Tuesday, July 16, 2013

အစိုးရတာဝန်ကို တကသ ဝင်ယူမယ်

အစိုးရတရပ်ရဲ့ အလုပ်ကို ကျောင်းသားအဖွဲ့တွေက ၀င်လုပ်ပေးလို့ ရပါသလား။

မြန်မာနိုင်ငံမှာတော့ ရပါတယ် လို့ ဆိုရမယ် ထင်ပါတယ်။

လာမယ့် သောကြာနေ့ အာဇာနည်နေ့ မနက် ၁၀ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျဆုံးသွားတဲ့အာဇာနည်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲရေး အစီအစဉ်ကို အစိုးရမင်းများက လုပ်ဆောင်မယ် မဟုတ်ပါဘူး။

ဒါကြောင့် ဥသြဆွဲရေးကို ပြည်သူများနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) က ဒီကနေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာလိုက်ပါတယ်။

အနည်းဆုံး လူစည်ကားတဲ့ နေရာ ၃၅ ခုမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
နေရာအများစုကတော့ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပါတယ်။

သမိုင်းလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ ဆူးလေ အစရှိတဲ့ လူစည်ကားတဲ့နေရာတွေကို တမင်တကာ ရွေးချယ်ထားတာဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊
အထွေထွေအတွင်းရေးမှူး ကိုဇေယျာလွင်က ပြောပါတယ်။

မြန်မာတပြည်လုံးမှာ တပြိုင်တည်း လုပ်ကိုင်ဖို့ မဖြစ်နိုင်ပေမယ့် သူတို့ စီစဉ်ထားတဲ့ နေရာများမှာ တပြိုင်တည်း ဥသြဆွဲကြမှာဖြစ်ပါတယ်။ ကားတွေက ဟွန်းတီးကြပါလိမ့်မယ်။

လတ်တလော သတ်မှတ်ထားတဲ့ ဒီနေရာတွေထဲမှာ တချို့က ဟွန်းသံကင်းမဲ့ဇုန်များထဲ ပါဝင်နေပါတယ်။

ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ အာဏာပိုင်တို့ရဲ့ တားမြစ်ထားချက်၊ စည်းကမ်းချက်များကို ချိုးဖောက်ရာ ရောက်မနေဘူးလား ဆိုတဲ့ မေးခွန်း မေးစရာ ရှိလာပါပြီ။

တခြားနေ့တွေမှာလည်း ဟွန်းသံကင်းမဲ့ဇုန်တွေက ဟွန်းသံထွက်နေတတ်တာကြောင့် အာဇာနည်နေ့ မနက် ၁၀း၃၇ အချိန်မှာ ဟွန်းတီးကြတာကိုတော့ အာဏာပိုင်တို့ ကွိုင်ရှာကြမယ်မထင်ပါဘူး။ ကွိုင်ရှာရင်လည်း ဂဠုန်ဦးစောဘက်တော်သားလို့ စွပ်စွဲခံရဖွယ်ရှိပါတယ်။

အာဇာနည်နေ့မှာ ဥသြဆွဲကြတာကတော့ ဟုတ်ပါပြီ။
အသက် ၂၀ ကျော်အရွယ် ကျောင်းသားတွေက ဒီလို ဂုဏ်ပြု၊ အောက်မေ့ဖွယ် လုပ်ရပ်ကို စီစဉ်တာကတော့ ဟုတ်ပါပြီ။

အခက်အခဲ တွေ့နိုင်တာကတော့ ဥသြဆွဲသံ ဖြစ်လိမ့်မယ် လို့ ကျောင်းသားတယောက်က သုံးသပ်ပါတယ်။

သူတို့ လူမှန်းသိတတ်စအရွယ်ကတည်းက၊ တချို့ဆိုရင် မွေးကတည်းက
ဥသြဆွဲသံ မကြားဖူးကြဘူးလို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီးတို့က နိုင်ငံတော်ကြီး ငြိမ်ဝပ်ပိပြား၊ အေးချမ်းသာယာအောင် လုပ်ဆောင်ရာမှာ အာဇာနည်နေ့ရောက်တဲ့အခါ ဥသြဆွဲသံ လုံးဝ မပြုခဲ့တဲ့အတွက် ခေတ်လူငယ်များ အေးချမ်းသာယာခဲ့ ... အဲ ... ဒီအသံ မကြားခဲ့ကြတာပါ။

ဥသြဆွဲသံကြားဖူးသူများကို ချည်းကပ်ပြီး ဒီအသံကို ကူးယူပြီး အာဇာနည် မနက်ပိုင်း သတ်မှတ်ထားချိန်၊ သတ်မှတ်ထားတဲ့နေရာ ရောက်တဲ့အခါ တပြိုင်နက် ဖွင့်ကြဖို့ အသင့် ဖြစ်နေပါပြီ။

ရန်ကုန်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်းက သင်္ဘောများကနေလည်း ဥသြဆွဲကြဖွယ် ရှိပါတယ်။

အောက်ပုံ - အာဇာနည်နေ့မှာ လူစုကြမယ့် နေရာများ
(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

ဧရာဝတီ သတင်း

အေးချမ်းမွန် Copy & Credit To >Thit Htoo Lwin blog < Thank
Re-post By ACM 16-7-2013

အာဇာနည်နေ့တွင် တ.က.သ နှင့် ပြည်သူပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅ မြို့တွင် ဟွန်းတီးကန်ပိန်း ပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၁၆။

မကြာမီ ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) နှင့် ပြည်သူလူထု ပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅ မြို့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ဟွန်းတီးကန်ပိန်းကို တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ယနေ့ ကျင်းပပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲ၌ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုဇေယျာလွင်က ပြောကြားသည်။

မြန်မာတစ်မျိုးသားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ဖြစ်သည့် ၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လက်ရှိ အရပ်သား အစိုးရမှ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင်း ကျောင်းသားထုများ ကိုယ်စား တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ပြည်သူလူထုနှင့် ပူးပေါင်းကာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် တစ်ပြိုင်နက် ဥသြစွဲ ဂုဏ်ပြုမည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ လူစည်းကားတဲ့ နေရတွေမှာ မနက် ၁၀ နာရီကတည်းက လူစုပြီးတော့ ၁၀ နာရီ ၃၇ မိနစ် အချိန်ရောက်တာနဲ့ တစ်ပြိုက်နက် ကားဟွန်းတီးပြီး ဥသြဆွဲသွားမှာပါ။ နိုင်ငံတော် အစိုးရက မလုပ်နိုင်တဲ့ အရာကို ကျောင်းသားတွေနဲ့ ပြည်သူတွေက ပူးပေါင်းပြီး လုပ်တဲ့သဘောပါပဲ။ ကျွန်တော်တို့ ဘက်ကလည်း စတစ်ကာတွေ၊ ပန်းဖလက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ဝေမျှထားပြီး ဖြစ်ပါတယ်”ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုနန်းလင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာတိုင် အာဏာရှင် အစိုးရမှ အာဇာနည်နေ့ အခမ်းအနားကို မျက်ကွယ်ပြုခဲ့သည့်အတွက် လူထုကြားတွင် အာဇာနည်နေ့၏ သမိုင်းနှင့် အစဉ်အလာများ မှေးမှိန်ခဲ့ရကြောင်း၊ ထို့ပြင် အာဇာနည်နေ့၏ ဝမ်းနည်းခြင်း အမှတ်သင်္ကေတဖြစ်သည့် ဥသြဆွဲသည့် အစီအစဉ်လည်း ပိတ်ပင်ခံခဲ့ရပြီး ပြည်သူမှ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုသည့် အခွင့်အလမ်းကိုလည်း ကြာမြင့်စွာ ဆုံးရှုံးခဲ့ရကြောင်း တ.က.သ မှ မအိအိမော်က ပြောကြားသည်။

“ဒလမှာတော့ ကျွန်တော်တို့က ဟွန်းတီးတာထက် သင်္ဘောတွေကနေ ဥသြဆွဲပေးဖို့ ကန်ပိန်း ဆင်းထားတာတွေ ရှိပါတယ်။ အဓိကကတော့ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ ဘယ်လောက် ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ကိုဇေယျာလွင်က ပြောကြားသည်။

ဟွန်းတီးကန်ပိန်းပြုလုပ်မည့် ရန်ကုန်မြို့တွင်းမှ မြို့နယ်များမှာ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒလ၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ စသည်တို့ ဖြစ်ပြီး သံလျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ လွိုင်ကော်၊ ပန်းတနော် စသည့် မြို့နယ်များရှိ လူစည်ကားရာ နေရာများတွင်လည်း ဟွန်းတီးကန်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရည်မွန်

အေးချမ်းမွန် Copy & Credit To > မြန်မာ့ခေတ် < Thank
Re-post By ACM 16-7-2013

No comments: