Sunday, October 23, 2011

ဇာဂနာအတွက် ကဗျာ ၃ ပုဒ်


ဇာဂနာအတွက် ကဗျာ ၃ ပုဒ် – three poems for Zargana


မောင်စွမ်းရည်
အောက်တိုဘာ ၂၃၊ ၂၀၁၁

ဇာဂနာ လွတ်လာပြီ

“ရယ်မှုသမိုင်း”
ရေးကြတိုင်းမှာ
သမိုင်း”ငိုဖွယ်”၊ ဖြစ်တော့မယ်။

မရယ်ရလို့
ရယ်ရအောင်ကူ၊ အားပေးသူကို
သူတို့ ထောင်ချလိုက်သတဲ့။

သတင်းမှန်ကို
မှန်တိုင်းပို့လို့
ဒင်းတို့ အရေးယူသတဲ့။

မုန်တိုင်းသင့်လို့
သင့်တဲ့လူကို
ကူပြန်တော့လဲ၊ ထောင်ထဲ ထဲ့သတဲ့။

ကြောက်တတ်တဲ့သူ
ရဲအောင်ကူလဲ
ကူလို့ အရေးယူသတဲ့။

လူက သံဃာ
ကူမိတာလဲ
ကူတာ အရေးယူသတဲ့။

လူက လူကို
လူလို ကူလို့
ကူတာ အရေးယူတဲ့။

“ကူဦးဟဲ့”လို့
ကူတဲ့သူကို
မကူနိုင်အောင်၊ ဝေးရာဆောင်သတဲ့။

တောင်ဖျားကလူ
မြောက်ဖျားပို့တာ
ဥပဒေပါ တဲ့။

တောင်ဖျားကနေ
မြောက်ဖျားရောက်တာ
‘ဇာဂနာ’ ပေါ့။

တောင်ဖျားကလူ
မြောက်ဖျားယူရင်း
မြောက်ဖျားပူလို့ တောင်ပြန်ပို့ခဲ့။

တောင်ရောက်မြောက်ရောက်
ခလောက်ဆန်လဲ
ကြောက်ရန်မသိတာ၊ ဇာဂနာဟေ့။

ဟော! ဇာဂနာ
သူလွတ်လာပြီ
သူဟာ လူကမွေးတဲ့
လူ့သား လူ့သွေး
“မွေးညှပ်”မဟုတ်
ကြောက်မွေးပါရင် ပါတိုင်းနှုတ်တဲ့ လူသားပါ။

ကြောက်တတ်သူများ
သူ့ဆီသွားပါ၊
ကြောက်မွေးပါရင်၊ ဇာဂနာက နှုတ်လိမ့်မယ်။

ဇာဂနာရှေ့မှာ
ကြောက်စရာတောင်၊ ရယ်စရာဖြစ်
စစ်ဗျူဟာတောင်
ချစ်ဗျူဟာကြီး ဖြစ်အံ့သတည်း။
မောင်စွမ်းရည်
၁၄ အောက်တိုဘာ ၂၀၁၁
နယူးယောက်


(ဤကဗျာကို အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် ဝေပါ။ မဝေလျှင် ဘီလူး စားလိမ့်မည်။ ဝေလျှင် အဖမ်းခံရမည်။)
သဗ္ဗေသတ္တာ ကမ္မသာကာ

ဒီမိုဂါထာ

ငရဲလားချင်
စစ်ထဲဝင်။

ကုသိုလ်ယူ
ကျော်သူနဲ့ တိုင်ပင်။

ကြောက်မွေးပါ
ဇာဂနာနဲ့နုတ်။

တနေ့သုံးခါ
ရွတ်ဆိုပါ
ဂါထာ ဤသုံးပုဒ်။

မောင်စွမ်းရည်၂၀၀၇ အောက်တိုဘာ ၁၆
မှိုင်းမှသည် မိုးထိအောင်

ပြည်သူချစ်တဲ့ ဇာဂနာ
ပြည်သူ့သွားမှာ
‘စစ်’ပိုးနာ
နုတ်ပစ်လိုက်စမ်းပါ။

ပြည်သူနားမှာ
‘စစ်’နဖာ
ဆွဲညှပ်ထုတ်ပေးပါ။

ပြည်သူ့အိုင်းနာ
လောက်ကျတာ
ကောက်ပ ဇာဂနာ။

မျက်မွေးစူးတာ
နုတ်ပေးပါ
ပြည်သူ့မျက်စိမှာ။

ကြောက်မွေးတွေပါ
နုတ်လိုက်ကွာ
ပြည်သူ့ကိုယ်ပေါ်မှာ။

ပျင်းမွေး ဖျင်းမွေး
အပင်းမွေးနဲ့
မွေးညံ့ မွေးညစ်
နုတ်သာပစ်
ပြည်သူချစ်တဲ့ ဇာဂနာ။

ဟာသ၀ိဇ္ဇာ ဇာဂနာ
ဒို့ခေတ်ကျ
မုချစိန်စီမှာ။


မောင်စွမ်းရည်
၂၀၀၆ နိုဝင်ဘာ ၇

No comments: