Tuesday, April 29, 2014

ပြည်သူ့တပ်မတော်


ရဲကျော်သူရ
၁၉၈၈ အရေးအခင်းကြီးအပြီးမှာ တပ်မတော်က နိုင်ငံတော်အာဏာကိုရယူပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ခဲ့တဲ့အပိုင်းမှာ ပြောစရာတွေအများကြီးရှိပေမဲ့ ယျေဘူယျခြုံပြောရရင် ကျွန်တော်လက်ခံပါတယ်။
အရေးအခင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးထွက်သံယိုမှုတွေ ရှိတဲ့အပြင် စစ်အုပ်ချုပ်ရေးကို အကြောင်းပြုပြီး ကျိကျိ တက် ချမ်းသာသွားကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများလည်းရှိသပေါ့။
ဒီတော့ ပြည်သူနဲ့ အတိုက်အခံအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခိုင်းနှိုင်းဝေဖန်ကြတဲ့ အခါ ဗိုလ်ချုပ်ကို ဂျေဝင်ပြီး ဗိုလ်ချုပ်ပုံ အိတ်ကပ်ထဲပါရင် ဆွဲအစိခံရတဲ့ အထိဖြစ်ခဲ့ဖူး တာလည်း အမှန်ပဲ။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း တော်တန်ရုံ မယုံတတ်တော့ သူငယ်ချင်း တစ်ယောက်က အဲဒီတုန်းက ကမ်းနားလမ်းမှာရှိတဲ့ အမျိုးသား စာကြည့်တိုက် ကို ခေါ်သွားတယ်။ ဟိုရောက်တော့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်မှန်သမျှ ကတ်တလောက်ထဲက စာရင်းတွေမှာပဲရှိတော့တယ်။ အပြင်မှာ နတ္ထိ။
အနှစ်နှစ်ဆယ်ကျော်အာဏာသိမ်းခဲ့ပေမဲ့ စစ်ဗိုလ်ချုပ်တွေအားလုံး ရိုးရိုး သားသားနေပြီး စက်ဘီးလေးနဲ့များ ရုံးတက်ကြမယ်ဆိုရင် ကျွန်တော်လောင်း ရဲပါတယ်၊ အတိုက်အခံတချို့ကလွဲလို့ ပြည်သူက ဒီလောက်မုန်းမှာ မဟုတ်ပါဘူး။
စစ်အုပ်ချုပ်ရေးအနှစ်နှစ်ဆယ်ကျော်ကာလအတွင်း စီးပွားရေးပိတ်ဆို့ မှုတွေေ ကြာင့် ပြည်သူတွေဆင်းရဲတွင်းက ရုန်းမထွက်နိုင်ကြ ပေမဲ့ စစ်ဗိုလ်ချုပ် အများစုကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အခြေအနေမှာ သူငယ်ချင်း ကျီးက လာပြီးထိုးဆိတ်မှာ စိုးလို့ မစင်တွင်းထဲ တိုးတိုးဝင်တဲ့ အိမ်သာတွင်း ထဲကလောက်လို အဖြစ်မျိုးနဲ့ ပျော်မွေ့ခဲ့ကြတယ်။ ဘာတွေပဲပြောပြော ဒါဟာ မငြင်းနိုင်တဲ့အချက်တွေ၊ လိမ်လို့မရတဲ့သမိုင်းတွေပါပဲ။
ကျွန်တော်တစ်ခါကပြောခဲ့သလို အနှစ်နှစ်ဆယ်လုံးရေသောက် ဗိုက်မှောက်ပြီး စုရင်တောင် လွန်ရော ကျွံရော သိန်း ၅၀၀၊ ၁၀၀၀ မကျော်နိုင်တဲ့ အခြေအနေ သာရှိတဲ့သူတွေ လက်ရှိအချိန်မှာ သိန်းပေါင်း သိန်းသောင်းချီ ချမ်းသာနေကြတာက သက်သေပါပဲ။ သမ္မတကြီး ဦးသိန်းစိန်ကပိုင်ဆိုင်မှုတွေ ကြေညာကြရအောင် လို့ ဆော်သြတာတောင်မှ ကန့်ကွက်မဲနဲ့ ပယ်ချလိုက်ကြတာ အားလုံးအသိ။
ကိုင်း…ပြီးခဲ့တာတွေပြီးပလေ့စေတော့…၊ ရှေ့ဆက် ဒုက္ခမပေးဖို့ဘဲလိုတော့တယ်။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ရှိရင်လည်း အရင်လို ချောက်ထဲကျခါနီး ကယ်တင်ရပါ တယ်တွေလုပ်မနေနဲ့၊ လွှတ်တော်ရှိနေရဲ့သားနဲ့ လွှတ်တော် လမ်းကြောင်းအတိုင်း မသွားဘဲ ပုန်ကန်လို့ကတော့ ဆော်သာဆော်။
ဆော်နိုင်လောက်အောင်လည်း အနှစ်နှစ်ဆယ်ကျော်အတွင်း ထူထောင်ခဲ့တာ လူ၊ လက်နက်၊ ခဲယမ်း၊ နည်းပညာ အားလုံး အဆင်သင့်။ ဒီတော့ကာ တိုင်းပြည်ဆူပူရင် ရဲနဲ့ထိန်းပါ။ သူပုန်ထရင် ထတဲ့သူကို စစ်ရေးအရ အရေးယူဆောင်ရွက်ပါ။ အဲဒီလို ဆူပူမှုတွေ၊ ပုန်ကန်မှုတွေ မဖြစ်အောင်လည်း ခေတ်နဲ့ ဘယ်လိုမှ မလျော်ညီတော့တဲ့ ဥပဒေတွေကိုပြင်ပါ။
တစ်နေ့က မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်ရင်းတွေးကြည့်ကြတာ ပြင်စရာတွေမှ အနမတဂ္ဂ။
ဂျာနယ်ထဲတွေ့ရတဲ့ ပုဒ်မ ၁၈နဲ့ အရေးယူခံရတဲ့သူကို ခြေကျင်းကြီးခတ်ထားတာ အတော့်ကိုဆိုးပါတယ်။ ရာဇဝတ်သားလည်း မဟုတ်၊ ဘာမဟုတ်နဲ့ဗျာ။ အဖမ်းမခံဘဲ ထွက်ပြေးလို့ ခြေကျင်းခတ်ရတာပါဆိုရင် ကြားလို့ကောင်းသေးတယ်။
ဘာပဲဖြစ်ဖြစ် ပြည်သူချစ်အောင် မနည်းပြန်အဖတ်ဆယ်ရဦးမှာပါ။ ဘယ့်နှယ် စစ်လည်းတိုက်ရသေးတယ်ဗျာ။ မသေလို့ ပြန်လာ တော့ ပြည်သူကမုန်းသေး တယ်ဆိုရင် တစ်ခုခုတော့လွဲနေတာ အမှန်ပဲ။
အမေရိကားမှာ စစ်သားတွေကို ချစ်လို့ ဈေးဝယ်ရင် Discount ချပေးတဲ့ ဆိုင်တွေရှိသတဲ့။ စစ်သားပဲရတာနော်၊ ဒီ့ပြင်လူမရဘူး။ ကျွန်တော်တို့ဆီမှာကော…။ “မ” သွားတာက ကျိကျိတက်အဘတွေ၊ ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပုံ ဆိုသလို ခံရတာက အောက်ခြေက အခြား အဆင့်နဲ့ အရာရှိငယ်တွေ။
တစ်ခါက သူများနိုင်ငံမှာ လမ်းဘေးက ပလတ်စတစ်ကောက်တဲ့ ကလေးတွေ ကိုင်တဲ့ဖုန်းကို မြန်မာပြည်မှာ ကျွန်တော်တို့ပြည်သူ တွေ ငေးကြည့်ရလောက်အောင် ချမ်းသာတဲ့သူတွေသာ ခါးကြားမှာချိတ်ထားနိုင်တယ်။ တခြားနိုင်ငံမှာ မြန်မာငွေ ၂၅ သိန်း လောက်ပေးရင် ဝယ်လို့ရတဲ့ကားကို မြန်မာပြည်မှာ သိန်း ၈၀၀၊ ၁၀၀၀ လောက်ပေးမှ စီးရတယ်။ ဒီတော့ အခုခေတ်လို သိန်း ၁၀၀ လောက်နဲ့ ကားဝယ်စီးဖို့ဆိုတာ အိပ်မက်တောင်မမက်ရဲတဲ့ အခြေအနေ ကျွန်တော်တို့တိုင်းပြည်မှာ တကယ်ရှိခဲ့ဖူးတယ်။
ဘယ်သူတွေ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကာယကံရှင်တွေအသိဆုံးဖြစ်မှာပါ။ အကုသိုလ်လုပ်တဲ့သူရဲ့နောက်ကို အကုသိုလ် အရိပ်က လိုက်နေမှာပါပဲ။ ဒါကတော့ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရမှာပဲပေါ့။
ကျွန်တော်ပြောချင်တာက အခုလက်ရှိ လူငယ်အရာရှိတွေကိုပါ။ မဟုတ်တမ်း တရားနည်းလမ်းနဲ့ရလာမယ့် ဥစ္စာဓနတွေကို မခင် တွယ်ပါနဲ့။ အပင်းတွေပါ….။ ခင်ဗျားတို့ တစ်သက် ဘယ်တော့မှလည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။
ခင်ဗျားတို့အရွယ်တွေကြီးမြင့်လာတဲ့အချိန်မှာ အခုလူငယ်တွေထဲက စစ်ဗိုလ်တွေပဲ ကာကွယ်ရေးဦးစီးချုပ်တွေ၊ စစ်တိုင်းမှူးတွေ ဖြစ်ကြမှာပါ။ ခင်ဗျားတို့ ခေတ်ရောက် ရင် တိုင်းပြည်ကို ရိုးရိုးသားသား ကာကွယ်စောင့်ရှောက်ပါ။ အခုလက်ရှိအချိန် အထိတော့ အရင်လောက်မဆိုးတော့ပေမဲ့ အရင် အရိပ်အငွေ့ဟောင်းတွေ ကျန်ပါသေးတယ်။
မိမိရာထူးနဲ့လျော်ညီတဲ့ နိုင်ငံတော်က ချီးမြင့်ထားတဲ့ လစာ၊ ရိက္ခာနဲ့ တရားဝင် အထောက်အပံ့တွေ ကိုသာ ခံစားပါ။ အိမ်ကဟာမကြီး ဂဂျီကဂျောင် လုပ်ရင်လည်း နားကြောက်သာ ပိတ်ရိုက်ပစ်လိုက်ပါ။
တိုင်းပြည် ဒီမိုကရေစီနဲ့အသားကျ ရင့်ကျက်သွားပြီး စီးပွားရေးကောင်းလာမှ အခုလိုခြင်းကြီးတွေရက်ပြီး ဝန်စည်စလည် အလေး အပင်ကြီးတွေနဲ့ သွားနေရတဲ့ စစ်သည်တွေကို အမေရိကန်တွေလို ရဟတ်ယာဉ်နဲ့ပို့နိုင်မှာပါ။
Power Separation နဲ့ Resources Separation မျှတလာရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆိုတာလည်း မရှိသလောက်ဖြစ် သွားမှာပါ။ အဲဒီအချိန်မှာ ရှိနေသေးတယ်ဆိုရင်လည်း အဲဒီလိုတစောက်ကန်းအဖွဲ့တွေကို တိုက်ထုတ် ပစ်ဖို့ ပြည်သူကိုယ်တိုင်က တောင်းဆိုပါလိမ့်မယ်။
အချုပ်ပြောရရင် ပြည်သူတွေမုန်းနေတယ်ဆိုတာ သူတို့မှာလုံလောက်တဲ့ အကြောင်း ရှိနေပါတယ်။ တပ်မတော်သားတွေအနေနဲ့ နားလည်ပေးပါ။ ဒီလိုပြောလိုက် လို့ ပြည်သူ နာမည်ခံပြီး တိုင်းပြည်ကိုဆူပူဖျက်ဆီးမယ့် သူတွေ စိတ်တိုင်းကျ လက်ပိုက်ကြည့်နေဖို့ ဆိုလိုတာ မဟုတ်ပါ။
ပြည်သူတွေဘက်ကလည်း တပ်မတော်သားတွေရဲ့ ဘဝကို စာနာပါ။ အဘတချို့ ကျိကျိတက်ချမ်းသာနေတဲ့အချိန်မှာ ကျောင်း မနေနိုင်တဲ့ တပ်ထဲက ဒုအရာခံ ဗိုလ်ရဲ့ကလေးတွေရှိပါတယ်။ ကော့သောင်း-ဘုတ်ပြင်းလမ်းဘေးက ဆီအုန်းခင်းတွေ မှာ ရရာ အလုပ်ကြမ်း ဝင်လုပ်နေရတဲ့ စစ်သားသားသမီး ကလေးတွေအများကြီးပါ။
ဆင်းရဲတွင်းနက်လွန်းလို့ KTV တွေ Brothel တွေ ရောက်သွားရတဲ့ စစ်သား သား သမီးတွေရှိပါတယ်။ ပုံပြင်မဟုတ်ပါ။ ဇာတ်နာ အောင်ပြောနေတာ မဟုတ်ပါ။ ကျွန်တော် INGO မှာလုပ်ခဲ့စဉ်က ကိုယ်တိုင်တွေ့ကြုံခဲ့ရတာပါ။ စစ်သား လူထွက် တစ်ယောက် အနေနဲ့ အင်မတန်စိတ်ဆင်းရဲခဲ့ရပါတယ်။
သူတို့ကိုယ်သူတို့ တိုင်းပြည်ကာကွယ်ရေးလုပ်ရတာ ကို ရေးကြီးခွင်ကျယ်လုပ်နေစရာ မလိုပါဘူးလို့ စစ်သားတွေကို မစာမနာ မပြောလိုက်ပါနဲ့။
သူတို့ရင်းရတာ အသက်ပါ။ လူတိုင်းမြတ်နိုးပြီး ရှင်သန်အောင်စနစ်တကျ မွေးမြူ ထားကြတဲ့ အသက်ပါ။ အဲဒီအသက်ကလေး တစ်ချောင်းရဲ့နောက်မှာ ဒီအသက်ကို မှီခိုနေတဲ့ ဘဝတွေရှိပါတယ်။ သူတို့ကြွေသွားတယ်ဆိုတာ သူတို့ အသက်တစ်ချောင်း တင် မကပါဘူး။ အဲဒီအသက်ကို မှီနေရတဲ့ မိသားစုဘဝတွေပါ ကြွေသွားတာပါ။
ခင်ဗျားတို့ သားသမီးတွေ အဖျား ၁၀၃၊ ၁၀၄ ဒီဂရီလောက်ရှိရင်ကိုပဲ ပျာပျာ သလဲ ဖြစ်နေကြပြီး အထူးကုဆေးခန်းသွား၊ သင့် လျော်တဲ့ အဟာရတွေ ပြင် ဆင်ကျွေးမွေးနေတဲ့ အချိန်မှာ ခင်ဗျားတို့သားအရွယ်လောက်ပဲရှိတဲ့ စစ်သားလေးတွေဟာ တောထဲ တောင်ထဲမှာ အပူချိန် ၁၀၃၊ ၁၀၄ လောက်နဲ့ တဟီးဟီး အဖျားတွေတက်ရင်း ကိုယ့်သေနတ်ကိုယ်ထမ်းပြီး လှုပ်ရှား စစ်ကြောင်း ထွက်နေရတာပါ။
ဒါ့ကြောင့် တပ်မတော်သားတွေက ပြည်သူကိုစာနာဖို့လိုသလို ပြည်သူကလည်း တပ်မတော်သားလေးတွေရဲ့ ဘဝကို စာနာ စေချင်ပါတယ်။
ဘာတွေကောင်းပြီး ဘာတွေမကောင်းဘူးဆိုတာ စစ်သားဖြစ်ခဲ့ဖူးတဲ့ အပြင် ပြည်သူတစ်ယောက်အနေနဲ့ စစ်အုပ်ချုပ်ရေးဒါဏ်ကို အနှစ်နှစ် ဆယ်ကျော် ကောင်းကောင်းခံစားခဲ့ရလို့ နားလည်ပါတယ်။
ထပ်ပြောပါရစေ….။ အရာရှိငယ်များ ခင်ဗျားတို့ကို မျှော်လင့်ပါရစေ။ အမေရိကန် မှာလို စစ်သားမှန်ရင် တွေ့တဲ့ဆိုင်တိုင်းက Discount ချပေး တဲ့ ခေတ်တစ်ခေတ် ကို ရောက်ချင်စမ်းပါဘိ။
စစ်ရေးလိုအပ်ချက်အရ တချို့အရာတွေကို မလုပ်ချင်ပေမဲ့လည်း လုပ်ရတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်တော်အခုပြော နေတာ စစ်ရေးနဲ့မပတ်သက်ပါ။
ဘယ်လောက်ရိုးသားတဲ့သူပဲဖြစ်ဖြစ် လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်မှာ အာဏာကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားရင် အာဏာရှင်ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ကျွန်တော် တပ်မတော်ကို ချစ်ပါတယ်၊ ဒါပေမဲ့ တပ်မတော်ကိုခုတုံးလုပ်ပြီး အာဏာအလွဲသုံးစားလုပ်တဲ့ စစ်ဗိုလ်ချုပ်တွေကို တော့မုန်းတယ်။
ဒီလိုပဲ ဒီမိုကရေစီကိုလည်းချစ်တယ်၊ ဒါပေမဲ့ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး ကြီးပွားသွားတဲ့ ဖေါက်ပြန်ရေးသမား တွေကိုမုန်းတယ်။
ကျွန်တော် တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေအားလုံးကို ချစ်ပါတယ်၊ ဒါပေမဲ့ လူမျိုးရေး ဗန်းပြ ဗမာ မုန်းတီးရေးဝါဒ အတင်းသွပ်သွင်းပြီး ကိုယ့်လူမျိုး ကိုယ်သေတွင်းပို့ စီးပွားရှာနေတဲ့ အမည်ခံတော်လှန်ရေးသမားဆိုသူတွေကို မုန်းတယ်။
တပ်မတော်ဆိုတာ ပြည်သူက အားကိုးရမယ့် သားကောင်းယောက်ကျားတွေဖြစ်သလို ပြည်သူဆိုတာလည်း တပ်မတော်က စောင့်ရှောက်ရမယ့် မိဘတွေမဟုတ်လားဗျာ…။
ရဲကျော်သူရ

 

No comments: