Friday, November 1, 2013

ကျနော်တို့ကို အလောင်းပြန်ပေးပါ ဦးခင်ညွန့်



လက်ရှိစစ်တပ်ကသာ ကြားနေမည်ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်ရေးအတွက် ဦးသန်းရွှေနဲ့ ဖြေရှင်းမည်ဆိုတဲ့ ဦးခင်ညွန့်ရဲ့ ဓါတ်ပုံနဲ့ သတင်းတပုဒ် တက်လာတာမြင်တယ်။ http://aunglynnhtut.blogspot.com/2013/10/blog-post_16.html မှန်တာပေါ့ ဟုတ်တာပေါ့ သမိုင်းအမှန် ပေါ်ပေါက်ရေးအတွက် တချိန်တုန်းက လုပ်ဖေါ်ကိုင်ဖက်ဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးခင်ညွန့် တို့က မျက်နာချင်းဆိုင် ဖြေရှင်းကြရမယ့် အချက်တွေ အများကြီးရှိကြမှာဆိုတော့ ကြားရတာ အားရစရာပါပဲ။ ကြိုဆိုပါတယ်။ ဒီစကားသာ တကယ်ပြောရင် ဦးခင်ညွန့်ကို တကယ်လေးစားပါတယ်လို့ ပိုးစိုးပက်စက် ထောက်ခံပြီး လက်ခုပ်လက်ဝါးတီးလို့ အားပေးဂုဏ်ပြု ပေးလိုက်ပါရစေ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းကာလမှာ အပြစ်မဲ့ပြည်သူတွေ သေသူသေ ကြေသူကြေနဲ့ နောက်ဆုံးမှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ တပ်မတော်ကို အာဏာသိမ်းခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ခုတော့ ကျားနာတကောင်လို ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့ကို ခုလို သမိုင်းမှန်ဖြေရှင်းဖို့ စိန်ခေါ်လာပြီဆိုတဲ့ အခါကျတော့ ကျနော်တို့က ၀မ်းသာအားရ ဂုဏ်ပြုပေးရမှာ ဖြစ်တယ်။ ဂုဏ်လဲ ပြုပါတယ်။ ဂုဏ်လဲ ယူပါတယ်။

ကျနော်တို့ဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီကို မြတ်နိုးလို့ စစ်အစိုးရကို ဖြုတ်ချဖို့ကြိုးစားခဲ့တဲ့ သူတွေဖြစ်တယ်။ ၁၉၉ရ ခုနှစ် စောစောပိုင်းကာလမှာ အပြင်းအထန် ဖြစ်နေတဲ့ နိုင်ငံရေးတိုက်ပွဲတွေကြားမှာ ကျနော်တို့ဟာ န၀တ အစိုးရကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖြုတ်ချရမလဲဆိုတာ ကြံဆရင်း ကြိုးစားနေခဲ့ တယ်။ အဲဒီတော့ ကျနော့်ရဲ့ နိုင်ငံရေးလုပ်ဖေါ် ကိုင်ဖက် ရခိုင်ပြည်နယ် ဂိုးသမားအကောင်းဆုံးဆုရ ဦးစံကျော်နဲ့ ဦးဇင်းဇေယျသာမိတို့နှစ်ဦးကို ဖမ်းဆီးမိသွားတယ်။ အခြားကျန်တဲ့ သူတွေကို ထောက်လှမ်းရေးစခမ်းမှာ ဖမ်းဆီးနှိပ်စက်ပြီး ထောင်ဒဏ် (၃) နှစ်စီ ကျခံစေခဲ့တယ်။ ဂိုးသမား ဦးစံကျော်နဲ့ ဦးဇေယျသာမိကိုတော့ ဖမ်းဆီးပြီး ဦးစံကျော်ရဲ့ မွေးရပ်မြေဇါတိဖြစ်တဲ့ ကျောက်တော်မြို့နယ် ကို ခေါ်ဆောင်သွားတယ်။ ကျောက်တော်မြို့နယ် နမာတာကျေးရွာမှာ ဦးစံကျော်နဲ့ ဦးဇင်းဇေယျသာမိတို့ နှစ်ဦးကို ကျင်းတူးစေခိုင်းတယ်။ အဲဒီကျင်းဟာ သူတို့နှစ်ဦးကို သတ်ပြီး မြှုပ်မဲ့ကျင်း ဖြစ်တယ်။

ဦးစံကျော်နဲ့ ဦးဇေယျသာမိတို့ဟာ သူတို့ကို ပစ်သတ်ပြီး မြုပ်မဲ့သေတွင်းကို သိပါလျှက်ကယ်နဲ့ ကျင်းတူးနေခဲ့ရတယ်။ ဒီနောက်မှာ သူတို့နှစ်ဦးကို ရက်ရက်စက်စက်ပစ်သတ်ပြီး အလောင်းကို ကန်ချကာ မြုပ်နှံပစ်လိုက်ကြတယ်။ အပြစ်မဲ့ လူသားနှစ်ဦးဟာ စစ်အစိုးရရဲ့ ရက်စက်မှုကြောင့် လူမသိ သူမသိ သေဆုံးသွားရတယ်။ မိသားစုနဲ့ဝေးရာမှာ အလောင်းမြုပ်နှံခံရပြီး ခုအချိန်ထိ မိသားစုတွေဟာ အလောင်းကိုတောင် ဖေါ်ထုတ်ခွင့်မရဘဲ ဖြစ်နေတယ်။ လူသတ်ပြီး အလောင်းဖျောက်သူများဟာ အစိုးရပဲ ဖြစ်တယ်။ အဲဒီအစိုးရရဲ့ ထောက်လှမ်းရေးဟာ ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်ညွန့်ရဲ့ လက်ပါးစေလူသတ်သမားအဖွဲ့ ဖြစ်တယ်။

အကောင်းဆုံး ဘောလုံးဂိုးသမား ဦးစံကျော်ဟာ တခေတ်မှာ တယောက်ထူးချွန်ခဲ့တဲ့ လူချစ်လူခင် ပေါများတဲ့ လူတဦးဖြစ်တယ်။ သူဟာ နိုင်ငံရေးသမားမို့ ဖမ်းဆီးခံရတယ်။ စစ်တွေမြို့ အမှတ် (၁) ရဲစခမ်းက နယ်ထိန်းတွေနဲ့ ထောက်လှမ်းရေး (၁၀) က လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်။ ဖမ်းဝရမ်းမပါဘဲ နေအိမ်ကိုတက်ရောက်လာပြီး ဖမ်းဆီးယူဆောင်သွားတာ ဖြစ်တယ်။ ဒီ့နောက်တော့ အခုလိုပဲ တပါတ်အတွင်းမှာ ရက်ရက်စက်စက် ကိုယ့်ကျင်းကိုယ်တူးခဲ့ရပြီး ပစ်သတ်ခံခဲ့ရတယ်။ သုံ့ပန်းမဟုတ်ပါဘဲ ဖမ်းဆီးခံထားရသူ တဦးကို ခုလိုဘဲ ပစ်သတ်ဖို့ အစိုးရမှာ တာဝန်ရှိပါသလားဆိုတာ ကျနော်တို့ ပြောရတော့မယ်။

န၀တခေတ်က ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ၀န်ကြီးချုပ်ဘ၀နဲ့ အာဏာသိမ်းခံခဲ့ရပြီး နှစ်ပေါင်း ၄၀ နေအိမ်အကျဉ်းချခံခဲ့ရာကနေပြီးတော့ လွပ်မြောက်လာခဲ့ပြီ ဖြစ်တယ်။ ဘုးရားတကာ ကျောင်းတကာအဖြစ် ခံယူရင်း ဘာသာရေးလုပ်ငန်းတွေကိုလဲ ကုသိုယ်ယူရင်း ဆောင်ရွက်နေတာတွေ့ မြင်နေရပြီ ဖြစ်တယ်။

ဒီကနေ့မှာတော့ လက်ရှိအစိုးရကသာ ကြားနေမယ်ဆိုရင် သမိုင်းမှန် ပေါ်ပေါက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နာချင်းဆိုင် ဖြေရှင်း ပြောဆိုသွားမယ်ဆိုတဲ့ စကားကို ကြားလာရတယ်။ ဒါ့ကြောင့် မို့လို့ ကျနော်ကလဲပဲ ကျနော့်ရဲ့ နိုင်ငံရေးမိတ်ဆွေဖြစ်တဲ့ ရခိုင်ပြည်နယ် ဘောလုံး (ဂိုး) သမားအကောင်းဆုံးဆု ရရှိခဲ့တဲ့ ဦးစံကျော်နဲ့ ဦးဇင်းဇေယျသာမိရဲ့ အလောင်းကို ပြန်ပေးပါလို့ ဦးခင်ညွန့်ကို တောင်းဆိုရတော့မယ် ဖြစ်တယ်။ သူဟာ ကျနော့်အတွက် ကာယကံရှင် တာဝန်ရှိ လူသတ်သမားတွေရဲ့အကြီးအကဲ ဖြစ်တယ်။ မိသားစုတွေကိုတောင် အလောင်းမပေးလို့ ခုအချိန်ထိ မိသားစုတွေခမြာ ဗုဒ္ဒဘာသာ ထုံးစံအရ သရဏံဂုဏ် မတင်ရသေးဘဲ ဆွမ်းသွပ် အမျှဝေခြင်းကို မပြုလုပ်ရဘဲ ဖြစ်နေတယ်။

ဘုရားတကာ ရဟန်းတကာ ဦးခင်ညွန့်ဟာ ကျနော့်ရဲ့ မိတ်ဆွေ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးစံကျော်နဲ့ ဦးဇေယျသာမိတို့ အလောင်းကို ချက်ချင်းပြန်ဖေါ်ထုတ်ပေးရမယ်လို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူသတ်သမားဖြစ်တဲ့ ထောက်လှမ်းရေး (၁၀) အဖွဲ့ဟာ န၀တ အစိုးရရဲ့ လူသတ်လိုင်စင်ကို အဲဒီခေတ်က ရရှိထားခဲ့လို့ဘဲ ဖြစ်တယ်။ ဒီလို ဖမ်းဆီးခံထားရသူကို ရက်ရက်စက်စက်သတ်ဖြတ် သူများကို ကျနော်တို့ဟာ ၀မ်းနည်းစွာနဲ့ ပြူးတူးပြူးတဲ ကြည့်နေရမယ်ဆိုရင် ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေပါတယ် ဆိုတဲ့ ဒီကနေ့ အခြေအနေမှာ မဖြစ်သေးဘူးထင်တယ်။ ကျနော်တို့ရင်ဘတ်ထဲမှာ အမာရွတ်တွေ ရှိနေဆဲဆိုတာဟာ ဒါပါပဲလို့ ကျနော်တို့က ထုတ်ဖေါ်ပြောဆိုတာ မှားပါ့မလား။ ကျနော်တို့ကို အလောင်းပြန်ပေးပါလို့ ပြောပါရစေ ဦးခင်ညွန့် ပြီးမှ ဦးသန်းရွှေနဲ့ သွားရှင်းပါလေ။

ခိုင်အောင်ကျော် (နယူးယောက်)
အောက်တိုဘာ ၁၈၊ ၂၀၁၃

No comments: