Sunday, August 11, 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ပတ်သက်၍ သမိုင်းအမှန် ဖော်ထုတ်ရန် လိုအပ်

AddThis Social Bookmark Button
8.1.1
ရှစ်လေးလုံး အရေးခင်း ကာလအတွင်း မြင်ကွင်းတစ်ခု
မည်သူ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ လှုံ့ဆော်မှုဖြင့် ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ဘဲ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်ပတ်သက်ပြီး ပေါ်ပေါက်လာခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ပတ်သက်၍ သမိုင်းအမှန် ဖော်ထုတ်ရန် လိုအပ်လာကြောင်း နိုင်ငံရေး အင်အားစုများနှင့် သမိုင်းလေ့လာ သူများက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်ထုတ် စံတော်ချိန် သတင်းစာတွင် ဗမာပြည် ကွန်မြူနစ်ပါတီ (BCP) ၏ ဗဟိုကော်မတီဝင် ဒေါ်လှကျော်ဇောက ရှစ်လေးလုံး အရေးတော်ပုံတွင် ဗမာပြည် ကွန်မြူနစ်ပါတီက အဓိကကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပြောဆိုမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထိုနည်းတူစွာဖြင့် သြဂုတ် ၆ ရက်ထုတ် မော်နီတာ သတင်းဂျာနယ်၊ သြဂုတ် ၁၀ ရက်ထုတ် The Voice Weekly ဂျာနယ်၊ သြဂုတ် ၁၁ ရက်ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်တို့တွင် ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်များ အနက် တစ်ဦးအပါအ၀င် ဖြစ်သော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ အင်တာဗျူး အဖြေများက ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းဖြစ်ရပ်မှန်များကို ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နေထိုင်နေသော ဒေါ်လှကျော်ဇောက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရေးအတွက် လူထုထောက်ခံမှု ရယူနိုင်ရန်၊ လက်ရှိ လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအတွက် လမ်းကြောင်းပေးနိုင်ရန် ဗမာပြည် ကွန်မြူနစ်ပါတီသည် ပါတီစုံ ဒီမိုကရေစီ စနစ်ဆိုသော ဝေါဟာရကို ကြွေးကြော်သံအဖြစ် အသုံးပြုခဲ့ကြောင်း၊ ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ အနေဖြင့် စစ်အာဏာရှင် အစိုးရကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခြင်း မရှိသော်လည်း ခိုင်မာသည့် နိုင်ငံရေးအန်တုမှု လုပ်ငန်းစဉ်အတွက် မျိုးစေ့ချပေး နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာပြည် လူတန်းစား အားလုံးကို စုစည်းနိုင်ရေးအတွက် ပါတီစုံ ဒီမိုကရေစီ ကြွေးကြော်သံကို အသုံးပြုရန် ဗမာပြည် ကွန်မြူနစ်ပါတီက ၁၉၈၅ ခုနှစ်တွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဒေါ်လှကျော်ဇောက ဆိုသည်။
ထို့အပြင် ၁၉၈၈ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ကျောင်းသားများ ဦးဆောင်ပြီး ဒီမိုကရေစီ အရေးတော်ပုံ စတင်ချိန်နှင့် တစ်ချိန်တည်းတွင် ရှမ်းပြည်နယ် အတွင်းရှိ အစိုးရတပ်ဖွဲ့ အဓိကစစ်စခန်း နှစ်ခုကို ဗမာပြည် ကွန်မြူနစ်ပါတီက တိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အနေဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ စစ်ရေးအရ ထိုးနှက်မှုနှင့် ရန်ကုန်မြို့၌ ဖြစ်ပွားနေသော လူထုဆန္ဒပြပွဲများ အကြား ဗျာများခဲ့ရသည်ဟု ဒေါ်လှကျော်ဇောက သုံးသပ်ခဲ့သည်။

ဒီအရေးတော်ပုံကြီးဟာ တိုင်းသူပြည်သားတွေ အားလုံးရဲ့ ဒီမိုကရေစီ တောင်းဆိုမှုကြီး၊ ဒီမိုကရေစီ အရေးတော်ပုံကြီးသာ ဖြစ်တယ်။ ဒါကြောင့် ဘယ်နိုင်ငံရေး ပါတီကပဲဖြစ်ဖြစ် ဒီအရေးတော်ပုံကြီးကို ဦးဆောင်ပါတယ်လို့ ပြောပြော၊ အဓိကဖြစ်တယ်လို့ ပြောပြော ပြောချင်တဲ့ စကားလုံးနဲ့ပြော၊ အရေးတော်ပုံကြီးရဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ရင် မထိရောက်ပါဘူးလို့...


ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းပစ်ခတ် မှုများအပြင် ဖမ်းဆီးထောင်ချ မှုများအတွက် ထောက်လှမ်းရေးတွင် တာဝန်ရှိကြောင်း ပြောဆိုမှုများကို ငြင်းဆိုခဲ့ပြီး ဟိုလူပြော၊ ဒီလူပြောဖြင့် ပါးစပ်မှ ထွက်လာသည်များသည် သမိုင်းဖြစ်ချင်မှ ဖြစ်မည်ဟု ပြောကြားခဲ့သည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်နှိမ်နင်းမှုများ၊ ဖမ်းဆီးအရေးယူ ထောင်ချမှုများနှင့် ပတ်သက်ပြီး ထောက်လှမ်းရေးကို ပစ်မှတ်ထား ပြောဆိုရေးသား နေသူများအား'' အရူးချီးပန်းလို လုပ်နေကြတာတွေဗျ'' ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအချိန်က ထုတ်ပြန်ထားသည့် ''တည်ဆဲဥပဒေများ'' အရ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ လူများစွာ အသက်ဆုံးရှုံး ခဲ့ရတယ်၊ အဖမ်းဆီးခံကြရတယ်၊ လူများစွာ ဒုက္ခရောက်ခဲ့ကြတယ်။ အဲဒီအရေးတော်ပုံကြီး အကြောင်းကို ပြောရရင် ဘယ်နိုင်ငံရေးပါတီက ဦးဆောင်တယ်၊ ဘယ်နိုင်ငံရေး သမားက ဦးဆောင်တယ်လို့ပြောရင် ကျွန်တော်လက်မခံဘူး။ ကျွန်တော်တို့ လက်ခံတာက ကျောင်းသားလူငယ်တွေက စွန့်လွှတ်အနစ်နာခံပြီးတော့ အစပျိုးခဲ့တယ်။ ဒါကိုတော့ လက်ခံတယ်။ ဒီအရေးတော်ပုံကြီးဟာ တိုင်းသူပြည်သားတွေ အားလုံးရဲ့ ဒီမိုကရေစီ တောင်းဆိုမှုကြီး၊ ဒီမိုကရေစီ အရေးတော်ပုံကြီးသာ ဖြစ်တယ်။ ဒါကြောင့် ဘယ်နိုင်ငံရေး ပါတီကပဲဖြစ်ဖြစ် ဒီအရေးတော်ပုံကြီးကို ဦးဆောင်ပါတယ်လို့ ပြောပြော၊ အဓိကဖြစ်တယ်လို့ ပြောပြော ပြောချင်တဲ့ စကားလုံးနဲ့ပြော၊ အရေးတော်ပုံကြီးရဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ရင် မထိရောက်ပါဘူးလို့ ပြောချင်ပါတယ်'' ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။
''ရှစ်လေးလုံးမှာ ပြေးကြလွှားကြ ထောင်ကျကြ ဖြစ်နေတဲ့ အချိန်တုန်းက ဘယ်သူကမှ ငါတို့လုပ်တာလို့ မပြောခဲ့ကြဘဲ အခုကျမှ ငါလုပ်တာ၊ ငါအဓိက ပါတယ်လို့ ပြောနေတာက တော်တော်ခွကျတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့လည်း လက်မခံပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးက မပြီးသေးပါဘူး။ ရှေ့ဆက်ပြီး တိုက်ပွဲဝင်ကြရ ဦးမှာပါ။ ဒီလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင် နိုင်အောင် ကြိုးစားသင့်ပါတယ်။ အမှန်အတိုင်းပြောရင် ဗိုလ်ခင်ညွန့်ဆိုတာ ရှစ်လေးလုံး အရေးတော်ပုံရဲ့ တရားခံ အစစ်ပါပဲ။ ဦးစိန်လွင်တို့၊ ဦးခင်ညွန့်တို့ကို လူတွေက လူသတ်ကောင်တွေလို့ ပြောနေကြတာပဲ။ အမှန်က သူတို့တွေ ပြောရမယ့် စကားက အရေးတော်ပုံ အတွင်းမှာ ကျွန်တော်တို့ အမှားတွေ ကျူးလွန်ခဲ့ပါတယ်၊ လူတွေသတ်မိပါတယ်၊ ထောင်ချမိပါတယ်၊ တောထဲကို ထွက်ပြေးအောင်လဲ လုပ်ခဲ့ပါတယ်။ NLD က အမတ်တွေကိုလည်း ဘ၀ပျက်အောင် လုပ်ခဲ့ပါတယ်လို့ ၀န်ခံသင့်တာ။ အရေးတော်ပုံနဲ့ ပတ်သက်ရင် သူဘာမှ ပြောခွင့်မရှိပါဘူး။ သူတို့ပြောနိုင်တာက သေနတ်သံသမိုင်းပဲ ပြောခွင့်ရှိတယ်'' ဟု ဦးဝင်းတင်က ဆက်လက် ပြောကြားသည်။
ပါတီစုံ ဒီမိုကရေစီ စနစ်ကို မကြိုက်သော ဗမာပြည် ကွန်မြူနစ်ပါတီ အနေဖြင့် ပါတီစုံစနစ်သို့သွားရန် ၁၉၈၅ ခုနှစ်အချိန်က ဆုံးဖြတ်ချက်ချခဲ့ခြင်း ဆိုသည်မှာ မဖြစ်နိုင်ကြောင်းနှင့် ကျောင်းသားများ အပါအ၀င် ရဟန်းရှင်လူ ပြည်သူများက အထွေအထွေ မကျေနပ်ချက်များမှတစ်ဆင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ ကာလက မန္တလေးမြို့ အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ် အဖွဲ့မှ ဦးမင်းလွင်က ပြောကြားသည်။
8.1.1
၈၈ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် အခမ်းအနားတွင် ပြသထားသော ရှစ်လေးလုံးကာလ သမိုင်းဝင် ဓာတ်ပုံအချို့
''ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရမ်းကျယ်ပြန့်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြတာပါ။ ဒီအရေးတော်ပုံကြီးမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ပါမပါဆိုတာကိုတော့ မပြောလိုပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ အထွေထွေ မကျေနပ်မှုတွေကနေ အရေးတော်ပုံကြီး စခဲ့ရတာပါ။ လက်နက်ကိုင်တွေရဲ့ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုကို မကျေနပ်လို့ စဖြစ်ခဲ့တာ။ တစ်ချိန်တည်းမှာ တိုင်းပြည်ကလည်း အရမ်းနိမ့်ကျ နေတဲ့အတွက် ပြည်သူလူထု တစ်ရပ်လုံးက အားပေး ထောက်ခံခဲ့ကြတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျွန်တော်တို့ တောင်းဆိုခဲ့တာက ဒီမိုကရေစီ အရေးနဲ့ ၇၄ ဖွဲ့စည်းပုံ ပြင်ဆင်းရေးပဲ။ ဦးနေ၀င်းကလည်း ပါတီစုံစနစ်နဲ့ သွားမလား၊ တစ်ပါတီစနစ်နဲ့ပဲ သွားမလားဆိုပြီး လမ်းဖွင့်ပေးထားတယ်။ အဲဒီအချိန်မှာ စစ်တပ်က အာဏာသိမ်းသွားလို့ မဖြစ်နိုင်ခဲ့တာ။ ဒီအရေးတော်ပုံကြီးကို ဗမာပြည် ကွန်မြူနစ်ပါတီက ဦးဆောင်ခဲ့တယ် ဆိုတာကတော့ လက်မခံနိုင်ပါဘူး။ ၁၉၈၅ ခုနှစ်ကတည်းက ပါတီစုံစနစ်ကိုသွားဖို့ ဗကပအနေနဲ့ သွားဖို့ဆုံးဖြတ်ချက် ချခဲ့တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဗမာပြည် ကွန်မြူနစ်ပါတီက ပါတီစုံစနစ်ကို မကြိုက်ဘူး။ သူတို့ရည်ရွယ်ချက်က လက်နက်နဲ့ တိုက်ခိုက်ပြီး ကွန်မြူနစ်နိုင်ငံ ထူထောင်ဖို့ပဲ။ အခုအချိန်ကျမှ ဘာလို့ ဒီစကား လာပြောနေရတာလဲ။ ပါတီစုံစနစ် လက်ခံတယ်ဆိုရင် ဖဆပလနဲ့ ခွဲထွက်သွားစရာမှ မလိုတာ'' ဟု ဦးမင်းလွင်က ဆိုသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ဗမာပြည် ကွန်မြူနစ် ပါတီသည် တစ်စိတ်တစ်ပိုင်း အားဖြင့် ပါဝင်ခဲ့သည်ဟု ဆိုသော်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူများမှာ ပြည်သူများသာ ဖြစ်ကြောင်း မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတင်အေးကြူက ပြောပါသည်။
''ရှစ်လေးလုံး အထိမ်းအမှတ် မန္တလေးကထုတ်တဲ့ မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့ပါတယ်။ 'လူထုက သမိုင်းဖန်တီးတယ်။ လူထုကပဲ သူရဲကောင်း'' ဆိုပြီးတော့။ ဒီအရေးတော်ပုံကြီးက တပ်ပေါင်းစုပေါင်း စုံပြီးတိုက်ခဲ့ကြတာပါ။ ဗမာပြည် ကွန်မြူနစ် ပါတီသည်လည်း တစ်စိတ်တစ်ပိုင်း ပါခဲ့တာပေါ့။ ပါတီစုံ ဒီမိုကရေစီ ကြွေးကြော်သံကို ဗမာပြည် ကွန်မြူနစ်ပါတီက အသုံးပြုဖို့ ၁၉၈၅ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ၁၉၈၀ တတိယအကြိမ် ပါတီကွန်ဂရက်က ဆုံးဖြတ်ခဲ့တာပါ။ စစ်အစိုးရ အနေနဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို ဗကပတွေ နောက်ကွယ်က ကြိုးကိုင်တယ်လို့ ပြောဆိုတာက အကြောင်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်သူ။ နောက်ပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ အစ်မဒေါ်ခင်ကြီးရဲ့ယောက်ျား သခင်သန်းထွန်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ဥက္ကဋ္ဌ။ ဒီတော့ ဒီအရေးအခင်းကြီးမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ပါလာတော့ သူ့နောက်မှာ ကွန်မြူနစ်တွေ ရှိတယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရပ်အောင် လုပ်တဲ့သဘောပါ။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တပ်ပေါင်းစု ၀ိုင်းပြီးတိုက်ခဲ့ကြတဲ့ အရေးတော်ပုံပါ။ ဗကပလည်း ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပါသလို နိုင်ငံခြားမှာရှိတဲ့ CRDB ရဲ့လှုံ့ဆော်ချက်တွေ၊ ဗိုလ်ချုပ်အောင်ကြီးရဲ့ စာတွေကြောင့်လည်းပါတယ်။ တပ်ပေါင်းစု တိုက်ခဲ့ကြတာကြောင့် သမိုင်းဟာ လူထုရဲ့သမိုင်းပဲ ဖြစ်ပါတယ်။ သူရဲကောင်းကလည်း လူထုပါပဲ'' ဟု ဦးတင်အေးကြူက ဆိုသည်။
''၈၈ အရေးတော်ပုံကြီးဟာ တကယ်တော့ သူတို့ပြောသလိုပါပဲ။ လက်ဝဲ၊ လက်ယာ မြေပေါ်မြေအောက် ပြည်တွင်းပြည်ပ အဖျက်သမားတွေက လုပ်ဆောင်ခဲ့တာ မှန်ပါတယ်။ ပြည်တွင်းရော ပြည်ပရော ဟန်ချက်ညီညီ တိုက်ပွဲဝင်ခဲ့ကြတာ။ တစ်ခုပြောနိုင်တာကတော့ ၁၉၈၅ ဗမာပြည် ကွန်မြူနစ်ပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစီရင်ခံစာထဲမှာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးရဲ့ ရွှေရတုဖြစ်တဲ့ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ လူထုအုံကြွမှုကြီး ပြုလုပ်ဖို့ ပြင်ဆင်ရမယ်လို့ ဆုံးဖြတ်ခဲ့တာတော့ ဗမာပြည် ကွန်မြူနစ်ပါတီပဲ။ ကြိုပြီးပြင်ဆင်ခဲ့တာ မှန်ပါတယ်။ ကြိုးကိုင်ခဲ့တယ်လို့ ပြောဖို့တော့ သင့်တော်မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ အင်အားစု အသီးသီး ပါဝင်ခဲ့ကြတာ'' ဟု မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

အရေးတော်ပုံကြီးကို သယ်ဆောင် သွားတာကတော့ ပြည်သူလူထုကြီးပါပဲ။ အဓိကဇာတ်ကောင်ဟာ ပြည်သူလူထုကြီး ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးမှာ ပြည်သူလူထုကြီး တစ်ခဲနက် ပါဝင်လို့လည်း ဒီအဆင့်အထိ ကြီးကျယ်ခဲ့၊ သမိုင်းဝင်ခဲ့၊ ဂုဏ်ပြောင်ကြီးမြတ်ခဲ့တာ ဖြစ်ပါတယ်...


ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မတိုင်မီ အချိန်က လှုံ့ဆော်စည်းရုံးစာ ပေးပို့ခဲ့ခြင်းများ ရှိသော်လည်း အရေးတော်ပုံကို အဓိက သယ်ဆောင်သွားသူများမှာ ပြည်သူလူထုသာ ဖြစ်ကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက ပြောကြားသည်။
''အရေးတော်ပုံကြီးကို သယ်ဆောင်သွားတာ ကတော့ ပြည်သူလူထုကြီးပါပဲ။ အဓိက ဇာတ်ကောင်ဟာ ပြည်သူလူထုကြီး ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးမှာ ပြည်သူလူထုကြီး တစ်ခဲနက် ပါဝင်လို့လည်း ဒီအဆင့်ထိ ကြီးကျယ်ခဲ့၊ သမိုင်းဝင်ခဲ့၊ ဂုဏ်ပြောင်ကြီးမြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကွန်မြူနစ်ပါတီကတော့ ကိုယ်သန်တဲ့၊ ကိုယ်နိုင်တဲ့ အခန်းက တတ်စွမ်းသမျှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်'' ဟု ရဲဘော်ဖိုးသံချောင်းက ဆိုသည်။
''၈၈ အရေးတော်ပုံကို ဗကပ က ဦးဆောင်ခဲ့တယ်ဆိုတာ အပြည့်အ၀ မမှန်ပါဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်စိုးတဲ့ ၂၆ နှစ်တာ ကာလမှာ ပြည်သူတွေ ဆင်းရဲမွဲတေပြီး တိုင်းပြည်ကလည်း ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ LDC နိုင်ငံအဆင့် ရောက်သွားတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်မှာ နိမ့်ကျနေတော့ တိုင်းပြည်က ယမ်းအိုးကြီး တစ်လုံးလို ဖြစ်နေတယ်။ ၈၈ အရေးအခင်းဖြစ်တဲ့ ဖုန်းမော်ကိစ္စ မတိုင်ခင်မှာ ငွေစက္ကူ ပြဿနာကလည်း ဖြစ်ခဲ့သေးတော့ အဲဒီကိစ္စတွေက မီးစဖြစ်သွားရတာပါ။ ဗကပအနေနဲ့ အစိတ်အပိုင်း တစ်ခုနဲ့ပဲ ပါခဲ့တာပါ။ ဗိုလ်ချုပ်နေ၀င်းရဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ခင်ညွန့်ကတော့ ဗကပကို အပြစ်ဖို့ချင်တာနဲ့ ၈၈ အရေးတော်ပုံကြီးဟာ လူသတ်၊ ခေါင်းဖြတ်၊ ပစ္စည်းလု စတဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်ဆိုပြီး ၀ါဒဖြန်ခဲ့တာပါ'' ဟု ရှစ်လေးလုံး အရေးတော်ပုံကာလ မန္တလေးမြို့ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစုမှ ဦးဇာနည်အောင်က ဆိုသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ဗမာပြည် ကွန်မြူနစ်ပါတီက အဓိကကဏ္ဍမှ ပါဝင်ခဲ့သည် ဆိုခြင်းကို လက်မခံကြောင်းနှင့် မန္တလေး အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရစဉ်က တွေ့ဆုံခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီဝင် များကလည်း အဓိကကဏ္ဍမှ ပါဝင်ခဲ့သည် ဆိုခြင်းကို ငြင်းဆိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးရွှေထူး (တောင်ကြီး) က ပြောပါသည်။
''၈၈ အရေးတော်ပုံမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ လူတွေလို့ပြောရင် အဲဒါ ပြည်သူပဲ ဖြစ်တယ်။ ပြည်သူအများစုကတော့ ကွန်မြူနစ် မဟုတ်တာ သေချာပါတယ်။ ဒီအရေးတော်ပုံမှာ လက်ဝဲ၊ လက်ယာ အားလုံးပါကြတယ်။ ဒါပေမဲ့ အဓိကလို့ ပြောရင်တော့ အဲဒါပြည်သူတွေပါပဲ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပန်းမှုမှာလည်း ဗမာပြည် ကွန်မြူနစ်ပါတီ ပါတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အဓိကတော့ မဟုတ်ဘူး။ အောင်ခြေပြည်သူက ဘာကွန်မြူနစ်ဝါဒမှ နားမလည်ဘူး။ သူတို့သိတာက နယ်ချဲ့ကျူးကျော်သူကို တော်လှန်မယ်။ အဲဒါကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်။ ကွန်မြူနစ်ဝါဒ လေ့လာသူတွေ ကြားထဲမှာပဲ ကွန်မြူနစ်ဝါဒ ရှိနေတာပါ သာမန်ပြည်သူတွေထဲမှာ မရှိပါဘူး။ သမိုင်းဆိုတာ ဖြစ်ရပ်တွေပေါ်မှာပဲ ဆိုတာလည်း မှန်တယ်။ ဒါပေမဲ့ အမှန်ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ၊ ကိုယ်ရေးတဲ့ဟာကို အမှန်လို့ သတ်မှတ်တာက သမိုင်းမဟုတ်ဘူး။ ၈၈ အရေးတော်ပုံကြီး ဆိုတာ လူတိုင်းမှာ သမိုင်းရှိတယ်လေ။ သူပါဝင်ခဲ့တဲ့ သူ့အစိတ် အပိုင်းက သမိုင်းပဲ'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။
''၈၈ အရေးတော်ပုံကြီးမှာ BCP က သူတို့ ပါဝင်တယ် ဆိုတာကိုတော့ လက်ခံတယ်။ အဓိကကဏ္ဍက ပါတယ်လို့ပြောရင် လက်မခံဘူး။ ဘာလို့လဲဆိုတော့ '၀' က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ တီဗွီကနေ လာတာတွေ ရှိတယ်လေ၊ အဲဒီမှာ သခင်ဘသိန်းတင်က ''နိုင်ငံရေး အရှိန်အဟုန်က သိပ်မြန်တယ်၊ အပြောင်းအလဲက မြန်တယ်၊ ဒါကြောင့် ကျွန်တော်တို့ အမီလိုက်ရမယ်'' လို့ ပြောသွားတာ ရှိတယ်လေ။ ဒီစကားအရ သူတို့နောက်ကနေ အမီလိုက်နေရတာလေ။ ဒီကိစ္စက တော်တော်များများ ဖြတ်သန်းခဲ့တာလေ။ ဒါကြောင့် ဟိုလူပြော ဒီလူပြော ဆိုတာနဲ့ ချုပ်လို့မရဘူးလေ၊ နောက်ပြီး ၈၈ အရေးတော်ပုံကို လူတစ်ဦး တစ်ယောက်ထဲက ပြောနေလို့မရဘူး။ ဒီအရေးတော်ပုံနဲ့ ပတ်သက်ပြီး သက်ရှိထင်ရှား ရှိနေတဲ့လူတွေ အများကြီးပဲလေ။ သမိုင်းအနေနဲ့ကတော့ ဒီလိုမျိုး ပြောလို့မရဘူး။ အားလုံးက မှတ်ဥာဏ် ကောင်းနေသေးတာပဲ ပေါက်ကရ လျှောက်ပြောရင် ဘယ်သူက လက်ခံမှာလဲ။ ပြီးတော့ ဗီဒီယို မှတ်တမ်းတွေလည်း ရှိနေတာပဲ'' ဟု နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဦးမျိုးကိုမျိုးက ပြောကြားသည်။
8.1.1
၈၈ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် အခမ်းအနားတွင် ပြသထားသော ရှစ်လေးလုံးကာလ သမိုင်းဝင် ဓာတ်ပုံများကို ကြည့်ရှုနေကြစဉ်
အခြားတစ်ဖက်တွင်လည်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ပတ်သက်၍ သမိုင်းအမှန် ဖော်ထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်းမှုများ ရှိနေသည့်နည်းတူ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းပြီး အကြမ်းဖက် အင်အားသုံးပြီးဖြို ခွင်းခဲ့သူများနှင့် ပတ်သက်၍ အမှန်တရား ဖော်ထုတ်ရန် လိုအပ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။
''တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ အမှန်တရားကို လျစ်လျူရှုထားပြီး နေလို့မရပါဘူး။ လူတွေအနေနဲ့ ဒီလိုပြစ်မှု ကျူးလွန်ခဲ့ သူတွေကို ခွင့်လွှတ်ပေးတာက တစ်ပိုင်းပါ။ ဒါပေမဲ့ အမှန်တရားကို မဖော်ထုတ်ဘဲ ဖုံးအုပ်ထားရင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။ ဒီပြစ်မှုတွေကို အရေးယူတာတွေဘာတွေ မလုပ်ဘဲထားလို့ လည်းရတယ်။ အမှန်ကိုတော့ မဖော်ထုတ်ဘဲထားလို့ မရပါဘူး။ လူ့အဖွဲ့အစည်းကနေ ဖြစ်ရပ်မှန်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာကတော့ အဲဒီ့လူ့အဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်ပါတယ်'' ဟု ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ဘီဘီစီ သတင်းထောက်အဖြစ် မြန်မာနိုင်ငံ သတင်းများကို တင်ဆက်ခဲ့သူ ခရစ္စတိုဖာဂန်းနက်စ်က သြဂုတ် ၇ ရက်တွင် The Daily Eleven နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
''သမိုင်းမှန် ပေါ်ပေါက်ရေး အတွက်ဆိုရင် ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ အာဏာရတဲ့ သူတွေရေးမှ သမိုင်းအမှန်ဖြစ်တာ မဟုတ်ပါဘူး။ ၈၈ အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ သမိုင်းမှန် ပေါ်ပေါက်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ကြရပါဦးမယ်'' ဟု ဦးဇာနည်အောင်က ပြောသည်။
''၈၈ အရေးတော်ပုံကြီးရဲ့ ပြည့်စုံတဲ့ သမိုင်းတစ်ခုကိုတော့ ကျွန်တော်တို့လည်း လိုချင်ပါတယ်။ ဖြစ်ရပ်မှန်ကို စုံစမ်းနိုင်တဲ့ ကော်မရှင် ဖွဲ့နိုင်ရင်တော့ ကောင်းတာပေါ့'' ဟု ဦးရွှေထူး(တောင်ကြီး)က ဆိုသည်။
''သမိုင်းကော်မရှင် ဖွဲ့မယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့၊ ဒါပေမဲ့ ခြွင်းချက်တော့ ရှိပါတယ်။ အစိုးရဘက်က လူတွေချည်းပဲ ဖွဲ့လို့ကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ အပြင်က တကယ့်ကို လွတ်လပ်တဲ့ ပညာရှင်တွေ၊ ၀ါရင့်နိုင်ငံရေး သမားတွေ၊ အတွေ့အကြုံရှိသူ တွေနဲ့ဖွဲ့မှ တကယ့်ကော်မရှင် အစစ်ဖြစ်မှာပါ။ အဲဒါမှ တကယ့်ကို ဘက်မလိုက်ပဲ ပြည်သူလူထုက ရေးတယ်လို့ ပေါ်မှာပဲ။ အစိုးရ လူတွေချည်းပဲ ဖွဲ့လို့ကတော့ လိမ်တဲ့သမိုင်း၊ ထိန်ချန်တဲ့ သမိုင်းပဲ ဖြစ်မှာပဲ'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မုံရွာအောင်ရှင်က ပြောကြားသည်။

ကျွန်တော်တို့ ပြည်သူတွေ အတွက်ကတော့ မဆလတစ်ပါတီ အာဏာရှင် စနစ်ဆိုးကြီးကို ရင်ဘတ်နဲ့ ရင်းပြီးတော့ ဒီလောက်ပစ်သတ် နေတဲ့ကြားထဲက ရဲရဲရင့်ရင့်နဲ့ ဆက်တက်ပြီးတော့ ကျည်ဆံတွေကို ရင်ကော့ပြီးတော့ တိုက်ပွဲဝင်သွားကြတာ တကယ့်သူရဲကောင်း မော်ကွန်းပဲ။ ဗိုလ်ခင်ညွန့်တို့ အတွက်တော့ ဘယ်ဟုတ်ပါ့မလဲ...


ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းကို အစိုးရက ပုံဖျက်ခြင်းများ၊ စွပ်စွဲချက်ခြင်းများ ရှိနေကာ အရေးတော်ပုံနှင့် ပတ်သက်သော ဖြစ်ရပ်မှန် ရေးသားသည့် သမိုင်းမော်ကွန်းလည်း မရှိသေးသည့် အတွက် သမိုင်းဖြစ်ရပ်မှန်များကို ဖော်ထုတ်ရန်မှာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဌေးကြွယ်က ပြောကြားသည်။
''ရှစ်လေးလုံးရဲ့ သမိုင်းက ခမ်းနားပြီးတော့ ကြီးကျယ်ပါတယ်။ နယ်ပယ် အသီးသီးက ပါဝင်ခဲ့တဲ့ သမိုင်းကြီး ဖြစ်ပါတယ်။ နောက်ပြီး ဒီအရေးတော်ပုံကြီးကို စစ်အစိုးရရဲ့ ပုံဖျက်ချက်တွေ၊ စွပ်စွဲချက်တွေကလည်း ရှိနေတယ်။ နေရာအနှံ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေ သမိုင်းတွေမှာ လူဘယ်နှစ်ယောက်လောက် ကျဆုံးခဲ့တယ်၊ မြန်မာနိုင်ငံသား ဘယ်နှစ်ယောက်ရဲ့ အသက်ပေးပြီး ဒီပြုပြင် ပြောင်းလဲမှုကို ဖော်ဆောင်ခဲ့ ရတယ်ဆိုတာတောင် တိတိကျကျ သမိုင်းတင်ထားတာ၊ မော်ကွန်းထိုးထားတာ မရှိသေးဘူး။ ဒါကြောင့် ရှစ်လေးလုံး သမိုင်းနဲ့ ပတ်သက်လာရင် အချို့နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အဲဒီ့ ကာလက ကျောင်းသား အဖွဲ့အစည်းတွေ စသဖြင့်ပေါ့လေ အငြင်းပွားကြ တာတွေရှိတယ်။ ဒီတော့ တကယ့်သမိုင်း ဖြစ်ရပ်မှန်ကို စာပေပညာရှင်၊ နိုင်ငံရေး နယ်ပယ်က ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် လုပ်နိုင်သူတွေ၊ သတင်းနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ သမိုင်းနဲ့ လူမှုရေးသိပ္ပံ နယ်ပယ်က ပုဂ္ဂိုလ်တွေ၊ စုစည်းပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကောက်ယူ စုစည်းရင်တော့ ပြည်စုံတဲ့ သမိုင်းကြောင်းတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကတော့ တကယ်တမ်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်'' ဟု ဦးဌေးကြွယ်က ဆိုသည်။
''ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပုံဖျက်ဖို့ ကြိုးစားတယ် ဆိုတာတွေကို ကျွန်တော်တို့လည်း သတိပြုမိပါတယ်။ အဲဒီလို လုပ်ကြသူတွေထဲမှာ တချို့ကတော့ အရင်ကတည်းက ဆန့်ကျင်ဘက်ကရပ်ပြီး လူထုကို တိုက်ခိုက်ခဲ့ သူတွေဖြစ်ပါတယ်။ တချို့ကျတော့ အခုကျမှ ကိုယ့်အကျိုးစီးပွား အတွက် ပုံဖျက်ကြတာ ဖြစ်ပါတယ်။ အနည်းစုကတော့ ဘာမှတကယ် မသိ၊ မမီလိုက်ဘဲ ရမ်းရေး၊ ရမ်း ပြောနေကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်မှာတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းဝင်အခန်းနဲ့ ကြီးကျယ်မြင့်မြတ်မှုကို အသိအမှတ် ပြုနိုင်ဖို့ဆိုရင် (၁) ဒီအရေးတော်ပုံကြီးရဲ့ နောက်ခံ အနေအထားကို သဘောပေါက် နားလည်ရပါမယ်။ အဲဒီတုန်းက တိုင်းပြည်အခြေအနေနဲ့ အဲဒီ အရင်က တိုက်ပွဲအဆက်ဆက်ရဲ့ ဖြစ်စဉ်တွေကို သဘောပေါက် အသိအမှတ် ပြုရပါမယ်။ လူထုကြီး ပါဝင်မှုကို အသိအမှတ် ပြုရပါမယ် (၂) ဒီကနေ့အိ ဗမာပြည်မှာ ဖြစ်ပေါ်နေတာတွေဟာ အရေးတော်ပုံကြီးရဲ့ အဆက်တွေ ဖြစ်တယ် ဆိုတာကို အသိအမှတ် ပြုရပါမယ်(၃) ဒီအရေးတော်ပုံကြီး အတွင်းမှာ ကျဆုံးသွားသူအားလုံး-တစ်ယောက် မကျန်-ဘယ်သူမှ မတော်တဆ ကျည်မှန်လို့ ကျဆုံးခဲ့ကြတာ မဟုတ် ဘူး၊ စစ်အစိုးရက တမင်သတ်ဖြတ်လို့ သေခဲ့တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ် (၄) ဒီကနေ့ အစိုးရ လုပ်နေတာတွေဟာ ဒီအရေးတော်ပုံကြီးရဲ့ မျော်မှန်းချက်၊ တောင်းဆိုချက်တွေကို ရှောင်လွှဲဖို့ ဖြစ်တယ်ဆိုတာကို သဘော ပေါက်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုကို အရေးတော်ပုံကြီးရဲ့ အခန်းကို မပြတ်ရှင်းပြနေ၊ အရေးတော်ပုံကြီး မပြီးဆုံး သေးကြောင်း မပြတ်သတိ ပေးနေဖို့လိုပါတယ်။ ရှစ်လေးလုံး သမိုင်းကို ပြည့်ပြည့်စုံစုံ၊ မှန်မှန် ကန်ကန် မှတ်တမ်းတင်ဖို့ ဆိုတာ အမှန်ပဲ လိုအပ်ပါတယ်'' ဟုရဲဘော် ဖိုးသံချောင်းက ပြောကြားသည်။
''တောင်အာဖရိကမှာ ပြောသလို အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုရင်သမိုင်း အဖြစ်မှန် ဖော်ထုတ်ရေး ကော်မတီဖွဲ့ဖို့တော့ လိုပါတယ်။ သမိုင်းမှန် ဖော်ထုတ်ရေးလုပ်တာနဲ့ သမိုင်းမှန်ကော်မတီက ထိပ်ရောက်လာမှာပါ။ အဲဒီ့ကော်မတီကို ကျူးလွန်ခဲ့သူတွေကလာပြီး ၀န်ခံရတယ်၊ အဲလိုဝန်ခံလိုက်ရင် ခွင့်လွှတ်တဲ့ လူတွေက ခွင့်လွှတ်လိုက်တယ်၊ လာဝန်မခံဘူး ဆိုရင်တော့ အဲဒီ့လူတွေကို အရေးယူရပါတယ်။ ကော်မရှင်ဖွဲ့ချပါ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သင်ပုန်းချေဖို့ ပြောနေကြတယ်၊ သင်ပုန်းဆိုတာ ခြေချင်တိုင်း ခြေလို့မရဘူး၊ အပြစ်ရှိသူတွေက ၀န်ခံပြီး တောင်းပန်ရတယ်။ အဲဒီလိုပွဲမျိုးမှာ ဗိုလ်ခင်ညွန့်က သူလုပ်ခဲ့သမျ ၀န်ခံဖို့တော့ လိုလိမ့်မယ်'' ဟု ဦးဝင်းတင်က ဆိုသည်။
''သမိုင်းမှတ်တမ်းကတော့ လိုအပ်တာပေါ့ဗျာ။ တစ်ဖက်နဲ့ တစ်ဖက်တော့ တူမှာမဟုတ်ဘူး။ ဗိုလ်ခင်ညွန့်တို့ အတွက်ကတော့ ၈၈ ဆိုတာ တစ်သက်လုံး ဘယ်တော့မှ ပြန်မကြားချင်တဲ့ အိမ်မက်ထဲတောင် မကြုံချင်တဲ့ ငရဲဆိုးကြီးပေါ့ဗျာ။ ကျွန်တော်တို့ ပြည်သူတွေ အတွက်ကတော့ မဆလတစ်ပါတီ အာဏာရှင် စနစ်ဆိုးကြီးကို ရင်ဘတ်နဲ့ ရင်းပြီးတော့ ဒီလောက်ပစ်သတ် နေတဲ့ကြားထဲက ရဲရဲရင့်ရင့်နဲ့ ဆက်တက်ပြီးတော့ ကျည်ဆံတွေကို ရင်ကော့ပြီးတော့ တိုက်ပွဲဝင်သွားကြတာ တကယ့်သူရဲကောင်း မော်ကွန်းပဲ။ ဗိုလ်ခင်ညွန့်တို့ အတွက်တော့ ဘယ်ဟုတ်ပါ့မလဲ။ အဲလိုဘက်ကတော့ ကွာမယ်'' ဟု ဦးသိန်းသန်းဦးက ပြောကြားခဲ့သည်။

No comments: