Tuesday, July 16, 2013

မျိုးစောင့်ဥပဒေကိစ္စအတွက် ဒိုင်စားခံစားရမဲ့အခြေနေမျိုး မရောက်စေလိုပါ

ယနေ့အကြိုက်ဆုံး သံဃာ့အမြင်
===================
မျိုးစောင့်ဥပဒေကိစ္စအတွက် ဒိုင်စားခံစားရမဲ့အခြေနေမျိုး မရောက်စေလိုပါ
.............................................................................................

၈၈ ကာလတုန်းက ကိုယ်တိုင်ပါဝင်ပီး အောက်ပါအတိုင်း ကြွေးကြော်ခဲ့တာတွေကို လွမ်းဆွတ်သတိရမိလို့ ဒီပို့စ်လေးကို ရေးသားဖို့ စိတ်ကူးမိလိုက်တာပါ...

သပိတ် သပိတ် မှောက်မှောက် ..
ဆန္ဒ ဆန္ဒ ပြပြ.

အာဏာရှင်နေ၀င်း အုပ်ချုပ်တာ၊ နှစ်ဆယ့်ခြောက်နှစ်တာ ငတ်လို့ ပြတ်လို့..
တစ်ပါတီစနစ်ဆိုးကြီးဟာ၊ တို့ပြည်သူမှာ မွဲလို့ခြာလို့..
မဆလပါတီ ခေတ်မမီ၊ စနစ်သစ်ဆီ ပြောင်းစို့ ပြောင်းစို့.....

ညီညွတ်မှုဖြင့် စည်းလုံးပါ တိုက်ပွဲဆိုတာ အောင်ရမှာပဲ၊
ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး......
တစ်ပါတီစနစ် ဖျက်သိမ်းရေး ဒို့အရေး ဒို့အရေး...........

အထက်ကစာသားတွေပါတဲ့ လူထုဆန္ဒတွေကို နေ့စဉ်လိုလို မမောနိုင် မပန်းနိုင် လက်မောင်းတန်း ကြွေးကြော်ခဲ့တာကို လွမ်းဆွတ်တမ်းတမိပါတယ်..

ဒါတွေဟာ တစ်ပါတီစနစ်ရဲ့ ဆိုးရွားတဲ့ဒဏ်ကို မခံမရပ်နိုင်ဖြစ်ပီး ပါတီစုံဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံးက ပြည်သူများ တညီတညွတ်ထဲ တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့သံစုံတီးဝိုင်းက ညီညွတ်မှု သံစဉ်တွေပါ...

ဘယ်အတိုင်းအတာထိ ညီညွတ်ခဲ့ကြသလိုဆိုရင် ဆန္ဒပြ ရဟန်းသံဃာ၊ ကျောင်းသားပြည်သူဆိုတဲ့အထဲမှာ စစ်သား၊ ရဲသား၊ အစိုးရဌာန၀န်းထမ်းအဖွဲ့အတော်များများပါ ပူးပေါင်းပါဝင်လာကြတဲ့အထိ ညီညွတ်ခဲ့ကြတာပါ..

အဲဒီတုန်းက ရဟန်းသံဃာ၊ ကျောင်းသားပြည်သူများ အသက်သွေးခြွေးတွေကို အရင်းနှီးပြုကာ
ညီညီညွတ်ညွတ်နဲ့ တောင်းဆိုခဲ့ကြလို့ အခုဆိုရင် ပါတီစုံဒီမိုကရေစီ စနစ်နဲ့ မြန်မာ့နိုင်ငံရေး ယန္တယားကြီးကို မောင်းနင်လို့နေပါပီ....

စနစ်မကောင်းလို့ ခေတ်ပြောင်းတော်လှန်ရေး တစ်ရပ်ကို ဆင်နွဲခဲ့တဲ့ အကျိုးဆက်အဖြစ် ပြည်သူများ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရသာကို မြည်းစမ်းနိုင်တဲ့ ကာလကိုရောက်နေပါပီ...

အဲဒါဆို အရှင်ဘုရားအမြင်အရ ခေတ်ကောင်းကိုရောက်နေပီလို့ ဆိုလိုတာလားလို့ မေးစရာရှိပါတယ်..

ဟုတ်ကဲ့ ကောင်းတော့ကောင်းတယ်..နဲနဲ စပ်တယ်လို့ ပြောချင်ပါတယ်...

၈၈ လို၊ ရွေဝါရောင်လို အရေးကြီးတဲ့ ကာလတွေတုန်းက ရဟန်းသံဃာ၊ ကျောင်းသား ပြည်သူ ကြည်ဖြူစွာလက်တွဲပီး တစ်ပါတီစနစ်နဲ့ အာဏာရှင်စနစ်ကို အတူတိုက်ပွဲဝင်ခဲ့ကြတယ်...ညီညွတ်မှုကြောင့် .အောင်ပွဲဆင်နိုင်ခဲ့ကြတယ်...

အခုလို စနစ်သစ်ခုအဖြစ် ပွင့်လင်းကာလကို စရောက်လာမှ မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ ကိစ္စအပေါ် အမြင်သဘောထားတွေကွဲလွဲကာ တစ်ဦးနဲတစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေရော့ပါးလာကြတာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဘဲ သူ့သဘောသူဆောင် ငါ့သဘော ငါဆောင် ဖြစ်လာတာကို စပ်ဖျင်းဖျင်း ခံစားမိတာပါ....

အဲဒီအတွက် မိုးမျှော်ငရုပ်သီးကို အတောင့်လိုက်ဝါးစားမိတာထက် စပ်ပူစပ်လောင် ခံစားရတယ်လို့ ပြောချင်ပါတယ်..

ကိစ္စတစ်ရပ်ဟာ တိုင်းပြည်အတွက် လိုအပ်ချက်ဖြစ်တယ်ဆိုတာ တစ်ခုထဲနဲ့ အတင်းကာရော ရှေ့တန်းတင်လို့ မရပါဘူး.. တိုင်းပြည်အတွက် လိုအပ်ချက်ဆိုတာ ဒီတစ်ခုတင် မဟုတ်ဘူးဆိုတာ မြင်အောင်ကြည့်ရမှာဖြစ်သလို...ရှေ့ဆက်ဖြစ်ပေါ်လာမဲ့ အကျိုးအပြစ်တွေကိုပါ ကြည့်ရပါတယ်.လိုအပ်ချက်ခြင်း တူရင်တောင် အရေးပေါ်လိုအပ်ချက်ဆိုတာကို ဦးစားပေးရမှာပါ..

အရေးကြီးတာကို ဦးစားပေးရမယ်ဆိုတာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်သူတိုင်း မလွဲမသွေ ခေါင်းထဲထည့်ထားရမဲ့ ဖော်မြူလာတစ်ခုပါ..

အခုဆိုရင် အမျိုးဘာသာသာသနာအတွက် မျိုးစောင့်ဥပဒေတစ်ရပ်ပြဌာန်းဖို့ လိုအပ်တယ်လို့ မြင်သူတွေရှိသလို ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကြပ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်သူတွေလဲရှိပါတယ်...

နှစ်ဘက်စလုံးက တိုင်းပြည်ရေရှည်ကောင်းစားဖို့ ရှေးရှုပြောဆိုနေတယ်ဆိုတာကို မငြင်းလိုပါဘူး...
ခက်နေတာက ဒီအမြင်နှစ်ခုကို ညှီနှိုင်းဆောင်ရွက်မှု မပြုဘဲ သူ့လမ်း သူလျောက် ငါ့လမ်း ငါလျောက်ဆိုပီး မြင်းပြိုင်နှစ်ခုလို သွားနေတဲ့အတွက် တိုင်းပြည်အတွင်းမှာ ဂယက်ထနေပီး ဘယ်နေရာမှာ ပေါင်းစည်းမလဲလို့ မေးခွန်းထုတ်စရာဖြစ်နေတာပါ....

အမြင်မှား အမြင်မှန်ကိုတော့ ကာလံ ဒေသံ အဂ္ဂံ ဓနံ ဆိုတဲ့အတိုင်း ကိုယ့်တိုင်းပြည်ရဲ့ အတိတ်သမိုင်း အခြေနေတွေ..မျက်မှောက် အခြေနေ၊ ရှေ့ဆက်လျောက်ရမဲ့ အခြေနေကို တွက်ဆပီး ကိုယ်တိုင် ခွဲခြားဝေဘန်ကြည့်တတ်ဖို့လိုပါတယ်....

သေခြာတာတစ်ခုကို ပြောပါဆိုရင်တော့ ညီညွတ်မှုမရှိဘဲ သူတလူ ငါတမင်းနဲ့ ရှေ့ဆက်သွားရင် တိုင်းပြည်ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည်သွားနိုင်တယ်ဆိုတာပါပဲ...

နောက်ဆုံးမှာ သူမနိုင် ငါမနိုင်ဖြစ်ပီး ထိုးသားအားလုံးရှုံးကာ ဒိုင်စားမဲ့အခြေနေကို ဆိုက်ရောက်သွားနိုင်ပါတယ်..

၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခါနီတော့ သီတင်းဌာနတစ်ခုကနေ.....
သူ့ဖဲ သူပြင် သူကုလားဖန်ထိုး သူချိုး သူဝေ သူစား.. ဆိုတဲ့အဖြစ်မျိုးရောက်မသွားဖို့ အရေးကြီးကြောင်း သတိပေးခဲ့တာလေးကို အမှတ်စေချင်ပါတယ်.....

ရဟန်းဖြစ်ပီး ဖဲသမားစကားနဲ့ ဥပမာပေးမိတာအတွက် လွန်တာရှိတယ်လို့မြင်ရင် ၀န္တာမိ..လို့တောင်းပန်ပါတယ်..

သမဂ္ဂါနံ တပေါ သုခေါ.....ဆိုတာကို မေ့မထားကြပါနဲ့ခင်များ.....

myanmardaily.net shared & credit to>>Ashin Kumuda Bawdhitahtaung<<

No comments: