခံရတဲ့ နေ့ကြီးရက်ကြီးနီးတိုင်း အော်နေကျ ကြွေးကြော်သံကလွဲပြီး ပထမဦးဆုံး အသစ်အဆန်း အော်ဖူးတဲ့ ကြွေးကြော်သံဖြစ်တယ်။

ဒါပေမယ့် အဲဒီအချက်တွေထဲမှာ ကျန်တာ အကုန်လုံးနီးပါးက ပထမကျောင်းသားသပိတ်နဲ့ ဒုတိယ ကျောင်းသားသပိတ်တွေ အကြောင်း သင်တုန်းက ကြားဖူးလို့ သိနေပေမယ့် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ တခုကိုတော့ ဘာကိုလိုလို့ တောင်းဆိုတယ် ဆိုတာ စချီတက်ချိန်မှာ မသိ၊ နားမလည်ခဲ့တာတော့ အမှန်ပဲ။


ကျွန်မတို့ ဒီကြွေးကြော်သံအတိုင်း ကြွေးကြော်ရင်း ကျောင်းရှေ့လမ်းမတလျှောက် ညာဘက်မှာရှိတဲ့ မြို့တော်ခန်းမဘက်ကို ချီတက်လာကြပြီး မြို့တော်ခန်းမအလွန် နည်းနည်းဆက်လျောက်တော့ အဲဒီတုန်းက ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံ သွားတဲ့လမ်း (အလကကျောင်း ရှိတဲ့လမ်း နာမည်မေ့သွားပြီ) အရောက်မှာ ညာဘက်ထပ်ကွေ့ကာ အလက ကျောင်းရှိတဲ့ဘက်ကို ချီတက်လာကြပါတယ်။ အလက ရှေ့ရောက်တော့ ကျောင်းဂိတ်ဝမှာ ဂိတ်တံခါးကို ပိတ်လျက် ကျောင်းအုပ်ဆရာမကြီးကို တွေ့ရပါတယ်။ ကျွန်မတို့က အလကရှေ့ရောက်တော့ ဆက်မသွားသေးပဲ ကျောင်းရှေ့ကို မျက်နှာမူပြီး ကြွေးကြော်သံတွေနဲ့ ဆက်လက် အော်ဟစ် ကြွေးကြော်နေတဲ့အချိန်မှာ ကျွန်မတို့ အထဲက ခေါင်းဆောင်လုပ်သူ ယေက်ျားလေး တချို့ကလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းသားတွေထဲက ဆန္ဒရှိသူတွေကို ၀င်ခေါ်ဖို့ အတွက် တံခါးဖွင့်ပေးဖို့ ဆရာမကြီးကို တောင်းဆိုပါတယ်။ ဒီတော့ ဆရာမကြီးက ”နင်တို့ဘာသာနင်တို့ သွားကြ ငါ့ကျောင်းသားတွေကို လာမခေါ်နဲ့ ကျောင်းဝင်းထဲကို ၀င်လာဖို့လည်း မကြိုးစားကြနဲ့ တံခါးလည်း မဖွင့်ပေးနိုင်ဘူး အခုချက်ချင်း ငါ့ကျောင်းရှေ့က ထွက်သွားကြ” လို့ မေင်းထုတ်ပါတယ်။


ယေက်ျားလေးတွေကလည်း ”ဆရာမ ကျွန်တော်တို့ကို မမောင်းထုတ်ပါနဲ့ ဆရာမ ကျောင်းရှေ့က မြန်မြန် ထွက်သွားစေချင်ရင် တံခါးဖွင့်ပေးပါ၊ မဖွင့်ပေးရင် ကျွန်တော်တို့ဖါသာ ကျွန်တော်တို့ မရရတဲ့နည်းနဲ့ ပွင့်အောင်လုပ်ပြီး ဆန္ဒလိုက်ပြ လိုက်ချင်တဲ့ ကျောင်းသားတွေကို ရအောင် ခေါ်ပြီးတော့မှ ပြန်မယ်” လို့ ပြောပြီး ”အကလက ကျောင်းသားတွေ နင်တို့က ကျောင်းသားတွေ မဟုတ်ဘူးလား ထွက်လာကြ” လို့ လှမ်းအော်ခေါ်နေတယ်။ ခေါင်းဆောင် တချို့က ဆရာမကြီးနဲ့ အခုလို အခြေအတင် ဖြစ်နေတဲ့ တချိန်မှာ ကျန်တဲ့ ကျွန်မတို့ အထကကလာတဲ့ ကျောင်းသားတွေက ကြွေးကြော်သံတွေကို ပိုပြီးကျယ်အောင် ဟစ်ကြွေးနေကြတယ်။ ကြွေးကြော်သံဒဏ်ကို မခံနိုင်ပဲ ထွက်လာချင်လို့ ကြိုးစားနေကြတဲ့ ၈ တန်းကျောင်းသားတွေကို အတန်းပိုင်ဆရာ၊ ဆရာမတွေက ငြိမ်ငြိမ်နေဖို့နဲ့ တိတ်တိတ်နေဖို့ ပြောပြီး လိုက်ထိန်းနေရတာကိုလည်း ကျွန်မတို့ တွေ့နေရပါတယ်။ ဒီအချိန်မှာ ခြေထောက်သိပ်မသန်တဲ့ ခုနှစ်တန်း ကျောင်းသားလေး တယောက်က ဆရာမတွေ ထိန်းနေတဲ့ကြားကနေ ဒို့အရေး ဒို့အရေးလို့ ကြွေးကြော်ပြီး ထွက်ပြေးလာတဲ့ အချိန်မှာတော့ တခြားကျောင်းသားတွေ အကုန်လုံးကလည်း စုပြုံပြီး လိုက်ထွက်လာကြပြီး ဆရာဆရာမတွေ ထိန်းမနိုင်တော့ပဲ အလက ကျောင်းသားတွေ ကျောင်းဝင်းပြင်ကို ရောက်ရှိလာကြပါတယ်။ ကျွန်မတို့ ကျောင်းဝင်းပြင်ကို ရောက်လာတုန်းကအတိုင်းပဲ တက္ကသိုလ် ကျောင်းသားတွေ၊ စာပေးစာယူဖြေနေသူတွေ ဖွံ့ဖြိုးရေးသိပ္ပံက ကျောင်းဆင်းထားသူတွေက တန်းစီ ချီတက်ပုံကို ပြောပြပြီး နေရာချပေးပါတယ်။


ပြီးတော့ ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသားတွေ ကျောင်းသားဟောင်းတွေ ပေါင်းပြီး တမြို့လုံးပတ်ပြီး ချီတက် ဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့ ကာလတလျှောက်လုံး တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက ဘေးကနေ ၀န်းရံပြီး ချီတက်ဖို့လမ်းကို ညွန်ပြပါတယ်။ လမ်းတလျှောက်မှာ အားပေးနေတဲ့သူတွေထဲက ကိုယ်တိုင် မချီတက်ပေမယ့် လမ်းဘေးတဖက်တချက်မှာ လက်ခုပ်တီးပြီး အားပေးနေကြပါတယ်။ ဒီအထဲမှာ မိမိတို့သားသမီးကို လိုက်ရှာပြီး ပြန်လာဆွဲခေါ် ခေါ်သွားကြတဲ့ မိဘတွေလည်း ရှိပါတယ်။ ဆန္ဒပြသူတွေကို စေတနာ အပြည့်နဲ့ ရေတိုက်သူ၊ အချိရည်တိုက်တဲ့သူ၊ သကြားလုံးချိုချည်နဲ့ မုန့်ပဲ သရေစာ ဝေတဲ့သူတွေက မကြာခဏ လာလာဝေပေးပြီး အားပေးကြတာလည်း အံ့မခန်းလောက်အောင်ပါပဲ။ ကျွန်မတို့ အခန်းက ယောက်ျားလေးတွေ အများဆုံးပါဝင်တဲ့ အထကမှာ အတန်းကြီးဆုံးဖြစ်ကြတဲ့ ကိုးတန်းနဲ့ ၁၀ တန်း ကျောင်းသားတွေကတော့ လမ်းဘေးက အားပေးနေသူတွေကို ဘာကြောင့် ဆန္ဒပြရတယ် ဆိုတာကို တလျှောက်လုံး Speaker နဲ့ အော်ပြီး ရှင်းပြလာပါတယ်။


ကျွန်မတို့ တမြို့လုံးအနံ့ ချီတက် ဆန္ဒပြခဲ့ပါတယ်။ မြို့ကသေးတော့ ကြာကြာ မပတ်လိုက်ရပဲ နေ့လည် ထမင်းစား ကျောင်းဆင်းချိန်ခန့်မှာပဲ တမြို့လုံး နှံ့သွားပါတယ်။ အဲဒီအချိန်မှာ မြို့ထဲက မြို့သူမြို့သားတွေဆီက တအိမ်ထမင်းထုပ်တထုတ်စီ လာပို့ထားလို့ ဖက်ရွက်နဲ့ ထုပ်ထားတဲ့ ထမင်းထုတ်တွေကိုပဲ နေ့လည်စာ အဖြစ်စားကြပါတယ်။ စုရပ်မရောက်မီ မြေနီကုန်းလမ်း (အခုတော့ အခေါ်အဝေါ် ပြောင်းနေနိုင်တယ်) ကို ဖြတ်ပြီး ဂတ်တောင် (ရဲစခန်းရှိတဲ့ကုန်းကို ခေါ်တဲ့ ဒေသအခေါ်) ကို ဖြတ်လာရာမှာ ပုလိပ်တွေက သေနတ်တွေကိုင်ပြီး ပြူးကြောင်ပြီး ခက်ထန်တဲ့ အကြည့်စမ်းစိမ်းနဲ့ ကြည့်နေကြတော့ စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအချိန်မှာ သေရမယ်ဆိုရင်တောင် သေဖို့အဆင်သင့်ပဲ ဆိုတဲ့ပုံစံနဲ့ အဲဒီအချိန်မှာ အကြောက်တရား လုံးဝမရှိဘဲ စိတ်ဓါတ်တွေက ပြင်းထန်နေခဲ့ကြတယ်။ တကယ်ကို အဲဒီအချိန်မှာ ပုလိပ်တွေ ပစ်ရင်တောင်မှ ကြောက်စိတ်နဲ့ သေသွားမှာမဟုတ်ဘဲ အာဏာရှင်စနစ်ဆိုး ပြုတ်ကျပါစေလို့ အော်ပြီး သေသွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ပြီးနောက် ဂတ်တောင်ကို ကျော်သွားပြီး ကမ်းနားလမ်းကို ဖြတ်ချိန်မှာ လက်ဘက်ရည်ဆိုင်တဆိုင်ထဲမှာ မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကကိုတွေ့လိုက်ရတယ်။ သူ့ရှေ့ရောက်တော့ ကျောင်းသားတွေက ကြွေးကြော်သံကို အသံပိုကျယ်ကျယ်နဲ့ အော်ကြတယ်။ ကမ်းနားလမ်းကအပြန် တရားဟော စင်မြင့်ရှိရာ လွတ်လပ်ရေး ကျောက်တိုင်ကို သွားဖို့ ဗိုလ်မှူးဗထူး လမ်းအတိုင်း ပြန်တက်လာတဲ့ အချိန်ကျမှ ကျွန်မမှာ ဖိနပ်မပါလာတာ သတိထားမိတယ်။ ဆရာကြီး အလယ်လှေကားကနေ ကျောင်းအောက်ထပ်က ပြန်တက်လာတော့မယ်ဆိုတာ သိလိုက်တာနဲ့ ကျောင်းအောက်ကို မြန်မြန်ရောက်ချင်ဇောနဲ့ အခန်းရှေ့ဖိနပ်ချွတ်တဲ့ နေရာမှာ ဖိနပ်သွားစီးဖို့ မေ့ပြီးဆင်းလာခဲ့မှန်း သတိထားမိတယ်။


ဗိုလ်မှူးဗထူးလမ်းအဆုံး ညာဘက်ကိုကွေ့တော့ အဲဒီအချိန်က ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံနဲ့ မျက်စောင်းထိုးနေရာ လွတ်လပ်ရေးကျောက်တိုင်ရှိ စင်မြင့်ပေါ်မှာ တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက မိန့်ခွန်းပြောဖို့အတွက် စုဝေးကာ မိန့်ခွန်းပြောတဲ့ အစီစဉ်ကို စတင်ခဲ့ပါတယ်။ မိန့်ခွန်းပြောတဲ့အခါမှာတော့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းဆင်းလာသူတွေ၊ ကျောင်းသားဟောင်းတွေက ဇာတ်လိုက်တွေ ဖြစ်သွားကြပြီး ကျွန်မတို့အထက်တန်း အလယ်တန်း ကျောင်းသားတွေနဲ့ အနောက်မှာတော့ မြို့က နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတက်တောင် များပြားလှတယ် ထင်ရတဲ့ မြို့သူမြို့သားတွေက နားထောင်သမား သက်သက်ဖြစ်သွားကြတယ်။ ကျွန်မလည်း သူတို့ရဲ့ မိန့်ခွန်းတွေကို သေသေချာချာ နားထောင်ရတဲ့အခါမှာမှပဲ တမနက်လုံး မသိပဲနဲ့ အော်လာတဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်အပြင် လူ့အခွင့်အရေးဆိုတာကိုပါ နားလည်ခွင့်ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတချို့တလေမှာ ဒီမိုကရေစီကျကျ တည်ဆောက်ရမယ် ဆိုတာ တခါတလေ ဖတ်ဖူးပေမယ့် ဒီမိုကရေစီဆိုတာ ဘာကိုပြောလဲဆိုတာကိုတော့ အဲဒီနေ့မှာမှ အတိအကျ ကျွန်မနားလည်ခဲ့တယ်။


ဒီမိုကရေစီဆိုတာ အများပြည်သူအုပ်ချုပ်တာ ဖြစ်ပြီး အခုကျွန်မတို့နိုင်ငံမှာက အာဏာရှင် အုပ်ချုပ်နေပြီး တိုင်းသူပြည်သားတွေမှာ လူ့အခွင့်အရေး မရှိကြောင်း၊ လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုရေးသား ဖွင့်ဟပိုင်ခွင့်၊ မိမိကြိုက်တဲ့အစိုးရကို လွတ်လပ်စွာ ရွေးချယ်တင်မြောက် ဖြုတ်ချပိုင်ခွင့်ရှိတဲ့အကြောင်းကို ဟောပြောတာကို နားထောင်လိုက်မှ အတော်လေး သဘောပေါက်သွားပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့မြန်မာပြည်က အများဆန္ဒမပါဘဲ လူတယောက်တည်း၊ တစုတည်းက ချယ်လှယ် အုပ်ချုပ်တာဖြစ်တဲ့အတွက် တိုင်းပြည်က ချမ်းသာရာကနေ အဆင်းရဲဆုံး ဖြစ်လာတယ်။ ဒီစနစ်ကို ပြုတ်ကျအောင် လုပ်ရမယ်ဆိုတဲ့ အသိနဲ့ ခံယူချက်ရဲ့ အခြေခံအုတ်မြစ်ကို ကျွန်မရခဲ့ပါတယ်။


မိန့်ခွန်းပြောတဲ့ တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီ လူ့အခွင့်အရေးတွေ အပါအ၀င် ၆၂ မှာ ပါလီမန် ဒီမိုကရေစီ အစိုးရဆီက စစ်တပ်က အတင်းအာဏာ သိမ်းပုံ၊ 7 July ကနေ ၈၈ အထိ ဖြစ်လာခဲ့တဲ့ ၆၉ခု၊ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ ခု၊ ဦးသန့်အရေးအခင်း (ဘာဖြစ်တယ်ဆိုတာ မသိပေမဲ့ ကြားဖူးတယ်)၊ ရခိုင်ဆန်ပြဿနာ၊ ၇၆ ခု မှိုင်းရာပြည့် အရေးအခင်း၊ ၈၇ ငွေစစက္ကအရေးအခင်း (ဒီတခုကိုတော့ သိတယ်) ၈၈ ခု၊ မတ်လနဲ့ ဇွန်လ အရေးအခင်းတွေမှာ လက်နက်နဲ့ ဖြေရှင်းခဲ့တဲ့အကြောင်းကို ကိုမင်းကိုနိုင် လက်မှတ်နဲ့ ဗကသက ဖြန့်ဝေတဲ့ စာထဲမှာ ကျွန်မတို့ ဖတ်ထားတာထက် ပိုမို အသေးစိတ်ကျတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ်။ ဆန်ရေစပါး ပေါများကြွယ်ဝပြီး သယံဇာတ တွင်းထွက်ပစ္စည်းတွေ၊ ကျွန်းသစ်၊ ရေနံ၊ ရေထွက်ပစ္စည်းတွေ များပြားလှတဲ့အကြောင်း ရှစ်တန်းအထိ သင်ဖူးတဲ့ ပထ၀ီဘာသာထဲကအတိုင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံအထဲမှာ ပါတယ်လို့ ထင်ရတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်ဆိုတဲ့အသိ၊ ၆၂ မှာ တိုင်းပြည်ကို ပြိုကွဲမှာစိုးလို့ အာဏာသိမ်းရတယ်ဆိုတာကိုပဲ နားလည်ရာကနေ အရေးအခင်းတိုင်း တောက်လျှောက် လူသတ်လာတဲ့ လူသတ်အစိုးရအဖြစ် မယုံနိုင်လောက်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရဖြစ်နေတာကို သိလိုက်ရတဲ့ ဒီအရေးအခင်း ရတဲ့ အသိတွေကတော့ ကျွန်မကို စိတ်သစ်၊ လူသစ်အဖြစ် ဒုတိယအကြိမ် မွေးဖွားပေးလိုက်ပါတယ်။ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးနဲ့ ဓါတ်ပုံတွေ သတင်းကားတွေထဲမှာ(အဲဒီအချိန်က ကျွန်မတို့ရွာမှာ တအိမ်မှ TV မရှိသေးဘူး) ကြည့်ရတာ ကျွန်မမျက်စိမှာ ကျက်သရေရှိလှတဲ့ ဦးနေ၀င်းပုံကလည်း ချက်ချင်း မောင့်ကျက်သရေခေါင်းပေါင်း ပြုတ်ကပြီး ဘီလူးခေါင်းက အစားထိုးနေရာယူလာသလို ခံစားလိုက်ရတယ်။


အဲဒီနေ့က ဟောပြောပွဲပြီးတဲ့အချိန်က ကျွန်မတို့ ကျောင်းဆင်းချိန်နဲ့ အတူတူလို ဖြစ်နေပြီး နောက်နေ့တွေမှာ သပိတ်စခန်းတွေကို ဖွင့်ပြီး ဒီအစိုးအရ မကျမမချင်း တိုက်ပွဲဝင်မယ်ဆိုတာနဲ့ ဆုံးဖြတ်ပြီး ဒီနေ့အတွက် ဆန္ဒပြပွဲကို ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ပါတယ်။ မြို့ကြီးတွေမှာလို ပစ်ခတ်မှုတွေ မဖြစ်လို့ ကျွန်မတို့ဆီမှာ ကျောင်းသားတွေ သွေးမြေမကျခဲ့ရဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ တခြားဒေသတွေက နယ်တွေမှာလည်း ဒီလိုပဲ သွေးမြေကျတာ မကြားသိခဲ့ရပါဘူး။ မြန်မာပြည်ရဲ့ လူဦးရေ အများစုဟာ နယ်တွေမှာပဲ ရှိတဲ့အတွက် နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေကိ ဒီမိုကရေစီ လူ့အခွင့်အရေး သဘောတရားတွေကို နားလည်အောင် လုပ်ဖို့ဆိုတာ တကယ်ပဲ အရေးကြီးပါတယ်။ ပြည်သူလူထုက ဒီသဘောတရားတွေကို နားမလည်ပဲနဲ့ မြန်မာပြည်ကို အပြောင်းအလဲ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီနေ့က ဆန္ဒပြပွဲမှာ ပြည်သူလူထုတွေနဲ့ ကျွန်မတို့လို ငယ်ရွယ်တဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားတွေကို တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိတရားတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီအသိတရားတွေနဲ့အတူ ကျွန်မဘ၀ဟာလည်း မိဘ၊ ညီအစ်ကို မောင်နှမတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်ရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒုတိယအကြိမ် ရှင်သန်လာခဲ့တာ အခုထိပါပဲ။


နောက်ပိုင်းတော့ သပိတ်စခန်းတွေ ဖွင့်ဖြစ်ပြီး ကျွန်မတို့ ရွာအပါအ၀င် အလယ်တန်းကျောင်းအဆင့်ရှိတဲ့ ရွာတွေအားလုံးမှာ သပိတ်စခန်းတွေ ဖွင့်ပြီး တိုက်ပွဲဝင်ခဲ့တာ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန် ထွက်ပြေးရတဲ့အထိပါပဲ။ တချို့ကျောင်းသားတွေ အဲဒီနေ့က စတဲ့သပိတ်ကနေ အစွန်အဖျားပိုကျတဲ့ ရွာတွေကို စည်းရုံးရေးဆင်းလိုက် သပိတ်စခန်းကို ပြန်လိုက်နဲ့ အိမ်ကို တခေါက်မှ ပြန်မရောက်တော့ဘဲ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန်မှာ တခါတည်း တောထဲရောက်လာတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မ အတွက်တော့ အဲဒီနေ့က ဖိနပ်မပါပဲ တမြို့လုံးနှံ့အောင် ရောက်ခဲ့တာနဲ့ ကျွန်မတို့ စာသင်ခန်းက ထွက်ခွာလာတဲ့အချိန်မှာ ကျွန်မတို့အတွက် စိုးရိမ်လို့ မျက်နှာပြင်တခုလုံး နီမြန်းပြီး အပူရုပ်နဲ့ အခန်းထဲမှာ တယောက်တည်း ကျန်ခဲ့တဲ့ ဆရာမရဲ့ရုပ်ပုံလွှာကိုတော့ မြန်မာပြည်မှာ ကျွန်မတက်ခဲ့တဲ့စာသင်ခန်းရဲ့ နောက်ဆုံးမြင်ကွင်းအဖြစ် အမြဲအမှတ်ရလျက် ရှိနေပါတယ်။ ဖိနပ်ကို စာသင်ခန်းရှေ့မှာ ထားခဲ့ပြီး မြို့တမြို့လုံးနှံ့အောင် ဖိနပ်မပါပဲ လမ်းလျှောက်ပြီး ထွက်ခွာလာခဲ့တဲ့နေ့ ၉-၈.၈၈ ကနေ ရေတွက်ရင် ဒီနေ့ဆိုရင်  ၂၅ နှစ်တိတိ ရှိသွားပါပြီ။

No comments: