Monday, October 24, 2011

Home » သတင်း » မြန်မာနိုင်ငံရေး အကျဉ်းသားများအတွက် သြစတေးလျနိုင်ငံသူက ကီလို ၂၀၀၀ ကျော် စက်ဘီးစီး

မြန်မာ အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားသည့်အနေဖြင့် သြစတေးလျသူ Jag Dojkovski က ဥရောပနိုင်ငံများကိုစက်ဘီးနှင့် ဖြတ်ကျော်ကာ ၂၀၂၆ ကီလိုမီတာ အောင်မြင်စွာ စီးနင်းခဲ့သည်။


မြန်မာနိုင်ငံရေးအကျဉ်းသားများ အတွက် ကီလိုမီတာ ၂ ထောင်ကျော် စက်ဘီးစီးခဲ့သည့် Jag Dojkovski အား ပရက်ဂ်မြို့တွင်တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အသက် ၂၉ နှစ်အရွယ် အင်ဂျင်နီယာဘွဲ့ရ Jag Dojkovski က “ကျမအနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးစီအတွက် ၁ ကီလိုမီတာ စက်ဘီးစီးတာပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လူတွေ ပိုသိလာဖို့နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လုပ်ရာမှာ Burma Campaign UK အတွက် ရန်ပုံငွေ ပိုရလာအောင် လို့ပါ” ဟု ဆိုသည်။
သူသည် အောက်တိုဘာလ ၂၃ ရက် နေ့လယ်ပိုင်း၌ ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ Old Town Square တွင် စက်ဘီးစီး ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။
အင်္ဂလန်မှ စက်ဘီးနှင့် စတင်ထွက်၍ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဟော်လန် (နယ်သာလန်) နှင့် ဂျာမနီ နိုင်ငံများ၏ မြို့ကြီးများကို ဖြတ်သန်းခဲ့ပြီး ပရက်ဂ် အထိ ရက်သတ္တပတ် ၆ ပတ်ခန့်ကြာအောင် စက်ဘီးစီးခဲ့ရသည်။
ခရီးစဉ်တလျှောက် လန်ဒန်၊ ပါရီ၊ ဘရပ်ဆဲလ်၊ အမ်စတာဒမ်၊ ဟန်နိုဗာ၊ ဘာလင်နှင့် ပရက်ဂ်မြို့များအား ဖြတ်သန်းစဉ် နာရီ ၁၀၀ ကျော်အတွင်း ရာသီဥတုဒဏ်ကြောင့် အခက်အခဲတွေ့ကာ ခရီးစဉ်ပျက်မည်ဟု ပြောဆိုဝေဖန် ကြသော်လည်း အောင်မြင်စွာ ပြီးဆုံးခဲ့၍ အလွန်ဝမ်းမြောက် ဂုဏ်ယူကြောင်း Jag က ဆိုသည်။
“လမ်းမှာ မိုးရွာတာနဲ့လည်း ကြုံတယ်၊ ရာသီလည်း အရမ်းအေးလာတယ်။ ရာသီဥတုရဲ့ ဒဏ်တွေကို ကျမ ခံစားရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေက ကျမခံစားနေခဲ့ရတာ တွေထက် အဆများ စွာခံစားနေကြရတာ။ သူတို့တွေ လွတ်မြောက်ဖို့အတွက် ကျမ ကြိုးစား ဖြတ်သန်းနိုင်ခဲ့တယ်” ဟု သူက ပြောသည်။
သြစတေးလျနိုင်ငံသူ Jag အနေဖြင့် Burma Campaign UK အဖွဲ့ဝင် နန့်ဇိုရာဖန်း ရေးထားသော Little Daughter စာအုပ်ကို ဖတ်မိရာမှစတင်၍ မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားလာပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လုပ်ဆောင်ချင်သည့် စိတ် ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
Jag သည် သူနှင့်သက်တူရွယ်တူ နန့်ဇိုရာဖန်းကြောင့် Burma Campaign UK ရုံးသို့ လွန်ခဲ့သည့် ၆ လခန့်က ရောက်ရှိလာခဲ့၍ ထိုရုံးတွင် မဝေနှင်းပွင့်သုန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ဖခင်ဖြစ်သူ ထောင် ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် တခြားသော နိုင်ငံရေးအကျဉ်း သားများ အကြောင်းကို ထပ်မံသိခွင့် ရခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ဘက်က စွမ်းဆောင် ပေးချင်ခဲ့ကြောင်း ရှင်းပြသည်။
“အခုလို ကျမ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ စက်ဘီးစီးတာဟာ လူတွေ ပိုသိလာပြီး နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် ပိုပြီးတွန်းအားပေးနိုင်မယ်လို့ ကျမကတော့ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။
မကြာသေးမီက နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကို အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ လွှတ် ပေးလိုက်ခြင်း ကိုလည်း ၎င်းက မလုံလောက်သေးကြောင်းနှင့် အမှန်တကယ် အရေးပါပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် အဓိက အခန်းက ပါဝင်ရမည့် နိုင်ငံရေး အကျဉ်းသား ၁ ထောင်ကျော် ကျန်ရှိနေသေးကြောင်း ဆက်ပြောသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီခရီးကို အမှန်တကယ် သွားဖို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ အရေးအကြီးဆုံးနဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်က နိုင်ငံရေး အကျဉ်းသား အားလုံးကိုချက်ခြင်း ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ” ဟု Jag က ဆိုသည်။

No comments: