Thursday, July 25, 2013

အနောက်ဘက်တံခါး ကာကွယ်ရန် ရခိုင် တပ်မတော် ဖွဲ့ရန် မရှိ



နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို တပ်မတော်က ကျေပွန်စွာ ထမ်းဆောင်နေသဖြင့် မြန်မာနိုင်ငံ ၏ အနောက်ဘက် တံခါး (မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်) ကို ကာကွယ်ရန် ရခိုင် တပ်မတော် တစ်ရပ် သီးခြား ဖွဲ့စည်းရန် မလိုကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို က ဇူလိုင်လ ၂၄ ရက်နေ့ တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် အနောက်ဘက် တံခါးကို ကာကွယ်ရန် ရခိုင် တပ်မတော် တစ်ရပ် ဖွဲ့စည်း တာဝန်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန် လည် ဖြေဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စု တပ်မတော် တစ်ခုတည်းရှိရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း နိုင်ငံတော် ကာကွယ်ရေး တာဝန် များကို တပ်မတော်က ကျေပွန်စွာ ထမ်းဆောင်နေကြောင်း၊ လက်ရှိ တပ်မတော်တွင်လည်း တိုင်းရင်းသားအားလုံး စုစည်း ပါဝင်သဖြင့် ရခိုင် တပ်မတော် သီးခြား ဖွဲ့စည်းရန် မလိုအပ်ကြောင်း ဗိုလ်ချုပ် ကျော်ညွန့်က ဆိုသည်။

ရခိုင် တိုင်းရင်းသားများသည် ဘင်္ဂါလီ လူမျိုးများနှင့် နီးကပ်စွာ နေထိုင်နေ ကြရပြီး ၎င်းတို့၏ အကျင့်စာရိတ္တကို ကျန် တိုင်းရင်းသားများထက် ပိုမို သိရှိကြောင်း၊ ဘင်္ဂါလီများသည် မွေးဖွားနှုန်း အားသာ၍ လက်နက်မဲ့ ရခိုင် တိုင်းရင်းသားများကို လူအင်အားဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း ဦးမောင်ညိုက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဧပြီလက ပြည်ထောင်စု စီမံချက်ဖြင့် လုပ်ဆောင်ခဲ့သည့် ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်ခံရာတွင် ဆူပူမှု ပြုလုပ်ခဲ့ပြီး စစ်ဆေးရေး အဖွဲ့များ ရိုက်နှက်ခံခဲ့ရကာ လုပ်ငန်းစဉ် ရပ်နားခဲ့ရ ကြောင်း၊ ယင်းကဲ့သို့ မတည်ငြိမ်မှုများ ရပ်တန့်ရန်နှင့် ရခိုင် တိုင်းရင်းသားများကို ကာကွယ်ရန် ရခိုင် တပ်မတော် တစ်ရပ်ကို ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြည်သူ့ လွှတ်တော်တွင် တင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် အနောက်ဘက်တံခါး လုံခြုံရေးအတွက် အစိုးရ အဆက်ဆက်တွင် စစ်ဆင်ရေးကြီး ခြောက်ခုဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး တပ်မတော် အစိုးရ လက်ထက်တွင် လုံခြုံရေး တပ်ဖွဲ့အင်အား အဆများစွာ တိုးမြှင့်ချထားခဲ့ကြောင်း ဗိုလ်ချုပ် ကျော်ညွန့်က ဆိုသည်။

ဒေသ လုံခြုံရေးကို အထောက်အကူ ပြုစေရန် ရခိုင်ပြည်နယ် မောင်တော မြို့နယ် တိုင်းရင်းသား ကျေးရွာ လေးရွာတွင် လက်နက် တပ်ဆင်ထား သည့် ပြည်သူ့စစ် တပ်ဖွဲ့များကို အမာခံ ၁၀ ဦး၊ အရန် ၂၀ ဦး စီဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ တပ်မတော် (ရေ) ကလည်း စစ်ရေယာဉ် များဖြင့် ရေပြင် လုံခြုံရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း ၎င်းက ထပ်မံ ဖြေကြားသည်။

The Voice Weekly

No comments: