Saturday, February 6, 2010

အရှင်ဉာဏိက

1
ခရီသွားဆောင်းပါး (၁)
ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
အရှင်ဉာဏိကA
အာရှခရီးစဉ် ၁.၂.၃.၄၊ မိုင်ယာမီခရီးစဉ်အဖြစ် အမှတ်တရ မိုင်ယာမီ ၁.၂.၃.၄.၅ နဲ့ အင်္ဂလန်သွားခဲ့တဲ့ တစ်လ တာကို အင်္ဂလန်ခရီး မပြီးသေးပါဆိုတဲ့ နာမည်နဲ့ ၁.၂.၃.၄………၂၅…ရယ်လို့ မပြီးသေးတဲ့ ခရီးကို ရေးဖြစ်တဲ့ ကိုယ့်ကို အဝေးက အကြောင်းတွေချည်းပဲ ရေးမနေနဲ့လေ။ ကိုယ့်အနီးအနားက အကြောင်းများကိုလည်း ရေး ပါဦးလို့ ပြောခဲ့တဲ့သူ သုံးလေးဦးမက ရှိခဲ့ပြီ။ သူတို့တွေ ခုလိုပြောကြပေမယ့် စိတ်ပါတဲ့အခါ စိတ်ပါတာကို ရေး ပြီး၊ စိတ်မပါရင် ဖိတ်စာတိုလေးကိုပင်လျင် မရေးမရိုက်ချင်တဲ့ ကိုယ့်ဓလေ့ကြောင့် ကိုယ့်အနီးအနားမှာရှိတဲ့ အကြောင်းကို မရေးဖြစ်ခဲ့ပါဘူး။ တကယ်ဆို ရေးမယ်ဆိုလျင်ဖြင့် ရေးစရာတွေက အများကြီးပါ။ ရေးလို့တောင် ဆုံးနိုင်မယ် မထင်ပါဘူး။
မနေ့ကတော့ သူကိုယ်တိုင်က အောင်မြင်ထင်ရှားတဲ့ စာရေးသူတစ်ဦးဖြစ်သလို ကိုယ့်စာတွေကိုလည်းဖတ်၊ သူ ဖတ်ရုံတင်မက သူ့ရဲ့ တပည့်တပန်းတွေကိုပါ ကိုယ့်စာတွေ ဖတ်ဖြစ်အောင် တိုက်တွန်းအားပေး၊ အထူးသဖြင့် သူ့သင်တန်းတွေမှာတောင် သင်ကြားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ့်ရဲ့ဆောင်းပါးအချို့ကို တပည့်တွေကို တစ် လှည့်စီ အသံထွက်ကာ ဖတ်ခိုင်းတယ်ဆိုတဲ့ ဆရာတော်တစ်ပါးနဲ့ စကားပြောဖြစ်တယ်။ သူက မှတ်မှတ်ရရ ကိုယ့်ရဲ့ခရီးသွားဆောင်းပါးတွေကို နှစ်သက်ကြောင်းနဲ့ အမေရိကန်နိုင်ငံအတွင်း သွားရောက်ခဲ့တဲ့ နေရာတွေ အကြောင်းကိုလည်း ရေးပါဦးလို့ တိုက်တွန်း မိန့်ကြားပါတယ်။
အခြားသူတွေ ပြောစဉ်က စိတ်မ၀င်စားခဲ့ပေမယ့် ဆရာတော်ရဲ့ တိုက်တွန်းစကား ကြားရတော့ ဒီအကြောင်း ခေါင်းထဲရောက်လာတယ်။ နဲနဲလည်း စဉ်းစားဖြစ်လာပါတယ်။ သူတိုက်တွန်းတာ အကြောင်းမဲ့တော့ မဟုတ် တန်ဘူးလို့လဲ တွေးမိပါတယ်။ နောက်ပြီး ဆရာတော်မိန့်ကြားတဲ့ စကားများအရ ကိုယ့်ဆောင်းပါးတွေထဲ စာ လုံးအဖြစ် ထည့်ရေးမထားတဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာအချို့ကို သူကောင်းကောင်းဖတ်မိလိုက်တာ ကိုလည်း တွေ့ရပါတယ်။
2
ဒါကြောင့် ခရီးသွားဆောင်းပါးတွေရေးရတာ အချိန်ကုန်ရကျိုးရှိတယ်။ ထိုက်လည်း ထိုက်တန်တယ်လို့လည်း ယုံကြည်မိပါတယ်။ ဒီယုံကြည်မှုကပဲ ကိုယ့်ကို ဒီဆောင်းပါးရေးဖြစ်ဖို့ တွန်းအားပေးခဲ့တယ်ဆိုလျင် မှားမယ် မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်သွားမယ့် ဒီခရီးက ဟိုအဝေးကြီးကိုရောက်ဖို့ အကြာကြီး စောင့်ချင်ရင်လည်း စောင့်ရဦးမယ်လေ။ ဒီတော့ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုနားနဲနဲ ဒီနားနဲနဲ၊ စေ့စေ့သိရေးထက် နှံ့နှံ့ရောက်ရေးကို အလေးပေးသူဖြစ်ရင်ဖြင့် ကိုယ့်ရဲ့ ဒီဆောင်းပါးတွေကို ဝေးဝေးက ရှောင်နေပါလို့လဲ ပြောထားပါရဲ့။
ကဲလေ။ ရေးတာတော့ ဟုတ်ပါပြီ။ ကိုယ်သွားခဲ့တဲ့နေရာ၊ ရောက်ခဲ့တဲ့နေရာတွေက များပြီ။ လေ့လာခဲ့တာ တွေကလည်း မနည်းတော့ဘူး။ တမင်တကာ မလေ့လာပဲနဲ့ အလိုလိုသိလာခဲ့တဲ့ အကြောင်းအရာတွေကပဲ မနည်းလှတော့ဘူး။ ဒါဆို ဘယ်ကဘယ်လို စရေးမှာတုံး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ နာမည်အကျော်ဆုံးအရာ ကို စရေးမလား။ အလှပဆုံးအရာကို စရေးမလား။ စိတ်ဝင်စားစရာ အကောင်းဆုံးအရာကို စရေးမလား။
ဟိုဟိုဒီဒီ အရှည်ကြီးစဉ်းစားနေရင် စဉ်းစားနေတာနဲ့ ရေးဖြစ်တဲ့ဆီ ရောက်မှာမဟုတ်ဘူး။ ဒီလိုပဲ အကြောင်း အရာတစ်ခုကို ရေးမယ်လို့ စဉ်းစာရင်း စဉ်းစားရင်းနဲ့ပဲ စဉ်းစားတာတင် ရပ်တန့်သွားခဲ့တဲ့ အတွေ့အကြုံတွေက များခဲ့ပြီလေ။ ဒါကြောင့် ရှည်ရှည်ဝေးဝေး စဉ်းစားမနေပဲ အနီးဆုံးကပဲ စရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟုတ်ပါပြီ၊ အနီးဆုံးက စရေးတာတော့ ဟုတ်ပါပြီ၊ ထားလိုက်ပါ။ ဘာနဲ့ အနီးဆုံးလဲ။ ကိုယ့်စိတ်နဲ့ အနီးဆုံးလား၊ ကိုယ့်ကိုယ်နဲ့ အနီးဆုံးလား။ ဒါမှမဟုတ် ကိုယ့်ခေါင်းနဲ့ အနီးဆုံးလား။ ကိုယ့်ခြေနဲ့ အနီးဆုံးလား။ ကိုင်းကွာ၊ ရှုပ် တယ်။ ကိုယ့်လက်နဲ့အနီးဆုံးဖြစ်တဲ့ ကွန်ပြူတာကီးဘုဒ်အကြောင်းကပဲ စရေးမယ်။ ကဲ စပြီ။
ကိုယ်သုံးနေတဲ့ ကွန်ပြူတာကီးဘုဒ်က အိပ်ခ်ျပီ တံဆိပ်။ အိပ်ခ်ျပီဆိုလို့ အထင်တော့ မကြီးလိုက်နဲ့။ ကိုယ့်စိတ် ကြိုက်ဝယ်ထားတဲ့ အရည်အသွေးကောင်းကောင်း ကီးဘုဒ်တော့ မဟုတ်ဖူး။ ကိုယ့်အနားကို ဘယ်သူယူလာလို့ ဘယ်ကနေရောက်လာတဲ့ ကီးဘုတ်မှန်း ကိုယ်လုံးဝ မသိတဲ့ ကီးဘုဒ်။ ခုလို မသိတာကလဲ အကြောင်းတွေ အများကြီးရှိတယ်။ (မသိနိုင်တဲ့အကြောင်းကြောင့် သိနိုင်တဲ့အရာတွေဖြစ်နိုင်တယ်)။
ပြောရရင် ကိုယ်သုံးနေတဲ့ ကီးဘုဒ်က တော်တော်ကြာနေပြီ။ ဒီလိုကြာခြင်းကလဲ ဒီကီးဘုဒ် ဘယ်ကနေ ဘယ် လို ရောက်လာမှန်း မသိခြင်းရဲ့ အကြောင်းတစ်ခုလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ကိုယ်နေထိုင်ရာကျောင်းကို အသုံးလိုမယ်ထင်ပြီး ဟိုကဒီက ယူလာတတ်တဲ့ ကွန်ပြူတာ တော်တော်များများ ရောက်လာတတ်တယ်။ အဲဒီ လိုရောက်လာတာတွေထဲမှာ ကွန်ပြူတာ လတ်လတ်တွေနဲ့ ကွန်ပြူတာနဲ့ ဆက်နွယ်တဲ့ ကီးဘုဒ်လို၊ မောက်စ်လို ပစ္စည်းတွေလည်း ပါတတ်တယ်။ မသစ်တသစ် သုံးလို့ဖြစ်တဲ့ တပတ်ရစ်တွေနဲ့ သူ့ရဲ့မိတ်ဆွေတွေလည်း ပါတတ် ပါတယ်။ အဲ တခါတခါ စေတနာလွန်ပြီး လုံးဝသုံးလို့မရနိုင်လောက်အောင် ဟောင်းနွမ်းကာ အင်္ဂါမစုံတော့တဲ့ ကွန်ပြူတာမျိုးကိုလည်း အသုံးကျမယ်ထင်ပြီး ယူလာတတ်လို့ ရောက်လာတတ်ပါတယ်။(ဒါက သုံးမဖြစ်တဲ့အရာ ကို အသုံးဝင်မယ် ထင်ရုံမျှနဲ့ သုံးဖြစ်တဲ့အရာ ဖြစ်မလာနိုင်ဘူးဆိုတာနဲ့ အသုံးဝင်မယ်ထင်တဲ့အရာတိုင်း သုံးလို့ မရနိုင်ဘူးဆိုတဲ့သဘောကို ပြောနေသလိုပါ။) ပြောချင်တာက၊ အများနဲ့ ဆက်သွယ်နေတဲ့နေရာဆိုတော့ ဘယ် ကနေ၊ ဘယ်သူ့ဆီကနေ၊ ဘယ်အချိန်ကမှန်း တိတိကျကျ ပြောလို့မရနိုင်တဲ့ (သက်ရှိသက်မဲ့) အရာတွေ ရောက်ရောက်တတ်တယ် ဆိုတာကိုပါ။
3
ခု ကိုယ်သုံးနေတဲ့ ဒီကီးဘုဒ်လေးကလည်း အဲဒီလို ဘယ်ကမှန်းမသိနိုင်တဲ့ အရာတွေထဲက တစ်ခုသောအရာ လေ။ သုံးဖြစ်မယ်ထင်လို့ ကိုယ်ကောက်သုံးနေတဲ့ ပစ္စည်းလေးတစ်ခုပေါ့။ တစ်ခု တော်တာက ဒီကီးဘုဒ်လေးက တော့ အသစ်ကျပ်ချွတ်လို့ မဆိုသာတောင် သုံးလို့ရနိုင်လောက်အောင် လတ်ဆတ်နေတဲ့ ပစ္စည်းလေးပါ။ ဒီကီး ဘုဒ်လေးနဲ့ပဲ ကိုယ့်ရဲ့ဆောင်းပါးတွေ တော်တော်များများကို ရိုက်ဖြစ်ခဲ့ပြီ။ ဒါတင် ဘယ်ဟုတ်လိမ့်ဦးလဲ။ တခါ တခါ ဟိုကဒီက ခိုင်းတတ်ကြတဲ့ ဖိတ်စာလို၊ ကြော်ငြာလို စာမျိုးလေးတွေကိုပင် ရိုက်ခဲ့ပေါင်း များခဲ့ပြီ။ တရံတခါ မှာဆို ဒီကီးဘုဒ်လေးတွေကို နှိပ်နေတဲ့ လက်ချောင်းပိုင်ရှင်နဲ့ လက်ချောင်းတွေကသာ သိပ်စိတ်မပါ ရှိကောင်း ရှိမယ်။ ကီးဘုတ်လေးကတော့ သူ့ရဲ့ မညက်ညောတဲ့ သဘာဝအတိုင်း တဒေါက်ဒေါက်မြည်သံပေးပြီး (မြည်သင့် တာထက် ပိုမြည်ကာ) စိတ်အားထက်သန်စွာ ရှပ်တိုက်ပြေးခဲ့တာလည်း များခဲ့ပြီ။ (ဒါက ရောက်လာတဲ့အရာ တွေထဲမှာ အသုံးဝင်တာတွေလည်း ပါသလို အသုံးမကျတာတွေလည်း ပါတယ်ဆိုတာပြပါတယ်။ နောက်ပြီး သိပ်အရည်အသွေး မကောင်းပေမယ့်လဲ အသုံးဝင်တယ်၊ အလုပ်ဖြစ်တယ်၊အသစ်မဟုတ်ပေမယ့် အလုပ်ဖြစ်နိုင် ပါတယ်ဆိုတာကိုလည်း ပြောပြနေသလိုပဲလေ။)
ကီးဘုဒ်က အနက်ရောင်။ ဒီတော့ အနက်ရောင်ပေါ်ကို အဖြူရောင် မြူမှုန်တွေကျလျင်ဖြင့် အင်မတန်သိမြင် လွယ်လို့ နံနက်လင်းတိုင်း ကီးဘုဒ်ကို တစ်ခုခုနဲ့ သုတ်သင်ပေးရပါတယ်။ နို့မဟုတ်ရင် အမှုန်တွေ ပေရေနေတဲ့ ကီးဘုဒ်တစ်ခုကို တနေ့တာလုံး မြင်နေရမယ့် ဆင်းရဲခြင်းတစ်မျိုးကို ရစေတတ်ပါတယ်။ တကယ်တော့ ကား လမ်းမဘေးမှာရှိတဲ့ ကိုယ့်အခန်းလေးထဲကို အများဆုံးဝင်လာတာက အမဲရောင် ဖုံမှုန့်တွေသာ များပါတယ်။ သို့ပေမယ့် ပြောခဲ့သလို ကိုယ့်ကီးဘုဒ်က အနက်ရောင်ဆိုတော့ အမည်းရောင်ဖုန်မှုန့်တွေ အတင်များပေမယ့် တင်လို့တင်မှန်း မသိပေမယ့် အဖြူရောင် အမှုန်တွေကျကာမှသာ ပိုပြီး သိသာမြင်သာရှိပါတယ်။(အမည်းပေါ် အဖြူတစ်စက် ကျရောက်ခြင်းဟာ သိသာထင်ရှားသလို အဖြူပေါ် အမည်းစွန်းလျင်လည်း သိသာလွယ်ကြောင်း ပြောပြနေသလိုပါ။)
အဖြူပေါ်မှာထင်နေတဲ့ အဖြူရောင် အညစ်အကြေး၊ အနက်ပေါ်စွန်းထင်းတဲ့ အမည်းရောင် အညစ်အကြေးဆို လျင်ဖြင့် သိလွယ်မြင်လွယ် ဖြစ်မယ် မဟုတ်ပေဘူး။ အနက်ရောင်ပေါင်ထင်တဲ့ အညစ်အကြေးပဲဖြစ်ဖြစ်၊ အဖြူ ရောင်ပေါ်တင်တဲ့ အညစ်အကြေးပဲဖြစ်ဖြစ်၊ အညစ်အကြေးဆိုတာ အညစ်အကြေးပဲမို့ ရှင်းလင်းဖို့တော့ လိုတာ ချည်းပဲဆိုတာကို သတိရစေပါတယ်။ (မကောင်းခြင်းက မကောင်းခြင်း၊ ကောင်းခြင်းက ကောင်းခြင်းပါပဲ)
ကိုယ်ကီးဘုဒ်ကို တစ်ချက်နှိပ်တိုင်း မော်နီတာမျက်နှာပြင်မှာ စာတစ်လုံးထင်လာတယ်။ နှစ်ချက်နှိပ်ရင် နှစ်လုံး ထင်လာတယ်။ (ခလုတ်နှိပ်ခြင်းကြောင့် စာလုံးထင်ခြင်းဖြစ်တယ်၊ ဒီနေရာမှာတော့ ခလုပ်မနှိပ်လျင် စာလုံး မထင်ခြင်းဟာ သေချာတဲ့အရာဖြစ်ပါတယ်)။ တခါခါတော့ နှစ်လုံးတွဲနှိပ်ပါမှ ကိုယ်လိုချင်တဲ့ တစ်လုံးတည်း ထင် ပါတယ်။ စာလုံးအနည်းငယ်ကတော့ သုံးလုံးတွဲနှိပ်ပါမှ အဆင်ပြေပါတယ်။ ဒါဆို လေးလုံး၊ဒါမှ မဟုတ်၊ ခြောက် လုံး တွဲနှိပ်လျင် ကိုယ်လိုချင်တဲ့ နှစ်လုံးထင်ရိုးလား။ ဒီလိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ နှစ်လုံး၊သုံးလုံးတွဲနှိပ်ပါမှ တစ်လုံးထဲ ထင်တယ်ဆိုတာသည်ပင် တကယ့်ကိုမှ အနည်းအကျဉ်းလောက်သာ အဓိပ္ပါယ်ရှိတဲ့ စာလုံးထင် တာ။ အများအားဖြင့် နှစ်လုံး တပြိုင်တည်းနှိပ်လျင် ဘာမှအဓိပ္ပါယ် ဆက်စပ်မရနိုင်တဲ့ စာနှစ်လုံးသာ ထင်လာ တာ များပါတယ်။ (အရာအားလုံး ပူးတွဲတိုင်း မကောင်းနိုင်ဘူးဆိုတာကို သတိရစေပါတယ်)။
4
နောက်ပြီးလည်း ကီးဘုဒ်ခလုတ်ကို နှိပ်တာမှန်မှ ကိုယ်လိုချင်တဲ့ စာလုံးမှန်ထွက်ပါတယ်။ ခလုတ်နှိပ်တာ မှားလို့ ကတော့ ဘယ်နှစ်ခါနှိပ်နှိပ် ဘယ်နှလုံးနှိပ်နှိပ် ကိုယ်လိုချင်တဲ့စာလုံး ထွက်လိမ့်မယ်လို့တော့ လုံးဝ မမျှော်လင့် ပါနဲ့။ (ကြိုးစားလျင် ဘုရားဖြစ်တယ်ဆိုပေမယ့် ကြိုးစားမှု မမှန်လျင် ဘုရားမဖြစ်ပဲ နွားပဲဖြစ်မယ်ဆိုတာကို ညွှန်ပြပါတယ်)။ ကိုယ်က ကွန်ပြူတာလက်ကွက်ကို စနစ်တကျ သင်ထားလေ့ကျင့်ထားတာ မဟုတ်ဘူးလေ။ ဒီ တော့ စာရိုက်တဲ့အခါမှ လက်ချောင်းဆယ်ချောင်းလုံးကိုတော့ သုံးပါရဲ့။ သို့ပေမယ့် မော်နီတာကို မကြည့်ပဲ တခါ တခါ ရိုက်ဖြစ်လျင် ကိုယ်ရိုက်လိုတဲ့စာက တခြား၊ မော်နီတာမှာ တကယ်ထင်နေတဲ့စာလုံးက တခြား ဖြစ်တတ် ပါတယ်။ (ဒါကတော့ စနစ်တကျ သင်ယူလေ့ကျင့်မထားပဲ လုပ်လျင် လွဲချော်မှု အကျိုးဆက်ကို ဖြစ်စေတတ် တယ်ဆိုတာ ပြပါတယ်၊ အ၀ိဇ္ဇာ-မသိမှုအမှားကြောင့်၊ သင်္ခါရ-အလုပ်မှားတွေ လုပ်မိလျင်၊ အဆက်ဆက် အကျိုးရလဒ်အဖြစ်၊…ဇာတိ… ဘ၀ဆင်းရဲ… သောက…. ဒုက္ခအဆက်ဆက်ကို ဖြစ်စေတယ်ဆိုတာ ထင်ရှားစေ ပါတယ်)။
ကိုယ့်အနီးအနားက အရာတွေအကြောင်း ရေးပါလို့ပြောကြတယ်။ ခု ကိုယ့်အနီးအနားက အနက်ရောင်ကီးဘုဒ် လေးအကြောင်း ရေးလိုက်တယ်။ တကယ်လို့ ကိုယ့်ကီးဘုဒ်က အနက်ရောင်မဟုတ်ပဲ အဖြူရောင်ဖြစ်နေခဲ့ရင် ကိုယ်ဘယ်လိုများရေးမလဲ။ ပြန်စဉ်းစားတော့ သိပ်ပြီးထူးထူးခြားခြား ကွဲပြားတာ မတွေ့ရပါဘူး။ ကီးဘုဒ်တစ်ခု ဟာ ကီးဘုဒ်တစ်ခုရဲ့ အလုပ်ကို လုပ်နေသမျှ အဖြူပဲဖြစ်ဖြစ်၊ အမည်းပဲဖြစ်ဖြစ် သိပ်ပြီးထူးခြားလှမယ် မဟုတ်ပါ ဘူး။ (လူသားတစ်ဦးဟာ လူသားတစ်ဦးမှာရှိသင့်ရှိရမည့် ကျင့်ဝတ်သိက္ခာရှိနေလျင်ဖြင့် အဖြူ၊အမည်း၊ အ၀ါ၊ အညို မတူရုံမျှနဲ့ တစ်ဦးနဲ့တစ်ဦး သိပ်ပြီးထူးခြားကွဲပြားသွားမယ် မဟုတ်ပေဘူး)။
ခုကိုယ့်ကီးဘုဒ်လေးက တန်ဖိုးမကြီးမား မခမ်းနားပေမယ့် သူ့လုပ်ရမည့်တာဝန်ကိုတော့ အပြည့်အ၀ ကျေပွန် အောင် လုပ်နေသေးတယ်။ တကယ်လို့ သူ့နေရာမှာ တန်ဖိုးကြီးမား ခမ်းနားတဲ့ ကီးဘုဒ်တစ်လုံး ဖြစ်နေပါပြီတဲ့။ ဒါပေမယ့် အဲဒီကြီးကျယ်ခမ်းနားမှုကြီးမှာ အကြောင်းတစ်ခုခုကြောင့် ခလုတ်တစ်ခု ပျက်ယွင်းနေပါပြီတဲ့။ ဒီလို ဆို အဲဒီခမ်းနားမှုကြီးက ဘာသုံးလို့ ရနိုင်ပါဦးတော့မလဲ။ အလုံးစုံ မပျက်ယွင်းသေးတာကြောင့် အတိုင်းအတာ တစ်ခုအထိ သုံလို့ရနိုင်တယ် ဆိုပစေဦးတော့။ ဘယ်မှာလာလို့ ပြည့်ပြည့်စုံစုံ ကိုယ်ရိုက်ချင်တဲ့ စာလုံးကို ရိုက်လို့ ရနိုင်ပါတော့မလဲ။(ခမ်းနားကြီးကျယ်တဲ့ အရာဝတ္ထုကြီးတစ်ခု၊ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ ဘယ်လို မှ အစားထိုးမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ချို့ယွင်းနေခဲ့ပြီ၊ ပျက်စီးနေခဲ့ပြီဆိုလျင်…..)
ဒီနှုန်းနဲ့သာ သွားနေရင် ကိုယ်နေထိုင်ရာ အဆောက်အဦထဲကနေ အပြင်ဖက်ရောက်ဖို့ဆို ခုလိုဆောင်းပါးပေါင်း ထောင်သောင်းချီ ရှည်သွားနိုင်မယ်ထင်တယ်။ ကိုယ်က မပျင်းလို့ ရေးတာတော့ ဟုတ်ပါပြီ။ အချိန်ရှားတဲ့ ခေတ်မှာ ခုလို အရည်မရ၊ အဖတ်မရ (တချို့က ထင်နိုင်တဲ့) စာတွေကို အချိန်ကုန်ခံကာ ဖတ်တဲ့သူကော ရှိနိုင် ပါ့မလား။ ဒါဆို ဖတ်စေချင်လို့ ရေးတဲ့စာ။ ဖတ်သူမရှိရင် ရေးရကျိုး နပ်ပါဦးတော့မလား။ စဉ်းစားရင်း၊ စဉ်းစား ရင်း…
ဒီမှာနားလိုက်တယ်။

No comments: