"ရွာပျက်များ ဝေဒနာများ အတွေးများ"
ငယ်စဉ်ကတော့ ရှမ်းရိုးမတောင်တန်းကြီးကို အဝေးမှမျှော်ငေးရင်း အံ့သြကြည်နူးခဲ့ရဖူးပါသည်။ နွေညများတွင် တောင်ပေါ် တောမီးများက ကောင်းကင်တံစက်မြိတ်ကိုပင် စွဲမြိုက်လောင်ကျွမ်းနေသယောင် တလွင့်လွင့်ထိန်ညီးနေတတ်သည်။ မိုးကာလတွင်မူ ခဲသားရောင်တောင်ခိုးဝတ်ရုံကို ကပိုကရိုခြုံကာ လေတွင်ပေါလောမြောနေသလိုပင်။ ဆောင်းရက်များတွင်ကား နှင်းမှုန်ပုဝါပါး နောက် ကွယ်မှသည် ဟိုအဝေးဆီသို့ တိတ်ဆိတ်ညင်သာစွာ ထွက်ခွာသွားနေသယောင် ... ဂမ္ဘီရဆန်နေပြန်သည်။
ထိုတောင်တန်း တောနက်ကြီးများထဲတွင် ဘယ်လိုအရာတွေများရှိနေပါလိမ့်။
ဒဏ္ဍာရီထဲကလို သူတော်စင် ဈာန်ပျံရသေ့ကြီးများ၊ ဇော်ဂျီတပသီများ၊
သူယောင်မယ်လှဒေ၀ီများ၊ ခါးကုန်းကုန်း တောင်ဝှေးတဒေါက်ဒေါက်နှင့်
ကြောက်စရာစုန်းမအိုကြီးများ ကျက်စား ပျော်ပါးနေကြလေရော့လား။ လူတွေရွာတွေမှ
ရှိပါလေရဲ့လား၊ ကလေးအတွေးနှင့် မေးခွန်းတွေတသီကြီး မေးခဲ့ဖူးပါသည်။
ထိုတောင် မြင့်ကြီးများပေါ်သို့ ခဏတာပင်ဖြစ်စေ ကျနော်ရောက်ဖူးချင်ခဲ့သည်။
အရွယ်ရောက်သောအခါ သူပုန်ပြောက်ကျားတဦးအဖြစ် ထိုတောင်မြင့်ကြီးများပေါ်သို့ အမှန်တကယ်ပင် ကျနော် ရောက်သွားခဲ့ ပါသည်။ တခဏသာမက တဘ၀တာလောက်ကြာသည်ဟုပင် ဆိုနိုင်ပါသည်။ သို့သော် ငယ်စဉ်ဘ၀ အဝေးမှ မျှော်ငေးကြည့်ခဲ့ရသလို အံ့သြကြည်နူးခြင်းမျိုး မရှိတော့ပါ။ ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများ၊ စစ်ကြောင့်ပြာကျသွားခဲ့ရသော ရွာပျက်ဟောင်းများက ကျနော်၏ အာရုံခံစားမှုကို ပြောင်းလဲပစ်လိုက်ကြဟန်ရှိပါသည်။ ရွာပျက်ဟောင်းများသို့ရောက်တိုင်း အမည်မဖော်တတ်သော ဝေဒနာကို ကျနော်ခံစားရမြဲဖြစ်သည်။ ၀မ်းနည်းကြေကွဲခြင်းလား၊ စက်ဆုပ်နာကျည်းခြင်းလား ခွဲခြားရခက်ပါသည်။
တိတ်ဆိတ်နေသော ရွာဟောင်းသည် ကြေကွဲဝမ်းနည်းဖွယ်အရိပ်ဖြင့် မှိုင်းနေတတ်ပါသည်။ ထိုအခါမျိုးတွင် ကျနော်သည် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲမှ တစုံတရာကို မြင်တွေ့နေရသလို ခံစားနေရသည်။
အေးစက်နက်ရှိုင်းသော အတိတ်၏ဆိတ်ငြိမ်မှုအတွင်းမှ အမေ့လျော့ခံပုံရိပ်များ၊ အသံများကို ကျနော်တို့ မြင်ကြားခံစားနိုင်ပါ သလား။ နှစ်ဆယ့်တစ်ရာစု ဗမာပြည်၏ စစ်အာဏာရှင်အကျဉ်းတိုက်ထဲမှ အကျဉ်းသားတဦးသည် သူနှင့် သမိုင်းခေတ်များစွာ ကွာဝေးသော ကျေးကျွန်ခေတ်မြေတိုက်အတွင်းမှ သံခြေချင်းခတ်ကျေးကျွန်အကျဉ်းသား၏ တောက်ခေါက်ညည်းတွားသံကို ခံစား ကြားယောင်နိုင်စွမ်းရှိသည်ဟု ကျနော်ထင်ပါသည်။ ထိုအတွက် အဖိနှိပ်ခံကျေးကျွန်ပြည်သူများအပေါ် နက်ရှိုင်းသော ချစ်ခင်စာနာစိတ် ရှိဖို့တော့ လိုသည်ပေါ့။
သက်ငြိမ်စက္ကူတချပ်မျှသာဖြစ်သော ‘တပ်ကုန်း’ ခေါင်းစီးပါ စစ်သုံးမြေပုံပေါ်သို့ အာရုံဝင်စားကြည့်လိုက်စမ်းပါ။ စစ်တောင်းမြစ်ညာ ပေါင်းလောင်းဝဲယာရှိ တောင်စဉ်တောင်တန်းတွေပေါ်မှာ၊ ချောင်းမဘယ်ညာ ကုန်းမြင့်ခင်ပြန့်တွေပေါ်မှာ ရွာငယ်ဇနပုဒ်လေး များစွာကို တွေ့နိုင်ပါသည်။
ရေဆိုး၊ ချောင်းဆုံ၊ ကြပ်ကြီး၊ နန်းစကဲ၊ ကြပ်ကလေး၊ နန်းပုံး၊ သစ်စေးတောင်၊ ကျောက်ဖား၊ လွယ်ထန်၊ ဆီဆွဲ၊ တခေါက်၊ ပန်းတင်၊ ရေအေး၊ ခွေးတမော ... စသည့် စသည့် ထိုရွာငယ်ဇနပုဒ်လေးများသည် မြေပုံပေါ်မှာသာ အမည်ကျန်ရစ်ပြီး မြေပြင်ပေါ်တွင်မူ ပျက်စီး ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်ပါသည်။
ကျနော် နောက်ဆုံး စခန်းချအိပ်စက်ခဲ့သော ရွာပျက်လေးမှာ ခွေးတမောဖြစ်သည်။ ခွေးများအတွက် တမောခရီးသာ ဖြစ်နိုင် သော်လည်း ခရီးပန်းလာသော ကျနော်တို့ ပြောက်ကျားတပ်စုလေးအတွက်မူ တမောနှင့်မရောက်ပါ။ ပေါင်းလောင်းကမ်းစပ်မှ ရွာဟောင်းအထိ တနာရီကြာတက်ခဲ့ရပြီး လမ်းတွင် တထောက်နားခဲ့ရသေးသည်။ တောအိုတောင်ရိပ်အောက်က ဆင်လမ်းအတိုင်း တက်ခဲ့ကြသဖြင့် ခြုံနွယ်ပိတ်ပေါင်း အတားအဆီးတော့ မရှိပါ။ ဆင်သွားလျှင် လမ်းဖြစ်သည်ဆိုသောစကားကို ထိုစဉ်ကမှ ကျနော် သဘောပေါက်ခဲ့ခြင်းဖြစ်ပါသည်။
တောင်လက်မောင်းပေါ်မှ ရွာဟောင်းသို့ ၀င်လိုက်သည်နှင့် မြင်ကွင်းက ရုတ်တရက်လင်းသွားသည်။ ပွင့်ဝေနေသော တော နေကြာရိုင်းခင်းကိုကျော်၍ အနောက်ဘက်မိုးကုတ်စက်ဝိုင်းကိုပင် လှမ်းမြင်နေရသည်။ မကြာမီဝင်တော့မည့် နွမ်းနေခြည်က ရှမ်းရိုးမကို နှုတ်ဆက်နေသယောင်။ ဆည်းဆာနေခြည်အောက်မှ ရွာဟောင်းလေးမှာ တိတ်ဆိတ်ငြိမ် သက်နေပါသည်။ အိမ်ခြေနှစ်ဆယ်ခန့်သာ ရှိခဲ့ဟန်တူသော ရွာဟောင်းလေးတွင် မီးသင့်လောင်ကျွမ်းထားသော အိမ်တိုင်ငုတ်တိုမည်းမည်းတို့မှလွဲ၍ လူနေအိမ်ပီပီသသကိုကား မတွေ့ရတော့ပါ။ သရက်၊ မာလကာ၊ ပိန္နဲ၊ ရှောက် စသည့် သီးစားပင်များသည် မြက်ရိုင်းပင်များကြားမှ အပေါ်ဘက်ဆီသို့ အားယူတိုးထွက်နေကြသည်။ ဇရာ၏ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ကျီးပေါင်းတက် ရွတ်တွနေသော ပိန္နဲ၊ သရက်ပင်အိုကြီးများကို တွေ့ရ သောအခါ တချိန်က ခွေးတမောလူ့အဖွဲ့အစည်းလေးသည် ဤတောင်လက်မောင်းပေါ်တွင် ဆယ်ခုနှစ်အတော်ကြာ တည်ရှိခဲ့ဖူး ပါသလားဟု သက်ပြင်းတချက် ရှိုက်လိုက်မိပါသည်။
သံချေးတက် ဓားကျိုး၊ ပေါက်ပြားဟောင်း၊ ကြွေကွာသံဇလုံပေါက်၊ အညှောက်ပဲ့ မြေရေနွေးအိုး စသည်တို့ကို ဟိုတခု သည်တခု တွေ့ရသည်။ စွယ်တော်ရိုင်းပင်ခြေတွင် ထီးရိုးဝါးတပ် လုံးဝန်းဝန်းအရာတခုကိုတွေ့၍ ကောက်ယူကြည့်မိသည်။ ရုတ်တရက်ဆိုလျင် ရေခပ်အုန်းမှုတ်ခွက်တလုံးဟု ထင်ရသော်လည်း ကြောင်ရေအုပ် ကြိုးသုံးချောင်းတပ် အုန်းမှုတ်တယောလေးဖြစ်နေသည်။ အုပ်ထား သောကြောင်ရေမှာ အစအနလောက်သာ ကျန်တော့သည်။ ကြိုးတပ်ထီးရိုးဝါးလေးသည်လည်း ထက်ပိုင်းကျိုးနေလေပြီ။ လွှင့်မပစ်ရက် သောကြောင့် စွယ်တော်ရိုင်းပင်ခွကြားတွင် အသာအယာတင်ထားလိုက်မိပါသည်။
မီးသင့်ထားသော ထုပ်၊ လျောက်၊ ဒိုင်း၊ မြား တို့ ဖရိုဖရဲတွဲလောင်းကျနေသည့် အဆောက်အဦးပျက်တခုကို ရွာဟောင်းထိပ်တွင် တွေ့ရသည်။ တချိန်က ခွေးတမောသားတို့ကိုးကွယ်ခဲ့သော ရွာဦးကျောင်းဖြစ်ဟန်တူပါသည်။ မိုးဒဏ်လေဒဏ်ကြောင့် ရေစီးကြောင်းလိုက်ကာ အက်ကြောင်းများထင်နေသော ငှက်မြတ်နားတိုင်မှာ လဲပြိုတော့မယောင် စောင်းရွဲ့နေပါသည်။ မြေပြင်ပေါ်မှာပင် တုံးလုံး ပက်လက် သီတင်းသုံးလျက်ရှိသော ဦးခေါင်းတော်ပြတ် ဗုဒ္ဓရုပ်ပွားတော်တဆူကိုလည်း ဖူးတွေ့ရသည်။ ထိုရုပ်ပွားတော်တ၀ိုက်တွင် စဥ့်ရေသုတ်ညောင်ရေအိုးကွဲ အစအနများ ပြန့်ကျဲလျက်ရှိသည်။ မလှမ်းမကမ်းကုန်းမို့မို့ပေါ်မှ ကျောက်ပုံစေတီငယ်သည်လည်း ညောင်ကြတ်ပင်က မျိုထားသဖြင့် စေတီပုံပန်းပင် မပီသတော့။
ဤမြင်ကွင်းများသည် တချိန်က လူ့အဖွဲ့အစည်းငယ်အဖြစ် တည်ရှိခဲ့ဖူးသော ကျေးတောဇနပုဒ်လေး၏ ပျော်ရွှင်မှုနှင့် အလှတရားတို့ ပျက်စီးဆုံးပါးခဲ့ရလေပြီ ဆိုသောသင်္ကေတများဖြစ်ပါသည်။ ချစ်ခင်စာနာစိတ်ဖြင့် တစိမ့်စိမ့်တွေးကြည့်လိုက်မှသာ ရွာဟောင်း၏ ဘ၀အလှနှင့် သောကဗျာပါဒများကို တရေးရေး ထင်မြင်လာမိခြင်းဖြစ်ပါသည်။
ရွာဟောင်း၏ညက ဆိတ်ငြိမ်လွန်းလှသည်။ ကင်းရဲဘော်မှအပ ကျန်ရဲဘော်များ အိပ်မောကျနေကြပြီ။ ခပ်လှမ်းလှမ်းဆီမှ ချေ ဟောက်သံကို ကြားနေရသည်။ ထိုညက ညဥ့်နက်သည့်တိုင် ကျနော်အိပ်မပျော်နိုင်ခဲ့ပါ။ ကျနော့်အိပ်ယာပေါ်သို့ နွဲ့ငိုက် အုပ်မိုးထားသော ၀ါးရုံကိုင်းဖျားတွင် တပေါင်းညလပြည့်ဝန်းက တွဲလွဲခိုနေပါသည်။
ကျနော့်နားထဲတွင် ရွာဦးကျောင်းဆရာတော်၏ ဘုရားဝတ်တက်သံ၊ အမျှဝေ သာဓုခေါ်သံ၊ ကြေးစည်သံတို့ကို နာပျော်ဖွယ် ကြားနေရသည်။ လရောင်နှင့် သစ်ရိပ်အောက်မှ အထီးကျန်တယောသမား၏ အုန်းမှုတ်တယောသံနွဲ့နွဲ့ကလည်း လွမ်းမောဖွယ်ရာ ပင်။ စွယ်တော်ရိုင်းပင်ရိပ်ခြေမှ ထင်းမီးဖိုဘေးတွင် လုံမပျိုတယောက် သက်ငယ်ပျစ်နေသည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ ကာလသား လူရွယ်က သက်ငယ်တံသတ်ရင်း မေတ္တာဘွဲ့တေးသံကို ဆိုညည်းလျက်ရှိပါသည်။ အမှတ်တမဲ့ အကြည့်ချင်းဆုံသွားကြသည့် သူတို့ နှစ်ဦး၏ မျက်နက်ဝန်းများထဲမှ သူတို့နှစ်ဦးတည်းသာ နားအလည်နိုင်ဆုံး ဖြစ်ဖွယ်ရှိသော သမုဒယ အလှတရားကို ထင်းမီးရောင် ၀ါလဲ့လဲ့တွင် ဖျတ်ကနဲ ကျနော်မြင်လိုက်ရပါသည်။
ကလေးငယ်တသိုက်ကတော့ ရွှေယုံနှင့်ရွှေကျား သက်ငယ်ရိတ်သွားပုံပြင်ကိုပြောပြနေသည့် အဖွားအိုတဦး၏ ပတ်လည်တွင် ၀ိုင်းဖွဲ့ကာ ပါးစပ်အဟောင်းသားနှင့် နားထောင်နေကြသည်။ အိမ်ထောင်ဦးစီးယောကျာ်းကြီးများက ပြောင်းကောက် ခေါင်ခါးခါးကို မြုံ့ရင်း တောင်ယာမီးရှို့ရက်ကို ရွေးနေကြပါသည်။ ဂျင်းဈေး၊ နနွင်းဈေး၊ သစ်စေးဈေးတို့ကို အချင်းချင်းသတင်းမေး စနည်းနာ နေကြပါသည်။ သစ်စေးဈေးကောင်းသည့်နှစ်တွင်မှ သစ်စေးအထွက်လျော့သဖြင့် စုပ်သတ်ညည်းတွားနေကြပါသည်။ တခိျု့ကတော့ နောက်တနေ့ တောင်ခြေချိန်းဈေးသို့ ဂျင်း၊ နနွင်း ပို့ရန် နွားဝန်တင်ကုန်းများကို ပြင်ဆင်လျှက် ရှိပါသည်။
တတောင်ဆင်း တတောင်တက်၊ တလှျိုဝင် တမြောင်ထွက်၊ ၀င်္ကဘာလူသွားလမ်းကလေးများသည်သာ သူတို့၏ အကောင်းဆုံး လမ်းပန်းဆက်သွယ်ရေးဖြစ်ပါသည်။ ထိုလမ်းကလေးများအတိုင်း တောင်ခြေရှိငါးရက်တပတ်ဈေးသို့ နွားဝန်တင်များဖြင့် ဂျင်း၊ နနွင်း၊ သစ်စေးပို့ကြရသည်။ လိုအပ်သမျှ အသုံးအဆောင်လေးများနှင့် ငါးပိ ဆားပြားကို ချိန်းဈေးမှပင် ၀ယ်ပြန်လေ့ရှိပါသည်။ ချိန်းဈေး ဆိုသည်မှာ တောင်ပေါ်ကယာသမားနှင့် ကွင်းကကုန်သည်ပွဲစားတို့ အပြန်အလှန် ကုန်သွယ်ဖလှယ်ရာဖြစ်ပါသည်။
မြို့ကြီးပြကြီးသို့မူ ခွေးတမောရွာသားများ အရောက်အပေါက်သိတ်မရှိကြပါ။ တညအိပ်ခရီးလောက်သာဝေးသော တပ်ကုန်းမြို့ လေးသို့ပင် အများစုမရောက်ဖူးကြပါ။ ရောက်ဖူးသူတဦးတလေကို ခွေးတမော၏ လည်ဝယ်နှံ့စပ်သူအဖြစ် သတ်မှတ်တတ်ကြပါသည်။ ကား၊ ရထား မမြင်ဖူး၊ မစီးဖူးဘဲ တဘ၀ဆုံးသွားကြရသူတွေလည်း မနည်းလှပါ။ ခွေးတမောတွင် စာသင်ကျောင်း မရှိပါ၊ ဆေးပေးခန်း မရှိပါ၊ သတင်းစာ မဂ္ဂဇင်း မရှိပါ။ ရေဒီယို ရုပ်သံလွှင့် မရှိပါ။ ရိုးသားဖော်ရွေမှုနှင့် ဆင်းရဲခိျု့တဲ့ခြင်း၊ မတရားစော်ကား အနိုင်ကျင့် ခံရခြင်းတို့မှလွဲ၍ အခြားဘာမှမရှိပါ။ ထို ဘာမှမရှိသော ရွာလေးသည်ပင် ယခုအခါ ဗမာပြည်မြေပြင်ပေါ်မှ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှုများအကြား၌သာ အသက်ရှင်သန်ခွင့်ရခဲ့ကြသော ထိုဇနပုဒ်သားတို့သည်လည်း ကစဥ့်ကလျား တကွဲတပြား ဖြစ်သွားခဲ့ရပါပြီ။
သူတို့ဘ၀ကို အမြစ်ကဆွဲနှုတ်ပစ်ခဲ့ကြသော ခေတ်အဆက်ဆက်အုပ်စိုးသူများက သူတို့ကို သူပုန်ဘက်တော်သားများအဖြစ် ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့ကြပါသည်။ သူတို့ရွာငယ်ဇနပုဒ်များကို အဓမ္မပြောင်းရွှေ့ပစ်ခဲ့ကြပါသည်။ ငြင်းဆန်လျှင် ရွာလုံးကျွတ်မြေလှန် မီးတိုက်ပစ်ကြပါသည်။
အမှန်တရားသည် အဘယ်မှာနည်း။ တရားမျှတမှုသည် အဘယ်မှာနည်း။ ဤလူမှုစနစ်ကြီးသည် တခုမက အတော်များများ မှားယွင်းနေသည်မှာ သေချာပါသည်။ ကျွမ်းထိုးမှောက်ခုံဖြစ်နေသော ဤလူမှုစနစ်ကြီးအတွင်း၌ ထောက်ထားကြင်နာမှုဆိုသည်မှာ ဒုလ္လဘတရားသာဖြစ်ပါသည်။
ထိန်ထိန်ငြီးနေသော တောင်ပေါ်တောမီးများအလယ်တွင် သားစဉ်မြေးဆက် ဆင်းရဲစွာ ရုန်းကန်ရှင်သန်ခဲ့ကြရသော ထိုရွာငယ် လေးများသည် ပြည်တွင်းစစ်မီးလျှံ၏ ၀ါးမျိုမှုကိုခံလိုက်ရသောအခါ ပြာပုံဘ၀သို့ ရောက်ခဲ့ကြရပါသည်။ စစ်ကြောင့် ပြာကျပျက်စီးခဲ့ရ သည့် ရွာတွေ ရှမ်းရိုးမပေါ်မှာ၊ ပဲခူးရိုးမပေါ်မှာ၊ ရခိုင်ရိုးမပေါ်မှာ၊ တနင်္သာရီရိုးမပေါ်မှာ၊ ကချင်တောင်တန်း ချင်းတောင်တန်းတွေပေါ်မှာ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ကမ္ဘာ့ကုန်းမြေအနှံ့ဆီမှာ ရေတွက်၍ပင် ကုန်နိုင်ဖွယ်ရှိမည်မထင်ပါ။
မေ့ရက်နိုင်စရာမရှိသော ကျနော်တို့ခေတ်၏ ထိုအဖြစ်အပျက်များသည် ယခုအခါ မေ့လျော့ခြင်းနွံအိုင်ထဲ၌ ထိုးနှစ်ထားခြင်း ခံနေရပါသည်။
ပုဂံ၊ ဗိဿနိုး၊ တကောင်း စသည့် ရာဇ၀င်မြို့များက ပဒေသရာဇ်ခေတ်လူမှုဘ၀ရုပ်ပုံလွှာကို ပြန်လည်ပြောပြနိုင်သည်မှာ မှန်ပါ သည်။ ကျနော်တို့ခေတ် ပစ္စုပ္ပန်ရွာဟောင်းများသည်လည်း လက်ရှိလူမှုစနစ်ကြီး၏ အကြောင်းအကျိုး အကောင်းအဆိုးကို သက်သေ ထွက်ဆိုနိုင်ကြသည်သာဖြစ်ပါသည်။ ရာဇ၀င်မြို့ဟောင်းများကတော့ ကံကြမ္မာမျက်နှာသာ ပေးခံကြရသည်လားမသိ၊ အချိန်ကာလ၏ ရေးရိပ်မှုန်ပြာမှုအောက်တွင် မှေးမှိန်တိမ်မြုပ်နေရာမှ နှောင်းခေတ်လူသားတို့၏ ရှာဖွေတူးဖော်စောင့်ရှောက်ခြင်းကို ခံကြရသည်။ ကျနော်တို့ခေတ် ရွာဟောင်းများမှာမူ ပစ္စုပ္ပန်လူသားတို့၏ မေ့လျော့ထားခြင်းကို ခံနေကြရရှာသည်။
တန်ဖိုးကို ဝေးလံလွန်းသော အတိတ်၌သာ ရှာဖွေလိုခြင်း၊ ပစ္စုပ္ပန်ကို အေးစက်စွာမေ့လျော့ထားတတ်ခြင်းသည် လူသား၏ ကုစားရခက်သောရောဂါ ဖြစ်လေသည်လားမဆိုနိုင်တော့။ ဝေးလံသောအတိတ်ကို အမြတ်တနိုး တူးဖော်ရှာဖွေကြသလောက် လတ်တလောပစ္စုပ္ပန်ကိုမူ အလေးဂရုမြုပဘဲ အမှတ်မဲ့ ဖြတ်သန်းသွားတတ်ကြသည်။ အတိတ်၏တန်ဘိုးကို မေ့ပျောက်ပစ်ရန် ကျနော် တိုက်တွန်းနေခြင်းမဟုတ်ပါ။ ယနေ့ပစ္စုပ္ပန်ကို ဥပက္ခာပြုမထားမိဖို့ သတိပေးလိုခြင်းသာ ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးသည် ပစ္စုပ္ပန် တည်းဟူသော ရွဲကစားသမား၏ လက်ညှိုးဖျားပေါ်မှ ခြာခြာလည်နေသော ရွဲတလုံးဖြစ်ပါသည်။ ပစ္စုပ္ပန်ကို မေ့လျော့ထားခြင်းသည် ကမ္ဘာကြီး ကျကွဲမည့်အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်ပါသည်။
တွေးကြည့်လိုက်စမ်းပါ ...။
“ပစ္စုပ္ပန်၏ အပြင်ဘက်တွင် ဘယ်အရာများ ရှင်သန်ရပ်တည်နိုင်ပါသလဲ ...”
မြတ်နိုး
၁၉၊ ၆၊ ၀၄
(ခေတ်ပြိုင်ဝက်ဆိုက် တွင် ဖော်ပြခဲ့ပြီး)