Wednesday, April 9, 2014

တခါတလေတော့လည်း

တခါတလေတော့လည်း ဘဝရဲ့ ကံဇာတာတွေကို ပြန်စဉ်းစားနေမိတယ်။ အရွယ်ရောက်လို့ တက္ကသိုလ် စတက်လိုက်ကတည်းက ကိုယ့်ကို ဖမ်းဆီးထောင်ချ ချင်သူတွေ အတော်များသား။ ဒါပေမဲ့ ဇာတာကလည်း အဖမ်းခံရမဲ့ ကိန်းဆိုက်ပုံမရဘူး။ လက်မတင်လေး လွတ်ခဲ့တာချည်းပဲ။ ဟိုတုံးကတော့ အစိုးရဆန့်ကျင်လို့ မင်းပြစ်မင်းဒဏ်သင့်တာ ထားလိုက်ပါတော့။
အမေရိကားမှာ စီးပွားရေးလုပ်မိတော့လည်း ကိုယ့်ကို ဖမ်းချင်တဲ့သူက ပေါ်လာတယ်။
နယူးယောက်ပြည်နယ်မှာ စီးပွားရေးလုပ်မဲ့သူတွေအတွက် အတွေ့အကြုံရအောင် ကိုယ့်ဇာတ်လမ်းကို ဝေငှတဲ့ သဘောပါ။
အမေရိကားမှာ ပြည်နယ်တခုချင်းစီမှာ ပြဋ္ဌာန်းထား တဲ့ အခွန်ပေးဆောင်ရမှုတွေက မတူဘူး။
ဥပမာ- ဖလော်ရီဒါပြည်နယ်ဆိုရင် ပြည်နယ်အတွက် အခွန်မပေးရဘူး။
ဖက်ဒရယ်အခွန်ပဲ ရှိတယ်။
နယူးယောက် ကတော့ အကြမ်းဆုံးပဲ။
ဖက်ဒရယ်အခွန်၊ ပြည်နယ်အခွန် အပြင် ၊ ဝင်ငွေခွန် ( income tax) နဲ့ ရောင်းချမှုအခွန် ( sale tax ) တို့ကလည်း ချသေးတယ်။ ဒါတင် လားဆိုတော့ မဟုတ်သေးဘူး။ Labor Department ကနေပြီး အလုပ်သမားတွေရဲ့ နစ်နာမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ Worker Compensation လို့ ခေါ်တဲ့ အာမခံကြေး ကို ဝယ်ရလေ့ရှိတယ်။

နယူးယောက်ပြည်နယ်ဆိုတာ ဒီမိုကရက်တစ် နယ်မြေ။
အလုပ်သမားရေးရာ ဋ္ဌာန နဲ့ Workers' Compensation လို့ ခေါ်တဲ့ အလုပ်သမားအခွင့်အရေးကာကွယ်သူတွေ ကလည်း အင်မတန် သြဇာအာဏာ ပါဝါပြတဲ့နေရာ။
ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်တွေဟာ နယူးယောက်ပြည်နယ် ရဲ့ ဥပဒေတွေကို မခံနိုင်တော့တဲ့အတွက် ပြည်နယ်က ထွက်ပြေးတာ ဒီနှစ်တနှစ် ထဲမှာတင် ထောင်ချီရှိနေခဲ့တယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဆီကို အများဆုံးပြောင်းရွေ့သွားကြတယ်။

ဒီနေရာမှာ Workers' Compensation ဥပဒေ နဲ့ ပတ်သက်လို့ နည်းနည်းရှင်းပြချင်တယ်။
နယူးယောက်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှိတယ် ဆိုရင် ကိုယ့်ဆီမှာ လုပ်တဲ့ အလုပ်သမားတွေ အတွက်၊ အာမခံကြေးဝယ်ပေးရပါတယ်။ လုပ်ငန်းခွင်မှာ ထိခိုက်တာ အပါအဝင် ကျန်းမာရေးကိစ္စတွေက အစပေါ့။ တကယ်လို့ ခင်ဗျားမှာ အဲ့ဒီ Workers' Compensation ဝယ်မထားဘူးဆိုရင် သောင်းချီပြီး ဒဏ်ရိုက်လေ့ရှိတယ်။
ဘရက်အိုဘားမား တက်လာချိန်ကစပြီး တင်းကြပ်တဲ့အခွန်စည်းမျဉ်းစည်းကမ်းတွေ၊ အာမခံကြေးမူဝါဒတွေကို ပိုမိုလုပ်ဆောင်လာတယ်။ အာရှသားတွေ ကို ပိုမို စောင့်ကြည့်လာတယ် လို့ စိတ်ထဲမှာ ခံစားရတယ်။ ကိုယ်ကလည်း သတင်းတွေ ဖတ်နေတော့ အမှုအခင်းတွေ မဖြစ်အောင် ရှောင်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ မရဘူး။ နယူးယောက်ပြည်နယ်လေ။
စီးပွားရေးလုပ်တဲ့သူတွေကို ဘယ်လို လည်မျိုညှစ် အမြတ်ထုတ်ရမလဲ စဉ်းစားနေတဲ့ ဒီမိုကရက်တွေ။

လွန်ခဲ့တဲ့ (၃) လလောက်တုံးက ကျနော့် ကို တရားစွဲဖို့ ခြိမ်းခြောက်တဲ့ အမှုတခုရောက်လာတယ်။
နယူးယောက်ပြည်နယ် ရဲ့ အလုပ်သမားဝန်ကြီးဋ္ဌာနက နာမည်ကြီး Law Firm တခုကို ငှားပြီး စာပို့လာတယ်။
ဒေါ်လာ (၃) သောင်း (၈) ထောင် ဒဏ်ငွေပေးဆောင်ရမယ် တဲ့။
ချက်ခြင်းမတုန့်ပြန်ဘူးဆိုရင် (၁၀) ရက်မြောက်နေ့တိုင်းမှာ ဒေါ်လာ (၂၀၀၀) အတိုးတက်လာမယ် တဲ့။ ပထမတော့ ကိုယ့်ဘက်ကလည်း သိတ်ပြီး သောက်ဂရုမစိုက်ပါဘူး။

ဒါပေမဲ့ ဒုတိယ စာ ရောက်လာပြန်တယ်။ ဒေါ်လာ (၄) သောင်းဖြစ်သွားပြီ။
တတိယ စာ ရောက်လာပြန်တယ်။ ဒေါ်လာ (၄) သောင်းကျော်သွားသလို၊ အလုပ်သမားဋ္ဌာန ကလည်း စာလုံးမဲကြီးတွေ နဲ့ ခြိမ်းခြောက်ထားတဲ့ စာကို တွေ့လိုက်ရတယ်။
ငွေကို ချက်ခြင်းမပေးဆောင်ဘူး ဆိုရင် ထောင်ဒဏ် (၁၀) နှစ် မှ ဘာညာ အထိတွေ ဘာတွေပေါ့။
ကိုယ်ကလည်းသူတို့ကို စတင်ဖုံးဆက်လိုက်တယ်။
ဘာအတွက် ဒဏ်ရိုက်တာလဲ ဆိုတော့

" မင်းမှာ ( --) နှစ် (---) လပိုင်းက စပြီး မင်းဆီမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက်
Workers' Compensation မရှိဘူး။ ဒါကြောင့် ဒဏ်ငွေကို အမြန်ဆုံးဆောင်ပါ။ မဆောင်ရင် မင်းရဲ့ စီးပွားရေးလုပ်ငန်းကို ပိတ်ပစ်လို့ရတယ်။ ထောင်ကျနိုင်တယ် တဲ့။

အာ ပါးပါး။ ရုပ်ရှင်ထဲမှာတော့ အမေရိကန်ထောင်တွေကြည့်ရတာ သားသားနားနားပါပဲ။ တယ်လီဗေးရှင်းလည်းရှိ။ ဂျင်းဘောင်ဘီ ဝမ်းဆက် နဲ့။ အားကစားရုံလည်း ရှိ။
ကျွေးတဲ့အစားအစာတွေကြည့်လိုက်တော့လည်း မနက်မနက် ကိုယ်စားနေတဲ့ အစားအစာထက်တောင် ကောင်းမဲ့ပုံပဲ။

အင်း- ဒီနေရာမှာ နိုင်ငံရေးသိပ္ပံ သင်ကြားရခြင်းရဲ့ အကျိုးအမြတ်ကို ပြောပြမယ်ဗျ။
Political Science နယ်ပယ်ထဲကို ဝင်ပြီဆိုရင်၊
ပြည်သူ့လွတ်လပ်မှု အခွင့်အရေး ( Civil Liberty) နဲ့ အခြေခံဥပဒေအခွင့်အရေးများ
( Constitutional Rights) တွေကို အသေအချာ သင်ကြားလေ့ရှိတယ်။

ဒါတွေကို နားလည်မှ၊ တရားရေးမဏ္ဍိုင် နဲ့ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အပေးအယူလုပ်မှု၊ အလေးထားမှု့၊ ပါဝါကို အလွဲသုံးစားလုပ်မှုတွေကို ဝေဖန်လို့ရမှာကိုး။
ဒီမှာက ဖမ်းချင်တိုင်းဖမ်းလို့ရတာမှ မဟုတ်တာ။
ဖမ်းဝရမ်းပါရင်တောင် အမှုကို အဆင့်ဆင့်လိုက်ပြီး ပြန်လည်ခုခံလို့ရတယ်။

ဘာပဲဖြစ်ဖြစ် အမှုကတော့ ရောက်လာပြီ။
မြန်မာတွေထဲမှာ က ဒီလို အမှုတွေကြုံလည်း ကိုယ်ခံရတာကို လူသိမှာစိုးတော့ ဘယ်သူ့မှ မတိုင်ပင်ပဲ ဒဏ်ငွေဆောင်လိုက်ကြတာများတယ်။ တချို့ဆို IRS က ဝင်စစ်လို့ ဒေါ်လာ (၁) သိန်းကျော် ဒဏ်ဆောင်ကြရတယ်

ဆိုတော့ ပထမ အဆင့်မှာ ကိုယ်နဲ့ ခင်မင်ရင်းနှီးနေကျ အိမ်အရောင်းအဝယ် နဲ့ Landscaping လုပ်တဲ့ အမေရိကန်မိတ်ဆွေတယောက်ကို ပြောပြတယ်။ သူက ကိုယ်ပိုင်စီးပွားရေးလုပ်နေတာ အနှစ်(၄၀) ကျော်နေပြီ။ ပိုအတွေ့အကြုံရှိတာပေါ့။
သူကတော့ ပြာပြာသလဲပဲ။ သူလည်း မနှစ် က ဒေါ်လာ သောင်းချီ ဒဏ်ရိုက်ခံရတယ်။ နယူးယောက်ပြည်နယ်က Workers' Compensation ဋ္ဌာန ဆိုတာ မာဖီးယားဂိုဏ်းလိုပဲ အရမ်းဆိုးတယ်။ သူတို့နဲ့ ရန်ဖြစ်နေတာထက် ဒဏ်ငွေကို လျော့ခိုင်းပြီး ပေးလိုက်လို့ အကြံပေးတယ်။ တခါတလေ (၄-၅) ထောင် နဲ့လည်း ပြီးတတ်တယ် တဲ့။
" ဟင် -- ငါက ဘာမှလည်း အမှားလုပ်တာမှ မဟုတ်တာ ဘာလို့ ပေးရမှာလဲ" လို့ ပြန်မေးလိုက်မိတယ်။
ကိုယ်က ငွေ ကို မနှမျောပါဘူး။ ငွေဆိုတာ ပြန်ရှာလို့ရပါတယ်။
ဒါပေမဲ့ အခုဟာက သက်သက်မဲ့ မိုက်ကြေးလာခွဲတဲ့ ကိစ္စပဲ။ အာရှသားမို့လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။

သူတို့က မာဖီးယားဂိုဏ်း လို လုပ်တယ်ဆိုရင် ကိုယ်တို့ဘက်ကလည်း မာဖီးယား တွေလို လုပ်မဲ့သူတွေ နဲ့ တွေ့ပေးဖို့လိုတာပေါ့ လို့ ပြောလိုက်မိတယ်။
ကျနော့် ဆိုင်ရှေ့မှာ မနက်တိုင်း ကော်ဖီဆိုင် လာထိုင်လေ့ရှိတဲ့ အသက် (၆၀) ကျော် အဖိုးကြီးတွေရှိတယ်။ သူတို့က အလုပ်မလုပ်တော့ပါဘူး။ တမနက်လုံး ကော်ဖီဆိုင်မှာလာထိုင်၊ ရောက်တတ်ရာရာတွေပြောလိုက်၊ သတင်းစာဖတ်လိုက် လုပ်လိုက်၊ ဈေးဝယ်တွေ နဲ့ နှုတ်ဆက်စကားပြောလိုက် စပ်စုလိုက်၊
ဒါပေမဲ့ လျော့တော့ မတွက် နဲ့။ သူတို့ထဲက တချို့ ဗီယက်နမ်စစ်ပြန်တွေ၊
တချို့က စီးပွားရေးလုပ်ငန်းတွေကို လက်တင်အမေရိကားနိုင်ငံတွေထိ ရင်းနှီးမြှုပ်နှံ၊
အမေရိကား နဲ့ ဘရာဇီး နိုင်ငံ နှစ်ခုလုံးမှာ ရာသီအလိုက်ပြောင်းရွေ့နေထိုင်ကြသူတွေ၊
တချို့ဆို အိန္ဒိယ ထောက်လှမ်းရေးမှာ အကြံပေးခဲ့သူတွေတောင် ပါသေးတယ်။
တချို့ ဆို အသက် (၉၀) လောက်ရှိတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းတုံးက လေတပ်မှာ အမှုထမ်းခဲ့ကြပြီး၊ မြန်မာပြည်ကိုလည်း ရောက်ဖူးကြတယ်။

သူတို့က အာရှသားတွေကို သိတ်သဘောကျတယ်။ အာရှတိုက်သားတွေက အလုပ်တအားလုပ်ကြတယ်။ သူတို့နိုင်ငံကို ရန်မလုပ်ဘူး လို့ ယုံကြတယ်။ သူတို့လေယာဉ်ပျံ ပျက်ပြီး မြန်မာပြည်ထဲက ရွာတရွာမှာ နားခိုနေစဉ်တုံးကဆိုရင် ရွာသူရွာသားတွေက အစားအသောက်တွေကို တမျိုးပြီး တမျိုးလာချက်ကြွေးတယ် လို့ ဆိုတယ်။ မင်းတို့နိုင်ငံက လူတွေက ကွာ စစ်ဖြစ်နေတာတောင် သဘောကောင်းကြတယ် တဲ့။
သူတို့အားလုံးနဲ့ အဓိက စကားပြောနေသူက Insurance ကုမ္မဏီပေါင်းများစွာမှာ လုပ်လာတဲ့ လူကြီးတယောက်ရှိတယ်။ သူက ကျနော်တို့အပေါ်မှာ တော်တော်လေးကောင်းတယ်။
ဘာအကူအညီပဲ လိုလို စိတ်လိုလက်ရလုပ်ပေးလေ့ရှိတယ်။
ရေစက်လို့ပဲခေါ်ရမယ်။ ဘာစီးပွားရေးလုပ်ငန်းမှ ပတ်သက်လေ့မရှိပဲနဲ့ ကော်ဖီဆိုင်မှာ နေ့တိုင်းတွေ့၊ စကားတွေပြောပြီး သံယောဇဉ်ဖြစ်ခဲ့ကြတယ်။

" ငါ- မင်းတို့ အကူအညီလိုနေတယ် ဆိုပြီး ကျနော်ရင်ဆိုင်နေရတဲ့ အမှုကို ပြောပြတယ်။
အားလုံးက စိတ်ဝင်တစားပါပဲ။ သူတို့ကလည်း အလုပ်မရှိတော့ ပျင်းနေတာနဲ့ အတော်ပဲ။
သူတို့လိုတဲ့ စာရွက်စာတမ်းတချို့ကိုတောင်းပြီး ၊

" မိုး -- မင်းအလုပ်မင်းပြန်လုပ်တော့။ ငါတို့ဘာသာ ကြည့်လုပ်လိုက်မယ် တဲ့။
ပထမ နေ့မှာ သူတို့ နဲ့ ထိုင်ပြီး ပြန်တုန့်ပြန်မဲ့ အဆင့်တွေကို အကြမ်းဖျင်းရေးဆွဲကြတယ်။
နယူးယောက်ပြည်နယ်က အလုပ်သမား ဋ္ဌာန နဲ့ အာမခံကုမ္မဏီတွေကို စတင် စကားပြောကြတော့တယ်။
နောက်အဆင့်တွေမှာတော့ သူတို့ဘာသာ ဆက်လက် လုပ်ကိုင်ကြတော့တယ်။
သေချာတာတခုကတော့ Workers' Compensation Board က ကျနော့်ဆီကို ခြိမ်းခြောက်နေကျ စာတွေ၊ ဖုံးတွေ ဆက်မလာတော့ဘူး။ ဒါပေမဲ့ အကြွေး (၄) သောင်းခွဲကတော့ ဆက်လက်တောင်းဆိုနေဆဲပဲ။
မိတ်ဆွေ အဖိုးကြီးတွေကလည်း " အေးအေးဆေးဆေးပါ။ ဒီထက် မကတဲ့ စစ်ပွဲတိုက်လာတာ။ ပူမနေနဲ့လို့ အားပေးတယ်။ တရားရုံးသွားစရာ မလိုလောက်အောင် ပြန်တုန့်ပြန် မေးခွန်းထုတ်ကြမယ် တဲ့။
တကယ်တော့ သူတို့ ပြောတဲ့ ရက်စွဲတွေမှာ
ကျနော့ရဲ့ ကုမ္မဏီ က အလုပ်သမားတွေအတွက် အာမခံကြေး ဝယ်မထားဘူး ဆိုတာ မဟုတ်ဘူး။
ဘယ်လောက်ဆိုးတဲ့ကောင်တွေလဲ။ နှစ်တွေကို လိုက်လို့မရဘူး ထင်ပြီး အကြာကြီး ရွှေ့ထားတယ်။
ဒါပေမဲ့ မှတ်တမ်းတွေအားလုံးက ပေါ်လာတယ်။ အဖိုးကြီးတွေမှာက အဆက်အသွယ်ကောင်းသလို၊ စကားပြောကလည်း လည်တာကိုး။ ကိုယ်သာဆိုရင်တော့ ဘယ်အပေါက်ကို စဝင်ရမှာ မှန်းမှ မသိတာလေ။
မနေ့ကတော့ Workers' Compensation Board အဖွဲ့က စာလေးတစောင်ရောက်လာတယ်။
မင်းအပေါ်မှာ ဒဏ်ဆောင်ဖို့ ဝရမ်းထုတ်ထားတဲ့ ဒေါ်လာ ( ၄၃၅၀၀၀ ) ကို ပြန်ရုတ်သိမ်းလိုက်ပါပြီ တဲ့။ အမှုပိတ်သွားပြီ ဆိုပါတော့။
အမေရိကားမှာ စီးပွားရေးလုပ်နေတဲ့ မြန်မာမိတ်ဆွေတွေကို ပြောချင်ပါတယ်။
အမေရိကန်အစိုးရ က ဖမ်းဝရမ်းထုတ်တဲ့စာတွေ၊ ဒဏ်ငွေရိုက်ဖို့ ကြိုးစားတဲ့ ဖိအားပေးမှုတွေကို မကြောက်ပါနဲ့။ သူတို့လည်း အမြဲတမ်းမှန်နေတဲ့သူတွေ မဟုတ်ပါဘူး။
စီးပွားရေးလုပ်မယ် ဆိုရင် Entrepreneur rights ကို ခုခံကာကွယ်ပါ။
အမေရိကန်မိတ်ဆွေတွေကို ဖြစ်နိုင်သမျှ များများ အသုံးချပါ။
တခါတလေမှာ ကျနော်တို့ပြောတာထက်၊ သူတို့ချင်း တွေ့ပေးတာက ပိုအလုပ်ဖြစ်ပါတယ်။

No comments: