Thursday, July 25, 2013

နိုင်ငံခြားရေး မူဝါဒ ထိခိုက်စေမည့် အသုံးအနှုန်းများ လွှတ်တော်တွင် မပြောရန် သူရဦးရွှေမန်း သတိပေး



ပြည်သူ့လွှတ်တော် အစည်းအဝေးများ၌ လွှတ်တော် ကိုယ်စားလှယ်များ က မေးခွန်း၊ အဆိုနှင့် ဆွေးနွေးချက်များ ပြောဆိုရာတွင် နိုင်ငံခြားရေး မူဝါဒကို ထိခိုက်စေမည့် အသုံးအနှုန်းများ မပြောဆိုကြရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို သတိပေး ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် မာန်အောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်၏ ပြောဆို သုံးနှုန်းမှုများနှင့် ပတ်သက်၍ သူရဦးရွှေမန်းက ယင်းသို့ သတိပေးခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်က မြန်မာနိုင်ငံ နယ်နိမိတ် ကို အမြန်ဆုံး ပြန်လည် တိုင်းတာ အတည်ပြုပေးရန်နှင့် ပတ်သက် သည့် မေးခွန်းကို မေးမြန်းရာတွင် အိမ်နီးချင်း နိုင်ငံများသည် မြန်မာနိုင်ငံ ပိုင်နက်ကို အမျိုးမျိုး ခိုးယူနေပြီး ယင်းမှာ အသည်းနာစရာ၊ ဒေါသထွက် စရာ ဖြစ်ကြောင်း၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာ့ ပိုင်နက်ကို အမျိုးမျိုး ကျူးကျော် စော်ကားနေကြောင်း ထည့်သွင်း ပြောဆို ခဲ့ခြင်းကြောင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ကြားဖြတ် ဟန့်တားကာ သတိပေးခဲ့ခြင်း ဖြစ်သည်။

“မေလှမြိုင်တို့ ဆိုထားတဲ့ တို့မြေကို လာမထိနဲ့ မီးပွင့်သွားမယ်၊ တစ်လက်မမှ အထိမခံဘူးဟေ့ တွန်းလှန် ချေမှုန်းမယ် ဆိုတာတွေက လေပဲ ဖြစ်နေတယ်” ဟု ဦးအောင်စိန်က ယနေ့ လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။

အိန္ဒိယနိုင်ငံက တမူး နယ်စပ်တွင် မြန်မာနိုင်ငံဘက်သို့ ကိုက် တစ်ထောင် နီးပါး နယ်နိမိတ် ကျောက်တိုင်များ ရွှေ့စိုက်ထားသည်မှာ ၁၀ နှစ်ခန့်ရှိပြီး ပိုမို ဆိုးရွားလာကာ အိန္ဒိယ နယ်စပ်တွင် ကျေးရွာများ အခြေတည်ကာ ခိုင်မာအောင် ဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လွှတ်တော်၌ မေးခွန်းများ ဖြေဆိုရာတွင် တိတိကျကျ ဖြေဆိုရန်၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ပြော ဆိုမှုများ မပြုလုပ်ရန်၊ လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းများနှင့် အဖြေများ ဆွေးနွေးရာတွင် လူတစ်ဦး တစ်ယောက်ကို ချီးမွမ်းပြီး တစ်ဖက်သား ဂုဏ်သိက္ခာ ထိခိုက်စေမည့် အပြောအဆိုများဖြင့် မဆွေးနွေး ရန် ဆိုသည့် သတိပေး တားမြစ်မှုများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယခင် လွှတ်တော် အစည်းအဝေးများတွင် ပြောဆိုခဲ့သည်။

The Voice Weekly

No comments: