Thursday, June 18, 2009

Friday, June 19, 2009 (၆၄) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုကဗျာ

မိခင်ထံမှ မေတ္တာတောင်းခန်း
မောင်လွမ်းဏီ

မိခင်ရဲ့
နှောင်ကြိုးကို ဖြေခဲ့၊
သည်းစွာသော အနာကို
ကုသခဲ့၊
သမီးရဲ့
လုံ့လ ၀ီရိယ ဉာဏ်နဲ့ 
နာလန်ထူစေခဲ့။

ကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့အား
သိနားလည်အောင်၊ ဆွဲဆောင်နိုင်စွမ်း
သမီးအား ရဲရဲ ကမ်းလင့်ပါ။

ဘေးရန်ကာဆီး
သမီး ထီမည်မဟုတ်
ပတ္တမြားတူစွ ဟုတ္တာ။

တဘ၀ တခါ
သေရမည်ဖြစ်၊ သို့ဖြစ်ငြားလည်း
အဘယ်နည်းနှင့်၊ သေခွင့်ရခိုက်
ချစ်သမီး၌ မခံစား
တရားအမှန် မှတ်ရန်သာ။

သမီးစိတ်အတွေး
အကယ်အဖြစ် ကူးပြောင်းခဲ့လျှင်
ပြည်သူတို့လည်း ပျော်ရွှင်ကြအံ့။

အခြား အခြားသော
သူတို့ရဲ့
ရှုတ်ချခြင်း၊ ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း၊ နာမည်ဖျက်ခြင်း
အလျဉ်း သမီး ဂရုမပြု
မုဒိတာတရား၊ လက်ကိုင်ထားပါမည်။

မိခင်ထံမှ
ဒါမှ ငါ့သမီး
ကောင်းချီးကျူးရင့်၊ မေတ္တာလွင့်ပျံ
တေးသံသာကို၊ နားဆင်လိုပါသည်။

မိခင်ကျေးဇူး
စိန္တေထူးကို၊ အဦးရဆုံး
အသိရဆုံး၊ လုံးလုံးဖြစ်ရပါလို၏။

(ဒေါ်အောင်ဆန်းစုကြည်၏ ‘ဒါမှ ငါ့သမီး’ ကဗျာအား ခံစားမျှဝေမှု ...)

မောင်လွမ်းဏီ
၁၆-၆-၀၉



အမှတ်တရ

(၆၄) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုကဗျာ

ရဲရဲတောက် နှင်းဆီ
ရဲရင့်အောင်

စိမ့်ယိုပေါက်ကွဲ
အဟုန်ပြင်းသွက် လွင့်စင်ထွက်၊
အနီရောင် အဖွင့်အခက်
သွေး အစက်စက် ...

ဟောင်းအိုဆွေးမြေ့ နံရံများ
ပတ်ကြားကွဲအက် ပြိုကာပျက်၏။

သူသည် …
ပါးစပ်ရာဇ၀င်၊ ပုံပြင်မဟုတ်
ကောလာဟလ၊ ဒဏ္ဍာရီမဟုတ်
နှင်းဆီပွင့်ချပ် ပွင့်ဖတ်တစင်း၏
တိုက်ပွဲဝင်မှု မုန်တိုင်းတခု။

မိုးခြိမ်းသံတို့ တဖြောင်းဖြောင်းထွက်
လျှပ်ပန်းနွယ်တို့ ပြိုးပြိုးပြက်
ရုန်းကြွထိုးတက်၊ မိုမောက်ချွန်ထက်
စူးသွားတလက် …

မိုးတိမ်လွှာ ကမ်းပါးရံနှင့်
အာကာပြင်ထက် ထိုးခွဲတက်၏။

သူသည် …
သားကောင်နှင့် ထောင်ခြောက်မဟုတ်
တည်ကြက်နှင့် ညွှတ်ကိုင်းမဟုတ်
နှင်းဆီစူးသွား၏ ထူးခြားသည့်
ရိုးရိုးရှင်းရှင်း အခင်းအကျင်း။

လေဒဏ် ရေဆန် လောကဓံ
ကြံ့ကြံ့လည်းခံ အားမာန်မလျှော့၊
မွှေးကြော့သန့်စင် ကမ္ဘာတခွင်
သူ့ဖြစ်အင် …

ကိုယ်တိုင် လောင်မြိုက်
ကျွမ်းလောင်လှိုက်စား မွှေးပျံ့သွား၏။

သူသည် …
ရုပ်သေးရုပ်နှင့် မီးစာမဟုတ်
ပျော်တော်ဆက်နှင့် နင်းကြမ်းမဟုတ်
ရဂုံရနံ့သင်းဖွဲ့သည့်
ပကတိဖြစ်စဉ် သူ့ဂုဏ်အင်။

ပြင်းပြ 'နေ' နှင့် အက်စစ် 'မိုး' လည်း
ရဲရဲနီစွေး သူ့အသွေးကို၊
ဖျော့တော့ အရောင်အဆင်း
တိုက်ချွတ်နိုင်ခြင်း အလျဉ်းမရှိ၊

အချိုးအကွေ့ အလှည့်အပြောင်း
ထောင်းထောင်းညက်ချေ ခံနိုင်လေ၏ -။

သူသည် …
ဒူပေနာပေ မေတ္တာရှင်နှင့်
သစ္စာတရား လက်ကိုင်ထားသည့်
ပီဘိ ခန္တီပါရမီရှင်
မဟာ အာဇာနည်ပင်။

အိုဟောင်းမှုန်မွှား ကာလများစွာ
ကျိန်စာအလား လွင့်စင်သွားလည်း၊
ဝတ်မှုန်အမွေ
ကြဲဝေဖြန့်ကြက် မျိုးဆက်များသို့၊

ခေတ်သစ်ရာသီ
အလီလီကျော်နင်း လွင့်ပြယ်ခြင်းမရှိ၊ မြဲမြံ၏။

သူသည် …
သူရဲကောင်းတို့ ခေါင်းဆောင်
မြန်မာ့ဥသျှောင်
မျိုးကောင်း ဇာနည် ဘာမထီ၊
ကမ္ဘာတည်မည့်
ရဲရဲတောက် နှင်းဆီ
ဒေါ်အောင်ဆန်းစုကြည် ...။ ။

ရဲရင့်အောင်

(မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့သို့ ဂုဏ်ပြုရေးဖွဲ့ပါသည်။)


Posted by ဒေါက်တာလွဏ်းဆွေ

Labels: အမှတ်တရ

No comments: