Monday, April 28, 2014

ရှေးမြန်မာဘုရင်များလက်ထက်က ဆုပေးပုံ



ရှေးမြန်မာဘုရင်များလက်ထက်က ဆုပေးပုံ
မြန်မာဘုရင်များ လက်ထက်က လက်ဝှေ့ထိုးသန်ပွဲများကို တခမ်းတနားကျင်းပ၍ လက်ဝှေ့ထူးချွန်သူတို့အား “လက်ဝှေ့တော်ဘွဲ့” ကိုချီးမြှင့်ခြင်း၊ ရွှေတိုက်စာရင်းဝင်အဖြစ် စာရင်းသွင်းခြင်း ရှိခဲ့ကြောင်း သမိုင်းဆရာများက ရေးသားမှတ်တမ်းတင်ခဲ့သည်တို့ကို လေ့လာမှတ်သားရပါသည်။
ပင်းယခေတ်တွင် အောင်စည်းခုံ သဃရာဇာသည် လက်ဝှေ့သတ်အလွန်ကောင်းသူဖြစ်သည်။
လက်ဝှေ့ဆုကို နှစ်စဉ် နှစ်တိုင်း မြင်း၁၅စီးမှ ၂၀စီးထိရရှိလေသည်။
လက်ဝှေ့ထိုးသတ်ရာတွင် ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်ပြီး လက်ဝှေ့ဘုရင်တစ်ဆူအလားရှိနေခဲ့သည်။

အင်းဝမင်းခေါင်လက်ထက်တွင် အုန်းပေါင်းစော်ဘွားက လက်ဝှေ့အသတ်ကောင်းသော ရှမ်းကြီးကို အင်းဝသို့ခေါ်ဆောင်လာပြီး လက်ဝှေ့ပြိုင်မော်ကွန်းတင်မည်ဟု ဆိုလာသည်။ ထိုစဉ်ကရှမ်းကြီးသည် လက်ဝှေ့ဘုရင်တစ်ဆူပင်ဖြစ်သည်။
အုန်းပေါင်းစော်ဘွားခေါ်လာသော ရှမ်းကြီးအား လက်ဝှေ့ယှဉ်ပြိုင်ရန် စစ်ကိုင်း အင်းဝတစ်ခွင် တွင်ရှာဖွေ၍ မရပဲရှိနေသည်။ ဤအခြေအနေမှာ ၇ှမ်းကြီးကို သတ်ဖက်မတွေ့ ယှဉ်ပြိုင်မည့်သူရှာမရ၍ အခက်တွေ့နေရလေသည်။
ထိုအခါ အင်းဝဘုရင်မင်းခေါင်က စဉ်းစားတော်မူပြီး ရှေးခေတ် မင်းအဆက်ဆက် လက်ဝှေ့ထိုးသတ်ရာနှိုက် တဘက်ကမ်းခပ်ထူးချွန်သော သံဃရာဇာကို စုံစမ်းတော်မူလေသည်။ ထိုအချိန်တွင် သံဃရာဇာမှာ အသက်အရွယ် အိုမင်းနေပြီဖြစ်၍ မသင့်လျှော်ကြေင်း မူးမတ်များက လျောက်တင်သော်လည်း ဘုရင်မင်းမြတ်က ရအောင်စုံစမ်း၍ ရှေ့တော်မှောက် ပင့်ဆောင်ခဲံ့ရန် မိန့်တော်မူလေသည်။

သံဃရာဇာကို စုံစမ်းတွေ့ရှိ၍ ပင့်ဆောင်လာသောအခါ သံဃရာဇာက ဤသို့ဆိုလေသည်။ ငါသည် အထက်မင်းများလက်ထက်တွင် လူပျိုလူရွယ်ဖြစ်၍ လက်ဝှေ့ကို ကျော်ဇောရုံသာသတ်သည်၊ ယ္ခုကားငါ၏ အသက်သည် ၆၉နှစ်အရွယ်ရောက်ရှိလေပြီ၊ ဤပွဲတွင် သေအောင်သတ်တော့မည်ဟု ဆိုလိုက်လေသည်။
ထိုအခါ မင်းနှင့် မူးမတ် ပရိတ်သတ်တို့က အသက်သေအောင် သတ်ခြင်းကားမပြုပါနှင့် တော်ရုံသာသတ်ရန် တောင်းပန်ကြလေသည်။ ထို့နောက်စကားကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်ဝတံခါးအရှေ့ ငါးတာ ခြားသည့် ကုန်း နှိုက် လက်ဝှေ့ပွဲကျင်းပလေသည်။ လက်ဝှေ့ပွဲတွင် မင်းနှင့်တစ်ကွ စော်ဘွားမင်းညီမင်းသား စုံညီရှု့စားကြလေသည်။
ထိုအခါ အောင်စည်းခုံ သံဃရာဇာနှင့် ရှမ်းကြီးတို့သည် မထိုးသတ်မီကခုန်သီဆိုကြသည်။ သံဃရာဇာသည် ခက်သယောင်ပြုပြီး ခြောက်ကာ လှည့်ကာဖြင့် ညာလက်သီးတစ်လုံးကို အသုံးချလိုက်သည်။ ပြင်းထန်သော သံဃရာဇာ၏ ညာလက်သီးကြောင့် ရှမ်းကြီး၏မျက်နှာသည် နောက်သို့ရောက်သွားလေသည်။
ထိုအခြေအနေကိုမြင်ရသော အုန်းပေါင်းစော်ဘွားက သေသော်မှပင် အမြင်ကောင်းသေး၏။ ယ္ခုသော်ကား အမြင်မကောင်းလှပါတကား ဟုဆိုလိုက်လေသည်။ ထိုအခါ သံဃရာဇာက ဘယ်လက်ဖြင့် လက်သီးတစ်လုံး ထိုးလိုက်ပြန်ရာ ရှမ်းကြီး၏ မျက်နှာမှာ ရှေ့တွင် နေမြဲနေပြန်လေသည်။

ထိုအခြင်းအရာက်ုမြင်တွေ့ရသော မင်းကြီးနှင့်စော်ဘွားတို့က အံ့ဖွယ်သူရဲ ရှိလှပေသည်ဟုမိန့်ဆိုကာ သံဃရာဇာအား မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ် နှင့် ငွေတစ်ပိသာာ ဆုလာဘ်ပေး၍ ချီးမြှင့်လေသည်။
Credit: မန်းသင့်နောင်(ကော့ကရိတ်)

No comments: