Wednesday, December 18, 2013

မြန်မာအမျိုးသားက ဇနီးကို သေနတ်ဖြင့်ပစ်သတ်


မြန်မာအမျိုးသား ခင်ပွန်းက သားသမီး သုံးဦး၏ မိခင်ကို ကလေးများရှေ့တွင်ပင် သေနတ်ဖြင့် ပစ်သတ်လိုက်သော မှုခင်း ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေက ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်တွင် ဖြစ်ပွားခဲ့ပါသည်။
အင်္ဂါနေ့ ညနေ ၃း၄၅ နာရီက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးထံမှ သူ့မိခင် သေနတ်ပစ်ခံရကြောင်း အရေးပေါ်နံပါတ် 911 သို့ ဖုန်းဆက်လာသည်ဟု လီဟိုင်းခရိုင် အစိုးရရှေ့နေ ဂျင်မ် မာတင်က ပြောကြားပါသည်။
မြန်မာအမျိုးသား ကိုဝင်းမင်းထွတ်က သားသမီး ၃ ယောက်ရှေ့တွင် ဇနီးဖြစ်သူ မသီတာမြင့်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော အခင်းဖြစ်ပွားရာ နေအိမ်ရှေ့ လမ်းဖြစ်ပါသည်။မြန်မာအမျိုးသား ကိုဝင်းမင်းထွတ်က သားသမီး ၃ ယောက်ရှေ့တွင် ဇနီးဖြစ်သူ မသီတာမြင့်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော အခင်းဖြစ်ပွားရာ နေအိမ်ရှေ့ လမ်းဖြစ်ပါသည်။သေနတ်ဒဏ်ရာဖြင့် အိမ်ရှေ့လမ်းပေါ်တွင် လဲနေသော အမျိုးသမီးကို ရဲများက တွေ့ရှိကြပါသည်။
အသက် ၃၇ နှစ်ရှိ မသီတာမြင့် အသက်မရှိတော့ကြောင်း ညနေ ၄း၂၇ နာရီတွင် အတည်ပြုခဲ့ပါသည်။ လီဟိုင်းခရိုင် မှုခင်းဆရာဝန်က လူသတ်မှုဟု ဆုံးဖြတ်သော်လည်း သေနတ်ဒဏ်ရာကြောင့် ဟုတ်မဟုတ် အတည်ပြုချက် မပေးသေးပါ။
မသီတာ၏ ခင်ပွန်းဖြစ်သူ၊ အသက် ၃၇ နှစ်ရှိ ကိုဝင်းမင်းထွတ်အား ရာဇဝတ်ပြစ်မှုဆိုင်ရာ လူသတ်မှု၊ ဖောက်ထွင်းမှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် စွဲချက်တင်မည် ဖြစ်သည်။
ကိုဝင်းမင်းထွတ်သည် ကလေး သုံးဦးရှေ့တွင် မိခင်ကို သေနတ်ဖြင့် ပစ်ပြီးနောက်၊ သုံးနှစ်သမီးလေးကို ဆွဲခေါ်ကာ ကားတစ်စင်းကို တားစီးပြီး အယ်လင်တောင်းရှိ 7-Eleven စတိုးဆိုင်သို့ ပို့ခိုင်းပါသည်။ ၎င်းနှင့် သမီးငယ်ကို ရဲက ထိုဆိုင်တွင်ပင် တွေ့ရှိခဲ့ပြီး ကလေးငယ်မှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရ မရှိခဲ့ပါ။
နိုဝင်ဘာ ၁၈ ရက်တွင် တင်သွင်းသော PFA ခေါ် ဒုက္ခအန္တရာယ်မှ ကာကွယ်ရေး အမိန့်အရ ကိုဝင်းမင်းထွတ်သည် ၎င်းနေအိမ်သို့ လာခွင့်မရှိပါ။ အိမ်တွင်း အကြမ်းဖက်မှု မပြုအောင် ကာကွယ်သော ထိုအမိန့်ထုတ်ဆင့်သည့် အချိန်က ကိုဝင်းမင်းထွတ်ထံမှ သေနတ်တစ်လက် သိမ်းဆည်းထားသော်လည်း ယခု သေနတ်ကို ကိုဝင်းမင်းထွတ် တရားဝင် ပိုင်ဆိုင်မှု ရှိမရှိ မသိရသေးကြောင်း အစိုးရရှေ့နေ မာတင်က ထုတ်ဖော် ပြောကြားပါသည်။
သူတို့မိသားစုနှင့်ပတ်သက်၍ အိမ်နီးချင်းများအတွက် အကောင်းပြောစရာများသာ ရှိပါသည်။
"ကျနော်လန့်သွားတယ်ဗျာ၊ လန့်သွားတယ်၊ သိပ်ကောင်းတဲ့လူတွေပါ၊ သူတို့ကို ဒီလောက်ကြီးတော့ မသိပါဘူး၊ သူတို့ ဗမာပြည်၊ မြန်မာပြည်က လာကြတယ် ဆိုတာ သိတယ်" ဟု အိမ်ချင်းကပ်နေသူ ဂယ်ရီ ယော့စ်က ပြောကြားသည်။
ကိုဝင်းမင်းထွတ်သည် ဇနီးနှင့် ပြဿနာဖြစ်ကာ လမ်းခွဲပြီးနောက် လွန်ခဲ့သော တစ်လက ဟိုတယ်များတွင် နေထိုင်နေခဲ့ပါသည်။ အခင်းဖြစ်ပွားသောနေ့က လင်မယား စကားများ ရန်ဖြစ်ကြောင်း မာတင်က ပြောကြားသည်။ ထိုအိမ်တွင် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က အိမ်တွင်းရေး ပြဿနာ ဖြစ်ပွားကြောင်း အိမ်နီးချင်းတစ်ဦးက ပြောဆိုခဲ့သည်။
"လွန်ခဲ့တဲ့ တနင်္ဂနွေ တစ်ရက်ရက်ပဲ၊ ရုန်းရင်းဆန်ခတ်ဖြစ်တာ ကျနော်မှတ်မိတယ်၊ ရဲတွေ ဒီကို ရောက်လာတယ်၊ ဘာဖြစ်တာလဲလို့ ရဲကို ကျနော်မေးတော့ မိသားစုပြဿနာလို့ ဖြေတယ်" ဟု ယော့စ်က ပြောပြသည်။
အိမ်တွင်းရေး ပြဿနာဖြစ်ပြီးနောက် ကိုဝင်းမင်းထွတ် အနီးအနား လာသည်ကို မတွေ့ရကြောင်း အိမ်နီးချင်း ယော့စ်က ပြောသည်။ ကိုဝင်းမင်းထွတ်သည် ယခင်က ဆုရှီးဆိုင် အလုပ်လုပ်သည်ဟု သူထင်ကြောင်းလည်း ပြောကြားသည်။
သူတို့ မိသားစု ယခုနေထိုင်သော အိမ်ကို လွန်ခဲ့သောနှစ်က ကိုဝင်းမင်းထွတ်၏ အမည်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သေသူ မသီတာတွင် အသက် ၁၆၊ ၁၀ နှင့် ၃ နှစ် သားသမီး သုံးဦးရှိပြီး သေနတ်ပစ်မှုကို သုံးဦးစလုံး မျက်မြင် တွေ့လိုက်ရကြောင်း အစိုးရရှေ့နေက ပြောဆိုသည်။
ကိုဝင်းမင်းထွတ်သည် အမေရိကန်နိုင်ငံသား ဟုတ်မဟုတ်ကို အမှုစစ်အရာရှိများက စုံစမ်းစစ်ဆေးနေပါသည်။
(သေဆုံးသူ၏အမည်ကို အင်္ဂလိပ်ဘာသာ သတင်းတွင် Nyint ဟု စာလုံးပေါင်းထားသည်။ မြင့် သို့မဟုတ် ညွန့် ဖြစ်ဖွယ်ရှိပါသည်။)

No comments: