Monday, April 7, 2014

ကုသိုလ်ပြုတယ်ဆိုတာ

တစ်ခါက မီးရထားပေါ်မှာ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီးကို တည်ထောင် ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဒကာကြီး ဦးကျော်ကို တခြားကျောင်းဒကာကြီး တစ်ဦးက စာအုပ်တစ်အုပ် လက်ဆောင်လာပေးပါသတဲ့။
“ဘာစာအုပ်များပါလိမ့်” လို့ မေးတဲ့အခါ
သူတို့ ကိုးကွယ်တဲ့ ဆရာတော်ကြီး ရေးသားထားတဲ့
“ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းတတ်ဖို့ အကြောင်း” စာအုပ် ဖြစ်ပါတယ် ဆိုတာ သိရတော့

ကျောင်းဒကာကြီး ဦးကျော်က -
“ဒီလို ပုဂ္ဂိုလ်ရွေးချယ် လှူဒါန်းဖို့ ရေးတဲ့စာအုပ်ဖြင့် မဖတ်ပါရစေနဲ့ဗျာ၊ ပြန်ယူသွားပါတော့၊ လူ့ဘဝသက်တမ်းတိုတို လေးအတွင်းမှာ သာသနာတော်နဲ့ ကြုံကြိုက်တုန်း ကုသိုလ်ရဖို့ မနည်းကြိုးစားနေကြရတာပါ။
ဒါန ကိုသိုလ်လေးတစ်ခု ပြုဖို့အရေးမှာတောင် အလှူခံ ပုဂ္ဂိုလ်ကို ရွေးချယ်စိစ်နေကြရမယ်ဆိုရင် ဘာကုသိုလ်မှ မရလိုက်ဘဲ သံဃာတော်တွေကို လိုက်ပြီး ရွေးချယ် ဝေဖန်နေရတာနဲ့ပဲ အပြစ်တွေ တိုးနေပါ့မယ်။ အချိန်ရသမျှလေးမှာ ကုသိုလ်တိုးအောင်ပဲ ကြိုးစားပါရစေ” လို့ ပြောပြီးငြင်းပယ်လိုက်ပါသတဲ့။

ကျောင်းဒကာကြီး ဦးကျော် ဆည်းကပ်ကိုးကွယ်တဲ့
“အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး” ကိုလည်း
ဆဋ္ဌသင်္ဂါယနာတင် ကာလမှာတုန်းက ကမ္ဘာအေးမှာ ဆုံကြတော့
စောစောက စာအုပ်လှူဒါန်းတယ်ဆိုတဲ့ ဒကာ ကိုးကွယ်ဆည်းကပ်တဲ့ ဆရာတော်များက ပုဂ္ဂိုလ်ကို ရွေးချယ်ပြီးတော့ လှူဒါန်းသင့်ကြောင်း ဆွေးနွေးပြောဆိုကြပါသတဲ့၊

မစိုးရိမ်ဆရာတော်ကြီးက ပုဂ္ဂိုလ်အယုတ်၊ အလတ်၊ အမြတ် မခွဲခြားဘဲ
လှူဒါန်းနိုင်ပါမှ ကုသိုလ်စင်ကြယ်ကြောင်း ပြန်လည်ဆွေးနွေးတော့
“ပုဂ္ဂလဝိသေသော ဇာနိတဗ္ဗော = ပုဂ္ဂိုလ်ရဲ့ ထူးခြားမှုကို သိရမယ်” လို့ ဟောထားတာ ရှိတယ် မဟုတ်လားဆိုပြီး ပုဂ္ဂိုလ်ရွေးချယ် လှူဒါန်းရေးဆရာတော်များက အတွန့်တက်လာတဲ့အတွက်

မစိုးရိမ်ဆရာတော်ကြီးက -
“ဟုတ်ပါတယ်၊ ကုသိုလ်ပြုတယ်ဆိုတာ
ကုသိုလ်မျိုးစေ့ ကြဲချတာပဲဖြစ်လို့ ကောက်ပဲသီးနှံစိုက်ပျိုးတဲ့ သဘောနဲ့ ခပ်ဆင်ဆင်ပါပဲ၊
ခပ်ညံ့ညံ့ စိုက်ပျိုးသမားအတွက် မြေကောင်းဖို့ လိုအပ်ပါတယ်။
ကျွမ်းကျင်လိမ္မာတဲ့ စိုက်ရေးသမားအတွက်တော့ မျိုးစေ့မှန်(မျိုးစေ့ကောင်း)ဖို့ပဲ လိုအပ်ပါတယ်” လို့ မိန့်ကြားတော်မူပါသတဲ့။

(မစိုးရိမ်ထေရုပ္ပတ္ထိ) မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။
ထေရဝါဒရနံ့မှ

No comments: