Thursday, July 25, 2013

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၁)(အပိုင်း၂)



အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၁)
အခုတလော မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ နှင့်ပါတ်သက်လို့ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေက မြန်မာရုပ်ရှင်ဇာတ်ကားတစ်ခုကို မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း ဆိုတဲ့သတင်းကို ကြားသိခဲ့ရပါတယ်။ အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေနှင့်ပါတ်သက်လို့ လေ့လာသိရှိခဲ့ရ သလောက် ကို အကျဉ်းချုံး တင်ပြချင်ပါတယ်။

ဗိုလ်ချုပ်သန်းရွှေက မြန်မာပြည်အထက်ပိုင်းက ကျောက်ဆည်သားပါ။ ၁၉၃၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ကျောင်းနေတဲ့ ပုံမှန်ပညာရေးထက်စာရင်၊ ပုံမှန်မဟုတ်တဲ့ ပညာရေးစနစ်မျိုးနဲ့ ကြီးပြင်းဖြတ်သန်းခဲ့ရတယ်။ ဗိုလ်ချုပ် သန်းရွှေက ၁၉၄၂ ခုမှာ အခြေခံမူလတန်းကျောင်းပြီးလို့၊ ကျောက်ဆည် အထက်တန်းကျောင်းကိုတက် ၁၉၅၁ ခုနှစ်မှာ အထက်တန်းအောင်ခဲ့တယ်လို့ ဆိုပါတယ်။ကျောက်ဆည်မြို့ရဲ့ တောင်ဖက် မိုင် ၆ဝ-အကွာက မြို့ကလေးရဲ့ စာတိုက်တခုမှာ စာတိုက်စာရေးလေးအဖြစ် တနှစ်လောက် လုပ်ခဲ့ သေးတယ် လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝ ကျောက်ဆည်မြို့မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်က ဒုတိယကမ္ဘာစစ်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ၁၉၄၁ ခု၊ ဒီဇင်ဘာ လမှာ ဂျပန်က ဗြိတိန်ကို စစ်ကြေညာခဲ့ပြီး၊ နောက်ပိုင်း ၃-နှစ်မှာ မြန်မာနိုင်ငံထဲ ဝင်ရောက်ကျူးကျော် ခဲ့ပါတယ်။ အထက်တန်းကျောင်းပြီးလို့၊ စာတိုက်မှာ စာရေးကလေးအဖြစ် တနှစ်လောက် ဝင်လုပ်ပြီးတဲ့ အခါမှာတော့ မောင်သန်းရွှေက စစ်ထဲဝင်ခဲ့တယ်။ မြန်မာ့တပ်မတော်က ပေးတဲ့ ၉ ကြိမ်မြောက် အိုတီအက်စ် စစ်ဗိုလ် အရာရှိလောင်းသင်တန်းကို မေမြို့မှာ တက်ဖို့ ရွေးချယ်ခံရတယ်။ဗိုလ်ချုပ် သန်းရွှေ အိုတီအက်စ်ကို ဝင်ခွင့်ရစဉ်ကာလ ၁၉၅၃ ခုနှစ်ကတော့ ပြည်ပကျူးကျော်ရန် တရုတ်ဖြူအရေး၊ ပြည်တွင်းစစ် တိုင်းရင်းသား သူပုန်ထမှု တွေ ရှိနေတဲ့ကာလပါ။ သူက ပြန်တန်းဝင် အဆင့် မဟုတ်တဲ့အရာရှိ (အဲန်စီအို) ဘဝနဲ့ သင်တန်း ကို ရောက်လာပါတယ်။ အဲဒီအချိန်က သင်တန်းမှာ အထက်တန်းအောင်သူ၊ ပညာရေးကောင်းကောင်း ရှိသူ ကလည်း အတော်နည်းတဲ့ ကာလ၊ စစ်တပ်ကို အလျှင်အမြန်အားဖြည့်ဖို့ ရတဲ့သူ ယူနေရတဲ့ကာလ လည်းဖြစ် ပါတယ်။ သင်တန်းပြီးဆုံးလို့ တပ်စုမှူး- ဒုဗိုလ်အဖြစ် တာဝန်ပေးခံရတယ် တပ်စုမှူး ဆိုတာကတော့ လူ ၃၅ ဦးကို အုပ်ချုပ်ရပါတယ်။ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) (သနက-၁) မှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ တပ်စုမှူး ဗိုလ်သန်းရွှေကတော့ ကရင်ပြည်နယ်မှာ တာဝန်ကျပါတယ်။ တာဝန်ကျရာ (သနက-၁) တပ်ရင်းမှာပဲ သိပ်မကြာခင်မှာ ဒု-ဗိုလ်ကနေ ဗိုလ်အဆင့်တိုးမြှင့်ခံရပါတယ်။လူအင်အား ၁ဝဝ လောက်ရှိမယ့် တပ်ခွဲအဆင့်ကို ဦးစီးရပါတယ်။အဲဒီမှာပဲ ဒေါ်ကြိုင်ကြိုင်နဲ့ ဖူးစာဆုံရပြီး ၁၉၅၆ ခုနှစ်မှာ အိမ်ထောင်ကျတာ ဖြစ်ပါတယ်။ ဒေါ်ကြိုင်ကြိုင်က ဖားအံနဲ့ သထုံမြို့ကြားက ရွှေကုန်းဒေသသူ ပအို့ဝ်၊ တရုတ်ကပြားဖြစ်ပါတယ်။ ဒေါ်ကြိုင်ကြိုင်ဟာသူ့ခင်ပွန်းဟောင်းက တိုက်ပွဲကျသွားပြီးတဲ့နောက်မှာမှ ဗိုလ်သန်းရွှေ နဲ့ ရခဲ့တယ်လို့လည်း သိရပါတယ်။အရင် အိမ်ထောင်နှင့် သားတယောက် ထွန်းကားဖူးတယ်လို့ ဆိုကြပါတယ်။ ၂ဝဝဝ ခုနှစ်မှာမှ စစ်အစိုးရရဲ့ အတွင်းရေးမှူး-၃ ဗိုလ်ချုပ်ကြီးဝင်းမြင့်က ပြန်လည်ရှာဖွေပေးပြီး မိသားစု ပြန်ပေါင်း ထုပ်ခဲ့တယ်လည်း ဆိုကြပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မတော်အရာရှိငယ်ဘဝက အစိုးရမှပေးသော တိုက်ခန်းငယ်လေးတွင် သားသမီး ၈ ယောက်နှင့်အတူနေထိုင်ခဲ့ရပါတယ်။ သာမန်အရာရှိငယ်များထက်စာလျှင် သားသမီးများခြင်းကြောင့် နေထိုင်စားသောက်ရေးများစွာ ကျပ်တည်းခဲ့ရပါတယ်။ အဲဒီအချိန်က ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် စက်ချုပ်ပြီး အပိုဝင်ငွေ ရှာခဲ့ရပါတယ်။မိသားစုဝင်များမှာ ထွန်းနိုင်ရွှေ (ဒေါ်ကြိုင်ကြိုင်၏ပထမအိမ်ထောင်မှ )၊ ကြိုင်သန်းရွှေ(သား) ခင်ပြုံးရွှေ(သမီး)၊ကြည်ကြည်ရွှေ(သမီး)၊အေးအေးသစ်ရွှေ(သမီး)၊သန္တာရွှေ(သမီး)၊သန့်ဇော်ရွှေ(သား)၊တို့ဖြစ် ကြပါတယ်။

ဒေါ်ကြိုင်ကြိုင်ဆိုတာက နောက်မှ ပြောင်းတဲ့နာမည်၊ အရင်နာမည်က သိပ်ပြီး ခေတ်မဆန် လှတဲ့ ဒေါ်မကြိုင်လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။ဗိုလ်သန်းရွှေက ထောက်လှမ်းရေးအရာရှိအဖြစ် အစီရင်ခံခဲ့ရတဲ့ သူ့အထက်ကတပ်မှူး ဒု-ဗိုလ်မှူးကြီးတင်ထွန်း မှတ်ချက် အရတော့ "သူက နည်းနည်းပျင်းတယ်" လို့ ဆိုပါတယ်။ ကွမ်းစွဲနေတဲ့အတွက်ကြောင့်လည်း အစည်း အဝေးတွေလာရင် ပါးစပ်ဆေးပြီးမှ လာခဲ့လို့ ကြိမ်းမောင်းတာတွေ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန် ရေးကောင်စီ စစ်အစိုးရက အာဏာသိမ်းပိုက်ခဲ့ပါတယ်။
ဒီကာလတွေအတွင်းမှာ ဗိုလ်ကြီးသန်းရွှေက မိတ္ထီလာစစ်တပ်ဌာနချုပ်မှာ ၂-လ၊ ၃-လ လောက် ထောက်လှမ်း ရေး အရာရှိ အဖြစ် တာဝန်ယူရပါသေးတယ်။ သူ့ရဲ့အဓိကတာဝန်က စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ တာဝန်ယူရ တာ ဖြစ်ပါတယ်။ သူတို့က ဗိုလ်ချုပ်နေဝင်းစစ်အစိုးရရဲ့ ဉာဏ်ကြီးရှင် အဖွဲ့၊ အယူအဆရေးရာတွေ ကျောထောက်နောက်ခံ ပံ့ပိုးပေးရာအဖွဲ့လည်း ဖြစ်ခဲ့ပါတယ်။ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ၊ ဆိုရှယ်လစ်ဝါဒ၊ မာ့စ်ဝါဒ၊ ဗုဒ္ဓဘာသာ စသဖြင့် ရောမွှေထားတဲ့ သဘော တရားရေးရာတွေကိုလည်း ဖန်တီးထုတ်လုပ်ခဲ့ပါသေးတယ်။ဗိုလ်ချုပ်နေဝင်းဆီကို ဝန်ကြီးချုပ်ဦးနုက "အိမ်စောင့်အစိုးရ"အဖြစ် အတင်းအကျပ် အာဏာအပ်ခဲ့ရတဲ့ ၁၉၅၈ ခုနှစ်မှာပဲ ဗိုလ်သန်းရွှေကို အဲဒီစိတ် ပညာရေးနဲ့ ဓာတ်စစ်ဆင်ရေးညွှန်ကြားမှု ဦးစီးရုံးကို ၆-လလောက် တာဝန် ပေးခံရပါတယ်။ ဗိုလ်သန်းရွှေ ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ တာဝန်ယူစဉ်က တာဝန်ရှိတဲ့သူ တပ်မှူးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဥက္ကဌ ဗိုလ်မှူးချုပ်အောင်ရွှေ ဖြစ်ပါတယ်။ နောက် တော့ ဗိုလ်ချုပ်စန်းယုက မြောက်ပိုင်းတိုင်းမှူးဖြစ်လာတော့ သူ့လက်အောက်မှာလည်း တာဝန်ထမ်း ဆောင်ခဲ့ ရပါတယ်။

၁၉၆၃ ခုနှစ် မှာ ဗဟိုနိုင်ငံရေးသိပ္ပံ တက္ကသိုလ်ကျောင်းဖွင့်တော့ ဗိုလ်သန်းရွှေလည်း အဲဒီကျောင်းမှာ တာဝန်ချခံရပါတယ်။ တကယ်တော့ နိုင်ငံရေးအယူဝါဒ ဝါဒဖြန့်ချိ ပို့ချတဲ့ကျောင်းပါ။ ဒီကျောင်းက သမိုင်းဌာနမှာ ဗိုလ်သန်းရွှေ တာဝန်ယူခဲ့ရပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ ဆက်စပ်တဲ့ သမိုင်းကိစ္စတွေကို စာသင်ကြား ပို့ချခဲ့ရပါတယ်။ ဒီလိုအတွေ့အကြုံတွေကြောင့်ပဲလို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေက စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာတွေကို ကောင်း ကောင်း အသုံးချတတ်တယ်၊ ကောက်ကျစ်ပါးနပ်တယ်။ တဖက်မှာလည်း သူသင်ခဲ့တဲ့ မြန်မာ့သမိုင်းကို သူကိုယ်တိုင် ပြန်ယုံကြည်နေပြီး၊ သမိုင်းကို ရှုမြင်ပုံကအစ လွဲမှားနေခဲ့တယ်။ကိုယ့်ဘာသာ အဓိပ္ပါယ် ဖွင့်ထား တဲ့၊ ပုံဖျက်ထားတဲ့ သမိုင်း တွေကို တသက်လုံး ယုံကြည်ကြီး ပြင်း လာခဲ့ရပုံပါဘဲ။

နောက်ပိုင်းတော့ ဗိုလ်မှူး အဆင့်နဲ့ ခြေမြန်တပ်မ (၇၇) မှာ တာဝန်ချထားခံရပြီး ကွန်မြူနစ်တပ်တွေနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စစ်ရည် စစ်သွေးတွေကိုတော့ မမြင်ခဲ့ကြရပါ ဘူး။ ဒါပေမယ့် ရှေ့တန်းနဲ့ ဌာနချုပ် အလဲအလှယ်သဘော တာဝန်ပေးတဲ့ကြားမှာပဲ သူက တဖြည်းဖြည်းနဲ့ ရာထူး တက်လာခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ဇန်နဝါရီမှာတော့ စစ်ရုံးချုပ်မှာ ဦးစီးအရာရှိအဆင့် (၂) အဖြစ် တာဝန်ယူရ ပါတယ်။ တာဝန်ကတော့ စစ်ဆင်ရေးနေ့စဉ် ဖြစ်ပေါ်တိုးတက်မှုတွေကို သုံးသပ်တင်ပြရတာပါ။ သူရဲ့အထက်လူ ကြီးအဖြစ် ပထမပိုင်းမှာ ဗိုလ်ချုပ်နေဝင်း၊ နောက်ပိုင်း ဗိုလ်ချုပ်စန်းယုနဲ့လည်း ဆုံခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးကိုလေ့လာ သိရှိသလောက်ကတော့ စာဖတ်တာ အလွန်ပျင်းသူ တစ်ယောက်ဟု ပြောရပါမည်။ ဘယ်အစီရင်ခံစာမဆို ဖတ်လေ့မရှိပါ။ နှုတ်ဖြင့် တင်ပြသည်ကိုသာ နားထောင်ပြီး မပွင့်တပွင့် မှတ်ချက်ပေးလေ့ရှိပါတယ်။ အနီးအနား နေခွင့်ရသူ၏ စကားကို အလွယ်တကူ ယုံတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ စစ်ရုံးချုပ်ကနေ ရာထူးတက်ပြီး ရှေ့တန်းကို တခါပြန်သွားရပြန်ပါတယ်။ ဒီအချိန်မှာတော့ တပ်မ (၈၈) ကိုင်ရတဲ့ ယာယီ တပ်မမှူး၊ စစ်ဗျူဟာမှူးတာဝန်နဲ့ပါ။သန်းရွှေ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ် ကရှေ့တန်းဌာနချုပ် ကျိုင်းတုံမြို့မှနောက်တန်း ဌာနချုပ် မကွေးမြို့ကိုပြန်ပြီး အနားယူဖို့ အချိန်ကျရောက်လာပါတယ်။ ဒီမှာ သူ့အတွက် လုံခြုံရေးလဲဖြစ်ပြန်ပြီး အနားယူမယ့် သူ့အတွက် ပစ္စည်းပစ္စယ အကြံအဖန် မှောင်ခိုပစ္စည်းတွေ တင်ဖို့ တပ်ရင်းတစ်ရင်းစာမော်တော်ယာဉ်တန်း အစီး (၂၀)ကျော် အပြင် ကျိုင်းတုံဒေသမှာ သုံးစွဲဖို့ရွှေညောင်မှ တင်ပို့ပေးထားတဲ့ ဓါတ်ဆီပေပါ အခွံတွေပြန်တင်လာမဲ့ ယာဉ်ကလဲ အစီး (၂၀) ကျော် ရှိပါတယ်။

စုစုပေါင်း ယာဉ်အစီး (၄၀) ကျော်ရှိတဲ့ ဒီယာဉ်တန်းကြီး ကျိုင်းတုံက ထွက်လာပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်ဟာ တံခါးပိတ် စီးပွားရေးစနစ် ကျင့်သုံးနေပါတယ်။ ဒါပေမဲ့ အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းတွေကတော့ တစ်ဖက်နိုင်ငံ (ထိုင်း) ကနေ အမျိုးမျိုးသောနည်းနဲ့ ၀င်ရောက်နေ ကြတယ်။ ကျိုင်းတုံ၊ တာချီလိတ်ဒေသဟာလဲ မော်လမြိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တပ်မမှူးကြီး ဗိုလ်သန်းရွှေနဲ့ ပါလာတဲ့ ယာဉ်တန်းမှာ မှောင်ခိုပစ္စည်း အများအပြား ပါသွားတယ်ဆိုတဲ့ သတင်းအား ကျိုင်းတုံ ပါတီကောင်စီက တောင်ကြီးကို အကြောင်းကြားလိုက်တယ်။ တောင်ကြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကနေပြီး လွိုင်လင်မှာ ရှာဖွေစစ်ဆေးဖမ်းဆီးဖို့ တာဝန် ပေးတယ်။ လွိုင်လင် ကောင်စီဥက္ကဌ အမှတ် (၂) ၀န်တင်တပ်ရင်းက ဗိုလ်ကြီး သန်းဌေးအပြင် လုံခြုံရေးအတွက် တပ်စိတ်တစ်စိတ်က အကောက်ခွန်ရုံးထဲမှာ စောင့်နေရတယ်။

ယာဉ်တန်းက လွိုင်လင်မြို့ကို စ၀င်လာပြီ။ ပထမဦးဆုံး စစ်ကြောင်းကားတွေ ၀င်လာတယ်။ လွိုင်လင် ရေကန်ဘေးမှာ ရပ်ထားကြတယ်။ ကားတွေကို တစ်စီးချင်း အကောက်ခွန် ရုံးထဲ မောင်းဝင်ခိုင်းတယ်။ ကားပေါ်မှာ တာဝန်ခံအရာရှိတစ်ဦးနဲ့ ရဲဘော်၊ ဆရာ (၃၄) ယောက်ဘဲ ပါလာတယ်။ ကားပေါ်မှာ ရှိသမျှ အထုပ်အထည်နဲ့ ထည့်ထားတဲ့ အထည်အလိပ်၊ ဓါတ်ဘူး၊ အချိုမှုန့်၊ စက်ဘီး၊ အခြား နိုင်ငံခြားပစ္စည်းမှန်သမျှ အကုန်ချ ပေးရတယ်။ စစ်ကြောင်းကားတွေ ကုန်သွားတော့ ဓါတ်ဆီပေပါ ခွံတွေ ပြန်တင်လာတဲ့ ကားတွေ၊ ဒီကားတွေက ၀န်ပေါ့ဖြစ်ရမှာပါ…ဒါပေမဲ့ ကားတွေ တောင်ကုန်းတက်လာတဲ့အသံက ၀န်အပြည့်နဲ့ တက်လာနေတဲ့အသံ၊ ဒီမှာတင် ကားတွေကို ဆက်မသွားခိုင်းဘဲ အကုန်လုံးကို အကောက်ခွန်ရုံးထဲ မောင်း သွင်းခိုင်းတယ်။ အထဲရောက်လာတဲ့ ကားတွေကို့ တက် ကြည့်တော့ ဓါတ်ဆီပေပါခွံတွေထဲမှာ အပြည့်ထည့်လာတဲ့ အထည်အလိပ်တွေမှန်း သိရတော့တယ်။ လေးတဲ့ (ပေပါ) မှန်သမျှ အကုန်ချ၊ တစ်ညလုံး မနားတမ်း ပစ္စည်းချတဲ့ အလုပ် လုပ်ရတော့တယ်။ မနက်မိုးလင်းတော့ နိုင်ငံခြား မှောင်ခို ပစ္စည်းတွေက ကြည့်မကောင်း မြင်မကောင်း လောက်အောင် ကွင်းထဲမှာ စုပုံထားရတယ်။ ပစ္စည်းပိုင်ရှင် ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရပေမဲ့ ဒီယာဉ်တန်းမှာ ရာထူးအကြီးဆုံးက တပ်မမှူး ဗိုလ်သန်းရွှေ ကိုယ်တိုင်ဘဲ။ ဗိုလ်သန်းရွှေဟာ အဲဒီတုန်းက အခဲမကျေခဲ့တဲ့ ပါတီကောင်စီကို သူ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အခွင့်အရေးတစ်ရပ် အနေနဲ့ မဆလ စစ်အာဏာရှင် ဦးနေ၀င်းကို နှိပ်ကွပ်ခဲ့တာ ဒီဖြစ်စဉ် တစ်ပိုင်းတစ်စပါ ပါတယ်။

ကျိုင်းတုံမှာ လေယာဉ်လက်မှတ် တစ်စောင်လျှင် မှောင်ခိုဈေး ဈေးကြီးလို့ တပ်မက လေယာဉ်လက်မှတ်ခွဲတမ်း ကိုင်ထားရာ တရားမ၀င် အပိုဝင်ငွေများ ရရှိပါတယ်။ ဒါ့အပြင် ကျိုင်းတုံ - တာချီလိတ် ကားလမ်း လုံခြုံရေးနှင့် ကျိုင်းတုံ - တောင်ကြီး ကားလမ်း လုံခြုံရေးအား တပ်မ (၈၈) က တာဝန်ယူရတဲ့အတွက် ယာဉ်တန်းဖွင့်ဖို့ မှောင်ခိုကုန်သည် များဟာ တပ်မ (၈၈) ထံ ချဉ်းကပ် လာဘ်ထိုးရပါတယ်။ ဘယ်လောက် ချမ်းသာလဲလို့ ပြောရရင် ရှေ့တန်း ကျိုင်းတုံရှိ တပ်မ (၈၈) ကို စစ်ဆေးဖို့ စစ်အာဏာရှင် ဦးနေ၀င်း လာရန်ရှိတဲ့အတွက် ကျိုင်းတုံမြို့တွင်း လမ်းမကြီးဘေးရှိ အရိပ်ရ သစ်ပင်များအား ထုံးသုတ်သန့်ရှင်းခြင်းနှင့် စွန့်ပစ်ကန်ကို ငါးကန်အဖြစ် နေ့ချင်းညချင်း အပြီး အတုအယောင် ဖန်တီးလိုက်နိုင်အောင် ချမ်းသာပါတယ်။

ဗိုလ်ချုပ်သန်းရွှေက ဧရာဝတီတိုင်း (အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ) တိုင်းမှူး ဖြစ်လာတော့ အသက် ၅၀ ပဲရှိပါသေး တယ်။ ၁၉၈၃ ခုနှစ်မှာ တိုင်းမှူးဖြစ်လာခဲ့ တာပါ။ တိုင်းမှူး မဖြစ်ခင် ၁၉၈၁ ခုနှစ် တပ်မ (၈၈) မှူးတာဝန်ယူစဉ် ကာလ ကတည်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ လိုအပ်ချက်အရ ဗဟိုကော်မီတီဝင် ဖြစ်နေခဲ့ပါပြီ။ ဗိုလ်သန်းရွှေဟာ ဦးနေဝင်းရဲ့အထူးယုံကြည်စိတ်ချရတဲ့ စစ်ခေါင်းဆောင် တဦးဖြစ်တဲ့အတွက် မဆလပါတီရဲ့ ဗဟိုကော်မတီဝင်အဖြစ် ချီးမြှင့်မြှောက်စားတာကို ခံခဲ့ရပါတယ်။၁၉၈၃မှာ နခတ တိုင်းမှူး နဲ့ ဧရာဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီ ဥက္ကဌရာထူးတွေပါ ချီးမြှင့်ခံရပြီး ၁၉၈၅ခုနှစ်မှာတော့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ တိုင်းမှူးဘ၀ကနေ ၁၉၈၅ ခုနှစ်မှာ ဒု-စစ်ဦးစီးအရာရှိချုပ်နဲ့ ဒု-ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေး ခံရပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။ ဗိုလ်သန်းရွှေဟာ အသက် ၅၂ နှစ်မှာ ရာထူးအဆင့် ၂ဆင့်ခုန်တက်ပြီးဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အပေါ် မှာမဆလတပ်ရဲ့ တိပ်ပိုင်းတပ်မှူး တွေအတွင်းမှာမကျေနပ်မှူ တွေဖြစ်ပေါ်လာပါတယ်။

ဦးနေဝင်းရှေ့မှာတော့ဘယ်သူမှမပြောရဲကြပါဘူး။ သူဟာ အရာရှိပေါက်စဘဝနဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဘူးတဲ့အတွက် နိုင်ငံရေးအလားအလာတချို့ကိုကြိုတင် ခန်မှန်းတွက်ချက်နှိုင် ပြီး လူကြီးတွေအကြိုက် နေပြနှိုင်သူလဲဖြစ်တဲ့အတွက် ရာထူးအဆင့်ခုန်တက် လာသူလဲဖြစ်ပါတယ်။ အဲဒီအချိန်က ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံ ကြီး ဖြစ်ဖို့ နှစ်အနည်းငယ်အလို၊ တိုင်းပြည်မှာလည်း ဆင်းရဲမွဲတေ မှုတွေ၊ နိုင်ငံကို ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ (LDC) အဖြစ် သွတ်သွင်း ကြေညာခံရတဲ့အချိန်၊ ၂၅-ကျပ်၊ ၃၅-ကျပ်၊ ၇၅-ကျပ်တန် တွေကို တရားမ၀င် ဖျက်သိမ်းကြောင်း ကြေညာလိုက်တော့ လူတွေလည်း ဆင်းရဲမွဲတေပြီး အစိုးရကို အလွန်အမင်း မကျေ မနပ်ဖြစ်နေချိန်ပါ။ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်စောမောင်ပါ။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်လာတော့ ဖြိုခွဲချေမှုန်းဖို့ စစ် ဆင်ရေးကိစ္စတွေကို တာဝန်ယူရတဲ့နေရာမှာ ဗိုလ်ချုပ်သန်းရွှေက အဓိကနေရာက ပါဝင်ခဲ့နိုင်ပါတယ်။ ဒီကိစ္စတွေအတွက် မီးပွားအဖြစ် အစပျိုးခဲ့တဲ့ မတ်လ ရန်ကုန်တက္ကသိုလ်ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့နေရာမှာ တံတားဖြူအနီးမှာ စစ်တပ်က ကျောင်းသားတွေကို ဖြိုခွဲချေမှုန်းခဲ့တဲ့ လုပ်ရပ်က အတော့်ကို ရက်စက်ကြမ်းကြုတ်လှပါတယ်။ ကျောင်းသားပြည်သူတွေက ငြိမ်းချမ်း စွာ ဒီမိုကရေစီတောင်းနေတာကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး ဖြိုခွင်းချေမှုန်းခဲ့တဲ့နေရာမှာ လူထောင်ပေါင်း များစွာ သေကြေ ဒဏ်ရာရခဲ့ပါတယ်။ အချို့ကလည်း သေဆုံးသူဟာ သောင်းဂဏန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်း တွက်ချက်ကြပါတယ်။ အတိအကျ မသိရပေမယ့် ဒု-ကာကွယ်ရေးဝန်ကြီးနဲ့ ဒု-စစ်ဦးစီးချုပ်တာဝန်ယူခဲ့ရတဲ့ ဗိုလ်ချုပ်သန်းရွှေအဖို့ ဒီကိစ္စတွေမှာ လက်သွေးစွန်းခဲ့ရမှာ မလွဲပါဘူး။


ဒါပေမဲ့ ၁၉၈၈ ရှစ်လေးလုံးအရးအခင်းကာလ နောက်ပိုင်းကာလမှာတော့ စစ်အာဏာရှင်ကြီး ဦးနေဝင်းနဲ့ သမီးဗိုလ်မှူး စန္ဒာဝင်းတို့က ဗိုလ်သန်းရွှေကိုခေါက်ထားပြီး စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့်ကို ရှေ့တန်းတင်ပွဲထုတ် လာတဲ့အတွက် မဆလ စစ်အာဏာရှင် ဦးနေ၀င်းကို အခဲမကျေဖြစ်ခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာလအတွင်း စစ်အာဏာရှင်ကြီး ဦးနေဝင်းကဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့ကို သူရဲ့အိမ်တော်မှာခေါ်ယူတွေ့ဆုံပြီး စစ်တပ်နဲ့အာဏာသိမ်းဖို့ ဗိုလ်ချုပ်ကြီး စောမောင်က ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့်ဗိုလ်ချုပ်တင်ဦး တို့က အတွင်းရေးမှူး တစ် နှင့် နှစ် လုပ်ရန် ညွှန်ကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်က လည်း ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ကို အာဏာသိမ်းကောင်စီမှာ သာမန်အဖွဲ့ဝင် တစ်ဦးအဖြစ်နဲ့သာ ထည့်သွင်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး နေ၀င်း တို့အပေါ် အငြိုးအတေးထားခဲ့ပါတယ်။

ဗိုလ်သန်းရွှေ ရဲ့ မကျေနပ်မှူတွေကို ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့် က ဗိုလ်သန်းရွှေကို နဝတ စစ်ကောင်စီ ရဲ့ဒုဥက္ကဌ နေရာပေးဖို့ ဗိုလ်ချုပ်ကြီး စောမောင်ကို အကြိမ်ကြိမ်နားချခဲ့တာကြောင့် ၁၉၉၀ ပြည့်နှစ်ေ၇ာက်မှ ဗိုလ်သန်းရွှေကို နဝတ စစ်ကောင်စီ ရဲ့ဒုဥက္ကဌ နေရာပေးခဲ့ပါတယ်။ဒါပေမဲ့ အငြိုးအတေးကြီးတဲ့ ဗိုလ်သန်းရွှေ ဟာ ဗိုလ်ချုပ်ကြီး စောမောင် ရဲ့ မှားကွက်တွေကို ဆင်ကြံကြံပြီးစောင့်နေပါတယ်။ထိုအချိန်တွင် ဆင်ကြံကြံနေသော ဗိုလ်သန်းရွှေ မှာ N.L.D ပါတီသာ အာဏာရခဲ့လျှင် တပ်တွင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနှင့် အထက် တပ်မတော်အရာရှိကြီးတွေကို ဖယ်ရှားသန့်စင်ဖို့ ကြံစီနေကြောင်း တဆိတ်ကိုတအိတ် လုပ်ပြီး တပ်တွင်း သွေးထိုး လှုံဆော် မှုများ ပြုလုပ်ခဲ့ပါတယ်။ဘေးကျပ်နံကျပ် ဖြစ်နေသော နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် မှာ နေ့ရောညပါ အရက်တွေသောက်ပြီး စိတ်ဖိဆီးမှုဒါဏ် ကိုမခံစားနှိုင်တော့ပဲ စိတ်ဝေဒနာစွဲကပ်လာပါတယ်။ ဆင်ကြံကြံနေသော ဗိုလ်သန်းရွှေ မှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့ မိန့်ခွန်းအမှားမှား အယွင်းယွင်း တွေကို တည်းဖြတ်ခြင်းမပြုတော့ပဲ ရေဒီယိုမှ ထုတ်လွှင့်ခဲ့ပါတယ်။ ဆရာဝန်ကြီးများရဲ့ထောက်ခံချက်များကို ယူပြီး သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ နဝတ ကြေညာချက် အမှတ် ၈/၉၂ ကို ၁၉၉၂ ဧပြီ ၂၃ရက်ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးစောမောင် ကိုတာဝန်အရပ်ရပ်မှ အနားပေးကြောင်း ကြေညာခဲ့ပါတယ်။ နဝတ အတွင်းရေးမှူး တစ် ဗိုလ်ချုပ်ခင်ညွန့် ကနေပြီး ၁၉၉၂ ဧပြီ ၂၃ရက်ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ တာဝန်များကို ဆက်လက်တာဝန်ယူသွားမှာဖြစ်ကြောင်း ကြေညာချက် အမှတ် ၉/၉၂ ကို ထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်နေ့ စစ်ရေးပြကွင်းမှာ နှုတ်ဆက်နေတုန်း သူလက်မြှောက်နေတဲ့ ပုံကို ဓာတ်ပုံဆရာတဦးက ဓာတ်ပုံရိုက်ယူ ထားတာ ကြည့်ရတော့ သူ့လက္ခဏာအရေးအကြောင်းတွေက တခြားသူတွေနဲ့ မတူတဲ့အကြောင်း တွေ့ရပါတယ်။ သာမာန်လူအများစုမှာ လက္ခဏာ အရေးအကြောင်း ၃-ခု ရှိပေမယ့်၊ ဗိုလ်ချုပ်သန်းရွှေက ၂-ကြောင်းထဲရှိပြီး၊ မြန်မာတွေက "လက်ပြတ်ကြီး" လို့ ခေါ်ကြတဲ့လက်မျိုး ဖြစ်ပါတယ်။ ဒီလို လက်ပိုင်ရှင်ဆိုရင် သနားကြင်နာမှုနည်းတယ်၊ ရက်စက်တတ်တယ်လို့ အယူအဆရှိပါတယ်။ဗိုလ်ချုပ်သန်းရွှေ (န၀တ) ဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ ၀န်ကြီးတွေအားလုံး ညကျောင်းတက်ကြရပါတော့တယ်။ ညကျောင်းဆိုတာက ညပိုင်းမှာခေါ်ပြီး သူ့ရဲ့ စဉ်းစား ချက်၊ အယူအဆတွေ ဟောပြောတာ ဖြစ်ပါတယ်။ တနည်းတော့ ဘယ်သူက အဓိကအာဏာ ရှိတာလည်း ဆိုတာကို ပြသတာလည်း ဖြစ်နိုင်ပါတယ်။
ဆက်လက်ဖေါ်ပြပေးပါဦးမည်…..
ဇော်ဝမ်းမောင်…..
 
 
 
 
 
အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၂)
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး ကိုမာ လို သတိမလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ နီးစပ်သူ အသိုင်အဝန်းမှ သတင်းတွေ ထွက်ရှိလာပါတယ်။ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်းသည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ အကြောင်းပြောရင် ဒေါ်ကြိုင်ကြိုင်ရဲ့ ဗေဒင်ယတြာ အစွဲအလမ်းကြီးမားမှုတွေကို ပါ ပြောရမှာပင်ဖြစ်ပါတယ်။စစ်ဘက်နီးစပ်သူ အသိုင်းအဝန်းမှ ပြောဆိုလာချက်တွေနှင့် လေ့လာဖတ်ရှုရတဲ့ သတင်းအချက်အလက်တွေအပေါ် လေ့လာပြီး ပြန်လည်တင်ပြလိုက်ရပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နက္ခတ်ဗေဒင်ဟောခြင်း ယုံကြည်ကြသူများ ပီပီ အဆောင်လက်ဖွဲ့ အင်း ကလေးကအစ ဆောင်ထားရုံဖြင့် အလိုလိုကိစ္စ ပြီးမြောက်နှိုင်သည် ဟုယုံကြည်လိုက်စားလိုလာကြတယ်။ မည်သည့်အချိန် မည်သို့ပြုလုပ်လျှင် အောင်မြင်မည်ဟူသော အခါတော်ပေး ယတြာ တို့ကို ယုံကြည်လိုက်နာ လာကြတယ်။ မိမိတို့နေရာတိုင်းပြည် ကာကွယ်ရန်တောင်မှ မင်္ဂလာအခါတော်တို့နှင့် အညီ နေရာရွေးချယ်မှု အစီအရင်တို့ဖြင့် တခန်းတနားစီစဉ်ပြီး လုပ်ဆောင်လာကြတယ်။တိုင်းပြည်တိုးတက်မှုကို မလုပ်ဆောင်ကြတော့ဘူး။အဲဒီလို ဗေဒင်ယတြာ အစွဲအလမ်းကြီးမားမှုတွေက လွှမ်းမိုးနေတာကြောင့် ယတြာအစီအရင်တွေကြောင့် တပ်မတော်ရဲ့ အစဉ်အလာဟာလည်း မှေးမှိန်လာပါတော့တယ်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျောက်ဆည်မြို့ လူလတ်တန်း မိဘများမှမွေးဖွားခဲ့ပြီး ၊ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် ကရင်ပြည်နယ် ဘားအံမြို့ ဆင်းရဲသောမိဘများမှ မွေးဖွားခဲ့သူ ပအို့ဝ် လူမျိုးဖြစ်ပါတယ်။ဒေါ်ကြိုင်ကြိုင်သည် ဗေဒင် လက္ခဏာ ယတြာ ကို အထူးယုံကြည် ကိုးကွယ် သူဖြစ်ပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ သားအငယ်ဆုံး ဘိုးတော်သန်းဇော်ရွှွှေမွေးဖွားပြီးနောက် ရာထူးတက်ပြီး လာဒ်လာဘများတိုးတက်လာသဖြင့် အကျိုးပေးသောသားဟုဆိုပြီး ဘိုးတော်သန်းဇော်ရွှေ ပြောသမျှ ကို ဒေါ်ကြိုင်ကြိုင်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အား နောက်ကွယ်မှ ကြိုးကိုင်ပြီးခိုင်းပါ တော့တယ်။ ၁၉၈၂၊၈၃ ခန့် သန်းရွှေ အနောက်တိုင်းစစ်ဌာနချုပ် ဧရာဝတီတိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ဒေါ်ကြိုင်ကြိုင်အား အကြားအမြင်ရ ပအို့ဝ် အမျိုးသမီးတစ်ဦးမှ မိဘုရားဖြစ်မည်ဟု ပြောခဲ့ဘူးပါတယ်။အဆိုပါတိုက်ဆိုင်မှုဟာ ဒေါ်ကြိုင်ကြိုင်မှ သန်းရွှေအား ဗေဒင် လက္ခဏာ ယတြာ များအရ ဝင်ရောက်စွက်ဖက်မှုများလာရပါတယ်။သန်းရွှေကိုယ်တိုင် ဒေါ်ကြိုင်ကြိုင်ခိုင်းသည့် ယတြာများကို ငြင်းပယ်ခြင်းမရှိခဲ့ပါ။ ၁၉၉၅၊၉၆ ခုနှစ် လောက်ကစပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် နီးစပ်သော အသိုင်းအဝိုင်းနှင့် နက္ခတ္တဗေဒ ပညာရှင် အသိုင်းအဝိုင်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ယခင်ဘဝများက ကျောက်ဆည်တွင် ဆည်များတည်ခဲ့သော သာလွန်မင်းတရားကြီး ဖြစ်ခဲ့သလို ဒေါ်ကြိုင်ကြိုင် သည်လည်း မိဘုရားခေါင်ကြီး ဖြစ်ခဲ့သည်ဟုသတင်းများပြန့်နှံ့ခဲ့သည်များရှိခဲ့ပါတယ်။အဲဒီအချိန်မှစပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် များအတွင်း ဒေါ်ကြိုင်ကြိုင် ကို မယ်တော်ကြီးခေါ်ဆိုရမည်ဖြစ်ပြီး သားသမီးများအား သားတော်သမီးတော်ဟု ခေါ်ဆိုရမည် ဟု နှုတ်မိန့်များထွက် လာခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ နေအိမ်ကိုလည်း ရှေးဘုရင် များကဲ့သို့ အဆင်အပြင်များ ဆင်ယင်ပြီးနေထိုင်ခဲ့ပါတယ်။ဗေဒင် လက္ခဏာ ယတြာများကို ဒေါ်ကြိုင်ကြိုင် အလိုအရ အားလုံးစီမံခွင့်ရှိပါတယ်။

ဘုရားတည်ခြင်းကိစ္စများ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာပုံနှင့် ကျောက်စိမ်းဆင်းထု ထုလုပ်ပြီး ရွှေတိဂုံ ဘုရားတွင်ထားခြင်း ညဘက်တွင် ၉မိုင် တောင်ကုန်းပေါ်ရှိ ဆင်ဖြူတော်စီးခြင်းအစရှိသည့် ယတြာ များအပြင် အရေးကြီးသည့်နေ့ရက်များကို ဗေဒင် နက္ခတ် အလိုအရ နောက်ကွယ်မှ ဒေါ်ကြိုင်ကြိုင် သည်သန်းရွှေအားကြိုးကိုင်နှိုင်ခဲ့ပါတယ်။ ဆင်ဖြူတော်ကို တစ်နှာရီတစ်ကြိမ် ဖုန်းနဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီက သတင်းပို့နေရပြီး ဆင်ကြီးစားကောင်းမကောင်း၊ နေကောင်းမကောင်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်ရတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အပူ (၁၁) မီးငြိမ်းစေဖို့ (၁၁) ရက် (၁၁) လ (၂၀၀၅) ကို ထွက်ပြီလို့ ဝန်းကြီးတွေအား အော်ခိုင်းပြီး ရန်ကုန်ကရုံးတွေ နေပြည်တော်ကို အတင်းရွှေ့ခိုင်း၊ နေပြည်တော်ကို ရှေးခေတ်နန်းတော်အဆောက်အဦးတွေလို ဆောက်ခိုင်းကာ သူကိုယ်တိုင် သာလွန်မင်းတရားကြီးဝင်စားလို့ဆိုပြီး ဘုရင်ရူးရူးနေတာတွေရယ်၊ ရွှေတိဂုံဘုရားက ဘုရားဌာပနာတွေ ကို ရွှေ့ဖို့လုပ်ခိုင်း တာတွေရယ်၊ ရွှေတိဂုံဘုရားက ကျောက်စိမ်းဘုရားကို နိုင်ငံတကာအကြီးအကဲတွေ လာရောက်တိုင်း ဦးခိုက်ခိုင်းတာတွေ၊ ဘုရားရင်ပြင်တော်မှာ လုံခြုံရေး အတွက် ဆိုပြီး သေနတ်တကား ကား နဲ့ဦးသန်းရွှေ အနားမှာ တွေ့မြင်ရတာတွေ ဒေါ်အောင်ဆန်းစုကြည် ကို နာမ်နှိမ်ဖို့ ကတ်ကင်းဖြစ်တဲ့ ကြက်ဆူပင်စိုက်ခိုင်းတာတွေ၊ အိမ်တော်ကိုလာတဲ့ ဧည့်သည်တွေကို ဖျာခင်းပြီးအောက်မှာ ထိုင်ခိုင်းပြီး ဆိုဖာပေါ်ရှိသူ့ကို ဖူးတွေ့ခိုင်းတာတွေဟာ အစွဲအလန်းကြီးမားမှုနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အောက်လမ်းနည်းတွေပဲ ဖြစ်ပါတယ်။ယတြာတွေ အမျိုးမျိုးလည်း ချေခဲ့ကြပါတယ်။ အင်္ဂါနံဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နံနှိမ်တဲ့အနေနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်လုပ်ခဲ့သည့် မန္တလေးမြို့ကျုံး၏ ထောင့်လေးထောင့်မှာ အင်္ဂါနံ စဥ့်အိုးထဲတွင် ဆီထည့်ပြီး အင်္ဂါနေ့ နံနက်အချိန် မြေမြုပ်ခိုင်းသည့် ယတြာအား လည်းလုပ်ဆောင်ခဲ့ပါတယ်။


မြန်မာနိုင်ငံ နက္ခတ္တဗေဒ ပညာရှင် များအဆိုအရ လက်ရှိမြန်မာမင်းဆက်မှာ (ဝင်၊သန်း၊ခေါင်) ဟုအဆို၇ှိခဲ့ပါတယ်။ ဝင်း သည် ဦးနေဝင်းဖြစ်ပြီး သန်းသည် ဦးသန်းရွှေဖြစ်ပါတယ်။ခေါင်သည် တနင်္လာသားဖြစ်ပါတယ်။ ဆိုလိုသည်မှာ သန်းရွှေ၏နေရာကို တနင်္လာသား ယူမည်ဆိုသည့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်မှာ တနင်္လာသားဖြစ်ပါတယ်။အဲ မကြာပါဘူး ရက်ပိုင်းမှာပဲ သူ အဖမ်းခံရပါလေရော။ဦးနေ၀င်းရဲ့  မြေး ဇွဲနေ၀င်းတို့ ကိစ္စနဲ့ စပ်လျဉ်းပြီး အာဏာရှင် ဗိုလ်သန်းရွှေက စတင် အညှိုးထား ခဲ့ရာမှ ဗိုလ်ခင်ညွှန့် “နေ၀င်” မှု စတင်ခဲ့ပါတယ်။ ဗိုလ်ခင်ညွှန့်ကို ရန်ကုန်မြို့ (၉) မိုင် ရွှေနှင်းဆီလမ်းရှိ ဗိုလ်သန်းရွှေရဲ့  တပ်မမှူးဘ၀က ရထားတဲ့ ခြံမှာ အကျယ်ချုပ် ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအိမ်ရဲ့ ရှေ့လမ်းမှာ အရှိန်တား ဘုတုံး (၂) တုံး ခင်းထားပြီး ခြံစည်းရိုးအတွင်း မထွက်ပြေး စေဖို့ မီးဆလိုက် တစ်ခုကို ညဘက်မှာ ထွန်းညှို ထားပါတယ်။ ဦးသန်းရွှေရဲ့တပည့် အပေါင်းအပါတစ်ချို့လည်း လိုက်ဖက်တဲ့ဇာတ်လမ်းတွေရှိပါတယ်။ အရာရှိကြီးဗိုလ်ချုပ် ကတော်အတော်များများက ပန်းသီးကို လက်အောက်ခံတပ်တွေက ဧည့်ခံကျွေးမွေးရင် ပင်ပန်းမှာစိုးလို့ မစားချင်တာတွေ၊ စပျစ်သီးကျွေးရင် စာပစ်ခံရမှာစိုးလို့ မကျွေးခိုင်းတာတွေ၊ ဩဇာရှိအောင် ဩဇာသီးဘုရား ကပ်ခိုင်းတာတွေ၊ ဖယိုဖရဲဖြစ်မှာစိုးလို့ ဖရဲသီးကို မစားခိုင်းတာတွေ၊ ကံကောင်းစေဖို့ ကံကော်ရန် ကျွဲကောသီးဘုရားကပ်ခိုင်းတာတွေ၊ ပိုက်ဆံတွေထော အောင် ထောပတ်သီးဘုရားကပ်ခိုင်းတာတွေ၊ ကုန်သည်တွေ စီးပွားရေးသမားတွေ လာဖက်အောင် လက်ဖက်ကိုလက်ဆောင်ထဲမှာဖြစ်ဖြစ်၊ သူတို့ကို ဧည့်ခံလို့ ကျွေးရင်ပဲဖြစ်ဖြစ် လက်ဖက်ကို ထည့်ခိုင်းတာတွေ၊ မင်းစိုးရာဇာတွေ မိမိအပေါ် အမြင်ကြည်လင်အောင် good အောင် မင်းဂွတ်သီးဘုရား ကပ်ခိုင်းတာတွေ၊ ဦးသန်းရွှေ အမြင်ကြည်အောင် ရွှေကြည်ဆနွင်းမကင်း ဘုရားကပ်ခိုင်းတာတွေ စသဖြင့် အင်မတန်မှ အစွဲအလန်းကြီး ဇီဇာကြောင် ပါတယ်။

အယူအဆ အစွဲအလမ်းကြီးမားပြီး အာဏာရူးသွပ်နေတဲ့ မကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုးဝင်းကို ၀န်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ် ခဲ့ပြီး၊ နန်းပြောင်းနန်းလွှဲ ဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ဆရာများက ပြောကြပါတယ်၊ ဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်း မှ အကြားအမြင်ဆရာမတစ်ဦးရဲ့ တိုက်တွန်းမှုအရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို မပြောင်းရအောင် ပြောင်းဖူး စိုက်ခိုင်းစေပြီး၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်းဖြစ်သော်လည်း ယတြာအချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူသွားခဲ့ရပါတယ် ။နိုင်ငံတော်အလံ အပြောင်းအလဲ အခန်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နာမ်နှိမ်တဲ့အနေနှင့် (စုကြည်) စင်ကြယ် ဘိနပ်စီးစေခဲ့ပါတယ်။

သမိုင်းဝင်ဓနုတ်စေတီတော်ကြီးကို ၂၀၀၉ခုနှစ် မေလ ၇ရက်နေ့ က ဒေါ်ကြိုင်ကြိုင် ဦးစီး ပြီး ထီးတင်လှုခဲ့ပြီး နောက် ၂၃ရက်အကြာမှာ မေလ၃၀ရက်နေ့ ညနေ ၃ နာရီ ၅မိနစ်ခန့် မှာ ပြိုကျခဲ့ပါတယ် ဓနုတ်စေတီတော်ကြီး ပြိုကျခဲ့စဉ်က ရုတ်တရက်အမှောင်ကျခြင်း မီးလုံးအနီကြီးများ ဖြတ်သန်းခြင်း မပျိုကျမီညပိုင်းအချိန်များတွင် စေတီကြီး၏ အရိပ်ကို ထီးတော်မပါဘဲ ကောင်းကင်တွင် ဖူးတွေ့ရခြင်း များကို ဒေသခံများမှ ပြောကြားခဲ့ကြပါတယ်။ ဓနုတ်စေတီတော်ကြီးကို ရှေးဘုရင်အဆက်ဆက်က ထိမ်းသိမ်းခဲ့ပြီး ဒေါ်ကြိုင်ကြိုင် က နန်သက်ဆက်ရန် ယတြာချေသည့် အနေဖြင့် ထီးတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုစေတီတော်ကြီးကို ဘုရင်မကြီး ရှင်စောပု ကိုယ်တိုင် ပြုပြင်ထိမ်းသိမ်းခဲ့ဘူးတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ်သူသတ်မှတ်ပြီး ထီးတော်တင်ခဲ့တာဖြစ်ပါတယ်။စေတီပျိုကျမှုကြောင့် လူ၂၀ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ကျော် ဒါဏ်ရာရခဲ့ကြပါတယ်။

ငါးလောင်းပြိုင်လူသတ်မှု၏ မြစ်ဖျားခံရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏ မင်္ဂလာပွဲ-"စိန်စီသောည" ၏ဇတ်လမ်း အစပင်ဖြစ်ပါတယ်။ မတ်လ ၃ ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြပါတယ်။ ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေလိမ့်မည်။ ဆွေမျိုးစဉ် ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေး တို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်ပါတယ်။ ၄င်းစိန်တို့မှာ မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ် အဆက်ဆက်တို့ ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပါတယ်။ ထိုအထဲတွင် ရှင်စောပု ဘုရင်မကြီး ဝတ်ဆင်ခဲ့သည့် နားကပ်တစ်ဘက် ပါဝင်နေပါတယ် ။ ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြပါတယ်။ ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်းငှားရမ်းခဲ့ပြီး ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အ၀ါ ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပါတယ်။

မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။ ဈေးဘယ်လောက် ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ရာမိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့တယ် လို့်ဆိုပါတယ်။ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်" ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်ပါတယ်။ ကွယ်လွန်သူတို့မှ "မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပါတယ်။

ထိုသို့ဖြစ်ပြီး များမကြာမီပင် နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတ၀ိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေ ပါတယ်။အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်ပါတယ်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာ အတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့ကြပါတယ်။လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့ပါတယ်။ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရပါတယ်။

သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေ ကြပါတယ်။"ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှထွက်" ဟုဆိုရပေလိမ့်မည်။မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက် တဲ့အတွက် အောင်ဇော်ရဲမြင့်ကို အရေးမယူနှိုင်ခဲ့ပါဘူး။အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့ပါတယ်။လူသတ်မှု ဖြစ်ပွားပြီး ယခုအထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ တကယ်တော့အစိုးရကမဖေါ်ထုတ်ရဲခဲ့ပါ


လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့ပါတယ်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။
ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောပါတယ်။


ကြပ်ပြေးကို ကြောက်ပြေး ပြေးတဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွှန့်နဲ့ နောက်ပါ တသိုက်လုံးကို ဖြုတ်၊ ထုတ်၊ ချ ခဲ့လို့ သူတို့ရဲ့ အတွင်းစည်း သိနေတဲ့သူများ ပီပီ အန္တရာယ် ကြီးမားလာနိုင်လို့ အားလုံးရွေ့ခဲ့ကြပါတယ်။ ထိုစဉ် ရန်ကုန်မြို့မှာ ဗုံးကွဲခဲ့တဲ့ နေရာ (၃) နေရာအနက် တနေရာဖြစ်တဲ့ Junction 8 Supermarket ဟာ (၈) မိုင် မရမ်းကုန်း ကုန်းမြင့်သာစစ်ရုံးနဲ့ အလွန်နီးနေလို့ နအဖတုန်လှုပ် ချောက်ချားခဲ့ရပြီး၊ အမေရိကန်ကလည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတွေက အာဏာရှင်များကို နှိပ်ကွပ်နေလို့ သူတို့ ရုံးစိုက်နေတဲ့ (၈) မိုင် စစ်ရုံးအဆောက်အဦးဟာ ကျဉ်းမြောင်းနေပြီး ဒုံးကျည်တစင်းနဲ့ ပစ်ခွင်းလိုက်ရုံနဲ့ ဗိုလ်သန်းရွှေရဲ့  ရုံးနဲ့ အိမ်တော်ကြီးပါ ကိစ္စချောသွားမှာဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေရဲ့ ရုံးတက်ရုံးဆင်း၊ Golf ရိုက်၊ အိမ်ပြန်လှုပ်ရှားမှုများကို ဂြိုလ်တုနှင့်ကြည့်ပါက အသေးစိတ် မြင်တွေ့နိုင်ကြောင်း၊ အကြောက်ပိုနေကြတဲ့ ဗိုလ်ချုပ်တွေရဲ့ ချဲ့ကားပြောဆိုမှုကြောင့် ကြပ်ပြေးကို ကြောက်ပြေး ပြေးကြပါတော့တယ်။
အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၁) ကိုပြန်လည်ဖတ်ရှုရန်……

https://www.facebook.com/photo.php?fbid=460052857424237&set=a.146684578761068.30712.100002585813149&type=1&comment_id=1182390&offset=0&total_comments=4&ref=notif&notif_t=photo_comment&theater

ဆက်လက်တင်ပြပါဦးမည်။
ဇော်ဝမ်းမောင်…..
 

No comments: