Friday, August 9, 2013

" ဂေါက် " ဆောင်းပါး



ဂေါက်ရောဂါသည် ခန္ဓာကိုယ်ရှိ အရိုးအဆစ်များအတွင်း Uric Acid (ယူရစ်အက်ဆစ်) ဟုခေါ်သော ဓာတ်ပစ္စည်းတစ်မျိုး စုပုံအနည်ကျခြင်းမှ အစပြုဖြစ်ပေါ်လာပါသည်။ ဂေါက်ရောဂါ ဖြစ်ပြီဆိုပါက အရိုးအဆစ်အတွင်း နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရပါသည်။ အထူးသဖြင့် ခြေထောက်ရှိ အဆစ်များတွင် ပိုမိုနာကျင်ကိုက်ခဲတတ်ပါသည်။

အရိုးအဆစ်နာကျင်ကိုက်ခဲမှုများ မကြာခဏ ပေါ်လိုက်ပျောက်လိုက် ဖြစ်ခြင်းသည် ဂေါက် ရောဂါ၏ လက္ခဏာတစ်ခုဖြစ်ပါသည်။ နာတာရှည်ဂေါက်ရောဂါ ရှိပြီး ထိရောက်သော ကုသမှုကို အချိန်မီခံယူခြင်းမရှိပါက အရိုးအဆစ်များ ပုံမှန်ကဲ့သို့ မလှုပ်ရှားနိုင်တော့ဘဲ ပုံပျက်သွား နိုင်ပါသည်။

ခန္ဓာကိုယ်အတွင်း၌ Uric Acid (ယူရစ်အက်ဆစ်) ဓာတ်ပစ္စည်းများကို ထုတ်လုပ်မှုများပြား လာသောအခါ သို့မဟုတ် Uric Acid ကို ကျောက်ကပ်မှ ဆီးထဲသို့ စွန့်ထုတ်မှုမလုပ်နိုင်တော့သောအခါ Uric Acid ပမာဏများလာပြီး ဂေါက်ရောဂါ ဖြစ်ပေါ်ခံစားရပါသည်။ ခန္ဓာကိုယ်မှ Uric Acid ကို အဘယ်ကြောင့် အမြောက်အမြား ထုတ်လုပ်သည်ကိုမူ တိတိကျကျ ရှာဖွေမတွေ့ရှိသေးပါ။

အမျိုးသားများသည် အမျိုးသမီးများထက် ဂေါက်ရောဂါ ဖြစ်ရန် အခွင့်အရေးပိုများပါသည်။ အမျိုးသမီးများသည် သွေးဆုံးပြီးချိန်တွင် ဂေါက်ရောဂါဖြစ်ရန် အခွင့်အရေး ပိုများပါသည်။

သွေးတိုးရှိသောသူများတွင် ဂေါက်ရောဂါဖြစ်ရန် အခွင့် အရေးပိုများပါသည်။ အရက်ကို အလွန်အကျွံသောက်သုံးခြင်း၊ သွေးချိုဆီးချိုရောဂါရှိခြင်း၊ အ၀လွန်ခြင်း၊ သွေးအားနည်းရောဂါ တစ်မျိုးဖြစ်သော Sickle Cell Anaemia ရှိခြင်း၊ ကျောက်ကပ် ရောဂါရှိခြင်းတို့သည် ဂေါက်ရောဂါဖြစ်စေနိုင်သည့် အခွင့်အရေး ကိုများစေပါသည်။

အခြားရောဂါတစ်ခုခုကြောင့် သုံးစွဲနေရသော ဆေးသည် ဘေးထွက်ဆိုးကျိုး (Side Effect) အနေဖြင့် ကျောက်ကပ်မှ Uric Acid များစွန့်ထုတ်မှုကို နှေးကွေးစေသည့် အာနိသင်ရှိပါက ဂေါက်ရောဂါခံစားရစေရန် အားပေးအားမြှောက်ဖြစ်စေ ပါသည်။

ဂေါက်ရောဂါ၏ လက္ခဏာများကို လေ့လာ ကြည့်ကြပါစို့။ ဂေါက်ရောဂါတွင် အရိုးအဆစ် နာကျင်ကိုက်ခဲမှုသည် ညဘက်တွင် အများဆုံး ဖြစ်ပေါ်ပါသည်။ အဆစ်အမြစ်အတွင်း ထိုးပြီးနာခြင်း၊ ခြေမွခံရသလိုနာခြင်း စသည်ဖြင့် နာကျင်မှုဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိပါ သည်။ ဂေါက်ရောဂါ ခံစားနေရသော အရိုးအဆစ်သည် ပူနွေးနေခြင်း၊ နီရဲနေခြင်း၊ ထိလျှင်နာခြင်း စသည့် လက္ခဏာများရှိပါသည်။ ရက်အနည်း ငယ်ကြာသောအခါ အရိုးအဆစ်ကိုက်ခဲမှုသည် လျော့နည်းပျောက်ကွယ်သွားပါသည်။ နာတာရှည် ဂေါက်ရောဂါ ခံစားနေရသူဆိုပါက အရိုးအဆစ် ကိုက်ခဲမှုကို မကြာခဏ ခံစားနေရမည်ဖြစ်ပါ သည်။

အရိုးအဆစ် နာကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှု ကို ခံစားရဖန် များလာသောအခါ အရိုးအဆစ် ပုံပျက်သွားပြီး ခြေချောင်း၊ လက်ချောင်းများ ကွေးကောက်ခြင်း၊ မကွေးနိုင် မဆန့်နိုင်ခြင်းများ ဖြစ်ပေါ်လာပါသည်။ Tophy (တိုဖီ)ဟုခေါ်သော Uric Acid အစိုင်အခဲလေးများသည် အရိုးအဆစ်အတွင်းရှိ အရိုးနုများ၊ တစ်ရှူးများ၊ အရွတ်များအတွင်း ဖြစ်ပေါ်လာပါသည်။ Tophi သည် ဂေါက်ရောဂါကို နှစ်၊ လရှည်ကြာ ခံစားရမှသာ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ ကျောက်ကပ်အတွင်း၌ Tophi များ စုပုံလာသောအခါ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်စေပါသည်။

အရိုးအဆစ် ရောင်ရမ်းနာကျင်မှုကို ခံစားနေရသူ (သို့မဟုတ်) ခံစားဖူးသူများသည် ဆရာဝန်နှင့် ပြသစစ်ဆေးသင့်ပါသည်။ ဆရာဝန်မှ စမ်းသပ်ကြည့်လျှင် အဆစ်ရောင်လက္ခဏာများ တွေ့ရမည်ဖြစ်ပြီး ရောဂါရင့်သူ၌ Tophi ဟုခေါ်သော Uric Acid အစုအခဲလေးများကို စမ်းသပ်မိမည် ဖြစ်ပါသည်။ ထိုသို့တွေ့ရှိပါက အရိုးအဆစ်အား ဓာတ်မှန်ရိုက်ခြင်း၊ အရိုးအဆစ်အတွင်းရှိ အရည် (synovial fluid) ကို ဓာတ်ခွဲစမ်းသပ်ခြင်း၊ သွေး ထဲမှ Uric Acid ဓာတ်ပမာဏကို စမ်းသပ်ခြင်း၊ ဆီးထဲမှ Uric Acid ဓာတ်ပမာဏကို စမ်းသပ်ခြင်း စသည်တို့ကို စမ်းသပ်စစ်ဆေးရန် ညွှန်ကြားမည် ဖြစ်ပါသည်။

စနစ်တကျ စမ်းသပ်စစ်ဆေးပြီး၍ နာတာရှည်ဂေါက်ရောဂါဟု သေချာပါက ခန္ဓာကိုယ်အတွင်းရှိ Uric Acid ဓာတ်များကို လျော့ကျစေသောဆေးများ တိုက်ကျွေးမည်ဖြစ်ပါသည်။ အသုံးအများဆုံးသောဆေးမှာ Allopurinol (အယ်လိုပျူရီနော) ဆေးများဖြစ်ပါသည်။

ထို့ပြင် ဂေါက်ရောဂါကြောင့် အဆစ်အမြစ် နာကျင် ကိုက်ခဲမှုဝေဒနာ ထပ်မံမခံစားရစေရန် (သို့မဟုတ်) ခံစားရသည့် အကြိမ်ရေကို လျော့ကျစေရန်အတွက် Colchicine (ကိုချီဆင်း) ဆေးများ တိုက်ကျွေးမည် ဖြစ်ပါသည်။ ဆေးကုသမှုခံယူပြီး သုံးလလောက်ကြာသောအခါ ခန္ဓာကိုယ်အတွင်း၌ Uric Acid ဓာတ်ပမာဏသည် တည်ငြိမ်သွားပါသည်။ (မှတ်ချက် ။ ။ ရောဂါပျောက်ကင်းခြင်း မဟုတ်ပါ။) ထိုအချိန်တွင် Colchicine ဆေး သုံးစွဲမှုကို ရပ်တန့်နိုင်ပါသည်။ အချို့လူနာများ၌ နာကျင်ကိုက်ခဲမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် Colchicine ပမာဏအနည်းငယ်ကို ဆက်လက်သုံးစွဲသွားရန် ညွှန်ကြားရလေ့ရှိပါ သည်။

အမေရိကန် ဆရာဝန်အသင်း (American Medical Association) ၏ အဆိုအရ ဂေါက် ရောဂါရှိသူသည် အောက်ပါ (ပျူရင်း (purine) ဓာတ်ပါသော) အစားအသောက်များကို ရှောင်ကျဉ်ရပါမည်။

(၁) ဘီယာ၊ အရက်
(၂) ငါးပါးနီဟုခေါ်သော ပင်လယ်ငါး (anchovies)
(၃) ငါးသေတ္တာငါး (sardines)
(၄) ငါးဥ
(၅) ဟယ်ရင်ငါး (herring)
(၆) တဆေး
(၇) အသည်း၊ နှလုံး၊ ကျောက်ကပ်၊ မုန့်ချိုအိတ်ကဲ့သို့ ကိုယ်တွင်းကလီစာများ
(၈) အသားစွပ်ပြုတ်၊ အသားဟင်းအနှစ်
(၉) ယောက်သွား (mussets)
(၁၀) ခုံး (scallops)
(၁၁) ရစ်ငှက် (pheasant)
(၁၂) ရစ်ပု (grouse)
(၁၃) ခါငှက် (partridge)
(၁၄) နွားကလေးသား (veal)
(၁၅) သိုးသား (mutton)
(၁၆) ၀က်ဆားနယ်ခြောက် (bacon)
(၁၇) ကြက်ဆင် (turkey)
(၁၈) ဘဲငန်း (goose)
(၁၉) ထရောက်ရေချိုငါး (trout)
(၂၀) ဆယ်လမွန်ငါး (salmon)
(၂၁) ပဲလုံး (peas)
(၂၂) ပဲတောင့်ရှည် (beans)
(၂၃) မှို (mushroom)
(၂၄) ပန်းဂေါ်ဖီ (cauliflower)
(၂၅) ဒေါက်ခွရွက်

ထို့ပြင် ကြော်ထားသော အစားအစာများ၊ ဆော့ (Sauce) ကဲ့သို့ ခံတွင်းမြိန်စေသော အနှစ် များကိုလည်း ရှောင်ကျဉ်ရပါမည်။

ဂေါက်ရောဂါကြောင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲနေသည့် အချိန်တွင် အောက်ပါတို့ကို ရှောင်ကျဉ်ရပါမည်။

(၁) ဆေးသကြားနှင့်၎င်းကဲ့သို့ ချိုစေသောအရာများ
(၂) သဘာဝအတိုင်း မဟုတ်သော အချိုရည်များ
(၃) ဆေးလိပ်
(၄) အဖြူရောင်ဂျူံမှုန့် (White wheat)
(၅) ဆိတ်သား
(၆) သိုးကလေးသား (lamb)
(၇) ကိတ်မုန့်
(၈) ၀က်သား
(၉) သကြား
(၁၀) ဘီယာ၊ အရက်
(၁၁) ချောကလက်
(၁၂) ကော်ဖီ
(၁၃) သမင်သား
(၁၄) သကြားညို
(၁၅) ယိုများ (Jams)
(၁၆) ဂျယ်လီ
(၁၇) အီတလီ ခေါက်ဆွဲခြောက်
(၁၈) ယုန်သား
(၁၉) ရွှေချီမှုန့် (Semolina)
(၂၀) ဆား (Table Salt)
(၂၁) ကြက်ဆင် (Turkey)
(၂၂) ရှာလကာရည် (Vinegar)

ဂေါက်ရောဂါရှိသူ စားသုံးရမည့် အစားအစာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ချယ်ရီသီး

ချယ်ရီသီးတွင် ခန္ဓာကိုယ်အတွင်းရှိ Uric acid ပမာဏကို လျော့ကျစေသော၊ ရောင်ရမ်းခြင်းကို လျော့ကျစေသော အာနိသင်ဓာတ်များ ပါဝင်ပါသည်။

(၂) တရုတ်နံနံကြီးပင် (Celery)

တရုတ်နံနံကြီးပင်တွင် ရောင်ရမ်းနာကျင်မှုကို သက်သာစေမည့် ဓာတ်ပစ္စည်းများ ပါဝင်ပါသည်။ တရုတ်နံနံကြီးပင်ကို အရိုးအဆစ်ရောင်ရမ်းနာ သက်သာရန်အတွက် ရှေးနှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြပေသည်။

(၃) နာနတ်သီး

နာနတ်သီးတွင်ပါဝင်သော ဘရိုမီလိန်း (Bromelain) ဓါတ်သည် ဂေါက်ရောဂါကို သက်သာစေသော အာနိသင်ရှိပါသည်။ နာနတ်သီး စားပေးသင့်ပါသည်။

(၄) နနွင်း

နနွင်းတွင် ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးသည် နာကျင်ကိုက်ခဲမှုကို ဖြစ်စေသည့် ပရိုစတာဂလန်ဒင် (Prostaglandin) ဓာတ်များ ခန္ဓာကိုယ်အတွင်း၌ ထွက်ပေါ်မလာအောင် တားဆီးပေးပါသည်။ ထို့ပြင် အရောင်ကျစေသော အာနိသင်ရှိသည့် ကော်တီစုန်း (Cortisone) ဓာတ်များ ထွက်လာအောင် လှုံ့ဆော်ပေးပါသည်။ ထို့ကြောင့် နနွင်းသည် ဂေါက်ရောဂါအတွက် စားသုံးရန် သင့်လျော်ပါသည်။

(၅) ကာဘိုဟိုက်ဒရိတ်ကြွယ်ဝသော အစားအစာများ

- _ ကောက်နှံများ (ဆန်၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆတ် စသည်)
- _ သစ်သီးဝလံများ
- _ ပျူရင်းဓာတ်မကြွယ်ဝသော ဟင်းသီး ဟင်းရွက်များ

(၆) အသားဓာတ်

- အသားဓာတ်ကို တစ်နေ့တာ အစား အစာ ပမာဏ၏ ၁၅% သာစားရန်

- ပင်လယ်ငါးမဟုတ်သော ငါးများ၊ တို့ဟူး၊ မွေးမြူရေးကြက်၊ မွေးမြူရေးဘဲ စသည် တို့မှ အသားဓာတ်ကို တစ်နေ့တာ အစားအစာ ပမာဏ၏ ၁၅ ရာခိုင်နှုန်းထက်ပို၍ မစားသင့်ပါ။

အ၀လွန်ခြင်းသည် ဂေါက်ရောဂါနှင့် ဆက်စပ်မှုရှိပါသည်။ ထို့ကြောင့် ၀လွန်းသောသူများသည် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ သင့်တော်သော ကိုယ်အလေးချိန်အတွင်း ရှိနေစေရန် ကြိုးစားရပါမည်။ ဤနေရာတွင် သတိပြုရမည့်အချက်မှာ အစားအသောက်မစားဘဲ ကိုယ်အလေးချိန် လျှော့ချခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ Uric Acid ဓာတ်ကို တိုးမြှင့်စေပြီး ဂေါက်ရောဂါကို ပိုမိုဆိုးရွားစေပါသည်။ ထို့ကြောင့် သင့်တော် သော နည်းလမ်းများ အသုံးပြုရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရပါသည်။
ဂေါက်ရောဂါရှိသူသည် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ တစ်နေ့တာအတွင်း ရှစ်အောင်စဆန့်သော သောက်ရေခွက်ဖြင့် ၁၀ ခွက် မှ ၁၂ ခွက်အထိ သောက်သုံးပေးသင့် ပါသည်။ ရေများများသောက်ပေးခြင်းဖြင့် ဂေါက်ရောဂါဖြစ်စေသော Uric Acid များအား ကျောက်ကပ်တွင် စုပုံခြင်း မဖြစ်စေဘဲ ဆီးနှင့် အတူ ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားရန် အထောက်အကူ ဖြစ်စေပါသည်။

အနှစ်ချုပ်ဆိုရသော် ဂေါက်ရောဂါသည် Uric Acid ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး မည်သည့် အချက်များက Uric Acid ပမာဏတက်စေသည်ကို တိတိကျကျ မသိရှိသေးပါ။ အရိုးအဆစ် ရောင်ရမ်းခြင်းကို ခံစားရပါက ဂေါက်ရောဂါ ဖြစ်နိုင်သည်ကို သတိပြုလျှက် ဆရာဝန်နှင့် စောလျင်စွာ ဆွေးနွေးတိုင်ပင် စစ်ဆေးပြီး Uric Acid ပမာဏ လျော့ကျသွားစေသော ဆေးဝါး များဖြင့် ကြိုတင်ကာကွယ်ထားသင့်ပါသည်။ ကြိုတင် ကာကွယ်ခြင်းမရှိဘဲ နောက်ကျမှ သတိပြုမိပြီး အရိုးအဆစ် ပုံပျက်ကာ အလုပ်မလုပ်နိုင်တော့သည့်အချိန်မှ ကုသမှုခံယူမည်ဆိုလျှင် အရိုးအဆစ်သည် နဂိုမူလကဲ့သို့ ပြန်ကောင်းနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကြိုတင်စမ်းသပ် စစ်ဆေးပြီး ဂေါက်ရောဂါ၏ အရိပ်အယောင်များ တွေ့ရှိပါက Uric Acid ပမာဏ လျော့ကျစေသော ဆေးဝါးများသုံးစွဲခြင်း (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ)၊ ပျူရင်းဓာတ်ပါသော အစားအစာများ ရှောင်ကျဉ်ခြင်း၊ အဆီများသော၊ ကြော်ထားသော အစားအစာများ ရှောင်ကျဉ်ခြင်း၊ ပင်လယ်စာများ ရှောင်ကျဉ်ခြင်း၊ အသားဓာတ်လျှော့စားခြင်း၊ ရေများများသောက်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း၊ တရုတ်နံနံ၊ ချယ်ရီသီး၊ နာနတ်သီး၊ နနွင်းဓာတ်ပါသော အစားအစာများ စားပေးခြင်းတို့ဖြင့် ဂေါက်ရောဂါ၏ အန္တရာယ်မှ ခပ်ဝေးဝေးနေထိုင်ဖို့ ကြိုးစားသင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။

ဇော် (ဆေး-၂)

No comments: