Thursday, December 19, 2013
၃၈လမ်း ညနေဈေး ပြောင်းရွှေ့ရန် လမ်းသူလမ်းသားအချို့ တိုင်ကြား
ဝေမာသိမ့်|ဒီဇင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်
ဈေးသူဈေးသားများ အသနားခံစာတင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းမည်
နှစ်ပေါင်း ၈၀ ကျော်ကြာ ရောင်းဝယ်မှုပြုနေသည့် ရန်ကုန်မြို့လယ်ခေါင်၏ အထင်ကရဈေးဖြစ်သည့် ၃၈ လမ်း လမ်းဘေးပျံကျဈေးအား ဒီဇင်ဘာ ၂၁ ရက်တွင် ချမ်းမြေ့ဈေးသို့ ထပ်မံပြောင်းရွှေ့ပေးရန် ဒီဇင်ဘာ ၁၈ ရက်က ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားလိုက်ကြောင်း ၃၈ လမ်း ပျံကျဈေး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးမောင်စိုးက မဇ္ဈိမကို ပြောသည်။
ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ၃၈ လမ်း ပျံကျဈေးမှ ဈေးသူဈေးသား ၉၀ ကျော်နှင့် ကျောက်တံ တားမြို့နယ်အုပ်ချုပ်ရေးမှူးတို့ လမ်းသူလမ်းသား ၅၅ ဦးက လက်မှတ်များနှင့်တကွ တိုင်ကြားထားသည့် အတွက်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးစဉ် အုပ်ချုပ်ရေးမှူးက အထက်ပါအ တိုင်း ပြောကြားလိုက်ကြောင်း ဦးမောင်စိုးထံမှ သိရသည်။
၎င်းက “ဒီနေ့ တွေ့တော့ ကျွန်တော်တို့ ဈေးကို ချမ်းမြေ့ဈေးကို ၂၁ ရက် နောက်ဆုံးထား ပြောင်းရမယ် လို့ပြောတယ်။ ကျွန်တော်တို့က လမ်းသူလမ်းသားတွေရဲ့ လက်မှတ် ၁၀၀ ကျော် ကောက်ခံပြီးတင်ပြရင် ဒီနေရာ ပြန်ရောင်းချခွင့်ပြုမလားလို့ဆိုတော့ အသနားခံစာတင်ရင် ပြန်စဉ်းစားမှာပေါ့လို့ ပြောတယ်။ကျွန် တော်တို့ လမ်းသူလမ်းသားတွေက ဒီဈေးရှိတာ လိုလားလား၊ မလိုလားဘူးလားဆိုတဲ့ လက်မှတ် တစ် အိမ်တစ်ယောက်ရဲ့ သဘောထားကို ဒီဇင်ဘာ ၁၉ ရက်မှာ လိုက်ကောက်မယ်။ မှန်မှန်ကန်ကန်ကောက် ပြီး အမည်၊ လိပ်စာ၊ လက်မှတ်တွေကို တင်ပြသွားမယ်”ဟု ပြောသည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ ၃၈ လမ်းရှိ နေ့စဉ် ပျံကျရောင်းချနေသည့် ဈေးအား ချမ်းမြေ့ဈေးသို့ ပြောင်းရွှေ့ပေးရန် လမ်းသူလမ်းသား ၅၅ ဦးက တိုင်ကြားထားသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဈေးသူဈေးသား ၉၀ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့တွင် ဈေးပြောင်းရွှေ့ ပေးရန် တိုင်ကြားထားသည့် လမ်းသူလမ်းသား ၅၅ ဦးမှ ကိုယ်စားလှယ် ငါးဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက တွေ့ဆုံဆွေးနွေးပွဲတွင် ပြော ကြားခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်က ဈေးသူဈေးသားများ၏ တင်ပြချက် ဆွေးနွေးချက်များ ကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးဌာနရှိ ဈေးများ ဌာနမှ ဌာနမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ၃၈ လမ်း လမ်းသာယာရေးဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ လမ်းလူ ကြီးနှင့် ၃၈ လမ်း ဈေးသူဈေးသားများ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သုံးဦးတို့မှ တွေ့ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ လမ်းဘေးပျံကျဈေးမှာ နှစ်ပေါင်း ၈၀ ကျော်ကြာ (၁၉၃၃ ခုနှစ်ဝန်းကျင်)မှ စတင်တည်ရှိနေသည့် ဈေးဖြစ်ပြီး ရန်ကုန်မြို့ထဲမှ နာမည်ထင်ရှားသည့် ညနေဈေးတစ်ခုဖြစ်သည်။
အဆိုပါ ပျံကျဈေးသည် ၂၀၁၀ ခုနှစ်အတွင်းကလည်း ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ဘေး ချမ်းမြေ့ဈေးသို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊ ထိုသို့ ပြောင်းရွှေ့ရာတွင် ချမ်းမြေ့ဈေး၌ ဈေးသည်တစ်ဦး လျှင် သုံးပေသာ ရောင်းချခွင့်ပြုခြင်းကြောင့် အဆင်မပြေသည့်အတွက် ထိုသို့ပြောင်းရွှေ့ပြီး ရက်သတ္တ ပတ် တစ်ပတ်ခန့်အကြာတွင် စည်ပင်နှင့် အုပ်ချုပ်ရေးမှူးရုံးသို့ အသနားခံစာတင်ပြခဲ့ပြီး၊ ခွင့်ပြုချက်ဖြင့် မူလ ၃၈ လမ်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြရသည်။
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment