August 12, 2013 at 6:47pm
(မဇျွိမ သတင်းစာမှာ မနေ့ (တနင်္လာနေ့) က ထည့်သွင်း ဖေါ်ပြခဲ့တဲ့ ကျွန်တော့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။)
.............................
နိုင်ငံရေး အကြောင်းပြောကြမယ်ဆိုရင် နိုင်ငံရေးဆိုင်ရာ စကားလုံးများကို မြန်မာလို တိတိပပ နားလည်ဖို့ လိုအပ်သလိုနိုင်ငံရေး ဆိုင်ရာ စကားလုံး တွေကိုလည်း ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ဒါဟာ နိုင်ငံရေး သမားတွေ ကြားထဲ၊ ပညာရှင်တွေ ကြားထဲတင် လိုအပ်တာ မဟုတ်ပါဘူး။ ပြည်သူတွေအားလုံး သိရှိဖို့ လိုအပ်တဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဒီအတွက် လူသုံး မများတဲ့ နိုင်ငံရေးစကားလုံး အသစ်တွေကို မိတ်ဆက်တာ မလုပ်ခင် လူပြောသူပြော များနေပေမယ့် ဆိုလိုရင်းကို တိတိပပမသိ၊ ဝေဝါးနေကြတဲ့ စကားလုံးတွေရဲ့ ဖြစ်ပေါ်လာပုံနဲ့ အဓိပ္ပါယ် အကြမ်းဖျင်းကို ပြောပြချင်ပါတယ်။
နေ့စဉ်လောက်နီးနီးသုံးနေကြပေမယ့် သတိမမူမိသလို ဆိုလိုရင်းကို တိတိပပ မသိတဲ့ နိုင်ငံရေး စကားလုံးတွေ အများကြီးရှိပါတယ်။ဒီအထဲကမှ လူပြောများတဲ့ “လက်ဝဲ” အယူဝါဒ၊ “လက်ယာ” အယူဝါဒ ဆိုတာကို ပထမဦးဆုံး ပြောကြည့်ချင်ပါတယ်။ဘာကြောင့် “လက်ဝဲ” “လက်ယာ” လို့ ခေါ်သလဲ၊ ဆိုလိုရင်း အဓိပ္ပါယ် အကြမ်းဖျင်းက ဘာလဲ ဆိုတာကိုသိရှိဖို့ လိုအပ်ပါတယ်။
နိုင်ငံရေး သိပ္ပံဆိုင်ရာအတွေးအခေါ်များ၊ နိုင်ငံရေး စကားလုံးများနဲ့ ကမ္ဘာ့နိုင်ငံရေး ရေစီကြောင်းအကြောင်း ပြောမယ်ဆိုရင်“ပြင်သစ်တော်လှန်ရေး (၁၇၈၇ - ၁၇၉၉)” အကြောင်း ချန်ထားခဲ့လို့ မရပါဘူး။ အထူးသဖြင့် ဥရောပတိုက်မှာနိုင်ငံရေး အပြောင်းအလဲတွေ ရေချိန်မြင့်နေတဲ့ ကာလ ဖြစ်ပြီး “ပြင်သစ်တော်လှန်ရေး” ဟာဥရောပတိုက်ရဲ့ နိုင်ငံရေးဖြစ်စဉ် တစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ တော်လှန်ရေးကြီးတစ်ခုဖြစ်စေခဲ့လို့ပါပဲ။ “လက်ဝဲ” “လက်ယာ” ဆိုတာကလဲ ပြင်သစ် တော်လှန်ရေးရဲ့ အရှိန်အမြင့်ဆုံးကာလဖြစ်တဲ့၁၇၈၉ ခုနှစ်လောက်မှာ ပေါ်ထွက်လာခဲ့တဲ့ စကားလုံး ဖြစ်ပါတယ်။
ပြင်သစ်တော်လှန်ရေးကာလတွင်းမှာ ဘုရင်ကို သစ္စာရှိသူများနဲ့ ဘုရင်စနစ်ကို တော်လှန်လိုသူများ ဆိုပြီး အုပ်စုကြီး(၂) စု ရှိပါတယ်။ အဆိုပါ အုပ်စုတွေဟာ လွှတ်တော်လို ဆွေးနွေးတဲ့ နေရာ (National Assembly) မှာ ဆွေးနွေးငြင်းခုန်ကြတဲ့အခါ အပြန်ပြန် အလှန်လှန် နေရာပေါင်းစုံကနေ အော်ဟစ် ငြင်းခုန်နေတာဟာ အတော့်ကို အဆင်မပြေပါဘူး။ ဒီအခါလွှတ်တော် ဥက္ကဌရဲ့ ညာဘက်ခြမ်းမှာ ဘုရင်ကို သစ္စာရှိသူတွေကို ထိုင်ခိုင်းပြီး၊ ဘယ်ဘက်ခြမ်းမှာတော်လှန်သူတွေကို ထိုင်ခိုင်းတဲ့ နည်းနဲ့ ဖြေရှင်းပါတယ်။ အဲဒီကနေ ရှေးရိုးစွဲ အယူဝါဒရှိသူတွေကို “လက်ယာ” လို့ သတ်မှတ်ပြီး၊ တော်လှန်လိုသူတွေကို “လက်ဝဲ” လို့ သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ကာလ ကြာရှည်လာတဲ့အခါသတ်မှတ်ချက်တွေဟာ “လက်ယာ = ရှေးရှိးစွဲ အယူရှိသူ”၊ “လက်ဝဲ = တော်လှန်လိုသူများ” ဆိုတာတွေထက်ပိုများလာပါတယ်။ နိုင်ငံရေး အယူတွေဟာလည်း ပိုမိုကျယ်ပြန့်တာကြောင့် ရိုးရိုးရှင်းရှင်းအဓိပ္ပါယ် ဆိုလိုရင်းထက် ပိုပြီး နက်နဲလာပါတယ်။
ဖြစ်ပုံကတော့ ပြင်သစ်တော်လှန်ရေးရဲ့နှောင်းပိုင်းကာလတွေဖြစ်တဲ့ ၁၇၉၁ - ၉၂ ကာလတွေမှာ အထက်ပါ “လက်ဝဲ” “လက်ယာ” အယူအဆတွေကြားမှာပျော့ပျောင်းတဲ့ အတွေးအခေါ်ရှိသူ၊ အလယ်အလတ် လမ်းစဉ်ဝါဒ ရှိသူတွေရှိလာတဲ့အခါ ပြင်သစ်ဥပဒေပြုရေး ဆွေးနွေးတဲ့ နေရာ (Legislative Assembly) မှာ ထိုင်ကြတဲ့ ပုံတွေ နည်းနည်းပြောင်းသွားပါတယ်။ လက်ဝဲဘက်မှာ ပြုပြင်ပြောင်းလဲရေးသမားတွေ ထိုင်ပြီး၊ အလယ်မှာ ပျော့ပြောင်းတဲ့အလယ်အလတ် လမ်းစဉ်သမားတွေ ထိုင်ပါတယ်။ လက်ယာဘက်မှာတော့ အခြေခံဥပဒေကို ခုခံကာကွယ်လိုသူများ(တနည်းခေါ်ရရင်) ရှေးရိုးစွဲ အယူအဆရှိသူတွေ ထိုင်ကြပါတယ်။
လက်ယာအယူဝါ(Right wing) ဆိုရင် ရှေးရိုးစွဲ အယူဝါဒရှိသူ၊ အမျိုးသားရေးဝါဒစွဲ ရှိသူ၊ လူချမ်းသာများကိုကိုယ်စားပြုသူ၊ စီးပွားရေးသမားများကို ထောက်ခံသူ၊ ဘာသာရေးအယူဝါဒစွဲရှိသူ စသဖြင့် အကြမ်းဖျင်းယူဆကြပြီး၊ လက်ဝဲအယူဝါ (left wing) ဆိုရင် တော်လှန်လိုသူ၊ ဘာသာရေးအယူဝါဒစွဲ ကင်းသူ၊လူ လူခြင်းမျှမျှတတ မြင်တတ်သူ၊ ဆင်းရဲသားများဘက်က ရပ်တည်သူ၊ တန်းတူညီမျှရေးကို တန်ဖိုးထားသူ၊အမျိုးသားရေးဝါဒထက် လူသားဝါဒကို တန်ဖိုးထားသူ၊ ပြုပြင်ပြောင်းလဲလိုသူများ စသဖြင့် အကြမ်းဖျင်းယူဆကြပါတယ်။အယူအဆ သတ်မှတ်ချက်တွေဟာ တနိုင်ငံနဲ့ တနိုင်ငံ နိုင်ငံရေး နောက်ခံတွေပေါ် မူတည်ပြီး အပြင်း၊အပျော့ ယူဆချက်တွေ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက အနည်းငယ် ကွဲလွဲကြတာ ရှိပေမယ့် အထက်ပါအကြမ်းဖျင်း သတ်မှတ်ချက်တွေရဲ့ ဘောင်ကနေ ကျော်သွားတာမျိုးတော့ မရှိပါဘူး။
အထက်ပါ အယူဝါဒ ခွဲခြားသတ်မှတ်မှုတွေကနေပြီးတော့ … လက်ဝဲစွန်း (Extreme Left) လက်ယာစွန်း (Extreme Right) အလယ်ကျတဲ့လက်ဝဲ (Centre left) အလယ်ကျတဲ့ လက်ယာ (Centre Right) တွေ ဆိုပြီး ပြောဆို သုံးနှုံးတာတွေဖြစ်လာပါတော့တယ်။ အတွေးအခေါ် အယူဝါဒတွေကို မူတည်ပြီး ခွဲခြား သတ်မှတ်လာတာ ဖြစ်ပါတယ်။
၁၉ ရာစု ရောက်လာတဲ့အခါအယူဝါဒတွေကို အရောင်တွေနဲ့ ခွဲခြား သတ်မှတ်တာတွေလည်း ရှိလာပါတယ်။ အနီရောင်၊ အဖြူရောင်စသဖြင့် မိမိတို့ရဲ့ အယူဝါဒ ထောက်ခံမှုကို အလံတွေ ထောင်ပြီး ပြတာတွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်းလွတ်လပ်ရေးကြို ခေတ်ကာလတွေနဲ့ လွတ်လပ်ရေးရပြီးခေတ်တွေမှာ အလံဖြူ၊ အလံနီ စသဖြင့်ပြောဆိုခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ “အနီ” ရောင်ကို ကွန်မြူနစ်အယူဝါဒရှိသူတွေနဲ့ တွဲပြီး မှတ်ယူလာကြပါတယ်။ အလံ အရောင်တွေနဲ့ သတ်မှတ်တာဟာ ဒီနေ့ကာလ အထိ ခေတ်မစားတော့ပေမယ့်“လက်ဝဲ” “လက်ယာ” အယူအဆကတော့ ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့်ကို သုံးစွဲနေကြတုန်း ဖြစ်ပါတယ်။
အထူးသဖြင့် ၂ ပါတီစနစ်(ပါတီကြီး ၂ ခုတည်းက လွှတ်တော်မှာ လွှမ်းမိုးတဲ့ စနစ်) ရှိတဲ့ နိုင်ငံတွေမှာ လက်ဝဲယိမ်းပါတီနဲ့ လက်ယာယိမ်း ပါတီဆိုပြီး သိသိသာသာကို ခွဲခြား သတ်မှတ်ကြပါတယ်။ ဥပမာ ယူကေ နိုင်ငံမှာလေဘာပါတီ (Labour Party) ဟာ လက်ဝဲယိမ်း ဖြစ်ပြီး၊ ကွန်ဆာဗေးတစ် ပါတီ (Conservative Party) ဟာ လက်ယာယိမ်း ပါတီ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာလည်း ရီပါဗလစ်ကန်(Republican party) က လက်ယာယိမ်း ပါတီဖြစ်ပြီး၊ ဒီမိုကရက်တစ် ပါတီ (Democratic Party) ဟာ လက်ဝဲယိမ်း ပါတီဖြစ်ပါတယ်။ ၂ ပါတီထက် ပိုတဲ့ ၃ ပါတီ - ပါတီစုံ စနစ် (ပါတီကြီး၂ ခုထက် ပိုပြီး .. ၃ ခု (သို့) ၃ ခုထက် ပိုတဲ့ ပါတီတွေဟာ လွှတ်တော်မှာ သူမသာ၊ ကိုယ်မသာပြိုင်နေကြသော လွှတ်တော်) တွေမှာတော့ ပါတီတွေရဲ့ အယူဝါဒပေါ် မူတည်ကြပါတယ်။ တစ်ပါတီတည်းရှိတဲ့တိုင်းပြည်တွေမှာတော့ ပါတီခေါင်းဆောင်တွေရဲ့ သဘောအတိုင်း လုပ်ကိုင်ကြပါတယ်။ ဥပမာ လက်ရှိမြန်မာပြည်၊ စင်္ကာပူနိုင်ငံ၊ အီရန် နိုင်ငံ၊ တောင်အာဖရိက နိုင်ငံ … စတဲ့ နိုင်ငံတွေဟာတစ်ပါတီ စနစ်နိုင်ငံတွေ ဖြစ်ပါတယ်။
လက်ဝဲ၊ လက်ယာ အကြောင်းပြောရင်မပါမပြီး ပြောရမယ့် အကြောင်းအရာတွေကတော့ မာ့စ်ဝါဒနဲ့ ဖက်ဆစ်ဝါဒ တွေပဲ ဖြစ်ပါတယ်။ ၁၉ရာစု အလယ်ပိုင်း စက်မှုတော်လှန်ရေးနဲ့ အတူ လူမှု့ရေး သိပ္ပွံပညာရှင် (Sociologist) ဖြစ်တဲ့ကားလ်မာ့စ် (Karl Marx) ရဲ့ အယူအဆ အတွေးအခေါ်တွေ ထွန်းကားလာခဲ့ပါတယ်။ လူသိများတဲ့ ကွန်မြူနစ်အယူဝါဒ ဆိုတာ ကားလ်မာ့စ်ရဲ့ အယူဝါဒကနေ ဆင်းသက်လာတဲ့ အယူအဆဖြစ်ပါတယ်။
စက်မှုတော်လှန်ရေးနဲ့အတူ ဥရောပမှာ ထင်ရှားတဲ့ လူတန်းစား ၂ ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ လူချမ်းသာ အရင်းရှင်လူတန်းစား (ဘူဇွာ) (Bourgeoisie) နဲ့ အလုပ်သမားလူတန်းစား (Proletariat) လို့ မာ့စ်ကခွဲခြား သတ်မှတ်ပါတယ်။ ကုန်ထုတ်လုပ်ရေး (Means of Production) နဲ့ ဆက်နွယ်ပြီး စက်ရုံပိုင်ရှင်တွေဟာလူချမ်းသာတွေ ဖြစ်ပြီး ကျန်လူတန်းစားတွေက မိမိတို့ လုပ်အားကို လစာ ငွေကြေးနဲ့ ရောင်းစားရတဲ့အလုပ်သမား လူတန်းစားလို့ သတ်မှတ်ပါတယ်။ လူချမ်းသာတွေက အလုပ်သမား လူတန်းစားတွေရဲ့ လုပ်အားကိုအမြတ်ကြီးစားရယူ ချမ်းသာပြီး ကုန်ပစ္စည်းကို ထုတ်လုပ်တဲ့ အလုပ်သမား လူတန်းစားက ဆင်းရဲတယ်။တကယ်ဆို ကုန်ပစ္စည်းကို ထုတ်လုပ်တဲ့ အလုပ်သမားတွေကသာ ကုန်ပစ္စည်းရဲ့ မူလ ပိုင်ရှင်တွေဖြစ်တယ်။ ငွေရှင်တွေက ငွေကြေးနဲ့ စက်ပစ္စည်းတွေကို သုံးပြီး မူလ ပိုင်ရှင်တွေ အပေါ်မှာအမြတ်ကြီးစားကြတယ်။ ဒါကို အလုပ်သမားလူတန်းစားက သတိထားသိရှိလာတဲ့ အခြေအနေ (Class consciousness) ဖြစ်လာတဲ့ အခါမှာ တော်လှန်ရေး ဖြစ်ပြီး …လူတန်းစား ခွဲခြားမှု မရှိသော(သို့) လူတန်းစားတစ်ခုတည်းရှိသော ခေတ်ရှေ့ပြေး လူမှု့အဖွဲ့အစည်း ဖြစ်တဲ့ ကွန်မြူနစ်စနစ်(Communism) ကို တည်ထောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းတွေးခေါ်ခဲ့သူ ဖြစ်ပါတယ်။
အဆိုပါ ကွန်မြူနစ်စနစ်အယူအဆကို ရုရှားနိုင်ငံက မွေးစားပြီး နိုင်ငံရေးနဲ့ စီးပွားရေးမှာ ကြီးစိုးနေတဲ့ လူချမ်းသာစက်မှု လုပ်ငန်းရှင်တွေကို တော်လှန်ပြီး၊ လူများစု အလုပ်သမားလူတန်းစားကနေ ပေါက်ဖွားလာတဲ့နိုင်ငံရေးနဲ့ စီးပွားရေး လူမှု့အဖွဲ့အစည်းသစ်ဖြစ်တဲ့ “ကွန်မြူနစ် စနစ်” ကို တည်ထောင်ပါတော့တယ်။ဥရောပမှာ ခရစ်ယန် ဘာသာရေး ခေါင်းဆောင်တွေရဲ့အာဏာ ကြီးစိုးမှုကလည်း အင်မတန် ကြီးမားတာကြောင့်ဘာသာရေး အယူအဆရဲ့ လွှမ်းမိုးမှုကိုလည်း ဆန့်ကျင်ရမယ်လို့ ယူဆလာကြတာတွေလည်း ရှိလာပါတယ်။ဒါကြောင့် တော်လှန်လိုတဲ့ အယူအဆ၊ လူချမ်းသာတွေထက် အလုပ်သမား ဆင်းရဲသား လူတန်းစားကိုကြည့်တဲ့ ဝါဒ၊ လူတန်းစား တန်းတူညီမျှခွင့်ကို ကြည့်တဲ့ ဝါဒ၊ ဘာသာရေးလွှမ်းမိုးမှုကိုလက်မခံတဲ့ ဝါဒ စတာတွေကို လက်ဝဲဝါဒလို့ သတ်မှတ်တာကြောင့် “ကွန်မြူနစ်ဝါဒ” ကို လက်ဝဲဝါဒလို့ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ သို့သော် အဆိုပါ အယူအဆတွေကို လူတချို့ရဲ့ ပြင်းထန်တဲ့ ယူဆချက်တွေဖြစ်လာတဲ့ အခါ ကွန်မြူနစ်ဝါဒဟာ လက်ဝဲစွန်းဝါဒအဖြစ် လူသိများလာခဲ့ပါတော့တယ်။ (စစ်အေးကာလတွင်းမှာ အမေရိကန်ရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး (process of demonisation) ဟာ အောင်မြင်တာကြောင့်.. ကွန်မြူနစ်ဆိုရင် လူတွေဟာ မုန်းတီးမှုတွေဖြစ်လာတာလည်း ရှိလာပါ။)
အလားတူ ပထမ ကမ္ဘာစစ်မှာစစ်ရှုံးခဲ့တဲ့ ဂျာမနီဟာ ဗာဆိုင်း စာချုပ်အရ စစ်လျော်ကြေးတွေ ပေးရတဲ့ အပြင် ၁၉၃၀ မှာဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) အရ တိုင်းပြည် စီးပွားရေးက ပိုမိုဆိုးဝါးလာပါတယ်။ နိုင်ငံရေးကလည်း မတည်ငြိမ်၊ စီးပွားရေး ကျပြီး၊ ငွေကြေး ဖေါင်းပွမှုနှုန်းကမတရားကြီးထွားလာမှုတွေအပြင် အမေရိကန်က ဂျာမနီကို ချေးထားတဲ ငွေတွေကို ပြန်တောင်းတဲအခါဂျာမနီနိုင်ငံဟာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်လာခဲ့ပါတယ်။ ဒီအခါ ဗာဆိုင်းစာချုပ်ကို သဘောတူလက်မှတ်ထိုးခဲ့တဲ့ နိုင်ငံရေးသမားတွေဟာ အမျိုးသား သစ္စာဖေါက်တွေဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဇီယွန်နစ်ဇင်(Zionism) လို့ ခေါ်တဲ့ ဂျူးလူမျိုးတွေရဲ့ အယူဝါဒ ကြီးထွားလာနေတာဟာ ဂျာမန်လူမျိုးတွေအတွက်အန္တရာယ်ဖြစ်တယ်။ ဒီအန္တရာယ်တွေကြားက ဂျာမနီနိုင်ငံကို ကယ်တင်ပြီး မဟာဂျာမန် လူမျိုးနဲ့နိုင်ငံကို တည်ထောင်ရမယ်ဆိုပြီး ကြွေးကြော်လာခဲ့တဲ့ ဟစ်တလာရဲ့ နာဇီပါတီဟာ အာဏာရလာခဲ့ပါတယ်။နာဇီပါတီ အာဏာရပြီးနောက် အမျိုးသားရေး ဝါဒကို ပြင်းပြင်းထန်ထန် လှုံဆော်မှုတွေနဲ့အတူဂျူးတွေကို သတ်ပြီး ဒုတိယ ကမ္ဘာစစ်ကို စတင်စေခဲ့ပါတယ်။
အီတလီမှာလည်း မူဆိုလိုနီကနေဖက်ဆစ် (Fascism) ဆိုတဲ့ အမျိုးသားရေး အစွန်းရောက် ဝါဒကို အသက်သွင်းသလို၊ အာရှမှာလည်းဂျပန်လူမျိုးတွေဟာ မဟာဂျပန်လူမျိုးဝါဒ ဖြစ်တဲ့ ဖက်ဆစ်စနစ် (Fasciam) နဲ့ ဒုတိယ ကမ္ဘာစစ်ထဲဝင်ပါလာပါတော့တယ်။ အမျိုးသားရေး ဝါဒစွဲရှိသူ၊ ဘာသာရေး ဝါဒစွဲရှိသူ၊ ရှေးရိုးစွဲ အယူရှိသူ၊မိမိလူမျိုး တစ်မျိုးတည်းကို ကြည့်သူတွေကို လက်ယာ ဝါဒထဲမှာ ရှိနေရာကနေ ဖက်ဆစ် စနစ်လိုအမျိုးသားရေး ဝါဒစွဲ ပြင်းထန်မှုတွေကို လက်ယာစွန်း ဝါဒလို့ သတ်မှတ် သုံးစွဲလာကြတာ ဖြစ်ပါတယ်။
(ကိုထိုက်)
၂၅.၀၇.၂၀၁၃

No comments:
Post a Comment