ကျမ ထန်းပင်လေးတွေ ထန်းသမားတို့ အကြောင်းရေးနေချိန်ရက်ပိုင်းအတွင်းမှာ ပဲကျောက်ပန်းတောင်းမြို့နယ် တံငါ့ကန်အုပ်စုနဲ့ လက်ပံပင် အုပ်စုက ထန်းတောနှစ်တောဟာ ကျမတို့ ကျောက်ပန်းတောင်းနယ်ကို စွန့်ခွါကာ အဝေးသို့ ထွက်သွားခဲ့ပါပြီ။
ပုပ္ပါး တောင်ချစ်သူများအသင်းက ထန်းပင်တွေကုန်တင်ကားနဲ့ အဝေးသို့ ထွက်သွားနေတဲ့ ဓာတ်ပုံလေးတွေ ကို ကျမထံ ပေးပို့လာပါတယ်။ တစ်နေ့ကို ကုန်တင်ကား နှစ်စီးစာသုံးစီးစာလောက် ထွက်နေကြကြောင်းပြောပြလာပါတယ်။
သစ်တောဥပဒေမှာ လည်း ထန်းပင် အုန်းပင်တို့ကို အရေးယူဖို့ တိတိကျကျ မရေးထားပေးမဲ့ ကျမတို့ ကျောက်ပန်းတောင်း အမှတ်သင်္ကေတ ထန်းပင်လေးတွေက ကျမတို့ သားသမီးတွေ လက်ထက်မှာ ရှိနေပါဦးမလားလို့ သံသယဖြစ်လာရပါပြီ။
ဘယ်နယ်ရောက်ရောက် ချိုမြလှတဲ့ ကျောက်ပန်းတောင်းထန်းလျက်လေးတွေကို သိကြစမြဲပါ၊
ချိုချို အီအီ ထန်းလျက် လေးတွေကို အစွဲပြုခဲ့တဲ့ လဘက်ရည်ဆိုင်က ကျောက်ပန်းတောင်းတစ်ခွက်ဆိုတဲ့ အသံလေးကို ကျမတို့ ကြားရပါတော့မလား။
ထန်းသမား သမီးပျိုလေးတွေ လည်း အလုပ်အကိုင်မရှိလို့ နယ်တကာ သွား ကြုံရာအလုပ်လုပ်ရင်း သူတို့ရဲ့ လုံခြုံမှုလေးတွေကို လည်း ပူပန်မိပါရဲ့။
ပူပြင်းလှတဲ့ သဲဆန်တဲ့ ယာတောကြီးထဲက ထန်းပင်ပိန်ညှောင်ညှောင် အရိပ်ကလေးအောက်မှာ ပေါင်းထိုးသမ တို့ အရိပ်ခိုနိုင်ပါတော့ ပါ့မလား။
အညာနွေ ခါးခါး ရဲ့ ပူစပ်ပူလောင် နေမင်းကြီးကို အချိန်မရွေး အံတုယှဉ် ပြိုင်နေတဲ့ ထန်းလက်လေးတွေက သူတို့ တဲလေးတွေကို လွှမ်းကာ ခြုံပေးနိုင်ပါ ဦးမလား။
မြက်ခြောက်တွေသာ စားနေရတဲ့ အိမ်က နွားပိန်ကြီးရဲ့ အာသီသ အစာစိုစို ထန်းသီးဆန်လေး ကို တောင့်တမှုက ပြေပျောက်နိုင်ပါဦးမလား။
နွားစာ ထန်းသီးလှီးချိန်မှာ အသည်းအသန် လာတောင်းတတ်တဲ့ ဂျွန်ဂို၊ ဇေရဲထက်၊ နန္ဒာလှိုင် ဆိုတဲ့ ကလေးပေါက်စ လေးတွေရဲ့ နှစ်ခြိုက်လှတဲ့ သရေစာထန်းသီးဆံလေးတွေရော သူတို့ စားနိုင်ပါဦးမလား။
စီးပွါးရေးသမား တို့ရဲ့ လောဘအောက်ကနေ ထန်းသမားတို့ ရဲ့ ဘဝတွေ၊ ကျောက်ပန်းတောင်းရဲ့ ပုံရိပ်တွေ၊ နာမည်ကျော်လှ တဲ့ ကျောက်ပန်းတောင်းရဲ့ ထွက်ကုန်ဟာ စုန်းစုန်းမြုပ်တော့မလား။
သူတို့က တော့ နောက်ထပ်ခုတ်ဖို့ ထန်းလျှော်လေးတွေ ချည်ကာ မှတ်ထား ပေမဲ့ ကျမကတော့ နောက်ထပ်မပြုတ်၊ နောက်ထပ်မလုပ်ဖို့ ပူပန်ပါရဲ့။
ဒီလို အဖြစ်မျိုးလေးတွေ မကြုံစေချင်လို့ ဒေသဆိုင်ရာအာဏာပိုင်တို့က ညွှန်ကြားချက်လေးတွေထုတ်ပေးပြီး ကျမတို့ ထန်းပင်လေးတွေ ကျမတို့ နယ်က အဝေးကို ထွက်မသွားဖို့ တားပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။
ကူညီကာ ရှယ်ပေးပြီး တောင်းဆိုပေးပါလို့ တောင်းပန်အပ်ပါတယ်။
မေပုပ္ပါး
၂၀၁၄ ဧပြီ ၅ ရက်

No comments:
Post a Comment