Sunday, 25 March 2012 10:50 | |
ယခုနှစ် ဧပြီလတစ်လလုံးတွင် ၁၃ ရက်သာ ရုံးဖွင့်လုပ်ကိုင်နိုင်သည့် သင်္ကြန်ကာလရှည် ရုံးပိတ်ရက်ကြောင့် နိုင်ငံစီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုရှိနေသဖြင့် ပြန်လည်ပြင်ဆင် သတ်မှတ်သင့်ကြောင်း လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။ သင်္ကြန်ကာလအတွက် ရုံးပိတ်ရက် ၁၀ ရက်နှင့်အတူ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ပါ ထပ်သွားသော ကြောင့် အစိုးရ၀န်ကြီး ဌာနများ၏ တရားဝင်ရုံးပိတ်ရက်မှာ ၁၃ ရက် ဖြစ်သွားကြောင်းနှင့် ယင်းအတွက် အစိုးရ၀န်ကြီး ဌာနများနှင့် ဆက်စပ် လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းများအတွက်မူ ပုံမှန်အတိုင်း ပြုလုပ်နေ ကြ transition ကို ကမောက်ကမ ဖြစ်စေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန်မြင်ကွင်း မြန်မာနိုင်ငံတွင် အစိုးရရုံးပိတ်ရက်အား ၁၀ ရက်သတ်မှတ် ပေးထားသည့်အတွက် ဘဏ်များကို လည်း ၁၀ ရက်ပိတ်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ “အခု ၁၀ ရက်ပိတ်ခိုင်းထားတယ်။ တရုတ်ပြည်ဆိုရင် နှစ်သစ်ကူးကာလမှာ တချို့တစ်လလုံး ပိတ်ထားတဲ့လုပ်ငန်းတွေ ရှိတယ်။ ဒါပေမယ့် ဘဏ်ကိုတော့ ငါးရက်ထက် ပိုမပိတ်ဘူး။ ယိုးဒယားမှာဆိုလည်း သင်္ကြန်ရှိတယ်။ ဒါပေမယ့် ဘဏ်က သုံးရက်ပဲ ပိတ်တယ်။ အခုလိုပိတ်ရက်တွေ ရှည်ကြာတာ တိုင်းပြည် အတွက်နစ်နာမှုရှိတယ်။ တကယ် အလုပ်လုပ်ချင်တဲ့ private sectors တွေ အတွက်လည်း ထိခိုက်မှုရှိတယ်” ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင် အစိုးရ ရုံးပိတ်ရက်ရှည်ကြာခြင်းမှာ တရုတ်နိုင်ငံကဲ့သို့ အနေအထားမျိုးနှင့် တူနေကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်နှစ်ကူးကာလများ၌ လနှင့်ချီ၍ အရောင်းအ၀ယ် မလုပ်သည့်ကာလ များရှိကြောင်း၊ သို့သော် Service Center များ အထူးသဖြင့် ဘဏ်နှင့် ပတ်သက်လျှင်မူ ငါးရက်သာ အများဆုံးပိတ်ကြောင်း သိရှိရသည်။ အစိုးရ ရုံးပိတ်ရက်ကို တရားဝင် ၁၀ ရက် သတ်မှတ်သောကြောင့် ပြင်ပရှိ ပုဂ္ဂလိကလုပ်ငန်းများနှင့် အနေဖြင့် စွမ်းအားပြန်လည်ပတ်မှု အခက်အခဲ ရှိနေကြောင်း၊ သင်္ကြန်တွင်းကာလတွင် ၀န်ဆောင်မှုပေး သည့် ကုမ္ပဏီအများစုမှာ ငါးရက် ၀န်းကျင်သာ ပိတ်ပေးပြီး ကျန်ရက်များအတွက် ဆန္ဒရှိသူများကို အချိန်ပိုကြေးပေး၍ ဆင်းခိုင်းလေ့ရှိကြောင်း သတင်းရရှိသည်။ “အန်ကယ်တို့ ကုမ္ပဏီဆိုရင် ၀န်ဆောင်မှုပေးတဲ့ service ကုမ္ပဏီပေါ့။ ၁၀ ရက်လုံးတော့ ပိတ်လို့မရ ဘူး။ အဲဒီလောက်ကြာသွားရင် လုံ ခြုံရေးကိစ္စတွေရှိတယ်။ ဥပမာ ဂိုထောင် အဖောက်မခံရဘူးလို့လဲ မပြောနိုင်ဘူး။ ဒါကြောင့် အလှည့်နဲ့ ၀န်ထမ်းတွေကို အချိန်ပိုကြေးပေးပြီး ပြန်ခေါ်ရတယ်။ လူတိုင်းတော့ မဟုတ်ဘူး။ ကုမ္ပဏီအတွက်လည်း လိုအပ်တယ်၊ သူတို့လည်း လုပ်ချင်တယ်ဆိုရင် အလုပ်ဆင်းဖို့ပြောရတယ်။ ဥပမာ ဆေးခန်းတွေဆိုရင် သင်္ကြန် ကာလတွင်း ဆေး အလုံအလောက် မရနိုင်ဘူး။ ဒါကြောင့် ကြိုယူထားဖို့ ပြောရတယ်။ ပြတ်သွားတယ်ဆိုရင် အဲဒီရက်ပို့ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒီအခြေအနေတွေ လည်းရှိတော့ transition ကတော့ လေးသွားတာ အမှန်ပဲ”ဟု ဆမ်ဆောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောပြခဲ့သည်။ အလားတူပင် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များအတွက် အခက်အခဲရှိကြောင်း၊ ထို့အတွက် လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်း သင်္ဘောတင်သည့် ကိစ္စရပ်များကို ယခုအချိန်မှစကာတွန်း၍ လုပ်နေရကြောင်း သတင်းရရှိသည်။ “တကယ်တန်းရုံးက ၁၀ ရက် ပိတ်တယ်။ အခုဒီနှစ်ဆို ၁၂ ရက် ပိတ်တယ်ဆိုရင် မပိတ်ခင် ကာလ တစ်ရက်နှစ်ရက်လောက် အလိုမှာတင် အလုပ်လုပ်ရတာ သိပ်မကောင်းတော့ဘူး။ ကျွန်တော်တို့ သွင်းကုန်ထုတ် ကုန်လုပ်ငန်းတွေက အစိုးရ၀န်ကြီး ဌာနတွေနဲ့ဆက်စပ်ပြီးအလုပ်လုပ်ကြ ရတယ်။ ဒီတော့ ဒီလမှာတော့ တော်တော်လေး လုပ်ငန်းသဘောအရရော ဈေးကွက်သဘောအရ အနှောင့်အယှက် ဖြစ်တာတော့ အမှန်ပဲ။ တရုတ်မှာနှစ်သစ်ကူး ပိတ်တယ်ဆိုရင်တောင် ဒီဘက်မှာ အရောင်းအ၀ယ် လေးသွားတယ်။ အခုဆိုဈေးကိုကြိုရောင်း ကြိုဝယ်လေးတွေ လုပ်ထားရတယ်။ ဒါပေမယ့် တချို့ပစ္စည်း ဆိုမထားရဲလို့ စောစောထုတ်လိုက်ရတယ်။ အကျိုးအမြတ်အနေနဲ့ တွက်ရင်တော့ နည်းသွားပါတယ်”ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။ “ဒီလိုရက်ရှည် ရုံးပိတ်ရက်တွေ က မလိုဘူးတော့ မဟုတ်ဘူး လိုပါတယ်။ ဒါပေမယ့်နိုင်ငံရဲ့လက်ရှိ အနေအထား မျိုးမှာတော့ မဟုတ်သေးဘူး။ ဒီအချိန်က အလုပ်ပို လုပ်ကြရမယ့်အချိန်။ ဒါကြောင့် ရုံးပိတ်ရက်ရှည်တာသိပ် တော့မကောင်းလှပါဘူး”ဟု ရန်ကုန် မြို့ခံ လူငယ်တစ်ဦးက ပြောပါသည်။ ယင်းကဲ့သို့ သင်္ကြန်ကာလအတွက် ရက်ရှည်ခွင့်ရက် ပိတ်ပေးခြင်းမှာ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးစေ ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေဖြင့် အလုပ်လုပ်ရမည့် အချိန်တွင်အားသွန်ခွန်စိုက် အလုပ်လုပ်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ၀န်ဆောင်မှုလုပ်ငန်းနှင့် ဆေးရုံဆေးခန်းများ အချိန်တိုအတွင်း ပြန်လည်လည်ပတ် သင့်ကြောင်း ပညာရှင်အချို့နှင့် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။ “သင်္ကြန်တွင်း ကာလရှည် ရုံးပိတ်ရက်တွေကို ပြန်လည်စိစစ်ပြီး ပြင်ဆင်ပေးတာမျိုးဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါမှလည်း လုပ်ငန်းလည်ပတ်မှု အားကောင်းမှာပါ။အဓိက တော့ တိုင်းပြည်အတွင်းက လုပ်ငန်း တွေသူ့ကဏ္ဍနဲ့သူ အလုပ်များများ လုပ်နေဖို့လိုပါတယ်။ တကယ်တမ်း ဧပြီလက လုပ်ငန်းတွေအတွက် အလုပ်လုပ်ရတာ အကျိုးသက်ရောက်မှု သိပ်မရှိတဲ့ကာလပဲ။ ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်တော့လည်း နားရက် လည်းလိုတာပါပဲ။ မျှမျှတတဖြစ်အောင် ပြင်ဆင်ပေးနိုင်ရင်တော့ ကောင်းပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ |
Sunday, March 25, 2012
သင်္ကြန်ကာလ ရက်ရှည် ရုံးပိတ်ရက်ကြောင့် နိုင်ငံစီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုရှိနေ
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment