Thursday, July 25, 2013

ABSDF မြောက်ပိုင်း တာဝန်ခံ သံချောင်း၏ ရဲဘော် ခြောက်ဦး သာယာဝတီထောင်မှ လွတ်မြောက်



ရန်ကုန်၊ ဇူလိုင်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း၏ စစ်ရေး တာဝန်ခံ သံချောင်းနှင့်အတူ တပ်မတော် အစိုးရ လက်ထက်က ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တွင် လက်နက်ချ အလင်းဝင်သည်ကို ဖမ်းဆီးမိသည်ဟု ဆိုကာ သေဒဏ် အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံရသည့် ရဲဘော် ခြောက်ဦး သာယာဝတီ အကျဉ်းထောင်မှ ဇူလိုင်လ ၂၃ရက်နေ့က လွတ်မြောက်ခဲ့ကြောင်း ABSDF ထံမှ စုံစမ်း သိရှိရသည်။

ရှမ်းပြည် မြောက်ပိုင်းတွင်၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂ရက်၌ လူစုကွဲပြီး အဆက်အသွယ်ပြတ်၍ စကခ ၁၆ နှင့် ညှိနှိုင်း ဆွေးနွေးပြီး နမ့်ခမ်းတွင် လက်နက်ချ အလင်းဝင်ခဲ့သော်လည်း ရဲတပ်ဖွဲ့လက် အပ်ခဲ့ကာ ထောင်တွင်း တရားရုံးက သေဒဏ်နှင့် ထောင်ဒဏ် နှစ် အကန့်အသတ်မရှိ ချခဲ့ကြောင်း၊ ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် သုံးကြိမ်မြောက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု တွင် ပါရှိလာခြင်း ဖြစ်ကြောင်း သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဦးမြသောင်း (၄၄) နှစ် က ပြောကြားသည်။

“အလင်းဝင်တာဖြစ်လို့ ကြိုဆိုပွဲတွေ ထမင်းစားပွဲတွေ လုပ်ပြီးမှ ရဲလက်အပ် သံခြေချင်းခတ် လက်ထိတ်ခတ်ပြီး စစ်ကြောင်းနဲ့ ထောင် ပို့လိုက်တာ” ဟု ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သူ ၎င်းက ဆိုသည်။

KIA နှင့် တပ်မတော် အစိုးရ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ထိုးပြီး နောက်ပိုင်း ကျောင်းသား တပ်မတော်သည် ကချင်ပြည်နယ်တွင် စစ်ရေး အခြေပြု လှုပ်ရှားရန် ခက်ခဲလာသဖြင့် ထိုင်း-မြန်မာ နယ်စပ်သို့ ထိုးဖောက် ဆင်းလာခဲ့ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် SSA တောင်ပိုင်း ဗဟို လွယ်တိုင်းလျှံ စခန်းတွင် စုဖွဲ့ ပြင်ဆင်မှု ပြုလုပ်ပြီး အင်အား ၄၀ ခန့်နှင့် ၂၀၀၅ ခုနှစ် သြဂုတ်လတွင် မြောက်ပိုင်း ထိုးဖောက် နယ်မြေ စည်းရုံးရေး လုပ်ရန် SSA တပ်ဖွဲ့အဖြစ် ခရီးရှည် ချီတက်ခဲ့စဉ် လူစုကွဲ အဆက်အသွယ် ပြတ်ပြီး လက်နက် ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

လွတ်မြောက်လာသူများမှာ SSA ရှမ်းနီ တိုင်းရင်းသားများ ဖြစ်၍ လိုအပ်သော ကူညီမှုများ ပြုလုပ်ပြီး နေရင်း အရပ်သို့ ပြန်နိုင်ရန် ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ကူညီပေးလျက် ရှိသည်ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

သာယာဝတီ ထောင်တွင် ယခင် ABSDF မြောက်ပိုင်း စစ်ရေး တာဝန်ခံ၊ နောက်ပိုင်း SSA တောင်ပိုင်း တပ်မဟာ ၂၄၁ မှူး သံချောင်းခေါ် စပ်ခွန်ကျော်နှင့် တပ်မှူး နှစ်ဦး ကျန်ရှိနေပြီး အမြန်ဆုံး လွတ်မြောက် ရန် မျှော်လင့်နေကြောင် တပ်ကြပ်ကြီး စိုင်းတင်လှိုင် (၃၈) နှစ်က ဆိုသည်။

No comments: