Thursday, August 1, 2013

ရှစ်လေးလုံးငွေရတု ဗကသ မတက်ဟုဆို



ရန်ကုန်၊ ဇူလိုင် ၃၁

နိုင်ငံတစ်ဝန်းရှိ နိုင်ငံရေး အဖွဲ့အစည်း အားလုံးပါဝင်ရန် ဖိတ်ကြားထားသည့် ရန်ကုန်မြို့တွင် ကျင်းပမည့် ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ဗကသ) က တက်ရောက်မည် မဟုတ်ကြောင်း အဆိုပါအဖွဲ့၏ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက The Voice သို့ ပြောကြားသည်။

သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည့် ရှစ်လေးလုံး အခမ်းအနားသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ကို ဖိတ်ကြားထားခြင်းကြောင့် ယင်း အခမ်းအနားကို မတက်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အစိုးရ ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေက အရင်တပ်မတော် အစိုးရလက်ထက်က ခေါင်းဆောင်တွေ၊ ရှစ်လေးလုံးမှာ အဓိက တာဝန်ရှိတဲ့သူတွေ၊ သူတို့တွေကိုဖိတ်လို့ ကျွန်တော်တို့ မတက်တော့ဘူး” ဟု ဦးကျော်ကိုကိုက ဆိုသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြားထားခြင်း မရှိသော မန္တလေးမြို့တွင် ကျင်းပမည့် ငွေရတု အခမ်းအနားကိုသာ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ရှစ်လေးငွေရတု အခမ်းအနားသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ကိုင်ခြင်း ဖြစ်သောကြောင့် အစိုးရ အဖွဲ့အစည်းများသာမက တိုင်းရင်းသားပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ပြောကြားသည်။
“ဘာကိုမှရည်ရွယ်ပြီး ဖိတ်ကြားတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ပါဝင်သင့်တယ်ထင်လို့ ကော်မတီက ဖိတ်ဖို့ဆုံးဖြတ်တာပါ” ဟု ၎င်းကဆိုသည်။

ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် လွှတ်တော်ဝန်ကြီးများ အားလုံးကို ဖိတ်ကြားထားကြောင်း၊ ပြည်တွင်းပြည်ပ ၈၈ ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တက်ရောက်ရန် သေချာပြီ ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

(ဟိန်းသွင်ထက်)

No comments: