Friday, August 2, 2013

ဒုဗိုလ်ချုပ်ကြီး တင်ဦး နေအိမ်သို့ ပါဆယ်ဗုံးပို့လုပ်ကြံသည်ဟု စွပ်စွဲခံရသူ ဇနီးမောင်နှံနှင့် တွေ့ဆုံခြင်း



2.8.2013
၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး ၂ ဒုဗိုလ်ချုပ်ကြီး တင်ဦးနေအိမ်သို့ ပါဆယ်ဗုံးပို့ ဖောက်ခွဲလုပ်ကြံမှုနှင့် စွပ်စွဲခံရပြီး အပြစ်ဒဏ်ပေးခံရသူ မန္တလေးမြို့မှ ကိုမိုးကျော်သူတို့ ဇနီးမောင်နှံနှစ်ဦးကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းမရှိသေးဟု ကာယကံရှင်များက ပြောသည်။

ကိုမိုးကျော်သူတို့ ဇနီးမောင်နှံသည် ထိုလုပ်ကြံဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် ၎င်းတို့မှာ မတရား အပြစ်ဒဏ်ချမှတ်ခြင်း ခံရခြင်းသာဖြစ်ကြောင်း မဇိ္ဈမသို့ ထုတ်ဖော် ပြောဆိုသည်။ ၁၉၉၇ ခု၌ ပါဆယ်ဗုံးလုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီးတင်ဦးသည် ၂၀၀၁ ခု ဖေဖော်ဝါရီလက ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

ပြစ်ဒဏ်များ ချမှတ်ခံရကာ လွတ်မြောက်လာပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အကြောင်းအရင်း တစ်စုံတစ်ရာမသိရဘဲ နိုင်ငံကူးလက်မှတ် ကျလာခြင်း မရှိသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်ကြောင်း ပြောဆိုသည်။ ကိုမိုးကျော်သူတို့ ဇနီးမောင်နှံအား ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ပေးလိုက်သည်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီးဖြစ်သူ မချိုလဲ့ဦး သေဆုံးသွားခဲ့ရပြီး အာဏာပိုင်များအနေဖြင့် ဖောက်ခွဲမှုကို စီမံဆောင်ရွက်သူအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ၊ နိုင်ငံတော်လုံခြုံမှုအတွက် အရေးကြီးသည်ဟုဆိုကာ ကိုမိုးကျော်သူတို့ ဇနီးမောင်နှံအား ထောင်ဒဏ်အသီးသီး အပြစ်ဒဏ်ပေးခဲ့သည်။

၎င်းတို့က နိုင်ငံကူးလက်မှတ်သည် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင်အရေးဖြစ်ရာ ထိုအချိန်က ဗုံးပေါက်ကွဲမှုတွင်လည်း လုံးဝ ပတ်သက်ခြင်းမရှိကြောင်း မဇ္စျိမနှင့် အင်တာဗျူးတွင် ပြောဆိုထားကြသည်။

ကိုမိုးကျော်သူ

နိုင်ငံကူးလက်မှတ် လျှောက်တာ ဘယ်လောက် ကြာပြီလဲ။

ကျွန်တော် ပါတ်စပို့က လျှောက်ထားတာ ၁ နှစ်နဲ့ ၈ လရှိပြီ လျှောက်ထားတာ။ ဘာကြောင့် မပေးတာလဲ ဆိုတာ မပြောဘူးဗျ။ ကျွန်တော်ကတော့ ထောင်ထွက်လက်မှတ်တွေပါ တွဲပြီး တင်ထားတာပေါ့နော်။

ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်တယ် ယူဆလို့ မကျတာလားဗျ။

ကျွန်တော်တို့ကို ကျွန်တော့်ပုဒ်မကတော့ ပုံနှိပ် ၁၆၊ ၂၀ ကြိုးမဲ့ကြေးနန်းဖက်စ်၊ အမြန်ချောပို့စနစ်နဲ့ လိုင်စင်မရှိဘဲ သုံးလို့ပေါ့နော်။သူတို့(အာဏာပိုင်)က အမိန့်ချတာကတော့ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတယ်ဆိုပြီး အမိန့်ချတာ၊ ကျွန်တော်က အားလုံး ၁၀နှစ်၊ ကျွန်တော့်အမျိုးသမီးလည်း ၁၀နှစ်ကျတယ်။ ကျွန်တော် အမျိုးသမီးက လေးနှစ်ကျော်ကျော်နဲ့ လွတ်တယ်ခင်ဗျ။ ကျွန်တော်က ငါးနှစ်ကျော်နဲ့ လွတ်တယ်။ ပုဒ်မ ၄၀၁ ထိုးခဲ့ရတယ်။

ဘာကြောင့် ပါတ်စ်ပို့ ချမပေးဘူးလို့ ထင်ပါသလဲ။

သူတို့က ဂဃနဏ မသိဘဲနဲ့ မပေးရဲလို့ မပေးတာလို့ ယူဆတယ်။ ဗိုလ်ချုပ်ကြီး တင်ဦးအိမ် ပါဆယ်ဗုံးခွဲတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တယ် ယူဆလို့ ချမပေးတာပဲလို့ ယူဆတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ကို ရန်ကုန်ကို ကျွန်တော် လှမ်းမေးတယ်။ မကျသေးဘူးလို့ဘဲ ပြောတယ်။

ဘာကြောင့် ချမပေးတာလဲလို့ မပြောဘူးလားဗျ။

မပြောဘူးဗျ။ ပွင့်ပွင့်လင်းလင်း မပြောဘူးဗျ။ မကျသေးဘူး။ ၀န်ကြီးဆီ တင်ထားတယ်လို့ပဲ ပြောတယ်ဗျ။ အခု သူများတွေ လျှောက်တာ၂၄ ရက်ဆို ချပေးတယ်ဗျ။ ရန်ကုန်မှာ သွားသွားစုံစမ်းရတာ၊ မကျသေးဘူးဘဲ ပြောပြောလွှတ်တယ်။ ကျွန်တော် စာတင်မယ်ပြောတော့။ သူတို့ဆီမှာ မတင်ပါနဲ့တဲ့၊ ကိုယ့်ဟာကိုယ် တင်ပါလို့ ပြောတယ်ဗျ။

ကိုယ့်ဟာကိုယ်တင်ဆို ဘယ်ကို တင်ရမှာလဲဗျ။

ကျွန်တော်က နိုင်ငံတော်သမ္မတဆို နိုင်ငံတော်သမ္မတဆီ တင်မှာပဲဗျ။ သူတို့ဌာနကို ပေးမတင်ဘူး။ ဘာ အကြောင်းပြချက်မှလည်း မရှိဘူးဗျ။

ဗုံးကိစ္စက ဘယ်လိုဖြစ်တာလဲ။ ပြောပါဦးဗျ။

အဲဒါ ဒီလိုဗျ။ ဂျပန်မှာ ကျွန်တော့် ယောက်ဖရှိတယ်ဗျ။ ကျွန်တော်တို့က ဂျပန်ကနေ ပစ္စည်းပို့တဲ့ လုပ်ငန်း လုပ်တာပါ။ Courier Service (ပစ္စည်းပို့ဆောင်သော ၀န်ဆောင်မှု) လုပ်တာပါ။ သူတို့ (အာဏာပိုင်) စွပ်စွဲထားတဲ့ (ကိုသောမတ်) ဆိုတာ ကုမ္ပဏီကခေါ်ထားတဲ့ ဒရိုင်ဘာတစ်ယောက်ပါ။ ကိုသောမတ်စ်က ကျွန်တော့်ယောက်ဖကုမ္ပဏီမှာ လုပ်တယ်ဆိုပြီး သောမတ်စ်ကို စွပ်စွဲပြီးတော့ သူကိုမရတော့ ကျွန်တော်တို့ကို ချလိုက်တယ်ဆိုတဲ့ ပုံစံပဲဗျ။

ဘယ်ထောင်က လွတ်လာတာလဲ။

၂၀၀၂ ခုနှစ် နိုဝင်ဘာလက မော်လမြိုင်ထောင်ကနေ လွတ်တာပါ။ မော်လမြိုင်ထောင်မှူးကတော့ မင်းတို့ကတော့ ဘာမှ မှာစရာ မရှိပါဘူးတဲ့။ စီးပွားရေးလုပ်ရင်းနဲ့ အခန့်မသင့်လို့ ကျသွားတာလို့ပဲ ပြောတယ်။ ဘာမှအထွေအထူး မပြောဘူးဗျ။ ကျွန်တော် အသက် ၂၉ နှစ်မှာ ကျတာ၊ အခု အသက် ၄၇ နှစ်ရှိပြီ။

အကိုရဲ့ နစ်နာမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲဗျ။

ကျွန်တော်တို့ကတော့ မဟုတ်ဘဲနဲ့ ခံရတာပေါ့လေ။ ပတ်လည်း မပတ်သက်ဘူး။ သိလည်း မသိဘူးပေါ့။ သူတို့ စွပ်စွဲတာတွေ ကျွန်တော်တို့နဲ့ အဆက်အသွယ် မရှိဘူးပေါ့၊ ကျွန်တော်တို့ အေးအေးဆေးဆေး စီးပွားရေး လုပ်ကိုင်စားသောက်နေတာပေါ့လေ၊ ကျွန်တော်က ကလေးတွေကို ဗဟုသုတအနေနဲ့ နိုင်ငံခြား ရောက်ဖူးအောင်၊ မိသားစုအနေနဲ့ ထွက်ချင်တာပါ။
ကလေးတွေတော့ပါတ်စပို့ရတယ်။ ကျွန်တော်တို့ လင်မယား မရဘူး။ မိသားစုလိုက် လျှောက်တာ၊ ကလေးတွေကို ချပေးတယ်။

ဘာဆက်လုပ်ထားလဲဗျ။

ကျွန်တော် သမ္မတကြီးဆီ စာတင်တယ်ဗျ။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ဆီကိုလည်း စာတင်တယ်။ လူ့အခွင့်အရေးကော်မရှင်ဆီကိုလည်း တင်တယ်။ ဦးဌေးဦးဆီလည်း စာတင်တယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက ဦးဝင်းမြင့်ကတော့ ဆက်လုပ်သွားပါမယ်ဆိုတဲ့ အကြောင်းစာ ပြန်လာပါတယ်။ သမ္မတရုံးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက တင်တာ၊ ၀န်ကြီး ဦးစိုးမောင်ဆီ တင်လိုက်တာ။ ပြည်ထဲရေးဝန်ကြီး ပါတယ်ဗျ။ အဲဒီစာတွေက ဘာမှ ထူးခြားမှု မရှိဘူး။

ဆက်ပြီး စုံစမ်းဖြစ်လား။

မစုံစမ်းဖြစ်တော့ဘူး။ စိတ်က ရှုပ်လာပြီ။ မန္တလေးမှာ တင်လို့မရဘူး။ ကျွန်တော်တို့ လျှောက်တဲ့အချိန်က။ ရန်ကုန်မှာပဲ လျှောက်ရတာ။ အချိန်ကုန်၊ လူပန်းဖြစ်တာပေါ့။ သမ္မတရုံးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက တင်တာ၊ ၀န်ကြီး ဦးစိုးမောင်ဆီ တင်လိုက်တာ။ ပြည်ထဲရေးဝန်ကြီး ပါတယ်ဗျ။ အဲဒီစာတွေက ဘာမှထူးခြားမှု မရှိဘူး။

ဘာဖြည့်စွက်ပြောမလဲဗျ။

နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ။ ကျွန်တော် အခု ပုံနှိပ်လုပ်ငန်း လုပ်တယ်။ အဲဒီတုန်းက ကျွန်တော်က ဂျပန်မှာ သွားအလုပ်လုပ်တဲ့သူတွေ ပြန်ပို့တဲ့ ပစ္စည်းတွေကို (ပစ္စည်းပို့ဆောင်သော ၀န်ဆောင်မှု) လုပ်ကိုင်ပေးတဲ့ လုပ်ငန်းလုပ်တာဗျ။ မိတ္တူကူးစက် နှစ်လုံးကို ကျွန်တော်တို့ကို ဖမ်းတဲ့နေ့မှာ သိမ်းလိုက်တယ်။ နောက်နှစ်ပတ်လောက်နေတော့ ပြန်ပို့လိုက်တယ်။ မိတ္တူကူးစက်တွေမှာ ဘာမှအပြစ် မရှိဘူးဆိုပြီးတော့ ပြန်ပို့တယ်။ အမှုတည်ဆောက်လို့မရတော့ အဲဒါတွေ ပြန်သိမ်းပြီး ကျွန်တော်တို့ကို လိုင်စင်မရှိဆိုပြီး ပုဒ်မတပ်တာဗျ။ ကျွန်တော့်ယောက်ဖ ကျော်စိုးမင်းနှင့် ရန်ကုန်မှအေးဂျင့်ဆိုပြီး ရေးလိုက်တယ်။ သတင်းစာမှာ စာတိုက်ကနေ ပို့တယ်ဆိုတဲ့အကြောင်းပဲ ပါတယ်။ ကျွန်တော်တို့ ပို့တယ်ဆိုတာ မစွပ်စွဲဘူး။

မစွပ်စွဲပဲ၊ သက်သေမပြနိုင်ဘဲ ဘာကြောင့် ထောင်ချရတာလဲဗျ။

သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်ပြောထားတာ၊ ဒီဟာ စာတိုက်ကနေလာတယ်ဆိုတဲ့ အကြောင်းပဲ ပါတယ်။ ဒါဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတယ်ဆိုပြီး ချပစ်လိုက်တာ။ ပုဒ်မ ကျတော့ ရိုးရိုး ပုံနှိပ် ၁၆/၂၀၊ ၁၇/၂၀ နဲ့ချတာ။ နောက် ကြိုးမဲ့ကြေးနန်းက ၆/၁ ဗျ။ ရှေ့နေလည်း ငှားခွင့် မပေးဘူး။ ကျွန်တော်တို့ကို အထူးအုပ်ဆိုပြီး၊ ထောင်ထဲတင် အထူးတရားရုံးဆိုပြီး အမိန့်ချတာ။ ကျွန်တော်တို့ မိသားစုလည်း မပါဘူး။ ထောက်လှမ်းရေးတွေနဲ့၊ အကျဉ်းဦးစီးဌာနက လူတွေ၊ တရားသူကြီးနဲ့ ဆွဲချတွေ ခေါ်လာပြီး ချလိုက်တာ။ ပထမတစ်ရက် အမှုစစ်တယ်။ နောက်တစ်ရက် အမိန့်ချတယ်။ နှစ်ရက်တည်းနဲ့ စီရင်တာဗျ။
ထောက်လှမ်းရေးတွေ ဖမ်းတုန်းက ကျွန်တော်က ပြောတယ်။ ကျွန်တော် အိမ်ထောင်ဦးစီးပါ။ ကျွန်တော့်ကို ဖမ်းပါ၊ ကျွန်တော့် အမျိုးသမီးကို မဖမ်းပါနဲ့လို့ ပြောတယ်။ သူတို့က နှစ်ယောက်စလုံးလိုတာဆိုပြီး ဖမ်းသွားတာဗျ။ လင်မယားနှစ်ယောက်စလုံးကို ဒီပုဒ်မနဲ့ပဲ လုပ်တာ။

စစ်ကြောရေးမှာ ဘာတွေကြုံခဲ့ရသေးလဲ။

အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက ချလိုက်တာ။ စစ်ဆေးချိန်မှာတော့ နှိပ်စက်ညှင်းပန်းတာ မရှိပါဘူးဗျ။ ကျွန်တော် ၂၀၀၀ ခုနှစ် ဇူလိုင်လထဲမှာ မော်လမြိုင်ပို့လိုက်တယ်ဗျ။ မော်လမြိုင်ထောင်ရောက်ပြီးတော့ နှစ်လ၊ သုံးလ လောက်နေတော့ ကျွန်တော်တို့ကို အကျဉ်းဦးစီး ၀န်ထမ်းတွေက ၀ိုင်းရိုက်ကြတယ်။ ညနေ ၅ နာရီခွဲလောက်မှာ လာခေါ်ထုတ်ပြီး ကျွန်တော်တို့ အရိုက်ခံရတယ်။ ဗိုလ်ကြီးဟောင်း ၀င်းဗိုလ် ဆုံးသွားတယ်ဗျ။ လက်ထိပ်နောက်ပြန်ခတ်ပြီး ခေါ်သွားတယ်ဗျ။ ဗိုလ်ကြီးဟောင်း ၀င်းဗိုလ်၊ ကျွန်တော်၊ ဇော်မင်းမင်းလတ် သုံးယောက်တည်းခင်ဗျ။ သူတို့က မင်းတို့ ဗိုလ်ကြီး ၀င်းဗိုလ် မြှောက်ပေးတယ် ဘာညာ ဆိုပြီး ရိုက်တာဗျ။ ဘာမှန်းမသိဘဲ အရိုက်ခံရတာဗျ။ ဗိုလ်ကြီးဟောင်း ၀င်းဗိုလ်က အဲဒီနေရာမှာပဲ သေသွားတယ်ဗျ။ ကျွန်တော်တို့ တစ်ခန်းဆီ၊ မနက်ကျမှ သေမှန်း သိလိုက်ရတယ်။ ၂၀၀၀ ခုနှစ် သြဂုတ်လ ထဲမှာပဲဗျ။ ခန္ဓာကိုယ်အောက်ပိုင်းမှာ အရိုက်ခံရတာဗျ။ သစ်သားတုတ် နံပါတ်ဒုတ်တွေနဲ့ ရိုက်တာဗျ။ သူတို့ကိုင်တဲ့ ဒုတ်တွေနဲ့ ရိုက်တာ။ မီးလောင်ဖုကြီးတွေလိုပဲ ခြေထောက်တွေမှာ ဒဏ်ရာရတယ်။ သူကတော့ သေသွားတာဆိုတော့ တစ်ကိုယ်လုံး အရိုက်ခံရတာ။ မော်လမြိုင်ထောင်မှာ နှစ်နှစ် ကြာတယ်။

နိုင်ငံကူးလက်မှတ်က အရေးတကြီး လိုအပ်နေတာလား။

အဓိကကတော့ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့နော်။ ကျွန်တော်တို့ကို အပြစ်ရှိတယ်ဆိုပြီး အပြစ်ဒဏ်လည်း ပေးထားပြီ၊ ကျွန်တော်တို့အခွင့်အရေး ကျွန်တော်တို့ ပြန်လိုချင်ပါတယ်။ အရင်အစိုးရဆိုရင် လုံးဝ မလျှောက်ဘူးဗျ။ အခုကျတော့ ဒီမိုကရေစီအစိုးရဆိုတော့၊ လျှောက်တာပါ။ လက်တွေ့မှာ ဖြစ်မလာပါဘူး။

မတရားခံရတယ်လို့ ယူဆရင် ဘာတွေ လုပ်သွားဖို့ ရှိမလဲ။

တရားတော့ ပြန်မစွဲချင်ပါဘူးဗျာ။ ပြည်သူ၊ ပြည်သားတွေ မတရားခံခဲ့ရတယ်ဆိုတာ သိစေချင်တယ်။ ဗိုလ်ချုပ်ကြီး တင်ဦးအိမ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မိသားစု လုံးဝပတ်သက်မှုမရှိဘူးဆိုတာ သိစေချင်တာပါ။ ကျွန်တော်သာ တကယ်ပတ်သက်ခဲ့တယ်ဆိုရင် ဒီအချိန်ဆို ကျွန်တော်တို့သေနေလောက်ပါပြီ။ ထောင်ထဲကကို ပြန်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ စစ်ဆေးတဲ့လူတွေကလည်း ပြောပါတယ်။ မင်းတို့မှာ ဘာအပြစ်မှမရှိပါဘူးလို့ ပြောပါတယ်။ သူတို့ကလည်း အထက်က ခိုင်းတဲ့အတိုင်း လုပ်ရတယ်လို့ ပြောပါတယ်။

မနီနီယဉ်

အစ်မ စစ်ကြောရေးရောက်တုန်းက အတွေ့အကြုံတချို့ ပြောပြနိုင်မလား။

ကျွန်မတို့ကို လာခေါ်သွားပြီး စစ်ကြောရေးမှာ နှစ်ပါတ်၊ အဲဒီမှာ စစ်ပြီးတော့ ထောင်ထဲကို ပို့လိုက်တယ်။ ၁၉၉၇ ခုနှစ် စက်တင်ဘာလဆန်းမှာ အမိန့်ချလိုက်တယ်။ ၁၀ နှစ် အပြစ်ပေးခံရတယ်။ နှိပ်စက်တာ မခံရပါဘူး။ အင်းစိန်အချုပ်တိုက်မှာ မသီတာ၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဒေါ်စန်းစန်းတို့နဲ့ နေခဲ့ရတယ်။ လေးနှစ်နဲ့ ရှစ်လနေပြီး လွှတ်လာခဲ့တယ်။ အဆင်မပြေတာတွေ များပါတယ်။ အိမ်က နှစ်ပါတ်တစ်ခါ လာတွေ့တယ်။ ဘုရား၊ တရား လုပ်ပြီး နေခဲ့တယ်။

အစ်မ ဘာတွေ ဆုံးရှုံးခဲ့ရလဲ။

ကျွန်မ လူမှုရေး၊ စီးပွားရေး အကုန်လုံး ဆုံးရှုံးတာပေါ့၊ ကျွန်မ စီးပွားရေးနဲ့ ကျောင်းပြီးသွားပြီ၊ ကျွန်မ အမျိုးသားက ရန်ကုန်မှာ အလုပ်လုပ်တယ်။ ကျွန်မက သူအလုပ်သွားရင် အနောက်က လိုက်ပါတယ်။ ကျွန်မတို့ ထောင်ထဲမှာနေတုန်းက ကျွန်မမိဘက မော်လမြိုင်ပြောင်းရတယ်လေ။ ကျွန်မတို့ ထောင်ထဲမှာနေတော့ ကျွန်မတို့ကို ပေးမတွေ့ဘူး။ ကျွန်မ ထောင်ထဲမှာ ကျန်းမာရေး သိပ်မကောင်းပါဘူး။ ပိန်လည်း ပိန်တယ်။ အစားအသောက်လည်း သိပ်မစားနိုင်ဘူး။ နှလုံးရောဂါရှိတယ်။ ထောင်ဆရာဝန်နဲ့ ပြပေးတယ်။

အဲဒီအချိန်တုန်းက အာဏာပိုင်တွေကို ဘာပြောချင်မလဲ။

သူတို့(အာဏာပိုင်)တွေ လုပ်လိုက်လို့ ကျွန်မတို့ဘ၀ အကုန်လုံး ဆုံးရှုံးသွားတယ်လေ။ ထောင်က ထွက်လာတော့ အကုန်လုံး အစကနေပြန်စရတယ်။ အများကြီး ဆုံးရှုံးသွားတယ်။ ကျွန်မရင်ထဲမှာတော့ မကျေနပ်ဘူးလို့ ပြောခဲ့ပါသည်။
Mizzima

ZinYawNews

No comments: