Thursday, December 5, 2013

ပြည်သူ့ ပါတီ NLD

ဟိုတလောက သမ္မတရဲ့ ပြောရေးဆိုခွင့် ဦးရဲထွဋ်က ပြောတယ်။ သူဆိုလိုတဲ့ အဓိပ္ပာယ်က သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်လာတယ်လို့ ဆိုပါတယ်။ အဲဒါ လုံးဝလွဲပါတယ်။ ၁၉၈၈ လူထု အရေးတော်ပုံကြီးနဲ့အတူ စတင်ပေါက်ဖွားလာတဲ့၊ အနစ်နာခံခဲ့ရတဲ့ ပြည်သူတွေ၊ တိုင်းပြည် အတွက် နှစ်ပေါင်း အစိတ်ကျော်ကြာ အနစ်နာခံခဲ့ရတဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ NLD ပါတီပေါ်မှာ ၁၉၉၀ ခုနှစ်က ရင်းနှီးမြှုပ်နှံ ခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးအရဆိုရင် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်သလို နိုင်ငံရေးအရဆိုရင် ဒါဟာ Mandate ပေးခဲ့တာ။ NLD ပါတီကို လူထုကိုယ်စား ၁၉၉၀ ခုနှစ်မှာ ကျွန်တော်တို့ Mandate ပေးလိုက်တာပါ။ ၂၀၁၂ ခုနှစ်မှာ ဒီ Mandate က သေချာတယ် ဆိုတာကို ပြည်သူက ထပ်ပြခဲ့ပါတယ်။ ဒါ ကြောင့် NLD ပါတီဟာ လွှတ်တော်ထဲကို ၀င်ရောက်တာဟာ လူထုရဲ့ Mandate အရ ၀င်ရောက်သွားပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆွဲဆုတ်ပစ်ခဲ့ ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဖြဲဆုတ်ပြီးတော့ မျက်နှာအောက် ကျို့ပြီး (ကျမ်းသစ္စာ ကျိန်ဆိုကာ) နိုင်ငံတကာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို သာမန်အမတ်တစ်ဦး အနေနဲ့ ၀င်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် NLD ကို ကျွန်တော်တို့လည်း အပြင်းအထန် တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒူးထောက်ပြီးတော့ ၀င်ရောက်စေတာ မဟုတ် ပါဘူး။ ပြည်သူလူထု အကျိုးအတွက် NLD ပါတီကို လွှတ်တော်ထဲကို ၀င်ရောက်စေခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ NLD ပါတီဟာ အခုထက်ထိ လူထုကို ကိုယ်စားပြုတဲ့ Mandate ရထားတဲ့ အားလုံး Invest လုပ်ထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

ဒေါက်တာ သန်းထွဠ်အောင်
CEO - Eleven Group

No comments: