မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
“ဗုဒ္ဓ၀ါဒ နှင့် အမျိုးသမီးအခွင့်အရေး”
ရှင်ဆန္ဒာဓိက (ပေလေးပင်နတ်မှီတောရ)၊ သြဂုတ် ၁၊ ၂၀၁၃ MoeMaKa Burmese News & Media
ပုံပြင်ပြောသလို တစ်ခါတုန်းက ဆိုတာနဲ့ဘဲ စရတော့မယ်။ အခါတပါး
ဗုဒ္ဓရဲ့လက်ရင်းတပည့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးဟာ ရေခပ်နေတဲ့ မာတင်္ဂအမျိုးနွယ်
(သူတောင်းစား) ဇာတ်ဝင် အမျိုးသမီးလေး တစ်ဦးရှိရာ ရေတွင်းနားကို
ရောက်သွားခဲ့ပါတယ်။ ဒေသစာရီခရီးကလည်း အတော်ဝေးခဲ့တာမို့ ရှင်အာနန္ဒာ ရေ
ဆာလောင်မွတ်သိပ်နေတဲ့အချိန်ပါ။ ဒါနဲ့ ရှင်အာနန္ဒာက
“သောက်ရေနည်းနည်းလောက် ပေးပါလား
” လို့ မာတင်္ဂ နွယ်အမျိုးသမီးလေးဆီကို တောင်းလိုက်ပါတယ်။
မိန်းကလေး ရုတ်တရက် မော့ကြည့်လိုက်မိရာ
ဇာတ်မြင့်ရဟန်းတော်တစ်ပါး ဖြစ်နေတာကို တွေ့လိုက် ရတော့ ကလေးမလေး
မျက်လုံးအ၀ိုင်းသားကြီးနဲ့ ရှင်အာနန္ဒာကို စိုက်ကြည့်နေခဲ့မိပါတယ်။
“ငါ့နှမ ငါ့ကို သောက်ရေတစ်ခွက် ပေးမယ်မဟုတ်လား”
လို့ မေးရင်းတောင်းလိုက်တော့ ကလေးမရဲ့ မျက်လုံးအိမ်မှာ ၀မ်းနည်းမျက်ရည်တွေ စိမ့်လာရင်း
“အရှင်မြတ်ဘုရား တပည့်တော်မလို မစင်ကြယ်တဲ့ ဇာတ် နိမ့်အမျိုးသမီးတစ်ဦးဆီက
ရေတောင်းပါသလားဘုရား။ တပည့်တော်မကိုင်တဲ့ လက်ကရေခွက်ကို အရှင်မြတ်
လက်နဲ့ထိခဲ့မိရင် အရှင်မြတ်ကိုယ်တိုင် မသန့်မရှင်းဖြစ်သွားမှာ
စိုးရိမ်လို့ပါဘုရား”
လို့ ဆိုလိုက်ချိန်မှာ ရှင်အာနန္ဒာ က ကရုဏာအပြုံးနဲ့ လက်ကာပြပြီး
“ငါ့နှမ ငါ သင့်ဆီက ဇာတ်ကိုတောင်းနေတာ မဟုတ်ပါဘူး ရေကိုသာ တောင်းနေတာပါ။
ငါ့ရဲ့ဇာတ်မြင့်မှုက ရေတစ်ခွက်လို ရေဆာပြေအောင် မလုပ်နိုင်ပါဘူး။”
ဒီလိုဆိုလိုက်တော့ ကလေးမမျက်နှာတစ်ခုလုံး
ပျော်ရွှင်မှုတွေဖုံးလွှမ်းသွားခဲ့ပါတယ်။ အရှင်မြတ်ရဲ့စကားကြောင့်
ပြောင်းလဲသွားတဲ့ ရဲတင်းစိတ်နဲ့အတူ အရှင်မြတ်ကို ရိုသေစွာ
ရေကပ်လိုက်ပါတော့တယ်။
ရှင်အာနန္ဒာက ကျေးဇူးစကားဆိုပြီး
ခရီးဆက်သွားချိန်မှာတော့ ဇာတ်စွဲချွတ်ပေးခဲ့တဲ့ ရှင်အာနန္ဒာရဲ့
နောက်ကျောကိုကြည့်ပြီး မျက်ရည်တွေလည်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါကျရတဲ့မျက်ရည်က
ဇာတ်စွဲကျွတ်သွား လို့ ကျရတဲ့ ၀မ်းသာမျက်ရည်ပါ။
ရှင်အာနန္ဒာကို ဗုဒ္ဓသာဝကတစ်ဦးဆိုတာကိုသိလိုက်တဲ့ ဒီဇာတ်စွဲကျွတ်သွားတဲ့
မာတင်္ဂနွယ် အမျိုးနွယ် စဏ္ဍာလအမျိုးသမီးလေးဟာ ကျန်အစွဲတွေ ကျွတ်ချင်တဲ့စိတ်နဲ့
ဗုဒ္ဓသာသနာအတွင်း ခိုလှုံဘို့ရောက်လာခဲ့ပါ တယ်။ ဗုဒ္ဓအနေနဲ့ ရှင်အာနန္ဒာကို
အကြောင်းပြုရောက်လာခဲ့တဲ့ စဏ္ဍာလအမျိုးသမီးလေးကို တပည့်မတစ်ဦးအ
ဖြစ်လက်ခံပြီး အမှန်တရားကိုသိနိုင်တဲ့ ဓမ္မစက္ခု(တရားမျက်လုံး)ကို
ဖွင့်ပေးလိုက်ပါတယ်။
ဒီလို ဇာတ်နိမ့်အမျိုးသမီးကို
လက်ခံရမလားဆိုပြီး သာဝတ္တိဘုရင်ကြီးကောသလ ကိုယ်တိုင်နဲ့ ဗြဟ္မဏ တွေ ခတ္တိယတွေ
အကြီးအကျယ် အကျေမနပ်ဖြစ်ကြလို့ ဗုဒ္ဓဆီ လာရောက်ကန့်ကွက်ပြောဆိုကြပါတယ်။
ဗုဒ္ဓက ဇာတ်ခွဲခြားမှုစနစ်ရဲ့ အကျိုးမရှိ ယုတ္တိမပါပုံကို ရှင်းပြပါတယ်။
ဗုဒ္ဓရှင်းပြပုံက
“ပြာနဲ့ရွှေ ခြားနားတယ်ဆိုတာ ဂုဏ်လက္ခဏာ ကွဲပြားတာဖြစ်လို့
ခြားနားတာမှန်ပါတယ်။ ဒါပေမယ့် ဗြဟ္မဏနဲ့ စဏ္ဍာလကြားမှာ ဘာအမျိုးအစားမှ
ကွဲပြားတာ မရှိပါဘူး။ ဗြဟ္မဏဆိုတာ သစ်ကိုင်း ခြောက်နှစ်ခု ပွတ်ရာက ပေါ်လာတဲ့
မီးလိုအရာမျိုး မဟုတ်သလို၊ ကောင်းကင်က ဒါမှမဟုတ် လေထဲက ဆင်း
သက်ကျရောက်လာတာမျိုးလဲ မဟုတ်ဘူး။ ပြီးတော့ မြေထဲက ဖေါက်ထွက်လာတာမျိုးလဲ
မဟုတ်ဘူး။ စဏ္ဍာလ တွေ မိခင်ဝမ်းကထွက်ရပုံမျိုး ဗြဟ္မဏတွေလည်း အတူတူဘဲ
မိခင်ဝမ်းက လာရတာပါ။ လူသားအားလုံး လူ့ဘ၀ကို ရောက်လာရတဲ့ အခြေခံက
အတူတူချည်းပါဘဲ။”(လက်ရှမီ နရသူ၏ ဗုဒ္ဓ၀ါဒအနှစ်သာရ P.Lakshmi Narasu ”The
Essence of Buddhism”စာအုပ်ကို အခြေပြုပါသည်။)
ရှင်အာနန္ဒာရဲ့“ ငါ ဇာတ်ကိုတောင်းတာမဟုတ်ဘူး ရေကိုတောင်းတာပါ”
ဆိုတဲ့စကားရယ်၊ ဗုဒ္ဓပြော လိုက်တဲ့ “စဏ္ဍာလကော ဗြဟ္မဏပါ လူ့လောကထဲ စ၀င်လာတဲ့
လမ်းကြောင်းခြင်းက အတူတူပါဘဲ” ဆိုတဲ့ စကားရပ်တွေက အမျိုးသမီးတွေကိုယ်တိုင်က
သူတို့ကိုယ်သူတို့ အမျိုးသားတွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူ အဆနဲ့
ဥပဒေတစ်ရပ်လို အစဉ်အဆက်မပျက် ခံယူခဲ့ကြရတဲ့ ဇာတ်နိမ့်အယူတွေကို
သုတ်သင်လိုက်တာဖြစ်ပါ တယ်။ ဒါ့အပြင် ရှင်အာနန္ဒာရဲ့ စကားက ဇာတ်ဆိုတာ
နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အသွေးအသား (တစ် နည်း) သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့
ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာအတွက် ရေတစ်ခွက်လောက် တန်ဖိုးမရှိဘူးဆိုတာကို
သွယ်ဝိုက်ပြီး သိစေခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ပြောကြားချက်က ဇာတ်ဆိုတာ စကားအရ ပြောနေကြတာဖြစ်ပြီး စကားထက်
ပိုထူးခြားတဲ့ အနှစ် သာရလို့ ပြောလောက်တဲ့ အမှတ်လက္ခဏာ ဘာဆိုဘာမှ
မရှိဘူးဆိုတာပါဘဲ။ ဇာတ်မြင့်တွေရဲ့မာနကို ပညာနဲ့ ဖြေဖျောက်ပြီး
ဇာတ်နိမ့်တွေကို ကရုဏာနဲ့ နှစ်သိမ့်စေခဲ့ပါတယ်။ တစ်နည်း ဇာတ်နိမ့်တွေကို
ကိုယ့်ကိုကိုယ် ယုံ ကြည်စိတ် ဖြစ်ပေါ်စေပြီး ဇာတ်မြင့်တွေကိုတော့
တန်းတူညီမျှရေးအမြင်ကို ပေးခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒအနေနဲ့ ဇာတ်နိမ့်ကို ဆွဲတင်ပြီး ဇာတ်မြင့်ကိုဆွဲချတဲ့
သဘောမျိုးမဟုတ်ပဲ၊ လူဆိုတဲ့ အခြေခံ ထိုင်ခုံပေါ်မှာ ယှဉ်တွဲပြီး
အတူထိုင်စေတဲ့ သဘောပါ။
ဗုဒ္ဓသာသနာတော်တွင်းအမျိုးသမီးတွေ အိမ်ယာတည်ထောင်တဲ့ဘ၀ကိုစွန့်ပြီး
အမျိုးသားများလို ရဟန်း ပြုဘို့ နဲနဲ အခက်အခဲရှိခဲ့တာ အမှန်ပါဘဲ။ ဒါပေမယ့်
ရှင်အာနန္ဒာ အလျှောက်ကောင်းခဲ့တဲ့အတွက် (အဋ္ဌဂရုဓမ္မံ) အလေးအနက် လိုက်နာရမယ့်
စည်းမျဉ်းရှစ်မျိုးကို ၀န်ခံစေပြီး ဘိက္ခုများနည်းတူ ဘိက္ခုနီအဖွဲ့အစည်းကို
တည် ထောင်ဘို့ ခွင့်ပြုလိုက်ပါတယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုစဉ်က အလောင်းတော်
ဖူးခွင့်အဖြစ် အမျိုးသမီးတွေကို ဦးစား ပေးခဲ့တာလည်း ရှင်အာနန္ဒာပါ။
ဒါ့ကြောင့် ရှင်အာနန္ဒာကို အမျိုးသမီးအခွင့်အရေး တောင်းဆိုရာမှာ ကမ္ဘာ့အ
စောဆုံးပုဂ္ဂိုလ်လို့ဆိုရင် လွန်ရာမကျလောက်ပါဘူး။
ဒီလို
ဘိက္ခုနီသာသနာတော်ကြီး ပေါ်ပေါက်လာပြီဆိုတာနဲ့ ဇာတ်မျိုးစုံ ဘ၀မျိုးစုံက
အမျိုးသမီးတွေ ဘိက္ခုနီသာသနာထဲကို ၀င်ရောက်လာကြပါတယ်။ ပဋာစာရီတို့လို
အရူးဘ၀ကျွတ်လာသူတွေ၊ ကိသာဂေါတမီ လို အပူသည်မတွေကအစ ခေမာမိဘုရားကြီးနဲ့
သူဌေးကတော် ဓမ္မဒိန္နာတို့လို အထက်တန်းလွှာက အမျိုးသမီး တွေအပြင်
လူသတ်မှုကျူးလွန်မိရာက ပရပိုဇ်မဘ၀ခံယူပြီး ရှင်သာရိပုတ္တရာကို
အကြောင်းပြုလို့ ဘိက္ခုနီဘ၀ ရောက်လာတဲ့ ကုဏ္ဍလကေသီတို့ စသည်ဖြင့်
ဘိက္ခုနီသာသနာတော်ကြီး စည်ပင်ထွန်းကားလာခဲ့ပါတယ်။
နိကာယ်ငါးရပ်က ခုဒ္ဒကနိကာယ်မှာ ထေရီဂါထာ ဆိုတဲ့ကျမ်းပါရှိပါတယ်။
ထေရီမယ်တို့ရဲ့ ဘ၀နဲ့ ခံယူ ချက်တွေကို စုစည်းဖွဲ့ထားတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ အင်္ဂလန်မှာ ပါဠိကျမ်းအသင်း (Pali Text Socie -ty) ကို
စတင်တည်ထောင်ခဲ့တဲ့ ဒေါက်တာ ရိုက်(ခ်)ဒေးဗစ်က “ထေရီဂါထာတွေအနေနဲ့
အဖွဲ့အနွဲ့လှပကောင်း မွန်ကြရုံမျှမက စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအဆင့်အတန်း
အလွန်မြင့်တယ်ဆိုတဲ့ အသိကိုလဲပေးပါတယ်”လို့ ဆိုပါတယ်။
ဗုဒ္ဓနဲ့ ဗုဒ္ဓသာဝကများအနေနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ကွဲပြားတဲ့အတွက်
အမျိုးသားအမျိုးသမီးဆို တာ ခွဲခြားလက်ခံပေမယ့် ဂုဏ်သိက္ခာနဲ့
အသိဥာဏ်ပိုင်းဆိုင်ရာမှာ တော်ရင်တော်သလို အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ဘိက္ခုတို့ရဲ့ သူတို့ဆိုင်ရာ
အမြင့်ဆုံးဂုဏ် အရည်အသွေးတွေ ကို ဧတဒဂ်ဘွဲ့နဲ့ အသိအမှတ်ပြုကြသလို၊ ခေမာ၊
ဓမ္မဒိန္နာ စတဲ့ ထေရီမယ် ဘိက္ခုနီတို့ရဲ့ ဂုဏ်တွေကိုလည်း ဧတဒဂ်ဘွဲ့နှင်းကာ
အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ (ပါဠိလို ဧတဒဂ္ဂ = ပညာ၊ တရားဟော စသည် အမြင့်
ဆုံး)
Ven.K.Siri Dammananda ရေး What Buddhist’s Believe စာအုပ်ပါ အဆိုကို ထုတ်ပြပါဦးမယ်။
“ဗုဒ္ဓအနေနဲ့ အမျိုးသမီးများ သာသနာတော်တွင်း ပါဝင်ထမ်းဆောင်ဖို့ လွတ်လပ်မှု
အပြည့်အ၀ ပေးခဲ့ပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ အမျိုးသမီးထုကို
လွတ်လပ်မှုပေးခဲ့တဲ့ ပထမဦးဆုံးဆရာကတော့ ဗုဒ္ဓဖြစ်ပါတယ်။ ဗုဒ္ဓမတိုင်မှီက
အမျိုးသမီးထုရဲ့ တာဝန်ဝတ္တရားတွေကို မီးဖိုချောင်မှာဘဲ
ကန့်သတ်ခံထားခဲ့ရပါတယ်။ အမျိုးသမီး တွေမှာ တစ်စုံတစ်ခုသော
ဘုရားကျောင်းအတွင်း ၀င်ခွင့်မရခဲ့သလို ဘာသာရေးဆိုင်ရာ ကျမ်းစာအုပ်တွေကို
လည်း ရွတ်ဖတ်ခွင့်မရခဲ့ကြပါဘူး။ ဗုဒ္ဓလက်ထက် လူ့အဖွဲ့အစည်းက
အမျိုးသမီးထုရဲ့ အခြေအနေဟာ အလွန် ပဲ နိမ့်ကျခဲ့ပါတယ်။
မြန်မာဗုဒ္ဓ၀ါဒီ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ကတော့ ဒီနေ့မျက်မှောက်
ဗုဒ္ဓ၀ါဒီတွေအားလုံး သိနေကြ ပြီးဖြစ်ပါတယ်။ ဒါကြောင့် နယ်ချဲ့ကိုလိုနီခေတ်က
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန်ဘာသာ ပြောင်းဖို့
နည်းလမ်းရှာတဲ့အနေနဲ့ ဗုဒ္ဓဘာသာအကြောင်း လေ့လာပြီး စာအုပ်တွေရေးခဲ့တဲ့
အင်္ဂလန်သား (ကေ ဂျေ ဆောင်းဒါး)ရဲ့မြန်မာအမျိုးသမီးများအပေါ် အမြင်နဲ့
မိတ်ဆက်ပေးလိုက်ပါရစေ။
” They (women) are regarded in
theory as much inferior, though in the practic they are singularly free
and happy,and are as stanch supporters of their religion as the men.
“ ထင်မြင်ယူဆမှု အနေနဲ့ အမျိုးသမီးများကို
အလွန်နိမ့်ကျတယ်လို့ ဆိုကြပေမယ့် လက်တွေ့ဘ၀မှာ သူတို့ဟာ ထူးထူးခြားခြားပဲ
လွတ်လပ်မှုနဲ့ ပျော်ရွှင်မှု ရှိကြပါတယ်။ ပြီးတော့ သူတို့ရဲ့
(ဗုဒ္ဓ)ဘာသာကိုလည်း ယောက်ျားများနည်းတူ စိတ်အားထက်သန်စွာ လှူဒါန်းသူများ
ဖြစ်ကြပါတယ်။ သူရေးတဲ့ စာအုပ်ရဲ့ Buddhism in the South
ခေါင်းစည်းကြီးမှာပါတဲ့ Burma ဆိုတဲ့အခန်းမှာ အဲဒီလို ရေးထားတာဖြစ်ပါတယ်။
၂၀၀၉-ခုနှစ်ကထုတ်တဲ့ “ဗုဒ္ဓ၀ါဒ အနှစ်သာရ”(P.Lakshmi Narasu “The
Essence of Buddhism”) ရေးသူ လက်ရှမီးနရသူရဲ့အဆိုကိုကြည့်လိုက်ပါဦး။ Most
Burmese Women, even in the village, are able to read and write. No
obstacle is placed in the way of female education. “တောကျေးလက်က အမျိုး
သမီးတွေအပါအ၀င် မြန်မာအမျိုးသမီး အများစုအနေနဲ့ အရေး အဖတ် တော်ကြပါတယ်။
အမျိုးသမီးများရဲ့ ပညာရေးလမ်းကြောင်းမှာ အတားအဆီး အပိတ်အပင်ရယ်လို့
မရှိပါဘူး”တဲ့။
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဘဲ ထင်ပါတယ်။
အမျိုးသမီးတွေ ပညာသင်အောင် ကျောင်းတက်အောင် လှုံ့ဆော်လို့ဆိုပြီး
တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရတဲ့ ပါကစ္စတန်က
ကျောင်း သူလေး မာလာလာ အသက်ဘေးကလွတ်ပြီး သူ့အသက်-၁၆နှစ်ပြည့်မွေးနေ့က
ကုလသမဂ္ဂစင်မြင့်မှာ အမျိုး သမီးတိုင်း ပညာသင်ကြားခွင့်
တောင်းဆိုနေရဆဲအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာအမျိုးသမီးတွေအနေနဲ့
လူ့အခွင့်အရေးမှာ ပိုရနေတယ်ဆိုတာ သိနိုင်ပါတယ်။
ပြီးတော့ နရသူ ပြောထားတာက “မြန်မာအမျိုးသမီးများ လက်ထပ်ပြီးချိန်မှာ
နာမည်ပြောင်းစရာ မလို တဲ့အပြင် လက်ထပ်လက်စွပ်ဝတ်တာ၊ မင်္ဂလာပွဲမှာ
ခေါင်းမြီးခြုံတာတွေလည်းလုပ်စရာမလိုပါဘူး။ လူစိမ်းတစ်ဦး အနေနဲ့
မြန်မာအမျိုးသမီးတစ်ယောက်ကို မြင်ရုံနဲ့ လက်ထပ်ပြီးမပြီး မသိနိုင်သလို၊
နာမည်ကြားရုံနဲ့လဲ ဘယ်သူ့ ဇနီးမယားပါလို့ သိနိုင်မယ်မဟုတ်ပါဘူး။
လူ့အခွင့်အရေး… လူ့အခွင့်အရေးလို့ တွင်တွင်အော်နေတဲ့
နိုင်ငံတွေမှာတောင် လက်ထပ်ပြီးတာနဲ့ ဘယ်သူ့ ဇနီးမယားပါဆိုတာ
သိနိုင်တဲ့နာမည် ပြောင်းရတုန်းပါ။ သူတို့ ဓလေ့ထုံးစံ ဆိုပေမယ့်
လူ့အခွင့်အရေး စံနှုန်းမြင့်ကနေ ကြည့်မယ်ဆိုရင် ဒါ ငါပိုင်၊ ငါ့မယားဆိုတဲ့
လေဘယ်ကို ကျေကျေနပ်နပ် အတတ်ခံရတာပါ။ မြန် မာအမျိုးသမီးတွေမှာ
ဒါမျိုးမရှိပါဘူး။ ပြီးတော့ နရသူ ထပ်ပြောတာက ဇနီးသည်
မြန်မာအမျိုးသမီးတို့ရဲ့ ကိုယ် ပိုင်ပစ္စည်းတွေအပေါ်မှာလဲ လင်ယောက်ျားအနေနဲ့
ချုပ်ချယ်ပိုင်ခွင့် မရှိပါတဲ့။
ဒါကြောင့် နရသူ
ကိုးကားတဲ့ Sir T.G . Scott ရဲ့အဆိုကို ကြည့်ပါဦး။”The Burmese women
enjoys many rights which her European sister is even now clamouring
for.” “ မြန်မာအမျိုးသမီးကလေး အနေနဲ့ သူရဲ့အမတော် ဥရောပအမျိုးသမီးကြီး
ယနေ့တိုင် အပြင်းအထန် တောင်းဆိုနေရတဲ့ လူ့အခွင့်အရေး မျိုးတွေကို
(အပြည့်အ၀) ရရှိပြီး ပျော်ရွှင်နေနိုင်ပါတယ်”တဲ့။
အထက်က
တင်ပြချက်တွေကို ကြည့်ပြီး ဗုဒ္ဓသာသနာက အမျိုးသမီးထုရဲ့ အခွင့်အရေးတွေနဲ့
ဂုဏ် သိက္ခာတန်ဖိုးတွေကို အသိအမှတ်ပြုတဲ့နေရာမှာ ဘယ်ဘာသာ၊ ဘယ်ဒီမိုကရေစီ
အရင့်အမာ နိုင်ငံကြီးတွေ ထက်မဆို မနိမ့်တဲ့အပြင် အမြင့်ပိုင်းမှာ
ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။
အဲ…..၀န်ခံစရာလေးတော့
နဲနဲရှိပါတယ်။ ဒါကလဲ အမျိုးသမီးတွေကို နိမ့်ကျပြီး မသန့်ရှင်းဘူးလို့ ယူဆ
တဲ့ ရှေးရိုးဆန်ပြီး လွဲမှားတဲ့ခံယူချက်တွေကြောင့် ဖြစ်လာတဲ့
တားမြစ်ကန့်သတ်ချက်တွေပါ။ ဥပမာ-ကျိုက်ထီးရိုး ကျိုက္ခမီ တို့လို
နေရာမျိုးတွေမှာ အမျိုးသားများနဲ့တန်တူ အမျိုးသမီးတွေ ဖူးမျှော်ခွင့်မရတဲ့
နေရာလေးတွေ ရှိနေ ပါသေးတယ်။
နောက်တစ်မျိုးက သိမ်ထဲကို
သန့်ရှင်းရေးလုပ်ဖို့ ခိုင်းလိုက်ရင် “တပည့်တော်မတို့ သိမ်ထဲဝင်လို့ရလို့
လား”ဆိုတဲ့ ပြန်မေးတာလေးတွေ မကြာခဏ တွေ့ရတတ်ပါတယ်။ သံဃာများ သိမ်အတွင်း
အမှုကိစ္စဆောင် ရွက်နေချိန်မှာတော့ အမျိုးသမီး မဆိုထားနဲ့ ဘုရင်တို့
သမတတို့တောင် မ၀င်ရပါဘူး ။(ကံပြုသံဃာ၏ နေရာမှ ၂တောင်ထွာအတွင်း မရောက်စေရ)
တကယ်တော့ အမျိုးသမီးများ ကိုယ်တိုင်က “ငါဟာ နိမ့်ကျတယ်၊ ငါဟာ
မသန့်ရှင်းဘူး”ဆိုတဲ့ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့ စိတ်အတွေးတွေ
မရှိသင့်တော့ပါဘူး။
ကဲ……ဒါဆိုရင် ဗုဒ္ဓဘာသာဝင်
မြန်မာအမျိုးသမီးတွေအနေနဲ့ ရှင်အာနန္ဒာကတောင်းဆိုပြီး ဗုဒ္ဓက
သတ်မှတ်ခွင့်ပြုပေးခဲ့တဲ့ (တစ်နည်း) ဗုဒ္ဓ၀ါဒလွှမ်းခြုံတဲ့
မြန်မာ့လူမှုရေးဝန်းကျင်က အသိအမှတ်ပြုထားတဲ့ ကိုယ်ရနေတဲ့
လူ့အခွင့်အရေးတွေရဲ့ တန်ဖိုးကို တိတိပပ သိကြလောက်ပါပြီ။
ဒီလိုသိပြီဆိုရင်တော့ ကမ္ဘာ့အမျိုး သမီးထုကြားမှာ ရင်ကော့လက်မထောင်နိုင်မယ့်
မြန်မာအမျိုးသမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူတဲ့ စိတ်တွေနဲ့ အတူ အမျိုး ဘာသာ
သာသနာကို စောင့်ထိန်းနိုင်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ကြလိမ့်မယ်လို့
ရည်ရွယ် မျှော်လင့်ရင်း နိဂုံးချုပ်အပ်ပါတယ်။
ယူနတီဂျာနယ် အတွဲ-၂၊ အမှတ်-၂၉၊ ၂၇-၇-၂၀၁၃ နေ့ထုတ်တွင် ပုံနှိပ်ဖေါ်ပြသည်။
Source: http://moemaka.com/archives/36947
No comments:
Post a Comment