‘‘နောက်ကျောဓားနဲ့ မထိုးပါဘူး။ ဦးလွန်းမောင်နဲ့ ကိုယ်နဲ့ဟာ တစ်တပ်တည်းမှာနေခဲ့တယ်။ ကိုယ်က တပ်မှူး၊ သူက ဒုတပ်မှူး ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခင်မှု၊ ရင်းနှီးမှု၊ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားမှုကို ကိုလွန်းမောင် သိပါတယ်။’’
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းကို 7DAY NEWS ဂျာနယ်က ဧပြီ ၆ ရက်တွင် တွေ့ဆုံ၍
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့်
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအား မေးမြန်းခဲ့ပါသည်။
ထိုမေးမြန်းချက်များထဲမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လက်ခံနိုင်ပါ့မလား။
ဖြေ- ဒီဟာကတော့ မိမိအနေနဲ့ တိတိကျကျသုံးသပ်ဖို့ ခက်တယ်လို့ ဒီအချိန်မှာတော့ ဒီလိုပဲ ပြောချင်ပါတယ်။ သဘောတူညီမှုရှိ၊ မရှိဆိုတာ ခုထက်ထိ ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံသားများရဲ့ ဆန္ဒနဲ့ ဆန္ဒအခြေအနေတွေတည်ရှိမှုတွေကို လေ့လာသုံးသပ်ပြီးတော့ ဒီဟာသည် ဖွဲ့စည်းပုံပြင်သင့်တယ်ဆိုရင် ပါသွားပါလိမ့်မယ်။ အဲဒီလိုလေ့လာသုံးသပ်တဲ့အခါမှာ မဟုတ်ဘူးဆိုရင်လည်း သူတို့ အပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းသည် တပ်မတော်ရဲ့သဘော၊ တပ်မတော်ရဲ့ဆန္ဒပေါ်မှာပဲ မူတည်မယ်လို့ ဒီအချိန်မှာ ဒီလိုပဲပြောချင်ပါတယ်။
မေး- ကာလုံအစည်းအဝေးတွေမှာ သမ္မတ၊ ကာချုပ်တို့နဲ့ တွေ့တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးဖြစ်ကြလား။
ဖြေ- ကာလုံမှာ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဆွေးနွေးတာတော့ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက လောလောဆယ်တော့ လွှတ်တော်မှာ အဓိကတာဝန်ရှိတယ်ဆိုတဲ့သဘောနဲ့ ပြောဆိုကြတယ်လေ။ မှန်ပါတယ်။ လွှတ်တော်မှာ အဓိက တာဝန်ရှိတာဆိုပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူနဲ့အစိုးရကြား နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တစ်ခုပဲ ဖြစ်တယ်။ အစိုးရလို့ ပြောတဲ့အခါမှာ လွှတ်တော်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းပါတယ်။ ပြီးတဲ့အခါမှာ တရားရေးမဏ္ဍိုင်လည်းပါတယ်။ အဲဒါတွေအားလုံးပေါင်းမှ အစိုးရဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တော့မယ်ဆိုရင် အစိုးရဘက်ကပြောတဲ့ လွှတ်တော်ပိုင်းပါသလို အုပ်ချုပ်ရေးအဖွဲ့အစည်း၊ တရားရေးဆိုင်ရာအဖွဲ့အစည်းများရဲ့ သဘောထားဆန္ဒနဲ့ ပြည်သူများရဲ့ လိုလားချက်ပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်တိုင်းတစ်ပြည်လုံးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အတွက် လွှတ်တော်တစ်ခုတည်းပုံထားလို့တော့ မရနိုင်တဲ့အနေအထားရှိတယ်။ လွှတ်တော်ဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်နိုင်ဖို့ လွှတ်တော်ထဲမှာလည်း သုံးသပ်ဆွေးနွေးအကြံပြုတာတွေရှိတယ်။ အဲဒီအတိုင်းပဲ ပြည်သူတွေဘက်က အကြံပြုစာတွေ အများကြီးရထားတယ်။ ပါတီအသီးသီးကလည်း ရပါတယ်။
မေး- ပြီးခဲ့တဲ့ တပ်မတော်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဘာများပြောကြားချင်ပါသလဲ။ အဲဒီမိန့်ခွန်းကကော အဓိက ဘယ်သတင်းစကားပါးတယ်လို့ ဥက္ကဋ္ဌအနေနဲ့ သုံးသပ်မိပါသလဲ။
ဖြေ- ပြောမယ်ဆိုရင်တော့၊ ယေဘုယျဆန်ဆန်ပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ခိုင်ခိုင်မာမာကာကွယ်မယ်။ ဘာကြောင့်လဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းသော ပြည်သူက ထောက်ခံထားတာဆိုတဲ့ဟာ ဖြစ်ပါတယ်။ သူနဲ့ပတ်သက်လို့တော့ ဒီဟာနဲ့ပတ်သက်လို့ မှတ်ချက်မပေးလိုပါဘူး။
မေး- တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သဘောမတူဘူးဆိုရင် ဥက္ကဋ္ဌကြီးတို့အနေနဲ့ တခြားဘယ်နည်းလမ်းများ စဉ်းစားထားပါသလဲ။
ဖြေ- လောလောဆယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပိုင်းနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ မူဘောင်အတွင်းကပဲ လောလောဆယ် စဉ်းစားထားပါတယ်။ အဲဒီလိုစဉ်းစားတဲ့နေရာမှာ ဒီကနေ့အများပြောနေတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆိုတာလည်း ဒီအချက်နဲ့ သက်ဆိုင်နေပါတယ်။ ပြောမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းက ဆောင်ရွက်တဲ့အခါမှာ လူကြီးတွေတွေ့ဆုံမှုက အင်မတန်မှ အရေးကြီးတဲ့ကဏ္ဍ။ ဒီဟာသည် တခြားနည်းလမ်းထက်စာမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းလို့ မိမိအနေနဲ့ ယုံကြည်ပါတယ်။ ဒီအတိုင်းပဲ၊ ထောက်ခံသလား၊ အားပေးသလား အဖြေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက်တင် မဟုတ်ပါဘူး။ တွေ့ဆုံညှိနှိုင်းမှုဟာ ကောင်းမွန်တဲ့ကိစ္စဖြစ်တဲ့အတွက် တွေ့ဆုံညှိနှိုင်းဖို့အတွက် အမြဲအားပေးတယ်။ အမြဲပါဝင်ပါမယ်၊ အမြဲကူညီမယ်လို့ အဖြေပေးခဲ့တာ။
မေး- ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့က ရွေးကောက်ခံလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းအပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အနည်းဆုံးထောက်ခံမှပြင်လို့ ရမယ်ဆိုတော့ တကယ်ပဲဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်လို့ကော ရနိုင်ပါသလား။
ဖြေ- ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခန်း (၁၂) ပုဒ်မ၄၃၆ (က) (ခ) မှာ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုရင်တော့ ဒီအခန်းကို အဓိကထား စဉ်းစားသုံးသပ်ရမယ်လို့ ထင်ပါတယ်။ ထင်တဲ့အခါမှာ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၇၅ ရာခိုင်နှုန်းအထက်က အတည်ပြုထောက်ခံမှ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်လို့ရမယ်။ ဒါသည် တချို့ပုဒ်မနဲ့ပဲ သက်ဆိုင်တယ်။ တချို့ပုဒ်မကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်လည်း ထောက်ခံရမယ်။ ပြီးတဲ့အခါမှ ပြည်သူထဲချပြပြီးတဲ့အခါမှာ ပြည်သူ့ဆန္ဒလည်း ခံယူရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)(ခ) ထဲမှာပါတယ်။ ဒါဟာ အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပြင်လို့ရ၊ မရဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ချင်တဲ့အချက်တွေကို ဒီကာလမှာတော့ ၇၅ ရာခိုင်နှုန်းနဲ့ အထက်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတွက် ဒီအတိုင်းပဲလိုက်နာရမယ့်သဘောရှိတယ်။ ဒီလိုလိုက်နာပြီးတဲ့အခါမှာ နောက်နောင်ကျရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှ ၇၅ ရာခိုင်နှုန်းအစား ၃ ပုံ ၂ ပုံ ရာခိုင်နှုန်းတစ်ခုစသဖြင့်ပေါ့လေ။ အဲဒီလိုအတွက်ဆိုရင် ပြင်ဆင်တဲ့နေရာမှ တစ်ခါတည်း ထည့်သွင်းပြီးတော့ ပြင်ဆင်လိုက်မယ်ဆိုရင် ပြင်ဆင်ချက် အောင်မြင်မယ်ဆိုရင်၊ နောင်အကြိမ်တွေကျရင် ၇၅ ရာခိုင်နှုန်း အထက်ဆိုတာဟာ ပါစရာမလိုတော့ဘူး။ ဒါဟာ အင်မတန်အရေးကြီးတဲ့ကိစ္စ။ ဒီကိစ္စကို အောင်မြင်အောင် ပြင်ဆင်ဖို့ဆိုရင် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေအပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပါဖို့လိုတယ်။ ပါဝင်လာပြီဆို ဒီဟာကပြင်လို့ရမယ်၊ မပါဝင်လာဘူးဆိုရင်လည်း မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။
မေး- ၅၉ (စ)ကိုကော ပြင်မှာလား။
ဖြေ- အဲဒါကလည်း ခုနကပြောသလိုပါပဲ။ ၄၃၆ အပါအ၀င် ဒီကိစ္စကလည်း ခုနပြောတဲ့ကိစ္စတွေမှာပါတယ်။ ပြင်နိုင်ခြင်း၊ မပြင်နိုင်ခြင်းဆိုတာ ဒီကနေ့ မဲပေးနိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်များရဲ့ လက်ထဲမှာရှိပါတယ်။
မေး- နိုင်ငံရေးလေ့လာသူတချို့က ပြောကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့တဲ့ တပ်မတော်အရန်အင်အားဥပဒေအရ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ မှာ အသက် (၆၀) ပြည့်သွားရင်တောင် အရန်အင်အားထဲ ထည့်လိုက်ပြီးတော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ရွေးချယ်တဲ့ ဒုသမ္မတခန့်လို့ရတယ်လို့ ပြောကြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ- အခုလက်ရှိ ဥပဒေအတိုင်းဆို ဒီအတိုင်းလုပ်လို့ရပါတယ်။ လက်ရှိဥပဒေအရ အရန်အင်အားသွင်းတယ်။ ပြီးတဲ့အခါမှ အစုအဖွဲ့ထဲဝင်မယ်။ ပြီးတဲ့အခါမှာ ဒုသမ္မတရွေးမယ်ဆို တည်ဆဲဥပဒေအရ ဒါလုပ်လို့ရနိုင်ပါတယ်။
မေး- ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဥက္ကဋ္ဌကြီးအနေနဲ့ ၂၀၁၅ မှာ လက်ရှိသမ္မတဦးသိန်းစိန်အနေနဲ့ ၀င်မပြိုင်တော့ဘူးလို့ ပြောခဲ့တာရှိပါတယ်။ အဲဒီနောက်ပိုင်း သမ္မတကြီးနဲ့တွေ့တဲ့အခါမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများထပ်ပြောတာရှိပါသေးလဲ။
ဖြေ- ဒါနဲ့ပတ်သက်လို့ အဲဒီလို ပြောပြီးတဲ့နောက်ပိုင်းမှာ တချို့တာဝန်ရှိတဲ့လူတွေ၊ ဆက်စပ်တဲ့လူတွေ မီဒီယာက တစ်ဆင့်ပြောသွားတာလည်း ကြားမိပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အထူးပြောစရာ မရှိတော့ပါဘူး။ ကြားမှာပေါ့လေ။ ဒီအတိုင်းပဲဖြစ်လာမှာပေါ့လေ။ မိမိကို အရင်တုန်းက ပြောခဲ့တဲ့စကားပေါ်မူတည်ပြီးတော့ မေးလာတဲ့အတွက် ဟိုတုန်းက ပြောလိုက်ခြင်းဖြစ်ပါတယ်။
မေး- ဥက္ကဋ္ဌအနေနဲ့ကော ၂၀၁၅ အသွင်ကူးပြောင်းရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ဖို့စဉ်းစားထားသလဲ။
ဖြေ- ပြောမယ်ဆိုရင်တော့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီလေ။ နိုင်ငံရေးသမားဖြစ်တဲ့အတွက် နိုင်ငံရေးသမားတစ်ယောက်ရဲ့ ထားရှိတဲ့ရည်မှန်းချက်၊ မျှော်လင့်ချက်အတိုင်းပဲ ဆောင်ရွက်မယ်။ အဲဒီတော့ ဒီဟာကို ပြောမယ်ဆိုရင်တော့ နိုင်ငံရေးသမား တကယ်မှန်တယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူ့အတွက် အမျိုးသားအတွက်လည်း ကြည့်ရမယ်။ အမျိုးသားအတွက် ကြည့်မယ်ဆိုရင် အမျိုးသားအကျိုးစီးပွားအတွက် စဉ်းစားရမယ်။ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ပေးနိုင်တဲ့ နေရာမျိုးကို မျှော်မှန်းရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမေရိကန်ခရီးစဉ်တုန်းကလည်း ဒီမေးခွန်းအမေးခံရပါတယ်။ ဖြေလိုက်ပါတယ်။ သမ္မတဟာ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးအတွက် အလုပ်လုပ်နိုင်ဆုံးနေရာဆိုရင် အဲဒီနေရာယူမယ် လုပ်ချင်တယ်လို့။ အဲဒီလိုမှ မဟုတ်ဘူး၊ သမ္မတတော့ မဟုတ်ဘူး၊ တကယ်နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက်လုပ်နိုင်တဲ့ နေရာရှိရင် အဲဒီနေရာမျိုးကို မျှော်လင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ အရေးကြီးတာက နိုင်ငံရေးသမားတစ်ယောက်က နိုင်ငံရဲ့ နိုင်ငံသားများ အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကို လုပ်နိုင်တဲ့နေရာမျိုးကို လိုလားပါတယ်။ မိမိနိုင်ငံရေးသည် သာမန်အမျိုးသားနိုင်ငံရေးဆိုတာထက် အမျိုးသားနိုင်ငံရေးလွှမ်းခြုံပြီးတော့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး၊ ကမ္ဘာနဲ့ယှဉ်တဲ့ နိုင်ငံရေးကို ဆောင်ရွက်ချင်ပါတယ်။
မေး- လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေက နောက်ကြောင်းပြန်နေတယ်လို့ ပြောကြတာတွေရှိပါတယ်။ ရှေ့ဆက်ပြီးလည်း အကျပ်အတည်းတွေ ရှိလာနိုင်တယ်လို့ပြောကြတယ်။ လာမယ့်နှစ်တွေမှာ မြန်မာ့နိုင်ငံရေးအခြေအနေတွေမှာ ဘာတွေများဖြစ်လာနိုင်ပါသလဲ။
ဖြေ- နိုင်ငံတကာက သုံးသပ်သလို ပြည်တွင်းက နိုင်ငံရေးသုံးသပ်သူတွေကလည်း ဒီလိုပဲ သုံးသပ်ကြမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အထူးသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ ဆောင်ရွက်တဲ့နေရာမှာ လွယ်လွယ်နဲ့တော့လုပ်လို့မရနိုင်ဘူး။ ဒါပေမဲ့ ဒီလိုအောင်မြင်အောင် ဆောင်ရွက်မယ်ဆိုရင်တော့ ဘယ်အခက်အခဲပဲတွေ့ကြုံရ၊ တွေ့ကြုံရ အဲဒီအခက်အခဲကို ရင်ဆိုင်တွေ့ကြုံကျော်လွှားနိုင်တဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်။ လက်တွေ့လည်း တကယ်ကြိုးစားဆောင်ရွက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ပါးစပ်ပြောနဲ့တော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ မဖြစ်မြောက်နိုင်ပါဘူး။ ပြောမယ်ဆိုရင် ကာယကံရယ်၊ ၀စီကံရယ်၊ မနောကံရယ်၊ စိတ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာရယ် လက်တွေ့ပိုင်းဆိုင်ရာရယ်၊ အားလုံးညီညွတ်မျှတစွာလုပ်နိုင်မှ အောင်မြင်နိုင်မယ့် အနေအထားရှိပါတယ်။ အခက်အခဲရှိနိုင်ပါတယ်။ အကျပ်အတည်းလည်း ရှိနိုင်ပါတယ်။ အဲဒီအခက်အခဲအကျပ်အတည်းတွေကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သွားမယ်ဆိုရင် ဒီအခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။
မေး- မြန်မာနိုင်ငံရေးက တကယ်ပဲ နောက်ကြောင်းပြန်လှည့်နေပြီလား။
ဖြေ- ဒီလိုတော့ မဖြစ်သေးပါဘူး။ တချို့က ဒီလိုစဉ်းစား၊ ဒီလိုလုပ်ဆောင်မယ်၊ တချို့ တချို့ကနော် တချို့တချို့က နောက်ကြောင်း ပြန်လှည့်ရင်မဖြစ်ဘူး၊ နိုင်ငံရဲ့ ပြည်သူတွေ နစ်နာနိုင်တယ်ဆိုတဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ တွေးတဲ့လူတွေကလည်း နောက်ကြောင်းပြန်လှည့်ဖို့ကိစ္စကတော့ လက်ခံလိုတဲ့ သဘောရှိမှာမဟုတ်ဘူး။
မေး- ဘယ်ကိစ္စတွေကြောင့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ- အခုပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ။ ပြီးတဲ့အခါမှ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ ရနိုင်၊ မရနိုင်ကိစ္စတွေ၊ နောက်တစ်ခါ တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်လို့ ရနိုင်၊မရနိုင်ကိစ္စတွေ၊ ဒီနေ့ပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကိစ္စတွေ၊ ပြီးတဲ့အခါမှာ နိုင်ငံသားများရဲ့ မူလအခွင့်အရေး ဒါနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးများသည် အသွင်ကူးပြောင်းရေးကာလမှာ အင်မတန်မှ အရေးကြီးတယ်၊ အင်မတန်မှ သိမ်မွေ့ပါတယ်။ အရေးကြီးတဲ့ သိမ်မွေ့တဲ့ကိစ္စကို ညှိနှိုင်းဖြေရှင်းအဖြေရှာတဲ့ နည်းလမ်းကလွဲလို့ အဖြေမရှိပါဘူး။
မေး- ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် လွှတ်တော်ရဲ့အခန်းကဏ္ဍ ပါလာမှာဆိုတော့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။
ဖြေ- လောလောဆယ် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီမှာပေါ့။ ကိုယ်လည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ဗဟိုကော်မတီရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းကော်မတီမှာလည်း လွှတ်တော်ကိုကိုယ်စားပြုတဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးသိန်းဇော်တို့အပါအ၀င် အဖွဲ့တွေက ငြိမ်းချမ်းရေးရအောင် ကြိုးစားနေကြတယ်။ ငြိမ်းချမ်းရေးရရှိအောင် ရှေ့ပြေးအနေနဲ့ လိုအပ်တာကတော့ အပစ်အခတ်ရပ်စဲရေးပဲ။ ဒီကနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် နိုင်ငံရေးဆွေးနွေးပွဲခေါ်မလား။ ဘာခေါ်မလဲ။ ဘာနာမည်တပ်ချင်လဲ။ အရေးကြီးတာက ငြိမ်းချမ်းရေးရအောင် ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ ညှိနှိုင်းမှုကရလာတဲ့ ရရှိချက်တွေပေါ်မူတည်ပြီးတော့ လိုက်နာရမယ့်ဟာတွေကို လိုက်နာရန် တာဝန်ရှိသူတွေက တိတိကျကျလိုက်နာမယ်ဆိုရင် ငြိမ်းချမ်းရေးအမှန်တကယ်ရမှာ ဖြစ်ပါတယ်။
မေး- မကြာသေးခင်က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းနဲ့ ဥက္ကဋ္ဌကြီး တွေ့တယ်လို့ကြားပါတယ်။ ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ။
ဖြေ- ဦးအောင်မင်းက လာတွေ့တာပါ။ ဒီကြားထဲ နှစ်ကြိမ်ရှိပါပြီ။ ၀န်ကြီးဦးအောင်မင်းတို့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေတာ အသိအမှတ်ပြုရမယ်၊ ကြိုဆိုရမယ်၊ အားပေးရမယ်။ ကိုယ့်အနေနဲ့လည်း အသိအမှတ်ပြုကြိုဆိုတယ်။ အားပေးတယ်။ ဆောင်ရွက်တဲ့နေရာမှာ ဗဟိုကော်မတီရဲ့မူဝါဒ လမ်းညွှန်ချက်တွေကို အဓိက ဖော်ဆောင်ဖို့လိုတယ်။ စကားတွေ အစွန်းမထွက်ဖို့လိုတယ်။ အဲဒီအတွက်လည်း မိမိတို့ဘက်က လိုအပ်တာ အမြဲအသင့်ရှိတယ်ဆိုတာ အဓိကထားပြောတာပါ။
မေး- ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်အချက်တွေပြင်ဖို့ စဉ်းစားထားပါသလဲ။
ဖြေ- ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ခြုံပြောရမယ်ဆိုရင် ဒီကနေ့ တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုပြီး ခေါင်းစဉ်တပ်ပြောနေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးစရာကျန်တဲ့ကိစ္စတွေ ပြဋ္ဌာန်းဖို့လိုတဲ့ တချို့ကိစ္စတွေ၊ ဒီထက် ပိုပေးစရာတွေရှိပါတယ်။ နောက်တစ်ခုက ဗဟိုဦးစီးစနစ်၊ ဗဟိုဦးစီးစနစ်က အရေးကြီးပါတယ်။ ဒီဟာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လျှော့ချပေးဖို့ရှိပါတယ်။
မေး- ပြည်ခိုင်ဖြိုးပါတီက လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် အမတ်လောင်းတွေကို ဘယ်အချက်တွေကိုကြည့်ပြီး ရွေးချယ်ဖို့စဉ်းစားထားလဲ။
ဖြေ- ဒီအကြောင်းပြောရင် ကျန်တဲ့လူတွေ သိသွားမှာစိုးလို့ လောလောဆယ်တော့ မပြောသေးဘူး။
မေး- စာရင်းစစ်ချုပ်ကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်လွန်းမောင်က အင်တာဗျူးတစ်ခုမှာ ဥက္ကဋ္ဌကြီးက သူနောက်ကျောကို ဓားနဲ့ထိုးတယ်လို့ ဖြေထားတာတွေ့ရပါတယ်။
ဖြေ- နောက်ကျောဓားနဲ့ မထိုးပါဘူး။ ဦးလွန်းမောင်နဲ့ ကိုယ်နဲ့ဟာ တစ်တပ်တည်းမှာနေခဲ့တယ်။ ကိုယ်က တပ်မှူး၊ သူက ဒုတပ်မှူး။ ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခင်မှု၊ ရင်းနှီးမှုတစ်ယောက်ကို တစ်ယောက်တန်ဖိုးထားမှုကို ကိုလွန်းမောင် သိပါတယ်။ လွှတ်တော်နဲ့ မဆိုင်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့နဲ့ပဲ ဆိုင်ပါတယ်။ ရှေ့မှာပြောရရင် ပိုကောင်းတာပေါ့။ ဒီလိုပြောခြင်းဟာလည်း အကြောင်းတစ်ခုရှိမှာပေါ့။ လွှတ်တော်ဥက္ကဋ္ဌဆီမှာ ဘာရှိလဲဆိုတော့ ပြည်သူ့ငွေစာရင်းကော်မတီဆိုတာရှိတယ်။ ပြည်သူ့ငွေစာရင်းကော်မတီသည် ပြည်သူ့ငွေစာရင်းတွေကို ကြည့်ခွင့်ရှိတယ်။ တာဝန်ရှိတယ်။ ပြည်သူ့ငွေစာရင်းမှန်ခြင်း၊ မှားခြင်းနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်မှာ တာဝန်ရှိတယ်။ အဲဒီလိုတောင်းတဲ့အခါမှ စာရင်းစစ်ချုပ်က တင်ပြလိုက်တာပဲဖြစ်ပါတယ်။ အဲဒီတင်ပြချက်က လွှတ်တော်ရောက်လာတာပေါ့။ လွှတ်တော်ဥက္ကဋ္ဌက အဲဒီလောက် ဥပဒေမဲ့လုပ်ရပ် ဘယ်တော့မှမလုပ်ဘူး။
မေး- လက်ရှိမြန်မာ့နိုင်ငံရေးမှာ ဘယ်ဟာကို အစိုးရိမ်ဆုံးလဲ။
ဖြေ- အစိုးရိမ်ဆုံးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ဖြင့် မိမိတို့ မြန်မာနိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကို ပျက်အောင်လုပ်မယ့်ကိစ္စကို အစိုးရိမ်ဆုံးပဲ။ အဲတော့ ဘယ်သူ၊ ဘယ်ဝါဆိုတာတော့ မပြောလိုဘူး။ ပြောစရာလည်းအကြောင်းမရှိပါဘူး။ အဲဒီဟာကို ပျက်အောင်လုပ်မယ့်ကိစ္စသည် အစိုးရိမ်ဆုံးဖြစ်တယ်။
မေး- ပြီးခဲ့တဲ့ဘတ်ဂျက်မှာကော ဘယ်အပိုင်းတွေ အကြိတ်အနယ်ဆွေးနွေးခဲ့ရသလဲ။
ဖြေ- အကြိတ်အနယ်ဆွေးနွေးရတယ်။ ဘယ်အတွက်လည်း ပြည်သူ့အတွက်ပဲ။ သို့ရာတွင် ဒီအကြိတ်အနယ်ဆွေးနွေးမှုတွေက အားလုံးအဆင်ပြေသွားတယ်။ ဒါအားလုံး ပြည်ထောင်စုအစိုးရ တင်ပြလာတယ်။ ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်က ညှိနှိုင်းဆွေးနွေးပြီးတဲ့အခါ စီမံကိန်းပြန်လည်ရေးဆွဲတင်ပြပါဆိုတဲ့အခါမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်လက်ခံပြီး ဒါကိုရေးဆွဲပေးခဲ့တယ်။ ရေးဆွဲပေးလိုက်တဲ့အတွက် ငွေတွေကိုလည်း အဖြတ်အတောက်မရှိခွင့်ပြုပေးခဲ့တယ်။ ဒါကြောင့် ဒီဟာနမူနာယူပြီးတော့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်မှုဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ဘတ်ဂျက်က ပြနေတယ်။ ချုပ်ပြောမယ်ဆိုရင် တိုင်ပင်ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ အလုပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းက အောင်မြင်မှုကိုရစေတဲ့အတွက် ကိုယ့်တာဝန် ဘာလဲ၊ ကိုယ်ဘာတွေလုပ်နေလဲ၊ ကိုယ့်တာဝန်ကိုကျေပြွန်အောင် လုပ်ရမယ်။ ကိုယ့်အလုပ်ကိုယ် တာဝန်ခံရမယ်။
မေး- ကျွန်တော့်အနေနဲ့ မေးလို့ပြီးသွားပါပြီ။ ဥက္ကဋ္ဌအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါလဲ။
ဖြေ- ကိုယ်တို့တွေကို စိတ်ဝင်စားပြီး လာမေးတဲ့အတွက် ကျေးဇူးတင်တယ်။ အခုလို မေးတာကိုလည်း ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ နိုင်ငံနဲ့ အများအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး မေးတယ်လို့ယူဆပါတယ်။ အစကပြောသလို တချို့၊ တချို့ကတော့ အများသဘောထား၊ အများဆန္ဒ ပြည်သူ့သဘောထားကို ရှေ့ကနေပြလိုသော်လည်း လက်တွေ့ကျတဲ့အခါမှာတော့ ကိုယ်ကျိုးစီးပွားအတွက် မေးမြန်းခြင်း၊ ဆောင်ရွက်ခြင်းတို့က ကိုယ့်အတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ဒါကြောင့်မီဒီယာနဲ့ ပတ်သက်လို့ စပြောတယ်။ မီဒီယာသမားတွေကို လိုလားတယ်။ မေးရင်လည်း ဖြေချင်တယ်။ မဖြေနိုင်ဘူးဆိုတာလည်း မဖြစ်စေချင်ဘူး။ မဖြေချင်တဲ့ကိစ္စကိုတော့ မဖြေခြင်းဖြစ်တယ်။ မီဒီယာများရဲ့ ၀ိုင်းဝန်းအကြံပြုမှု၊ ဝေဖန်မှုကိုလည်း ကိုယ်တို့ခံဖို့လိုတယ်။ အဲဒါမှ ကိုယ်တို့အနာဂတ်မှန်မယ်။ မီဒီယာသမားတွေ စပွင့်လာ၊ တက်တက်ကြွကြွပါလာသလို တချို့လွန်ကျွံတဲ့အတွက် သက်ဆိုင်ရာ၊ သက်ဆိုင်သူတွေက မီဒီယာသမားတွေကို ခံပြင်းနေကြတယ်။
တချို့ဆို တုံ့ပြန်မှုတွေက နည်းနည်းတောင် ပြင်းထန်တယ်။ ဒါကြောင့်မို့ ကိုယ့်လုပ်ငန်းကိုယ်လုပ်ကြမယ်။ မီဒီယာတွေက မီဒီယာလုပ်ငန်းကို လုပ်ကြရလိမ့်မယ်။ ကိုယ်တို့လည်း ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်သူ့အတွက် လုပ်ကြရလိမ့်မယ်။ ကိုယ့်ရဲ့အကျင့်သိက္ခာကို ပြန်ထိန်းရမယ်။ ဒီလိုဆောင်ရွက်မယ်ဆိုရင် ကိုယ်တို့ မြန်မာနိုင်ငံတိုးတက်မှာပဲ။ ပြောမယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေ ပိုလိုအပ်တယ်။ ဒီထက် ထပ်ပြောမယ်ဆို အခွင့်အရေးကို ဒီထက်ပိုမယူဖို့လိုတယ်။
ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment