Thursday, December 13, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား အပိုင်း(၅)

kn
ကျနော်တို့ မန္တလေးကရဲဘော်တွေ မိုးရေးနယ်စပ်မရောက်ခင်ကတည်းက တမူးနဲ့ ကလေးမြို့က ကျောင်းသားသုံးဆယ် နီးပါး မိုးရေးမှာ ရောက်နေကြပြီ။ ကျနော်တို့ကို မိုးရေးမြို့အခြေစိုက်တဲ့ Sunrise Youth Club (တက်နေ၀န်း လူငယ်များ အသင်းလို့ ဘာသာပြန်ရမလားမသိ၊ ကာလသားလူငယ်တွေနဲ့ စုဖွဲ့ထားတာ) အဖွဲ့နဲ့ မိုးရေးမြို့ကုန်သည်ကြီးများအသင်း က စောင့်ရှောက်ကူညီတာ ဖြစ်တယ်။ သူတို့အားလုံးဟာ မြန်မာပြည်အဆက်တွေပါ။ ဆွေမျိုးသားချင်းတချို့ ဗမာပြည် မှာရှိနေသေးတယ်လို့ သိရတယ်။ တက်နေ၀န်းလူငယ်တွေကတော့ ဗမာစကားနည်းနည်းပါးပါးတော့ ပြောတတ်တယ်။ ကုန်သည်ကြီးများအသင်းက လူတွေကတော့ မွတ်နေတာပဲ၊ စကားရော၊စီးပွားရေးရော။ သူတို့တတွေ ကျနော်တို့ကို လိုလိုလားလား၊ ချစ်ချစ်ခင်နဲ့ကို ကြိုဆိုကြတယ်။
ကျနော်တို့ မလာခင် ၂ ရက်လောက်မှ ၀န်ကြီးချုပ်ရာဂျစ်ဂန္ဓီက မြန်မာနိုင်ငံသားတွေကို အိန္ဒိယကဒုက္ခသည်အဖြစ် လက် ခံမယ်လို့ ကြေငြာထားတာမို့ ကျနော်တို့အဖွဲ့ ကံကောင်းခဲ့ပေမဲ့၊ ကျနော်တို့ထက် အရင်ရောက်ခဲ့တဲ့ ကလေးမြို့က ကို အောင်ဆန်းလင်း (ယခုသြစတေးလျား) တို့ အုပ်စုနဲ့ တမူးက ကိုကျော်ကျော်ထွဋ် (ယခုအမေရိကား)၊ စာရေးဆရာ ကောလ်ထန်မောရိယာယ်လ်နဲ့ ကျောင်းသားလူငယ်တချို့မှာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းထွက်လာကြတာဆို တော့၊ မိုးရေးရဲတွေ မဖမ်းအောင် ဟိုပြေးဒီရှောင်နေရတယ်။ ရှားရှားပါးပါး အမျိုးသမီးတယောက်လည်းပါတယ်။ ကလေး မြို့နယ်တာဟန်းက လုရှိုင်းချင်းအမျိုးသမီး မူလတန်းပြ ဆ ရာမ၊ မစန်းပွီးဆိုသူပါ။ စောစောက တက်နေ၀န်းအဖွဲ့ခေါင်း ဆောင် မဏိပါးတို့အဖွဲ့တွေက ခိုးကြောင်ခိုးဝှက် စောင့်ရှောက် ထားရတာ။
ကျနော်တို့အားလုံးကို တက်နေ၀န်းအသင်းအဆောင်မှာ နေရာချထားပေးတယ်။ သူတို့ရုံးက မိုးရေး ဘော်လုံးကွင်းဘေး နားမှာ၊ နယ်စပ်ခြံစည်းရိုးနဲ့ ကပ်နေတာပဲ (အခုထိ ရှိနေသေးတယ်)။ ရောက်ရောက်ချင်းညမှာပဲ တည်းခိုရာအဆောက် အဦသွပ်ခေါင်ပေါ် ဘယ်ကမှန်းမသိတဲ့ ဂဲတွေကျလာလို့ မိုးရေး ရဲစခန်းက လက်နက်ကိုင် ရဲ ၂ ယောက် လာပြီးကင်း စောင့်ပေးရတယ်။ ကျနော်တို့ရောက်တော့ အစောပိုင်းရောက်နေသူတွေလည်း ၀မ်းသာကြတာပေါ့လေ။
မိုးရေးမြို့ ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး N.Kumar က မန္တလေးတက္ကသိုလ်မှာ ဘွဲ့ရခဲ့တာ။ ကျနော်တို့အား လုံး နေထိုင်စားသောက်ရေးနဲ့ အိန္ဒိယအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ဘာသာပြန်တာကအစ ကူညီပေးပါတယ်။ ကျနော်တို့မလာခင် တရက်မှာပဲ အိန္ဒိယစစ်ထောက်လှမ်းရေးရဲ့ မှတ်တမ်းနဲ့သုသေသနအဖွဲ့၊ RAW (Research & Analysis Win) က အရာရှိတွေရဟတ်ယာဉ်နဲ့ရောက်လာပြီး ကိုကျော်ကျော်ထွဋ်နဲ့ စာရေးဆရာ ကောလ်ထန်မောရိ ယာယ်လ် တို့ကို လာတွေ့တဲ့အကြောင်း၊ ဘာတွေလိုအပ်လည်းမေးတော့၊ စားဝတ်နေရေးနဲ့ ခိုလှုံစရာအပြင် ဒီမိုကရေစီ တော်လှန်ရေးအတွက် လက်နက်ကိုင်သင်တန်းနဲ့ လက်နက်ပါထောက်ပံ့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရတယ်။
“သူတို့ ပေးနိုင် မပေးနိုင်လည်း မသိဘူး၊ နိုင်ငံတကာဆက်ဆံရေးတို့၊ နိုင်ငံရေးတို့လည်းသိတာ မဟုတ်ဘူး၊ အဲဒီတုန်းက ကိုယ်လိုချင်တာ၊ လိုအပ်တာတောင်းလိုက်တာပဲ” လို့

ကိုကျော်ကျော်ထွဋ်က နောက်ပိုင်းမှာပြန်ရှင်းပြတယ်။ ကျနော်တို့ တက်နေ၀န်းရိပ်သာမှာနေထိုင်စဉ် မဏိပူ က နာမည် ကြီး North East Sun မဂ္ဂဇင်းကသတင်းနဲ့ သတင်းဓာတ်ပုံတွေရိုက်သွားတယ်။ (အဲဒီသတင်းဓာတ်ပုံတွေ န၀တ စစ်အ စိုးရသတင်းစာမှာ နောက်ပိုင်းဖော်ပြခဲ့ရာက ကျနော်ပုံကိုမြင်ပြီး မိသားစုက အိန္ဒိယနယ်စပ်ရောက်နေပြီလို့ သိသွားတာ ပါ) မှတ်မိနေတာလေးတခုက ၈၈ အာဏာသိမ်းတော့ သေနပ်ထိမှန်ပြီး တကိုယ်လုံးသွေးတွေပေကျံနေတဲ့ ကျောင်းသူ လေးတဦးကို ဆေးကျောင်းသား ၂ ယောက် ကျည်လွတ်ရာ သယ်ပြေးနေတဲ့ (မ၀င်းမော်ဦးပုံ) မျက်နှာဖုံးနဲ့ News Week မဂ္ဂဇင်းကို မိုးရေးရောက်တော့ စမြင်ဖူးသလို၊ အရေးတော်ပုံကာလထွက်လာတဲ့ အဆိုတော် မာမာအေးနဲ့ ကိုမင်းနောင် တို့ ဆိုထားတဲ့ ခွတ်ဒေါင်းနဲ့အတူတိုက် သီချင်းလေးလည်း အဲဒီမှာ စကြားဖူးတာပါ။ အဲဒီဓာတ်ပုံနဲ့ အဲဒီသီချင်းဟာ ကျနော်တို့တတွေရဲ့ ဒေါသကိုသာပြင်းထန်စေရုံမက၊ စိတ်ဓာတ်တွေကိုလည်း ပိုပြီးခိုင်မာစေ၊ အားကောင်းစေခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယက ဒုက္ခသည်အဖြစ်လက်ခံတယ်လို့သာပြောတာ ဘာတခုမှသေချာစီစဉ် ထားတာ မရှိသေးပါဘူး။ နယ်စပ်ဖြတ်ကျော်လာသူတွေကလည်း တခြားနိုင်ငံကဒုက္ခသည်ဆိုသူတွေနဲ့ ပုံစံမတူသလို၊ ထိုင်းနယ်စပ်က စစ်ပြေးဒုက္ခသည်တွေ ရွာပုံရွာရှောင် ဒုက္ခသည်တွေလို ခလေးတွေ၊ မိသားစုတွေမပါဘူး။ တက္ကသိုလ် ကျောင်းသားတွေ၊ လူငယ်တွေစတဲ့အရွယ်ကောင်းလေးတွေဆိုတော့ ထူးထူးခြားခြား ဖြစ်နေတယ်။ အမှန်တော့ ဒီလူ တွေအားလုံးဟာ အန္တရာယ်က လွတ်အောင်ပြေးလာသူတွေထက် ရရင်ရမရရင်ချဆိုတဲ့ ကြွေးကြော်သံနဲ့ ကိုယ်ဆန္ဒနဲ့ ကိုယ် သူပုန်ထဖို့ထွက်လာသူတွေ ဖြစ်တယ်။ ဒီတော့.. အားလုံးဟာတက်ကြွနေတယ်။ မျော်လင့်ချက်တွေနဲ့ သိပ်ပြင်း ထန်နေကြတယ်။
အိန္ဒိယက လူသားချင်းစာနာပြီးခိုလှုံခွင့်ပေးတာကို၊ ကျနော်တို့ စိတ်ထဲထင်လိုက်တာက လွတ်မြောက်နယ်မြေတခုမှာ စစ် သင်တန်းပေးမယ်၊ လက်နက်တွေပေးမယ်ဆိုတာပဲ။ တကယ့်လက်တွေ့မှာတော့ အဲဒီတုန်းက မြန်မာဒုက္ခသည်တွေကို တောင်၊ ဘယ်လိုနေရာထိုင်ခင်းပေးပြီး စောင့်ရှောက်မလဲဆိုတာတောင် အိန္ဒိယကအဆင်သင့် မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ ကလည်း အမှောင်ထဲကနေ ရုတ်တရက်လင်းနေတဲ့ ကမ္ဘာကြီးအပြင်ရောက်လာတာပါ။ မြင်သမျှအရာရာ ထူးထူးဆန်း ဆန်းတွေ။ ဗဟုသုတလည်းမရှိ၊ ကိုယ့်ကိုကိုယ်လည်း အရေးတော်ပုံအရှိန်တွေတက်ပြီး မြောက်ကြွမြောက်ကြွပေါ့။
ပြောရအုံးမယ်၊ မိုးရေးမြို့ထဲဝင်လာတော့ မြို့လေးကသေးလေးပါ။ နယ်စပ်ကုန်သွယ်ရေးမြို့လေးဆိုတော့ ဆိုင်ခန်းတွေ၊ ဂိုဒေါင်တွေများတယ်။ သွပ်မိုး၊ ပျဉ်ကာ၊ ထရံကာနဲ့ ထည်ထည်ဝါ၀ါလည်းမရှိပါဘူး။ ထိုင်းနယ်စပ်မြို့တွေနဲ့ အရမ်းကွာ တယ်လို့ ပြောရမယ်။ မိုးရေးမြို့ခံတွေဆိုတာ၊ အိန္ဒိယတောင်ပိုင်း မဒရပ်စ်၊ တမီးလ်နာဒူးပြည်နယ်သားအများစု ဖြစ်တယ်။ မြန်မာပြည်မှာတော့ ချစ်တီးထမင်းဆိုင်၊ ဒံပေါက်၊ တိုရှည် (ဒိုဆာ) စတဲ့ အိန္ဒိယစားသောက်ကောင်းတွေကို မြန်မာ့လျှာနဲ့ လိုက်ဖက်ညီ ရောင်းချနိုင်စွမ်းရှိသူတွေပေါ့။ မိုးရေးမြို့မှာ စီးပွားရှာပြီး သူတို့လူမျိုးနွယ်တွေရှိတဲ့ အိန္ဒိယတောင်ပိုင်းမြို့ တွေမှာ အိုးအိမ်အတည်တကျနဲ့ နေထိုင်ကြတယ်။ တမီးလ်လူမျိုးတွေသာမက တမူး၊ ကဘော်ချိုင့်ဝှမ်းမှာ အခြေချနေ ထိုင်တဲ့ ကူကီး (သူတို့ကိုချင်းလို့ခေါ်ရင် သိပ်မကြိုက်ဘူး) နာဂ၊ လုရှိုင်း၊ ကသဲ အစရှိတဲ့ လူမျိုးပေါင်းစုံနေကြတာ။ ကျနော်တို့ရောက်ခါစက နာဂနဲ့ ကူကီးတွေ နယ်လုတိုက်ခိုက်မှုတွေ ဖြစ်ကြတယ်။ လူတော်တော်သေတယ်။ မိုးရေးမှာ နာဂကလူနည်းစုဆိုတော့ အကုန်ပြေးရတယ်။ နောက်ပိုင်းနှစ်အတော်ကြာထိ နာဂနဲ့ ကူကီး ပဋိပက္ခဖြစ်နေတုန်းပဲ။ အ လားတူ ကသဲနဲ့ ကူကီးလည်း မကြာခန တိုက်ပွဲဖြစ်တယ်။ နယ်ခြားကုန်သွယ်ရေးစခန်းဆိုတော့၊ စီးပွားရေးနဲ့ နယ်ခြား လွတ်မြောက်နယ်မြေအတွက် စားကျက်လုတဲ့တိုက်ပွဲတွေကဒီနေ့အထိ မဆုံးသေးဘူး။ မငြိမ်းချမ်းဘူး။
ကျနော်တို့ မိုရေးရောက်တော့ လမ်းဘေးဆိုင်ခမ်းတွေ၊ အိမ်နံရံနဲ့ အုတ်ခုံတွေမကျန် နေရာအနှံ့မှာ ကွန်ဂရက်အိုင်ပါတီ (ရာဂျစ်ဂန္ဒီပါတီ) လက်ဝါးတဆိပ်နဲ့ ရွေးကောက်ပွဲ မဲဆွယ်ကြော်ငြာတွေအများကြီး တွေ့ရတယ်။ လက်ဝါး သင်္ကေတဆို တော့ “ဒီမြို့မှာ လက္ခဏာ၊ ဗေဒင်ဟောတဲ့လူတွေ များလှချေလား” လို့ တယောက်က တကယ်မသိတာလား၊ ရွှတ် နောက်နောက်ပြောတာလားမသိ။ လက်ဝါးတံဆိပ်ရော၊ လှည်းဘီးရော၊ လက်လှည့်ယက်က္ကန်းခုံတံဆိပ်ရော စုံနေတာပဲ။ အိန္ဒိယမှာ ရာသီဥတုကောင်းတဲ့ အောက်တိုဘာလဆို ရွေးကောက်ပွဲလုပ်နေကျဆိုတာတွေ၊ နိုင်ငံရေးပါတီတွေ လွတ် လွတ်လပ်လပ် မဲဆွယ်တယ်၊ စည်းရုံးတယ်ဆိုတာ အဲဒီအခါမှ မျက်စေ့နဲ့ တပ်အပ်မြင်ဖူးတာပါ။ (ကျနော်တို့ ပြည်ပ ရောက် တော်တော်များများ အသက် လေးငါးဆယ်ကျော်နေပြီ ခုထိ မဲမပေးဖူးကြဘူး)။ ဒီမိုကရေစီနိုင်ငံကြီးကို ရောက် ပြီဆိုတော့ ကျနော်တို့တတွေ လွတ်လပ်ပြီ၊ ငြိမ်းချမ်းပြီ၊ ကိုယ့်နိုင်ငံကိစ္စ အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ မျော်လင့် ခဲ့ကြတယ်။
ကျနော်တို့ရောက်ပြီး ရက်ပိုင်းအကြာမှာပဲ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့၊ ဦးအောင်ကြီးတို့ပေါင်းပြီး NLD ပါတီဖွဲ့တဲ့သတင်း ကြားရပါတယ်။ ကျနော်တို့ကတော့ စစ်အစိုးရလက်အောက်က ရွေးကောက်ပွဲဟာ တရားမျှတ မှာမဟုတ်ဘူးလို့ပဲ ယုံကြည်နေခဲ့တယ်။
ကျနော်တို့အားလုံး တက်နေ၀န်းကလပ်မှာ သုံး၊လေးရက်နေပြီးတော့ လုံခြုံရေးအရ မိုးရေးရဲစခန်းဝင်းထဲ ပြောင်းရွှေ့ရပါ တယ်။ ရဲစခန်း ဘားတိုက်ခန်းမထဲမှာ ကျနော်တို့အားလုံး ၄၀ ၀န်းကျင်လောက်ရှိမယ် ထင်တယ်။ ရဲစခန်းကပဲ ထမင်း ကျွေးတယ်၊ လက်ဘက်ရေတိုက်တယ်။ ကျနော်တို့ကလည်း စားလိုက်၊ အိပ်လိုက်မနေကြဘူး။ မနက်စောစောထ၊ အစု လေးတွေခွဲပြီး ရဲစခန်းဝင်းထဲမှာပဲ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ တန်းစီလုပ်တယ်။ မနက်ဆို၊ နိုင်ငံတော်သီချင်းနဲ့ ကျောင်းသားသမဂ္ဂသီချင်းတွေဆိုရင်း လက်နက်မဲ့စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ တလှေထဲစီးလာတဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကကိုညီညီလွင် (ယခ္ခုသြစတေးလျှား) က တက္ကသိုလ်အရံတပ်ရင်းမှာ လေ့ကျင့်သင်ကြားဖူးတော့ သူ ကပဲ ဦးဆောင်ပြီး ကာယလေ့ကျင့်ခန်းနဲ့ အခြေခံစစ်ရေးပြ သင်တန်းကိုပေးတယ်။ ရဲစခန်းဝန်းလေးထဲမှာ နေ့စဉ် မနက် တခါ၊ ညနေတခါ တန်းစီ ဘယ်ညာလျှောက်ပြီး …
“ဘာလုပ်နေလဲ.. လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ.. တိုက်ပွဲဝင်ဖို့၊ ဘာစိတ်ဓာတ်လဲ.. ခွတ်ဒေါင်းစိတ်ဓာတ်၊ ဘယ်သူ့ အတွက်လဲ.. ပြည်သူ့အတွက်.. ဘာလိုချင်လဲ..ဒီမိုကရေစီ..” ဆိုပြီး ပါးစပ်ကလည်းအော်၊ ပြေးလဲပြေးနဲ့ ရဲစခန်းဝင်းနဲ့ အနီးတ၀ိုက် ကျနော်တို့အသံတွေ ဟိန်းနေတယ်။ သိပ်မကြာဘူး၊ တယောက်စကားတယောက်နားနဲ့ “ကျောင်းသားတွေ ကို စစ်သင်တန်းပေးနေပြီ..” ဆိုတဲ့ ကောလဟလတွေနဲ့.. (ကျနော်တို့ ကျန်းမာရေးလေ့ကျင့်ချိန်ဆို) တမူးနဲ့၊ နမ့်ဖာလုံ ဘက်က မြန်မာပြည်သူတွေ ပွဲကြီးတခုလို ရဲစခန်းပတ်ပတ်လည် လာငေးကြည့်ကြတယ်။ ကျနော်တို့ကလည်းတက်ကြွ ပြီး၊ မျက်နှာထားတည်တည်တွေနဲ့ အခုပဲစစ်မြေပြင်ထွက်ပြီး ရန်သူကိုအပြတ်ချေမှုန်းတော့မယ့် ပုံစံတွေနဲ့ပေါ့။ တချို့တွေ က ကျနော်တို့ကို စားစရာတွေ၊ သစ်သီးတွေလာပေးကြတယ်။ နယ်စပ်က ပြည်သူတွေခမျာလည်း ကျနော်တို့ကို မြန်မာ ပြည်ရဲ့ ဒုတိယမြောက်လွတ်လပ်ရေးကို တိုက်ယူပေးမယ့် လူငယ်တွေလို့ ယုံကြည်ထားပုံရတယ်။
ကျနော်တို့ကိုယ်တိုင်လည်း အဲလိုထင်နေခဲ့တယ်။ အဲဒီတုန်းက ကျနော့ဆရာဦးရွှေထူးကို မေးဖူးတယ်..

“ဆရာ.. ကျနော်တို့ တော်လှန်ရေး ဘယ်လောက်ကြာမယ်ထင်လဲ” “မောင်ညိုရာ အလွန်ဆုံး ၂ နှစ်ပေါ့။ ပြည်သူတရပ် လုံးက ဒို့ဘက်ပါနေတာပဲကွာ၊ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီတို့၊ ဦးနုရဲ့ပြည်ချစ်တော်လှန်ရေးတို့ဆိုတာ အခုလို ပြည်သူတွေ လှည်းနေလှေအောင်းမြင်းစောင်းမကျန် ပါဝင်တာမဟုတ်ဘူးကွ၊ ဒါဟာ ငါတို့ရဲ့ ပွဲသိမ်းတိုက်ပွဲပါ” လို့ ပြန် ဖြေခဲ့တာ မှတ်မိနေပါသေးတယ်။
အဲဒီတုန်းက ကျနော်တို့အားလုံး အဲဒီလိုပဲ တထစ်ချယုံကြည်ခဲ့တာပါ။ ရဲစခန်းမှာ ကျနော်တို့ ခိုလှုံနေတုန်း တမူးနဲ့ ကလေးနယ်ကလူငယ်တွေ ကျနော်တို့ဆီ လာပူးပေါင်းကြတယ်။ ကလေးမြို့က “မအိ” ဆိုတဲ့ အမျိုးသမီးတယောက် လည်း ပါတယ်။ ဒါကြောင့် ကျနော်တို့ထဲမှာ အမျိုးသမီး ၂ ယောက် ဖြစ်သွားတယ်။ သူတို့ ၂ယောက် ကံကြမ္မာကလည်း အတော်ဆန်းကျယ်လွန်းတယ်။ ၀တ္တုဆန်ဆန်၊ ရုပ်ရှင်ဆန်ဆန်တွေမို့လို့ပါ။ အပြင်က တကယ့်အဖြစ်အပျက်ဆို တခါတ ခါ ရုပ်ရှင်တွေ၊ ၀တ္တုဇာတ်လမ်းတွေထက် ပိုပြီးရှုတ်ထွေး၊ ထွေပြား၊ ဆန်းကျယ်တယ်ဆိုတာ ကျနော်လည်း တော်လှန်ရေး လောကထဲရောက်မှပဲ ယုံရတော့တယ်။ ဒီအကြောင်းတွေကို နောက်ပိုင်းကျပြောပါအုံးမယ်။
တနေ့ ကျနော်တို့ဆီ၊ မဏိပူရဲ့ ပြည်နယ်ဝန်ကြီးကိုယ်တိုင် ရဟတ်ယာဉ်နဲ့ လုံခြုံရေး လက်နက်ကိုင်တပ်တွေနဲ့အတူ ရောက်လာတယ်။ ကျနော်တို့ကို ကြိုဆိုကြောင်းနဲ့ အားပေးစကားတွေ လာပြောတာပါ။ သူ့အမှာစကားတွေကလည်း ကျနော်တို့စိတ်ဓာတ်ကိုမြှင့်တင်ပေးတယ်။ သူပြောတဲ့ထဲမှာ မဏိပူရနဲ့ မြန်မာဟာ ရုပ်ရည်တူတဲ့ မွန်ဂိုလွိုက်မျိုးနွယ် ညီ အကိုတွေဖြစ်တဲ့အကြောင်း၊ အိန္ဒိယအမျိုးသားတပ်မတော် INA ခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့စ်ဟာ မြန်မာလွတ် လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရင်းနှီးသူဖြစ်ပြီး မြန်မာပြည်သူတွေအကူအညီနဲ့
INA ဟာ ဗြိတိလျှနယ်ချဲ့ကို တိုက်ထုတ်နိုင်တာဖြစ်ကြောင်း၊ မြန်မာတွေကျေးဇူးရှိတဲ့အကြောင်း၊ ဗြိတိသျှက လွတ်လပ် ပေးတော့ မဏိပူရကို မြန်မာနဲ့ပေါင်းမလား? အိန္ဒိယနဲ့ပေါင်းမလားလို့ မေးခွန်းထုတ်ဖူးကြောင်း၊ နောက်ဆုံး မိမိတို့ဟာ အိန္ဒိယနဲ့အတူနေဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ မဏိပူပြည်သူတွေဟာ မြန်မာတွေကိုချစ်ခင်ပြီး ဒီမိုကရေစီရေးအတွက် အားပေးထောက်ခံတဲ့အကြောင်း ဝေေ၀ဆာဆာ ပြောသွားပါတယ်။ သူ့စကားထဲမှာ အိန္ဒိယလွတ်မြောက်ရေးစစ်တပ်ကို ထူထောင်ခဲ့တဲ့ ဆူဘတ်ချန်ဒရာဘို့စ်တို့၊ မြန်မာတွေကျေးဇူးတို့ဆိုတာ ကျနော်တို့ သဲခြေကြိုက်တွေပေါ့။ တနေ့ စစ်သင် တန်း အမှန်တကယ်ရမယ်လို့ပဲ မျော်လင့်နေတာ။ သိတ်မကြာဘူး၊ ရဲစခန်းကနေ ကျနော်တို့အားလုံး မဏိပူရပြည်နယ် (ချန်ဒယ်ခရိုင်) အတွင်းဘက်ကို ရွှေ့ပြောင်းရတော့မယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ကျနော်တို့စိတ်ဓာတ်တွေ တက် ကြွနေတယ်။ ဒီတခါတော့ ငါတို့ကို စစ်သင်တန်းတွေပေးဖို့ နေရာပြောင်းမယ်ထင်တယ် လို့ ကိုယ့်ဖာသာကိုယ် တွက် ချက် စိတ်ကူးတွေယဉ်ပြီး ပျော်နေကြတယ်။

နှင်းမြူတွေကျနေတဲ့ ညနေခင်းတရက်မှာ စစ်ထရပ်ကား ၂စီးနဲ့ မဏိပူရ လက်နက်ကိုင်စစ်သားတချို့ မိုးရေးရဲစခန်းကို ရောက်လာပြီး ကျနော်တို့ကို ရွှေ့ပြောင်းဖို့ပြင်ဆင်ပါတယ်။ မိုးရေးမြို့ခံတွေက စားစရာတွေ၊ လိုအပ်တဲ့ အသုံးအဆောင် လေးတွေ လာပေးကြ၊ ကုန်သည်ကြီးများအသင်းက စောင်တွေအထပ်လိုက် လာလှူပါတယ်။ ဗမာပြည်ဘက်က ပြည် သူတွေကလည်း လမ်းဘေးဝဲယာကနေ ငေးကြည့်ရင်း လာနှုတ်ဆက်ကြတယ်။ ကျနော်တို့ကလည်း ကျောင်းသားတပ်ဦး သီချင်းတွေ၊ သမဂ္ဂသီချင်းတွေ မာန်ပါပါ ဆိုကြတယ်။ စိတ်ထဲမှာ ရှေ့တမ်းစစ်မျက်နှာထွက်ရတော့မလိုလိုပေါ့။ အရမ်း တက်ကြွနေတယ်။ မြင်မြင်သမျှအရာတွေအားလုံး လှပနေတယ်။ အရူးအမူးချစ်ရတဲ့ ရီးစားဦးဆီက ချစ်ပါတယ်ဆိုတဲ့ အဖြေစကားလေးရလိုက်သလို ခံစားမှုမျိုး။ ခန္ဓာကိုယ်ကြီးလေထဲဝဲနေသလိုပဲ မြောက်ကြွမြောက်ကြွနဲ့ ရွှင်လန်းနေတယ်။ လမ်းဘေးဝဲယာက ပြည်သူတွေကို လက်တွေဝှေ့ရမ်းပြလို့ကိုမဆုံးဘူး။
“နောင်ရိုး.. တိုက်ပွဲသမိုင်းကြောင်း တို့ရှိခဲ့သည်.. ငါတို့ဗမာတွေသည်.. စံနမူနာတင် ထွန်းလင်းတောက်ပခဲ့သည် ကမ္ဘာ မှာ မော်ကွန်းတင်ခဲ့ပြီ..” ဆိုတဲ့ ကျောင်းသားတပ်ဦးသီချင်းကို လည်ချောင်းကြော၊ နားထင်ကြောတွေ ထောင်နေအောင်၊ မာန်တွေဌာန်တွေနဲ့ ဟစ်အော်သီဆိုကြတယ်။

တကယ်တော့ ကျနော်တို့သွားရမဲ့နေရာဟာ အားလုံးမျော်လင့်ထားသလို စစ်ရေးလေ့ကျင့်ပေးမဲ့ စခန်းသစ်တခုဆီ မ ဟုတ်ဘဲ ကျနော်တို့ဘ၀တွေကို ဘောင်ခတ်ပြီး အကျယ်ချုပ်ထားမယ့် ကျဉ်းကျဉ်းကြပ်ကြပ် ဒုက္ခသည်စခန်းတခုဆိုတာ ယောင်လို့တောင် စိတ်မကူးခဲ့သလို၊အဲဒီ ဒုက္ခသည်စခန်းကြီးကပဲ ကျနော်တို့ကို ဘယ်လိုလောကဓံကြီးပဲလာလာ လုံးဝ မမှု၊ စိန်ခေါ်သွားမယ်ဆိုတဲ့ လူစွမ်း၊ လူစတွေပါ မွေးထုတ်ပေးခဲ့တယ်ဆိုတာ ကြိုမမြင်ခဲ့ပါဘူး။
တကယ်တော့၊ လူ့ဘ၀ဆိုတာ.. ထင်တာတွေမဖြစ်တတ်သလို၊ မထင်တာတွေဖြစ်တတ်တာကိုး…။
ကိုညို

No comments: