Thursday, July 25, 2013

ကောလိပ်အနီးတွင် မူးယစ်ဆေးသုံး ပစ္စည်းများစွာ တွေ့ရှိနေရ


Thursday, July 25, 2013

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့ စခန်း၊ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး နှင့် CIDရှုံး အနီးတွင် ဖွင့်လှစ် ထားသော အစိုးရနည်းပညာ ကောလိပ်ကျောင်း၏ အနောက်ဖက် ချုံများအတွင်းရှိ နေရာအနှံ့အပြားတွင် မူးယစ်ဆေးဝါးများ သုံးစွဲရာ၌ အသုံးပြုသော ဆေးထိုးအပ်များစွာ တွေ့ရှိနေရသည်။

“ဒီလိုဖြစ်ပျက်နေတာ(၆)နှစ် လောက်ရှိပါပြီ။ သက်ဆိုင်ရာများက ကျောင်းပတ်ဝန်းကျင် ရှင်းလင်းရေး စီမံချက်များ ရှိပါက ကျောင်းသား၊ ကျောင်းသူများ၏ အနာဂါတ် ကောင်းမွန်ကြမည်ကို ယုံကြည်မိပါသည်”ဟု ယင်းတက္ကသိုလ်ရှိ တာဝန်ရှိ ဆရာတစ်ဦးက ပြောသည်။

နေ့ရော ညပါ သွားလာလှုပ်ရှား ရောင်းချနေသူများ၊ ချုံများအတွင်း ဆေးထိုးသုံးစွဲသူများကို ကျောင်းကြီးပေါ်မှ တွေ့မြင်နိုင်သည်ဟုလည်း ထိုသို့တွေ့မြင်ရသော ဒေသခံတစ်ဦးက ပြောသည်။

ယင်းအစိုးရ နည်းပညာကောလိပ်သည် ကျောင်းဖွဲစည်းပုံ ပြည့်စုံမှု မရှိသောကြောင့် သက်ဆိုင်ရာ ဌာန အသီးသီးသို့ တင်ပြထားခဲ့သော်လည်း ယနေ့အချိန်ထိ မကျသေးဘဲ ရှိနေကြောင်း၊ ယင်းသို့ ကျောင်းဖွဲစည်းပုံ မပြည့်စုံ၍ ကျောင်းဝင်းမရှိ၊ လုံခြုံရေး မရှိသောကြောင့် အပြင်လူများ နေ့ညမရွေး ၀င်ထွက်သွားလာပြီး ကျောင်းအတွက် ကျောင်းသူ၊ ကျောင်းသားများအတွက် စိတ်မချရသည့်အပြင် ကျောင်းနောက်တွင် အမြဲတွေ့မြင် နေရသည့် မူးယစ်ဆေး သုံးစွဲသူများကို ကြည့်၍ ကျောင်းသား၊ ကျောင်းသူများ လမ်းမှားရောက်မည်ကို ဆရာများနှင့် ကျောင်းသားမိဘများက အလွန်စိုးရိမ်နေရကြောင်း အမည်မဖော်လိုသော ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများက ပြောကြသည်။

ကိုကိုနိုင်

မြန်မာ့ခေတ်

No comments: