မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အမေးနဲ့အဖြေများ
US States Department နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အပြစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။
US
ကိုရောက်တဲ့အခါ States Deparment ဌာနအသီးသီးနဲ့သော်လည်းကောင်း၊ အခြားသော
တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တဲ့ ခေါင်းဆောင်များကိုသော်လည်းကောင်း ကျနော်တို့တွေ့ပါတယ်။ ၁၇ ရက်နေ့မှာတော့ UN ကိုသွားပြီးတော့ ကျနော်တို့အရေးမှာ
ပါဝင်ဆောင်ရွက်ပေးနေတဲ့ မစ္စတာ နမ်ဘီးယားကို ကျနော်တို့ရဲ့
နောက်ဆုံးအခြေအနေကို ကျနော်တို့က တင်ပြတယ်။ ကျေးဇူးတော်ကြောင့်ပဲ
မစ္စတာနမ်ဘီးယားကို သွားတင်ပြတဲ့နေ့မှာပဲ Security Council က
အစည်းအဝေးရှိနေတယ်။ အဲဒီတော့ သူက အဲဒီနေရာမှာပဲ Briefing ပြန်လုပ်တယ်။
မြန်မာနိုင်ငံအကြောင်း နှစ်နာရီလောက်ကြာတယ်လို့ ပြောတယ်။
ဒီမှာတွေ့ဆုံပြီးတော့ ကျနော်တို့အရေးများကို ပြောဆိုတဲ့အခါမှာ တနိုင်ငံလုံးအပြစ်အခတ်ရပ်စဲရေးကို
အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တာဖြစ်ပါတယ်။ ဒီလို
အကျိုးသက်ရောက်မှုရှိအောင်လည်း ကျနော်တို့က ပွင့်ပွင့်လင်းလင်းပဲ
ဒီမှာရှိတဲ့ အစိုးရပုဂ္ဂိုလ်များနဲ့ အခြားသော သိသင့်တဲ့သူများကို
ကျနော်တို့က ပြောပါတယ်။ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲလို့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ဖြစ်စေချင်တာက တနိုင်ငံလုံးအပြစ်အခတ်ရပ်စဲရေးစာချုပ်ကို
အာမခံချက်ရှိရှိနဲ့ ခိုင်မာမှုရှိရှိ ချုပ်ဆိုဖို့ဖြစ်တယ်။ ဒုတိယအချက်ကတော့
စာချုပ်ပြီးရင် ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲများကို အဓိပ္ပါယ်ရှိသော
သာမာန်ဆွေးနွေးတာမျိုးမဟုတ်ပဲ တကယ်အဓိပ္ပါယ်ရှိတဲ့
နိုင်ငံရေးအဖြေရှာနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုများဖြစ်ဖို့အတွက်
ဒါ အထောက်အကူရယူနိုင်မယ်လို့ မျှော်လင့်တာဖြစ်ပါတယ်။ ဥပမာ ကျနော်တို့ (×××
×××)ကို ဖွဲ့စည်းတဲ့အခါမှာ အောက်ခြေမှာ လွတ်လပ်သောစောင့်ကြည့်ရေးအဖွဲ့များလိုအပ်သလို
အပေါ်မှာ စိစစ်ရေးအဖွဲ့များလိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ
နိုင်ငံကြီးများကနေပြီးမှ အကြံအဉာဏ်ပေးဖို့၊ လိုအပ်တဲ့ အကူအညီများပေးဖို့၊
သူတို့ကိုယ်တိုင်ပါဝင်ပြီး အစီအစဉ်တလျှောက်လုံးမှာ ကျနော်တို့ကို
အကူအညီပေးနိုင်ဖို့၊ အထောက်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဒီလိုဖြစ်အောင်လည်း ကျနော်တို့ တင်ပြထားတာဖြစ်ပါတယ်လို့ ဖြေကြားချင်ပါတယ်။
တပြည်လုံး အပြစ်အခတ်ရပ်စဲရေး လုပ်တဲ့အချိန်မှာ နယ်ခြားစောင့်တပ်သားများရဲ့အနေအထား သုံးသပ်ပေးပါ။
နယ်ခြားစောင့်တပ်ကတော့
ကျနော်တို့ ကချင်ပြည်နယ်မှာ တပ်ရင်း ၃ ရင်းရှိတယ်။ ကျနော်တို့
ခံယူချက်ကတော့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဆိုတာကတော့
မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့
ကျနော်တို့ ကေအိုင်အိုက လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာပဲ ကချင်လူမျိုးကို
ကာကွယ်တပ်ကတော့ ကေအိုင်အေတပ်ပဲရှိတယ်လို့ ကျနော်တို့
ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ BGF မှာ ကချင်လူမျိုးများ လက်နက်ကိုင်ပြီးတော့
ရှိတယ်။ ကချင်ပြည်သူ့စစ်အဖွဲ့ရှိတယ်။ သို့သော်လည်းပဲ ဒီအဖွဲ့တွေအားလုံးက
မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ ကျနော်တို့ရဲ့
ခံယူချက်ဖြစ်ပါတယ်။ တချိန်ချိန်မှာ နိုင်ငံရေးအရ ကချင်ပြည်နယ်မှာ
နယ်ခြားစောင့်တပ်တွေရှိဖို့ လိုအပ်ပါတယ်။ သို့သော်လည်းပဲ ဒီ
နယ်ခြားစောင့်တပ်များကို ကွပ်ကဲမှုကတော့ ကချင်ပြည်နယ်အစိုးရက ကွပ်ကဲမှာလား၊
မြန်မာ့တပ်မတော်က ကွပ်ကဲမှာလားဆိုတဲ့အပိုင်းကတော့
နောက်ဖြစ်လာမယ့် နိုင်ငံရေးမှာ ကျနော်တို့ ဆွေးနွေးချင်ပါတယ်။ ဒါ
ကျနော်တို့ရဲ့ သဘောထားဖြစ်တယ်။ အခုချိန်မှာတော့ တချို့နေရာတွေမှာ
နယ်ခြားစောင့်တပ်တွေက တိုက်ပွဲမှာ ပါဝင်တာရှိပါတယ်။ တိုက်ပွဲမှာမပါပဲနဲ့
နယ်ခြားစောင့်တပ်တွေရဲ့ နေရာမှာ ကျနော်တို့အနေနဲ့ ဝင်ရောက်ပစ်ခတ်တာမျိုး
မရှိပါဘူး။ ဒါ ကျနော်တို့ရဲ့ BGF နဲ့ ပြည်သူ့စစ်အပေါ်မှာ ရှူမြင်တဲ့
အပိုင်းတပိုင်းဖြစ်ပါတယ်။
ကေအိုင်အိုရဲ့
လှုပ်ရှားမှုအတွင်း အင်တာနေရှင်နယ် အားပေးမှုနဲ့ ထောက်ပံ့မှုရရှိခဲ့သလား။
ရရှိခဲ့ပါက ဘယ်နည်းနဲ့ ရရှိခဲ့သလဲ။ ဘယ်လို အကျိုးရှိခဲ့ပါသလဲ။
ကေအိုင်အိုကို
စပြီး တည်ထောင်တဲ့အခါမှာ ကချင်လူထုရဲ့ ဆန္ဒအရ ကချင်တက္ကသိုလ်ကျောင်းသားများက
ဦးဆောင်ပြီးမှ တည်ထောင်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ တကယ်ပဲ
အင်အားကြီး နိုင်ငံနှစ်ခုရဲ့ ကြားမှာ တည်ရှိတယ်။ အထူးသဖြင့်ကျနော်တို့
ကချင်ပြည်နယ်ဟာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာ
ရှိနေတာဟာ တခါတလေမှာ ကောင်းသလို၊ တခါတလေမှာလည်း တော်တော်ခွကျပါတယ်။
နိုင်ငံတကာက ကေအိုင်အိုရဲ့ လှုပ်ရှားမှုကို အားပေးသလားလို့ မေးရင်
ကျနော်တို့က အားမပေးဘူးလို့ပဲ ဖြေရပါမယ်။ အခုတိုက်ပွဲတွေ ဖြစ်လာတဲ့အခါကျမှ
ဟေ့နင်တို့ တိုက်ပွဲတွေမဖြစ်ကြနဲ့ ပြောကြတယ်။ ဒါကြောင့် ကျနော်တို့က
နိုင်ငံတာကို ပြောကြတာ ဘာဖြစ်လို့ တိုက်ပွဲတွေဖြစ်ရသလဲ။ မြန်မာနိုင်ငံက
တိုင်းရင်းသားတွေအားလုံး ဘာဖြစ်လို့ လက်နက်ကိုင်ရသလဲ။ ကမ္ဘာမှာ
ဘယ်မှာမှမရှိတဲ့ ကျောင်းသားတပ်မတော်ဆိုတာ ကျနော်တို့နိုင်ငံမှာပဲရှိတယ်လို့
ကျနော်တို့က ထောက်ပြတယ်။ ဒါကြောင့်မို့လို့ ကေအိုင်အိုရဲ့ လှုပ်ရှားမှုကို
အားပေးသလားလို့ မေးရင် တည့်တည့်ဖြေရရင် ဘယ်သူမှ အားမပေးပါဘူး။ ဒါပေမယ့်
ဖြန်ဖြေဖို့ကတော့ အားလုံးအဆင်သင့်ရှိတယ်။ အခု Diplomatic ကျနော်ပြောတယ်။
မြန်မာနိုင်ငံမှာလို့ နိုင်ငံခြားက မြန်မာနိုင်ငံကျွမ်းကျင်သူလို့
မိမိကိုယ်ကို မိမိသတ်မှတ်ထားတဲ့လူတွေ ရန်ကုန်မှာ အယောက် သုံးရာလောက်
ရှိပါတယ်လို့။ အဲဒီတော့ ဟိုဖက် Process မှာ ဒီလူတွေ ဘယ်လိုပါလာမလဲဆိုတာ
ကျနော်လည်း စောင့်ကြည့်နေပါတယ်လို့။ ချုပ်ပြီးပြောရရင် ကျနော်တို့ကို
နိုင်ငံတကာက အားပေးတယ်လို့ မရှိဘူး။ နောက်တခုကတော့ ကျနော်တို့ အဖွဲ့တိုင်းက
မိမိရဲ့ရပ်တည်ချက်တွေနဲ့ ရှိနေတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့
ကေအိုင်အိုလည်း ထိုနည်းလည်းကောင်းပါပဲ။ တချို့က ကျနော်တို့ကို
အနောက်နိုင်ငံက ကူညီတယ်လို့ တချို့ကပြောတယ်။ တချို့က အရှေ့နိုင်ငံကလူတွေ
ကူညီတယ်လို့ပြောတယ်။ ဒါပေမယ့် တကယ်တမ်းကျနော်တို့က နှစ်ပေါင်း ၅၀ ကျော်
ကေအိုင်အိုဟာ မိမိရဲ့ ခြေထောက်ပေါ်မှာ မိမိရပ်တည်ပြီးတော့ ဘယ်သူ့စကားကိုမှ
နာခံစရာမလိုပဲနဲ့ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။
နောက်တခုက ဦးတေဇနဲ့ ဘယ်လို ပါတ်သက်သလဲ။ သူနဲ့တွေ့ဆုံတယ်ဆိုတာ ကြားပါတယ်။ ကေအိုင်အိုက ဆက်ကြေးကောက်ခံတာ ရှိပါသလား။
ဦးတေဇနဲ့တော့
မပါတ်သက်ပါဘူးလို့ နော်။ တကယ်တော့ ထူးကုမ္ပဏီနဲ့ ကျနော်တို့ ကေအိုင်အိုက
အခုမှတွေ့ကြတာ မဟုတ်ပါဘူး။ အကြိမ်ပေါင်းအများကြီး တွေ့ခဲ့ဖူးပါတယ်။
ရန်ကုန်ကို ကျနော်သွားတွေ့တဲ့အခါကျတော့ သတင်းတွေက သိသွားပြီးတော့
ဦးတေဇနဲ့တွေ့တယ်လို့ သတင်းထုတ်ခဲ့တယ်။ အရေးကြီးတာကတော့
ဘာဖြစ်လို့တွေ့သလဲဆိုတဲ့အချက်ပဲ
ဖြစ်ပါတယ်။ ထူးကုမ္ပဏီက ကချင်ပြည်နယ်မှာ အလုပ်လုပ်တာ ကြာပါပြီ။ ဟို
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကစပြီး ကျနော်တို့နဲ့ စပြီးထိတွေ့ခဲ့တာကတော့
တပ်ရင်း ၅ ဒေသမှာ သူတို့ သစ်ထုတ်လုပ်ရေးတွေ လာလုပ်တယ်။ အဲဒီတော့ သူတို့ရဲ့
သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေက ကျနော်တို့ ကေအိုင်အိုရဲ့ ဒီ သစ်တောဌာနရဲ့
ဥပဒေတွေနဲ့ မညီတဲ့အချက်တွေ ရှိတယ်။ အဲဒီတော့ အဲဒီတုံးက သူတို့နဲ့
ကျနော်တို့တွေ့တယ်။ မြစ်ကြီးနားဆက်ဆံရေးရုံးမှာ ဦးတေဇနဲ့ အခြားသော
သူ့ရဲ့ကုမ္ပဏီဝန်ထမ်းများနဲ့တွေ့တယ်။ ကျနော်တို့ဆီကလည်း တကယ့်ထိပ်သီးခေါင်းဆောင်များနဲ့
တွေ့တယ်။ ပြီးတော့ တချို့ဟာတွေက အဲဒီမှာ ကျနော်တို့က ဟို တချို့ကတော့
ဆက်ကြေးလို့ ပြောတာပေါ့နော်။ ကျနော်တို့ကတော့ အခွန်ကောက်တာပေါ့။ ဟို
အဲလိုကိစ္စမျိုးမှာ ညှိနှိုင်းတာမျိုးတွေ ရှိပါတယ်။ ဟို ဘယ်လိုပဲပြောပြော
ကျနော်တို့က ကချင်ပြည်နယ်မှာ ကျနော်တို့ရဲ့ ဒေသကို ဝင်ရောက်ပြီးတော့မှ
စီးပွားရေးလုပ်ကိုင်တဲ့ လူတွေဆီမှာ ကျနော်တို့က ထိုက်သင့်တဲ့
အခွန်ကောက်ပါတယ်။ အဲဒါကို ဟို အစိုးရကတော့ မတရားငွေကြေးကောက်ခံတယ်လို့
ပြောတယ်။ ကျနော်တို့ဖက်ကတော့ တရားတယ်လို့ ယူဆလို့ ကျနော်တို့က တောင်းတယ်။
အဲဒီတော့ ဒီလိုမျိုးကောက်တာ ရှိပါတယ်။ ဒီလိုပဲ ဖြေကြားချင်ပါတယ်။
အစိုးရဖက်မှ
ယူဆောင်လာသော Proposal ကို တိုင်းရင်းသားအဖွဲ့မှ လက်မခံနိုင်သောအချက်များ
သိရှိခွင့်ရှိပါသလား ဖြေကြားပေးပါခင်ဗျာ။ ၂၀၁၅ ရွေးကောက်ပွဲပြီးပါက
ယခုဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆောင်ရွက်မှုကို မည်ကဲ့သို့
ဖြစ်စေနိုင်ပါသလဲ။
အစိုးရဖက်ကနေ ယူလာတဲ့ ဒီ
စာတမ်းအပေါ်မှာ တိုင်းရင်းသားတွေက လက်ခံဖို့ ခက်ခဲတဲ့အချက်တွေ
အများကြီးရှိပါတယ်။ အဲဒီအချက်တွေမှာ တချို့အချက်များကို ပြောချင်ပါတယ်။
တကယ်တော့ ဟို သိသင့်တဲ့အချက်ဖြစ်ပါတယ်။ သိဖို့လဲ လိုအပ်ပါတယ်။ သို့သော်လည်း
ကျနော်တို့ အချောသပ်မလုပ်ရသေးခင်မှာ ကျနော်တို့က အသေးစိတ်မပြောတာ
ဖြစ်ပါတယ်။ သို့သော်လည်းပဲ အချို့အရေးအကြီးတဲ့ အချက်များအရ
ပထမအရေးကြီးတဲ့အချက်ကတော့ Concept အပိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ
Peace လို့ပြောတယ်။ ကျနော်တို့ပြောတာက Peace Process လို့ ပြောရမယ်။
အပြစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ရင် ငြိမ်းချမ်းရေးရပြီလို့
အစိုးရအဆက်ဆက်က ပြောတယ်။ ကျနော်တို့ပြောတာက Process ကို ပြောရမယ်။
နောက်တချက်ကတော့ ကျနော်တို့ ဒီ အပြစ်အခတ်ရပ်စဲရေးစာချုပ် လုပ်ပြီးရင် ဒီ
ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အစိုးရရဲ့ စကားကိုနားထောင်ရမယ်ဆိုတဲ့ Concept ရှိတယ်။ အခုဒီတကြိမ် Text မှာ ဘာပါသလဲဆိုတော့ အပြစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ပြီးရင်
နောက်လုပ်မယ့် Political Framework ကို အစိုးရက ရေးဆွဲမယ်။
ကျနော်တို့ပြောတာက ပူးတွဲကော်မတီဖွဲ့ပြီး ရေးဆွဲမယ်။ ဒါပေမယ့် အစိုးရဖက်က
တင်ပြတာက အစိုးရကရေးဆွဲမယ်။ NCA ပျက်ပြယ်ကြောင်းကို အစိုးရက
ဆုံးဖြတ်မယ်ဆိုတဲ့အခါကျတော့ ဒီလို Concept မျိုးကို ကျနော်တို့က လက်ခံရတာ
ခက်ခဲပါတယ်။ နောက်တခုကတော့ အသိအမှတ်ပြုမှုဖြစ်ပါတယ်။ အသိအမှတ်ပြုမှုမှာ
ကျနော်တို့ကို အသိအမှတ်ပြုမှ ကျနော်တို့ရဲ့ တောင်းဆိုချက်များက
အရာရောက်မှာဖြစ်ပါတယ်။ နောက်တခုအခက်အခဲကတော့ ဖက်ဒရယ်လ်ကိစ္စဖြစ်ပါတယ်။
ကျနော်တို့ရဲ့ EAO ဖက်ကနေတင်တဲ့ စာတမ်းတွေမှာ ကျနော်တို့က ဖက်ဒရယ်လ်၊
ဖက်ဒရယ်လ်လို့ သုံးတယ်။ အစိုးရဖက်ကတင်တဲ့စာတမ်းမှာ ဖက်ဒရယ်လ်ဆိုတဲ့စာ တခုမှ
မပါတာကို ကျနော်တို့တွေ့ရတယ်။ ဒီလို အနေအထားမျိုးတွေ ရှိပါတယ်။
လက်တွေ့ပိုင်းအရကတော့ ကျနော်တို့ အသေးစိတ်မဆွေးနွေးရသေးပဲနဲ့ အခုကတော့
အခန်းလိုက် ဒီ Concept များကို ဦးစားပေးပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အဓိကအချက်များကတော့ ဒီလို အချက်တွေဖြစ်တယ်လို့ ပြောကြားချင်ပါတယ်။
သြော်.. ၂၀၁၅ နော်။ မေ့သွားတယ် ကျနော်က။ ခေါင်းထဲမှာ သိပ်မထည့်ဘူး။
ရွေးကောက်ပွဲဟာ
နိုင်ငံတနိုင်ငံအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့
ရွေးကောက်ပွဲများကို လူတွေက သိပ်စိတ်မဝင်စားကြတာကလည်း အံ့သြစရာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နားလည်တဲ့ ရွေးကောက်ပွဲနဲ့ အခုဖြစ်နေတဲ့
ရွေးကောက်ပွဲပုံစံတွေက တော်တော်ကိုကွာခြားတယ်လို့ မြင်တယ်။ ပြည်သူလူထုမှာ
အသိ နိုင်ငံရေးအသိတွေ နည်းပါးနေတဲ့အခါမှာ ဒီရွေးကောက်ပွဲကိစ္စများကို
နားမလည်နိုင်ဘူး။ နားမလည်နိုင်တဲ့အခါမှာ စိတ်ဝင်စားမှုကလည်း နည်းသွားပါတယ်။
ကေအိုင်အိုအနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲကို ကျနော်တို့က
နိုင်ငံအတွက်ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲတခုအဖြစ် မြင်သော်လည်းပဲ
ကျနော်တို့ တိုင်းရင်းသားများဖက်ကတော့ ပါဝင်ဖို့အဆင်သင့်မရှိသေးဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲစနစ်ပုံစံကအစ ကျနော်တို့က အများကြီးဆွေးနွေးဖို့လိုတယ်လို့ ကျနော်တို့က မြင်တယ်။ သို့သော်လည်းပဲ ဒီမိုကရေစီအရ သွားနေတဲ့လမ်းကြောင်းတခုလုံးအပေါ်မှာ
အကောင်းမြင်သော်လည်းပဲ တခုချင်းအလိုက် ဒီ ဖော်ဆောင်မှုမှာကတော့ ကျနော်တို့
အားမရပါဘူး။ ၂၀၁၅ ရဲ့နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲလို့ ကျနော်တို့ တခါတလေ
စဉ်းစားကြည့်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ ရှိရင်
အခြေခံဥပဒေပြင်ဆင်ရေးကို အစိုးရက ဘယ်လိုပုံစံလုပ်မလဲ။ တကယ်တော့
အခြေခံဥပဒေပြင်ဆင်ရေးဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ တကယ်လို့သာ
ဒီအခြေခံဥပဒေပြင်ဆင်ရေးကို ကျနော်တို့ ဘယ်သူမှမပါပဲနဲ့ အစိုးရက
တိုင်းရင်းသားတွေအားလုံးလက်ခံနိုင်တဲ့
ပုံစံမျိုးနဲ့ ပြင်ဆင်လို့ရှိရင် ကျနော်တို့ကို လက်မှတ်ထိုးခိုင်းစရာတောင်
မလိုပါဘူး။ ဒါပေမယ့် တကယ်ပဲ ပြင်ဆင်ရေးလုပ်မလား။ အခုချိန်မှာ
အသံထွက်နေတာကတော့ ပြင်ဆင်ရေးလုပ်မယ်လို့ ပြောတယ်။ ကောင်းပြီ
လွှတ်တော်ကပြင်တာကို အစိုးရနဲ့ တပ်မတော်က တကယ်လိုက်နာမလားဆိုတဲ့
မေးခွန်းတွေကို ကျနော်တို့က ဖြေဖို့ တော်တော်ခက်သေးတယ်။
ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ ကေအိုင်အိုကတော့
စောင့်ကြည့်နေတုံးရှိပါတယ်လို့ ပြောချင်ပါတယ်။
အမေရိကရောက်တိုင်းရင်းသားလူငယ်များကို ဗိုလ်ချုပ်အနေနဲ့ ဘာများမှာချင်ပါသလဲ။
လူငယ်များကို
ကျနော်တို့ကတော့ မှာစရာအများကြီး ရှိတဲ့ကြားကနေ ပြောတာကတော့ အနာဂါတ်ကို
ကျနော်တို့ ကြိုတင်ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ဒီကနေ့ လူငယ်တွေ
ဘာလုပ်နေသလဲဆိုတာကို ကြည့်ရင် နောင်လာမယ့်အချိန်မှာ ကျနော်တို့
ဘာဖြစ်မလဲဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ ဒီနေ့လူငယ်တွေ စာဖတ်နေရင်
ပညာတတ်တွေဖြစ်လာမယ်။ ဒီနေ့လူငယ်တွေ စာမဖတ်ဘူးဆိုရင် ကျနော်တို့ရဲ့
ရှေ့ရေးကတော့ ပိုတွေးစရာမရှိဘူး။ ဒါကြောင့်မို့လို့ လူငယ်တွေကို ကျနော်တို့
အမြဲတမ်းပြောနေတာကတော့ နောင်အနာဂါတ်အတွက် ပြင်ဆင်ဖို့ပဲဖြစ်တယ်။
ရည်မှန်းချက်တွေထားဖို့ပဲဖြစ်တယ်။
တပြိုင်တည်းမှာပဲ မိမိရဲ့ရည်မှန်းချက်တွေ ကိုယ်ရည်မှန်းသလို ကျနော်တို့က
အကောင်အထည်မဖော်နိုင်တဲ့အခါမှာ စိတ်ဓါတ်မကျပဲနဲ့ ဘဝကို
ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဖြစ်တယ်။
လူငယ်တွေကို ဥပမာ ကျနော်တို့ ပြောတာက ဘယ်လိုပြင်ဆင်ရမလဲ။ ကျနော်တို့ရဲ့
မိဘတွေက လမ်းညွှန်မှုပြုရသလို လူငယ်များက မိမိ အသိနဲ့ပြုလုပ်ဖို့လိုပါတယ်။
အခြေခံအားဖြင့်ကတော့ စာဖတ်ရမယ်။ ဒိုင်ယာရီရေးရမယ်။ ဥပမာပေါ့။ မိမိရဲ့
ဒိုင်ယာရီကို တနှစ်မှာတကြိမ်ပြန်ပြီးတော့ သုံးသပ်။ ကျနော်တို့ ဖတ်ဖူးတဲ့
စာတွေမှာ သမ္မတ အေဗရာဟင်လင်ကွန်းက သူ့ရဲ့ဒိုင်ယာရီကို အများဖတ်နိုင်အောင်
ပြတိုက်မှာထားတယ်လို့ ဖတ်ဖူးတယ်။ လူငယ်တွေကို မပြောနဲ့။ မင်းတို့ရဲ့
ဒိုင်ယာရီကို မင်းသူငယ်ချင်းကိုတောင် ပြရဲသလားလို့ ကျနော်တို့က မေးတယ်။ ဒါ
မိမိကိုယ်ကို မိမိ စံချိန်တင်ကြည့်တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မိမိကိုယ်ကို
မိမိဝေဖန်သုံးသပ်ပါ။
နောက်တခုကတော့
လူငယ်ခေါင်းဆောင်များကို ကျနော်တို့ ပြောနေတာကတော့ တစုံတခုကို
သေသေချာချာမသိပဲနဲ့ မပြောမိဖို့ဖြစ်ပါတယ်။ ဥပမာကျနော်တို့
ကချင်လူငယ်ခေါင်းဆောင်များ တော်တော်များများ ခေါင်းဆောင်လို့ပြောတာမှ
တော်တော် ထိပ်သီးပိုင်းခေါင်းဆောင်များကို
ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေစာတမ်း စပြီးထွက်တဲ့အခါမှာ အစည်းအဝေးလုပ်တယ်။
တကယ့်လူငယ်ခေါင်းဆောင်တွေ အယောက် ၃၀ ကိုကျနော်မေးတယ်။ ၂၀၀၈
အခြေခံဥပဒေကောင်းသလားလို့ ကျနော်မေးရင် မကောင်းဘူးလို့အားလုံးဖြေတယ်။
ဖတ်ပြီးပြီလားလို့မေးတော့ ဘယ်သူမှ မဖတ်ဖူးသေးဘူး။ အဲဒီတော့ ကျနော်မေးတာက
မဖတ်ပဲနဲ့ ဘာပြုလို့ မကောင်းဘူးလို့ ပြောရသလဲလို့ ကျနော်က ပြောတယ်။
သာမာန်လူငယ်တယောက်က မကောင်းဘူးလို့ပြောတာကို လက်ခံနိုင်ပေမယ့်
လူငယ်ခေါင်းဆောင်များအနေနဲ့ကတော့ ဖတ်ကြည့်သင့်တယ်။ ဖတ်ပြီးရင် ဘယ်နေရာမကောင်းဘူးဆိုတာ သိသင့်ပါတယ်။ နောက်တဆင့်အနေနဲ့ ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းရှာသင့်တယ်လို့ ကျနော်က ပြောပါတယ်။
No comments:
Post a Comment