Thursday, August 1, 2013

*** သားများ ဖတ်ဖို့ ***


---------------------------

( ၁ )
အဖေ နှင့် သား
စကားပြော နည်း ၊ အတွေ့ ကျဲ၏
စိတ်ထဲ မြုံနှစ် ၊ ကြိတ်၍ ချစ်၏။

( ၂ )
သား နှင့် အမေ
အနေ ပိုနီး ၊ အချစ်ကြီး၏
မပြီး မရပ် ၊ နှုတ်ခြွေတတ်၏။

( ၃ )
အရွယ်ထွားသည့်
သားကြီးလူလှ ၊ အိမ်ထောင် ကျတော့
မိဘကို ခွဲ ၊ ကြင်သူ တွဲ၍
ဖုန်းလည်း မဆက် ၊ မျက်နှာ မပြ
စာက မရေး ၊ အနေ ဝေးလျက်
သွေးအေး မေ့လျော့ ၊ အချစ်ပေါ့၏။

လာတော့ မတ်တတ် ၊ ရပ် ကြည့် လှည့် ပြန်
အသံကို ပေး ၊ မြန်မြန်ပြေး၏။

ကျွေးပြန်တော့လည်း ၊ တစ်ပဲ တစ်ကျပ်
တစ်ဖတ် တစ်ဆုပ် ၊ မုန့်တစ်ထုပ်နှင့်
အလုပ်များလို့ ၊ သား မအားလို့
ဘယ်သို့ ဘယ်ပုံ ၊ စကားစုံဖြင့်
ယုံအောင်ပြောပြ ၊ လိမ်တတ်ကြ၏။

( ၄ )
မိဖ ကမူ
မငြူ မစူ ၊ ဗွေ မယူပေ ...

သားလူမောင်လှ ၊ မျက်နှာပြလျှင်
အားရဝမ်းသာ ၊ ကြည်ဖြူစွာဖြင့်
ရှိတာချကျွေး ၊ လိုတာပေး၏ ...

ဝေးလည်း မမေ့ ၊ တမြည့်မြည့်နှင့်
နေ့နေ့ ညည ၊ သတိရ၍ ...
နှုတ်ကလည်း ခေါ် ၊ မျှော်မြဲ မျှော်၏။

လူပေါ် မလာ ၊ ဖုန်း မလာနှင့်
စာလည်း မလာ ၊ ထိုအခါတွင်
မာတာ ပီတ ၊ မိနှင့် ဖတို့
သောကတွေဆူ ၊ တွေး၍ပူ၏။

( ၅ )
လူလှ သားက ၊ မယားကိုဖက်
မဆိပ်တက်၍ ၊ မနက် မိုးချုပ်
နေ့စဉ်လုပ်သည့် ၊ ကြိုးတုပ်ချည်ထား
ကျွန်ခိုင်းနွားလို ၊ မအား မလပ်
မရပ် မနား ၊ ဇွဲ ခွန်အားဖြင့်
မယား ကြည်ဖြူ ၊ မငြူစူရန်
လူထဲကိုပြေး ၊ ရှာဖွေကျွေးရင်း
အရေးကြုံမှ ၊ မိနှင့် ဖကို
နှုတ်က အော်တ ၊ သတိရ၏။

မယားမျက်နှာ ၊ ညိုမှာ ကြောက်သူ
သားလှ လူသည် ၊ အပူ ဒုက္ခ
တွေ့မှ ရှိမှ ၊ မိကိုလည်း တ
ဖကိုလည်း မျှော် ၊ တကြော်ကြော်ဖြင့်
ဖုန်းခေါ် စာရေး ၊ ကိုယ်တိုင်ပြေး၍
ထွေးပွေ့ ယုယ ၊ ချစ်တတ်ကြ၏...
လောက ဓမ္မ သဘာဝ။

( ၆ )
ရခဲလေစွ ၊ လူ့ဘဝ၌
ရှေးက ရှိဖူး ၊ ကံကျေးဇူးကြောင့်
ဦးချခွင့်ရ ၊ မိနှင့် ဖကို
ကိုယ်က တဖန် ၊ ကျေးဇူးပြန်၍
ကံကြွေး ဆပ်တတ် ၊ အနေ မြတ်မှ
နတ် လူ လည်းပျော် ၊ သာဓုခေါ်မည်
သူတော်ကောင်းသား ၊ လူယောက်ျားတို့။ ။

ကျော်မိုး ( စကားဝါမြေ )
၁၊၈၊၂၀၁၃(ကြာသာပတေးနေ့)

အဖေသည် အိုနာသေမျိုးဖြစ်၏။
အမေသည် အိုနာသေမျိုးဖြစ်၏။
သားသည်လည်း အိုနာသေမျိုးဖြစ်၏။

ထိုကြောင်း မိနှင့်ဖကို
မအိုခင်၊ မနာခင်၊ မသေခင် ချစ်ပါ , ကျွေးပါ , ဂရုစိုက်ပါ။
အိုနေလျှင် မနာခင်၊ မသေခင် ချစ်ပါ , ကျွေးပါ , ဂရုစိုက်ပါ။
နာနေလျှင်လည်း မသေခင်လေးမှာ ချစ်ပါ , ကျွေးပါ , ဂရုစိုက်ပါ။

( သမီးများလည်း သတိမူနိုင်ကြပါစေ )

Artist-Agim Sulaj

အေးချမ်းမွန် Credit To >> ခရီး သည်ကြီး << Thanks
Re-posted By ACM 1-8-2013
https://www.facebook.com/excellencemedia

No comments: