Friday, April 29, 2011

ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြောပေးစေချင်ပါတယ်

 
ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်.... (ဆောင်းပါးရှင် အောင်မျိုးထွန်း)

အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်း နေအိမ်အကျယ်ချုပ်က ဒေါ်စု လွတ်လာပြီးတဲ့နောက်ပိုင်း သူ့ကို ဖမ်းဆီးရတဲ့ “ ဒီပဲယင်းလုပ်ကြံမှုကြီး ” နဲ့ ပတ်သက်လို့ အာစေးမိနေတဲ့ အကြောင်းပါ။ အရင်စိတ်မျိုးနဲ့ဆို ဒီကိစ္စအပေါ် ဒေါ်စု အနေနဲ့ စစ်အစိုးရကို အပြတ်ချဲပြီးသား။ ခံရတဲ့သူတွေ ထောင်ထဲရောက်၊ ကျူးလွန်တဲ့ တရားခံတွေ လွတ်မြောက်နေကြတဲ့ ကောသလအိပ်မက်လို ပြောင်းတိပြောင်းပြန် ဖြစ်ရပ်မျိုးဟာ နိုင်ငံရေးသမားတွေအတွက် အန်ပေါင်းတွေ၊ ဘောနတ်တွေ မဟုတ်လား။ ဝှေ့ယမ်းချင်စရာ နိုင်ငံရေးအလံတွေ မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ပထမဆုံးမှတ်ချက်ကို ဧပြီလ နောက်ဆုံးပတ်မှာ RFA ရေဒီယိုအသံလွှင့်ဌာနကို ဒေါ်စုက ဟောဒီလို ပြောလိုက်ပါတယ်။
အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကို အတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ကြိုးစားနေတဲ့ အထဲကနေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်

အားလုံးလည်း သိကြပါတယ်။ မတရားခံခဲ့ကြရတဲ့သူတွေရဲ့ အသံကို ထိုက်သင့်သလောက် ကြားပြီးပါပြီ။ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဒေါ်စုအနေနဲ့ မဟချင်၊ ပြန်မစချင်တာ သူ့ မှာ အခွင့်အရေးရှိပါတယ်။

“ ဒေါ်စု.. ဒီကိစ္စကို သံချောင်းပြန်ခေါက်ပါ ” လို့ ဖိအားသွားပေးလို့ မဖြစ်ပါဘူး။ သူ့ အတွေး၊ သူ့ ဖီလင်နဲ့ သူ နိုင်ငံရေးလုပ်နေတာပါ။ လွတ်လပ်မှုပေးရပါလိမ့်မယ်။ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ သူ့အနေအထားကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ တချို့သတင်းတွေအရ အာဏာပိုင်တွေဘက်က ဒေါ်စုကို ဘယ်လိုလမ်းကြောင်းမှာ ရှိစေချင်သလဲဆိုတာ အခုထိ သဲသဲကွဲကွဲ မသိရသေးတာ အဓိက မေးခွန်းဖြစ်နေပါတယ်။ လုပ်ရတာ ခေါင်းစားနေကြတယ်။                               

နိုင်ငံရေးမှာ အခြားတစ်ဘက်က ဘယ်လိုစဉ်းစားနေသလဲ...လို့ပိုင်းဖြတ်တတ်ဖို့ လိုပါဦးမယ်။ အများအားဖြင့် တစ်ဘက်တည်းတွေး၊ တခြမ်းတည်း လုပ်ကြရင်ဖြင့် လိုချင်တာရဖို့ ဝေးနေပါဦးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြားဘက်က ကိုယ်တွေဘက်ကို တစ်ဆံခြည်မျှတောင် အလွတ်မပေးဘူးဆိုတာ ပြည်တွင်းက နိုင်ငံရေးသမားတွေ သဘောပေါက်ပြီးသားနေမှာပါ။ သတင်းတွေကို များများ ရဖို့၊  ထောင့်မျိုးစုံက ရဖို့ သိပ်အရေးကြီးလှပါတယ်။ နိုင်ငံရေးသွေးကြောလို့တောင် သမုတ်နိုင်ပါတယ်။ သတင်း အတိုအစလေးတွေကို လေဖမ်းဒန်းစီးပြီး ချီတက်ကြရင်တော့ တခွိခွိ ရယ် နေကြမယ့်သူတွေ အမှန်တကယ်ရှိနေပါတယ်။ ဖဲသမားစကားနဲ့ ပြောရရင် တစ်ဘက်က အပ်ပန်တွေ၊ ကာလာတွေ၊ လေးလုံးဆင်တွေ၊ ဟောက်ဆင်တွေနဲ့ အပေါ်စီးက “ ရှိုး ” နေတာကို ကိုးပူး နှစ်ပယ်နဲ့ ကိုယ်တွေက ချွေးပျံနေရတဲ့ ပစ္စခတ်ပါ။

ဒီပဲယင်းဟာ ကြိုတင်လုပ်ကြံမှုပါ။ ဘယ်အချိန်မှာ ရိုက်မယ်၊ ဘယ်သူ့ကို ဘယ်လောက်ဆိုတာက အစ စံရွေးကိုက် ချိန်ညှိထားပြီးသားလို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ ဇာတ်တိုက်ထားပါစေ၊ တကယ် ဆော်ကြနှက်ကြတော့ စီမံထားတာအားလုံး ကွက်တိ ဖြစ်မလာဘဲ လွဲချော်ကုန်ပါတယ်။ ဒေါ်စုနဲ့ ဦးတင်ဦးကို ခြောက်လှန့်ရုံအဆင့် သတ်မှတ်ထားပေမယ့် ကွင်းထဲရောက်နေကြတဲ့သူ တချို့က “ စပိ ”တွေ လွန်ကုန်ကြပါတယ်။ ဒေါ်စုကားကိုပါ ၀ိုင်း သမ ကြမယ့်အခြေအနေကို ရောက်တော့ စီစဉ်တဲ့သူတွေ အချင်းချင်းဘဲ ခက်ခက်ခဲခဲ ထိန်းယူလိုက်ရတယ်လို့ ကြားဖူးပါတယ်။ အနီးကပ် ကြီးကြပ်ရသူ တချို့တောင် နယ်ပြောင်း ဘာပြောင်းတွေ ဖြစ်ကုန်ပါတယ်။

ကြားရတဲ့သတင်းက လုံးဝအမှန်ပါလို့ အပိုင်မပြောပါဘူး။ ဒါကို ထည့်စဉ်းစားပြီး ကိုယ်တွေ ရှေ့ဆက်လုပ်မယ့် မြန်မာ့ဒီမိုကရေစီရေးမှာ အကျိုးရှိစေချင်လို့  အောင်မြင်စေချင်လို့ပါ။ တစ်ဘက်က ဘာလုပ်လုပ် စီမံချက်ချပြီး လုပ်သလိုမျိုး ဒီမိုကရေစီဘက်တော်သားတွေဘက်ကလည်း မှန်ကန်တဲ့အချက် အလက်တွေပေါ် ခြုံငုံသုံးသပ်ပြီး ကျကျနန တိုက်ပွဲဝင်ကြဖို့ ပါ။

NLD ဆိုတာ အခုအချိန်မှာ ရပ်ကွက်ထဲ နှစ်လုံးသုံးလုံး ရောင်းတဲ့သူ လူမျိုးပေါ့ဗျာ။ သူဖမ်းချင်ရင် အချိန်မရွေး ကောက်ဖမ်းလို့ ရတယ်...

ဒီစကား ဘယ်သူပြောလဲဆိုတာ သိရင် ချာချာလည်သွားကြပါဦးမယ်။ ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်။

အောင်မျိုးထွန်း
၂၉- ၄- ၂၀၁၁

  ဒီစကား ဘယ်သူပြောလဲဆိုတာ သိရင် ချာချာလည်သွားကြပါဦးမယ်။ ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်။
ဒါဆိုရင်လဲ ခင်ဗျားကပဲ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြောပေးစေချင်ပါတယ်ဗျာ။ ချင့်ချိန်ရအောင်ပါ။


 
စဉ်းစားစရာတွေက အမျိုးမျိုး ရှိမှာပါ။ တပဲယင်းကိစ္စက ဒေါ်စုကို ခြောက်လှန့်ရုံဆိုတဲ့ အမြင်ကိုတော့ လက်မခံနိုင်ပါဘူး။
 
၁။ ခြောက်လှန့်ရုံဆိုရင် ခြောက်လှန့်ပြီးနောက် ဘာလို့ ဆက်ဖမ်းထားသလဲ။
 
၂။ ညအမှောင်ကြီးထဲမှာ မူးယစ်နေတဲ့ တုတ်၊ ဒါးကိုင် လူအုပ်ကြီးနှင့် ဝိုင်းတိုက်ခိုက်ခိုင်းတဲ့အခါမှာ လက်လွန် ခြေလွန်တွေ အများကြီးဖြစ်နိုင်တာမို့ ခြောက်လှန့်ရုံသက်သက်ဆိုတဲ ဆင်ခြေဟာ ရယ်စရာကောင်းလှပါတယ်။
 
၃။ ခြောက်လှန့်ရုံလုပ်ခိုင်းတာ အသေလုပ်လို့ အရေးယူခံရတယ်ဆိုတဲ့ အပြောမျိုးကမှ တစ်ကယ်ဘဲ တခိခိ ရယ်စရာ ဖြစ်မယ်ထင်တယ်။ ဘိုကလေးမှာ ပစ်မိန့်ပေးတဲ့ ဗိုလ်ကြီး ရာထူးတက်တယ်။ တပဲယင်းမှာ ဦးစီးတဲ့ ဗိုလ်မှူးကြီးသန်းဟန် ရာထူးတက်တယ်။ တပဲယင်းမှာ အနီးကပ်ကြီးကြပ်သူတွေကို တစ်ကယ်ဘဲ အရေးယူခံရတဲ့သူတွေရှိရင် ဒေါ်စုကို သေအောင် မသတ်နိုင်ခဲ့လို့ အရေးယူတာဘဲ ဖြစ်မှာပါ။
 
၎။ လက်ယဉ်နေတဲ့ ဗိုလ်ချုပ်အချို့ကိုတော့ ရှော့မတွက်စေချင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကိုတော့ အရှိတရားအဖြစ် လက်ခံရုံသာမက ယုံလည်း ယုံကြည်ပါတယ်။
Sincerely,

Aung Tin

ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု

ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု

နိဒါန်း

စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လူအများရဲ့ လုံခြုံရေးကို ထိခိုက်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်မှု (violence) အသွင်သဏ္ဍာန်မျိုးစုံကို ပဋိပက္ခ (conflicts) တွေကို ဖြေရှင်းဖို့အတွက် အသုံးပြုကြပါတယ်။ လူမျိုးစုကွဲပြားမှု၊ ဘာသာရေးအယူအဆကွဲပြားမှု၊ နိုင်ငံရေးအမြင်ကွဲပြားမှုစတဲ့ ကွဲပြားခြားနားမှုတွေ အကြားမှာ အတူတကွ ယှဉ်တွဲ နေထိုင်မှုကို ဦးစားပေးခြင်းမရှိပဲ၊ ပဋိပက္ခတွေ ဖြစ်လာအောင် အကြမ်းဖက်မှု နည်းမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းမှုတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုမှုတွေ ပေါ်ထွက်နေချိန်မှာပဲ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ဗိုလ်ကျစိုးမိုးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) စတာတွေကြောင့် ပေါ်ထွက်လာတဲ့ ပဋိပက္ခတွေကလဲ အများအပြား ရှိနေဆဲပါပဲ။

ငြိမ်းချမ်းရေးဆိုရာဝယ်

ငြိမ်းချမ်းရေးဆိုတာကို စစ်ပွဲတွေမရှိတာ၊ စစ်ပွဲတွေအဆုံးသတ်တာလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် များစွာရှိပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင် အင်အားသုံးမှုများ ကင်းဝေးမှု စတာတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်း အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ငြိမ်းချမ်းရေးသိပ္ပံကတော့ စစ်ပွဲတွေမဖြစ်လာအောင် ကာကွယ်ရေးနဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ တစတစနဲ့ စစ်ပွဲတွေသာမကတော့ပဲ၊ ငြိမ်းချမ်းစွာ တည်ရှိသော အနေအထား (state of peace) ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။

၂၀ ရာစု ကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီးလှုပ်ရှားမှုတွေကြောင့် လူတဦးချင်းစီပေါ်မှာ သက်ရောက်နေတဲ့ အကြမ်းဖက်မှု (violence) ကိုလဲ ငြိမ်းချမ်းရေး လေ့လာသူများက ထည့်သွင်းလေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို တိုက်ခိုက်နေသော စစ်ပွဲတွေလို့ သတ်မှတ်ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ လူတဦးနဲ့တဦးအကြားမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအပြင် မိမိကိုယ်ကို ထိခိုက်စေခြင်းနဲ့ သေကြောင်းကြံမှု ပြုလုပ်ခြင်းတွေဟာလဲ အတွင်းစိတ်ငြိမ်းချမ်းမှု (‘inner peace’) မရှိခြင်းကြောင့်လို့ ယူဆပြီး၊ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်လာကြပါတယ်။ ငြိမ်းချမ်းရေးသုတေသီတဦးဖြစ်တဲJohan Galtung က ဆေးပညာ နယ်ပယ်မှာ ရောဂါဘယဆိုတာကို ကျန်းမာရေးရဲ့ ဆန်းကျင်ဘက်အနေနဲ့ သတ်မှတ်ချက်ကို နမူနာ ယူပြီး၊ ငြိမ်းချမ်းရေး သုတေသန နယ်ပယ်မှာ အကြမ်းဖက်မှု ဆိုတာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။



ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမှုတွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လျှော့ချမှု ဆိုတာမှာ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကနေ စပြီး၊ လူနှစ်ဦးအကြားမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ ဒေါသတွေ၊ အာဃာတ တွေကို လျှော့ချမှုအထိ အကျုံးဝင်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချတာကို ‘negative peace‘ လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်တဲ့ အိမ်ထောင်ဘက်ကို ကွာရှင်းတာ၊ လူအများသေစေတတ်တဲ့ နယူးကလီးယား လက်နက်တွေကို လျှော့ချထိန်းချုပ်တာနဲ့ လူအချင်းချင်း ကျေးကျွန်အဖြစ် အနိုင်ကျင့်စေခိုင်းမှုတွေကို ပယ်ဖျက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာကို ဒီလို လျှော့ချခြင်းအသွင်နဲ့ negative peace အဖြစ် သတ်မှတ်မှုတွေ ရှိသလို၊ positive peace အနေနဲ့ ငြိမ်းချမ်းရေးဆိုတာ state of harmony ပေါ်ထွက်လာခြင်းလို့ သတ်မှတ်မှုတွေလဲ ရှိပါတယ်။ State of harmony ဆိုတာမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေ ပါဝင်ပါတယ်။ ဒီလို state of harmony ပေါ်ထွက်လာဖို့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှု (Culture of Peace) ရှိဖို့ လိုအပ်ပါတယ်။ 1999 UN Declaration on a Culture of Peace မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘ၀ကိုလေးစားတန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအားရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရားများကို ပညာပေးစည်းရုံးမှု၊ ဆွေးနွေးအဖြေရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို လေးစားတန်ဖိုးထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ကျားမတန်းတူညီမျှအခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှုင့်တင်ခြင်း၊ ပဋိပက္ခပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသော အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများသဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန်အလှန် နားလည်မှုစသည့် သဘောတရားများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအကြားတွင် ပျံ့နှံ့လာခြင်း စတဲ့ သဘောတရားတွေ အပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ်မှတ်ချက်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ဘ၀နေထိုင်မှုတွေ ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတာကို ဒီလို negative peace, positive peace တွေအနေနဲ့ သတ်မှတ်မှုတွေ ရှိပေမယ့်၊ ဒီလို သတ်မှတ်မှုတွေဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့သာ ဆိုင်ပြီး၊ ပဋိပက္ခတွေ ပေါ်ထွက်လာတာနဲ့ state of peace ကွယ်ပျောက်သွားနိုင်ကြောင်း Galtung က ဆိုထားခဲ့ပြီး၊ ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခတွေကို အကြမ်းမဖက်သော အပြုအမူနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းရည်ရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းများစွာ ရှိပါတယ်။ ဒီအထဲမှာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကတော့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် ပေးဆပ်ရမှုများတဲ့ ဖြေရှင်းနည်းတွေပါပဲ။ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကြောင့် လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀တွေ ပျက်စီးရုံမကပဲ၊ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာတွေပါ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ခဲ့စေပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ကိုယ်ချင်းစာနာမှု၊ တီထွင်ဆန်းသစ်မှု၊ အကြမ်းမဖက်မှု စတာတွေအပေါ်မှာ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ရေးသားတင်ပြခဲ့ကြပါတယ်။

ပဋိပက္ခဆိုရာဝယ်

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်က ပဋိပက္ခဆိုတာ ဆိုးဝါးမှု၊ အကြမ်းဖက်မှု မဟုတ်ပဲ လူတွေရဲ့ဘ၀၊ လူမှုဆက်ဆံရေးနဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ အရာဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပြီး၊ ဒီရည်မှန်းချက်ပန်းတိုင်တွေ အကြားမှာ မတူညီကွဲပြားမှုတွေ၊ သဟဇာတမရှိမှုတွေ ဖြစ်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ပဋိပက္ခတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေတတ်ပြီး လူတယောက်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေခြင်း (intra-personal conflict)၊ လူနှစ်ဦးအကြား ပဋိပက္ခ (interpersonal conflict) ၊ အုပ်စုတွင်း ပဋိပက္ခ (intra-group conflict)၊ အုပ်စုများအကြားမှ ပဋိပက္ခ (intergroup conflict), နိုင်ငံတွင်းပဋိပက္ခ (national (intra-state) conflicts) နဲ့ နိုင်ငံများအကြားမှ ပဋိပက္ခ ( international (inter-state) conflicts) ဆိုပြီး၊ အမျိုးမျိုးကွဲပြားပါတယ်။

ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေမှာ ဒီလို ကွဲပြားခြားနားပြီး၊ သဟဇာတမဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (Content or contradiction) အပြင်၊ သက်ဆိုင်သူတွေရဲ့ အမြင်သဘောထား (Attitude) နဲ့ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေလဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး၊ ပဋိပက္ခအေဘီစီ သုံးနာညီတြိဂံ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခတွေတိုင်းမှာ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content ဆိုတာတွေရှိနေပြီး၊ ဒီသုံးမျိုးက ဆက်စပ်နေပါတယ်။ ဒီအချက်သုံးခုကို လေ့လာခြင်းအားဖြင့် ပဋိပက္ခတွေအပေါ်မှာ နားလည်မှု ပိုရှိပြီး၊ ဒီလိုပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလဲ ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- အားလပ်ရက်တရက်မှာ ယောက်ျားဖြစ်သူက အိမ်မှာ စာဖတ်ချင်ပြီး၊ မိန်းမဖြစ်သူက ဈေးဝယ်ထွက်လိုတဲ့အခါ သူတို့ဆီမှာ မတူညီကွဲပြားတဲ့ content or contradiction တွေ ရှိနေပါပြီ။ ဒီအခါမှာ တဦးတဘက်ကဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ သူတို့ရဲ့ မိသားစုဆက်ဆံရေးကို အားလပ်ရက် အသုံးချမှု အမြင်သဘောထား (attitude) တွေထက် ပိုပြီး တန်ဖိုးထားရင် (သို့မဟုတ်) တဘက်နဲ့တဘက် လိုအပ်ချက်တွေနဲ့ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို နားလည်မှုပေးနိုင်ရင်၊ ဒီမိသားစုမှာ ကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် shared strategy ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋိပက္ခဆိုတာ ပြဿနာမဟုတ်ပဲ ဒါကိုရှုမြင်သုံးသပ်ပုံနဲံ ကိုင်တွယ်ဖြေရှင်းပုံကသာ ပြဿနာဖြစ်ကြောင်း ပညာရှင်တွေက မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။ အထက်က ဖော်ပြထားတဲ့ ဥပမာမှာ ယောက်ျားဖြစ်သူက 'မင်းသွားချင်တိုင်း အမြဲလိုက်မပို့ပေးနိုင်ဘူး၊ မင်းဘာသာသွား၊ ငါစာဖတ်စရာရှိတယ်'လို့ ပြောပြီး၊ မိန်းမဖြစ်သူကလဲ 'ရှင်ဟာ မိန်းမတွေရဲ့ လိုအပ်ချက်ကို မလိုက်လျောပေးနိုင်တဲ့ ယောက်ျားပဲ။ ရှင်ပို့ပေးမှ သွားရမှာ မဟုတ်ဘူး။ ကျွန်မဘာသာ တက္ကဆီနဲ့ သွားမယ်' ဆိုပြီး၊ အပြန်အလှန်အော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပြီ ဆိုပါစို့။ ဒီလို conflict escalation ဖြစ်ပွားလာမှုဟာ 'ငါမှန်တယ်၊ သူမှားတယ်'ဆိုတဲ့ အမြင်သဘောထား (attitudes) နဲ့ တဘက်နဲ့တဘက် အော်ဟစ်မှု၊ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်တဲ့ အပြုအမူ (behaviour) တွေကြောင့် ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်သဘောထားနဲ့ အပြုအမူတွေအပေါ်မှာ အခြေတည်ပြီး၊ ပဋိပက္ခတွေ ကြီးထွားလာချိန်မှာ မိန်းမဖြစ်သူက တက္ကဆီနဲ့ အပြင်ထွက်သွားခဲ့လို့ တဘက်နဲ့ တဘက်စွပ်စွဲမှုတွေ၊ ရန်ပွဲတွေ မဖြစ်လာရင်တောင် ဒါဟာ ပြီးဆုံးသွားတဲ့ ပဋိပက္ခလို့ မဆိုနိုင်ပါဘူး။ တိုက်ဆိုင်ချိန်မှာ အချိန်မရွေး ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။

ပဋိပက္ခအရေးလေ့လာသူ Keltner ရဲ့ ‘struggle spectrum’ အရ ပဋိပက္ခတွေ ဆင့်ကဲဖြစ်ပေါ်မှုတွေမှာ အဆင့်ခြောက်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကွဲပြားမှုဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ သဘောတူညီချက် မရမှုပါ။ အဲဒီအခါမှာ အငြင်းပွားမှု အဆင့်ကို တက်သွားပြီး၊ သူမှန်တယ်-ငါမှန်တယ်နဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ စွပ်စွဲပြောဆိုမှုတွေ ရှိလာပြီး၊ ရန်ပွဲအသွင် ရောက်သွားတတ်ပါတယ်။ ဒီလို ပဋိပက္ခအဆင့်တွေတိုင်းမှာ ဦးတည်ရာ နှစ်ခုရှိပါတယ်။ တခုကတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာခြင်း (conflict escalation) ဖြစ်ပြီး၊ ဒုတိယဦးတည်ရာကတော့ ပဋိပက္ခရေချိန် လျော့ကျလာခြင်း (conflict de-escalation) ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပေါ်မှု အဆင့်တွေမှာ ပိုမိုကြီးထွားလာခြင်း၊ လျော့ကျလာခြင်းက လူတွေရဲ့ အမြင်သဘောထားတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုပေါ်မှာ မူတည်ပါတယ်။

လူမှုစိတ်ပညာနဲ့ လူမှုမနုဿဗေဒပညာရပ်တွေမှာ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားနဲ့ ပြုမူ ဆောင်ရွက်ပုံတွေကို လေ့လာဖော်ထုတ် ထားပါတယ်။ အမြင်ကျဉ်းမြောင်းခြင်း၊ ခြိမ်းချောက်ခြင်း၊ အင်အားသုံးဖြေရှင်းခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တယူသန်ခြင်း၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးအယူအဆ အစွန်းရောက်ခြင်း စတာတွေဟာ ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပြီး၊ လူသားဆန်မှု၊ သည်းခံခွင့်လွှတ်မှု၊ လူ့သိက္ခာကို တန်ဖိုးထားမှု၊ ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကတော့ ပဋိပက္ခတွေကို လျော့ကျစေ နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတူညီပါဘူး။ ပဋိပက္ခတွေက ပုံမှန်ဖြစ်ပွားနေတဲ့ အရာတွေဖြစ်ပြီး၊ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content သုံးခုပေါင်းစပ်ပါဝင်ပြီး၊ စစ်ပွဲတွေကတော့ ပြုမူဆောင်ရွက်ပုံ (Behaviour) နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေကို ပြုမူဆောင်ရွက်ပုံအား ပြောင်းလဲခြင်း (behaviour change) နဲ့ အဆုံးသတ်လို့ရပါတယ်။ ပဋိပက္ခတွေကိုတော့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲရုံနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ပဋိပက္ခကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ၊ မတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပဋိပက္ခဖြစ်ပွားမှုအဆင့် လျော့ကျစေနိုင်တဲ့ အမြင်သဘောထားတွေကိုင်စွဲပြီး၊ ခြိမ်းချောက်အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျခြင်း မပါသော ပြုမူဆောင်ရွက်ပုံတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု (violence) ဆိုရာဝယ်

အကြမ်းဖက်မှုဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ အကြမ်းဖက်မှုဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုသဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။ လူအများက အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိသွားတတ်ကြပါတယ်။ ဒါတွေက အကြမ်းဖက်မှု အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ (ဒီနေရာမှာ violence နဲ့ terrorism နှစ်မျိုးစလုံးကို အကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဘာသာပြန်ကြတာကြောင့်လဲ သဘောတရားတွေ ရောထွေးနေတာ ဖြစ်ပါတယ်။ terrorism က အကြမ်းဖက်မှုရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်)

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ အကြမ်းဖက်မှု (violence) ဆိုတာကို တိုက်ရိုက်အကြမ်းဖက်မှု (Direct Violence)(Structural Violence) နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (Cultural Violence) ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုက ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုမှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုကြောင့် နှစ်စဉ်လူသား (.) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကိုသာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ တိုက်ရိုက်အကြမ်းဖက်မှုတွေကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ အကြမ်းဖက်ခံရခြင်းပဲ ဖြစ်ပါတယ်။ လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြားသတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင်ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ အကြမ်းဖက်မှုကို ခံစားရလို့ဖြစ်ပါတယ်။

နောက်ထပ် အကြမ်းဖက်မှုတခုကတော့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (cultural violence) ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု ရှိခြင်းဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက တိုက်ရိုက်အကြမ်းဖက်မှု ခေါင်းစီးအောက် ရောက်သွားမှာပါ။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုဆိုတာက တိုက်ရိုက်အကြမ်းဖက်မှုနဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။

အကြမ်းဖက်မှု အမျိုးအစားသုံးမျိုးဟာ ပဋိပက္ခ အေဘီစီသုံးနာညီ တြိဂံပါ အချက်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ပြုမူဆောင်ရွက်မှုတွေကို သက်ရောက်စေနိုင်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုက အမြင်သဘောထားတွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက အကြမ်းမဖက်သော အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့ ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြပါတယ်။ သို့ပေမယ့် ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊ အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံနဲ့ မဖြစ်နိုင်ပါဘူး။ Behaviour change ကို အကြမ်းမဖက်သော အပြုအမူ ဖြစ်လာစေဖို့ ဆိုတာမှာကလဲ လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိမှ ဖြစ်ပါတယ်။ ညဘက်အပြင်ထွက်ရင် မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင်သွားတတ်သူများရဲ့ behaviour ကို အကြမ်းမဖက်သော အမြင် သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security ရှိလာမှသာ လက်နက်နဲ့ အကြမ်းဖက်မှု မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ။

ဒီလိုပါပဲ။ ကျားဆိုးတကောင်ရဲ့ ခြိမ်းချောက်မှုရှိနေတဲ့ ရွာတရွာမှာ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားခြင်းကိုလဲ အကြမ်းမဖက် အတွေးအခေါ်၊ အမြင်သဘောထားတွေ ဖြန့်ဖြူးပေးပြီး၊ လက်နက်ကိုင်စွဲခြင်း ရပ်တန့်ဖို့ လုပ်လို့မရပါ။ အမြင် သဘောထားနဲ့ ပြုမူဆောင်ရွက်မှုက အကြမ်းမဖက်ခြင်း အသွင်ဆောင် လာသည်ပဲထား၊ ကျားဆိုးအန္တရာယ်ကတော့ ကင်းဝေးမှာ မဟုတ်ပါ။ ကျားသနားမှ နွားချမ်းသာမယ့် ဘ၀ ရောက်သွားကြရုံပဲ ရှိမှာပါ။ အဲဒီအခါမှာ လူတွေကလဲ နွားတွေ မဟုတ်တဲ့အတွက် ကျားဆိုးအန္တရာယ်ကို ခုခံကာကွယ်ဖို့ တုတ်၊ ဓား လက်နက်တွေ ပြန်လည်ကိုင်ဆောင်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကို ပညာရှင်တွေက အကြမ်းဖက်မှုသံသရာစက်ဝန်း (cycle of violence) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ကျားဆိုးနဲ့တူတဲ့ အန္တရာယ်ကို ဖယ်ရှားပြီး၊ sense of security ရှိလာချိန်ကျမှသာ အကြမ်းမဖက်သော အမြင်သဘောထားများ ဖြန့်ဖြူးမှု၊ အကြမ်းဖက်သဏ္ဍာန် ပြုမူဆောင်ရွက်တတ်မှုနဲ့ ပဋိပက္ခပြဿနာများကို အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်ရှိလာမှုတို့နဲ့ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ လျော့နည်းပြီး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေအပေါ်မှာ အခြေတည်တဲ့ state of harmony ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဆိုတာ အကြမ်းမဖက်မှု အမြင်သဘောထားတွေ၊ ပြုမူဆောင်ရွက်မှုတွေ ရှိလာရုံနဲ့ မလုံလောက်ပါဘူး။ sense of security ရှိစေမယ့် political and socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ structural violence ရှိနေရင် လူသားလုံခြုံရေး (Human Security) ကို ထိခိုက်စေတဲ့အတွက် ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် structural violence ဖြစ်ထွန်းစေတဲ့ နိုင်ငံရေး-လူမှုစီးပွားရေး စနစ်တွေကို ဖယ်ရှားပြီးမှသာ ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၈၊ ၄၊ ၂၀၁၁)




ရည်ညွန်းကိုးကား။

Brock-Utne B (1997). Linking the micro and macro in peace and development studies. In Turpin J and Kurtz L (eds). The web of violence: from interpersonal to global. Chicago, University of Illinois Press.

Farmer P (2005). Pathologies of power: health, human rights, and the new war on the poor. Berkeley CA, University of California Press.

Galtung J (1996). Peace by peaceful means: peace and conflict, development and civilisation. London, Prio/Sage.

Galtung J (2002). What is peace studies? In Johansen J, Vambheim V (eds). Three papers by Johan Galtung. Tromsø, Centre for Peace Studies, University of Tromsø.

Galtung J (2004). Transcend and transform: an introduction to conflict work. London, Pluto Press.

Keltner J (1997). The management of struggle: elements of dispute resolution through negotiation, mediation and arbitration. Cresskill, NJ, Hampton Press.
WHO (2002). World report on violence and health. Geneva, WHO.







peace, conflict and violence.pdfpeace, conflict and violence.pdf
81K   View   Download  

Sunday, April 24, 2011

A Signature campaign in Canada for Burma!

A Signature campaign for peace, tranquillity and national reconciliation in the Republic of the Union of Burma/Myanmar, initiated by 'Youth Network' launched on the Burmese New Year day, has been extended to outside of the country. It is requested to release all prisoners of conscience; declare immediately a cease-fire between the Tatmadaw (armed forces) and armed ethnic groups; and create conditions that would enable individuals living as refugees in various countries abroad to come back to Burma in comfort and security.
The signatures are being collected from the people inside the country as well as abroad for the following petition to be sent to the President of the Republic of the Union of Burma/Myanmar.

Please note that it’s a request to the head of the government of Burma / Myanmar from the people; initiated by the grass root network, not by any political party; however, it’s been participated by all walks of society inside and beyond the country.

Please sign the attached (Burmese & English) petition and get as many signatures as possible with the hope that we will help to achieve peace and tranquillity in Burma / Myanmar. Kindly circulate it to people in your network.

You can send the signed petitions to me; then I will forward to the President along with other petitions or you can send directly to the Burmese Ambassador in Ottawa.

His address is:
H E U Kyaw Tin
Embassy of Myanmar
SANDRINGHAM BUILDING
85 RANGE ROAD, SUITE 902-903,
OTTAWA, ONTARIO KIN 8J6

Thank you.
Petition for peace and national reconciliation.pdfPetition for peace and national reconciliation.pdf
51K   View   Download  

Saturday, April 23, 2011

Signature Campaign

Hi,
 
The campaign is widely participated by all parties and individuals. Please print and get the signatures from Burmese including ethnics and we will send them to U Thein Sein.
 
Please share with others as many as possible.

Sincerely,
 
Signature Campaign Endorsed by DASSK.pdfSignature Campaign Endorsed by DASSK.pdf
51K   View   Download  



ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ


စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ်ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ်ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက်တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားပဲ၊ အခြေအနေရဲ့ တောင်းဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းဟာ အောင်ပွဲရအောင် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေရဲ့ အရည်အချင်း တရပ်ပဲ ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)

လောကမှာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဒဂါင်္းပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ်ထင်ရှားတဲ့ အဆိုအမိန့် တခုကတော့ "အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်" ဆိုတဲ့ အယူအဆပါ။

ခေါင်းဆောင်တယောက်ဟာ ဒီလိုဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျောညီထွေတွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တပြိုင်နက်တည်းမှာပဲ strategic big picture တခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။

ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေအပါအ၀င် တဘက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေးစစ်မျက်နှာတွေ အားလုံးမှာ ကွပ်ကဲမှု တစုတစည်းတည်းရှိခြင်း (unity of command) ဟာ အောင်ပွဲရဲ့ သော့ချက်ပါပဲ။ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦးစားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအိုအဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင်နိုင်ငံရေး စသည်များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး၊ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။

coup d'oeil

လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့်ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d'oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d'oeil နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာ လေးမျိုး ရှိပါတယ်။ ပထမတမျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်းယဉ်ကျေးမှု ရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

ဒုတိယတမျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေတခုမှာ အရှုံးအနိုင် ခေါင်းဆောင်ကဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန်ဆန်ဆန် တွေးခေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ်ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။

တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေတဲ့ စီမံချက်တွေ ချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပ၀န်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲရစေနိုင်မယ့် လှုပ်ရှားမှုတွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။

နောက်ဆုံးအချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံသဘောတရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d'oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပအာရုံထားမှု၊ အတွင်းအာရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေမှုတွေအကြားမှာ အခြေအနေ၊ အချိန်အခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။


စစ်၏ အခြေခံသဘောတရားများနှင့် ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှု

(က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)

တိုက်စစ်က ရန်သူက ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦးတိုက်ခိုက်လာတာကို ခုခံကာကွယ်စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲတည်ရှိနေပါတယ်။ ဘယ်စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေအတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈၀ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ် စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ်တိုက်ပွဲဝင်ရတာလဲ ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထားတဲ့ active defence လို့ ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။

() ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)

ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာကျတော့ ကြိုတင်စီမံသုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူမထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြပါတယ်။ နိုင်ငံရေးကစားပွဲမှာ ၀ှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလဲ ရှိပါတယ်။
တခါတရံမှာ စစ်ဆင်ရေးစီမံချက်ထဲမှာ တံတားကူးပြီး တဘက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူးတွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။

စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ရည်မှန်းချက်ကို ပြည့်မှီချင်မှ မှီမှာပါ။ ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက်ဒွန်တွဲနေတာကို အကောင်းဆုံး တုန့်ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

() လှုပ်ရှားမှု- လုံခြုံရေး (Maneuver- Security)

ဒီအခြေခံသဘောတရား နှစ်ခုကလဲ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ်ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကျဆုံးထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လဲ တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တဘက်ရန်သူက ရင်ဆိုင်ထိန်းချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။

စစ်ရဲ့ သဘောသဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထားရတာကလဲ ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှု အားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

() ရိုးရှင်းမှု - ရှုပ်ထွေးမှု (Simplicity- Complexity)

တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ်ချက်တွေက ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလဲ အများအပြား ရှိနိုင်ပါတယ်။ ကမ္ဘာတ၀ှမ်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုန့်ပြန်လက်ခံပုံ မတူညီမှုပဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေးမှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက်အပိုင်းတွေမှာ အားနည်းတာလဲ ရှိပါတယ်။

အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေအားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့်သူတွေ သီးခြားစီ ရှိပါတယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တခါတရံမှာလဲ ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ်ပါတယ်။

ရိုးရှင်းမှု- ရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့်ဖြစ်ပါတယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေးအခင်းအကျင်း အခြေအနေတခုမှာ တိုက်ရင် ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့ မရပါဘူး။ တိုက်ချင်သူတိုက်ကြဆိုပြီး စွန့်ဦးလုပ်ဆောင်စေမှုလဲ လုပ်လို့ မရပါဘူး။

ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါမယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လဲတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာမှုပြီး တိုက်စစ်အတွက် ပြန်လည်အားယူမှု လုပ်ရင်လဲ လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးပဲ၊ တိုက်ပွဲအီနေတာကို အချိန်ဆွဲထားရင် ဒုတိယအတွေး (second thought) တွေ ၀င်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းက အရေးပေါ်အခြေအနေမှာ သင့်လျော်ပါတယ်။

() Mission- People

စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မှီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလဲ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မှီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေးဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။

မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ချေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တဘက်နဲ့ တဘက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တဘက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေအတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက်ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံသဘောတရားတွေဟာ တခုချင်း သီးခြားဖြစ်တည်နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာနှစ်ခုကို ဆက်စပ်အသုံးပြုရတဲ့အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအရာတွေဆီမှာ မဟုတ်ပဲ ဆက်နွယ်မှု ပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တခုနဲ့ တခု ဆက်နွယ်နေပြီး၊ အပြန်အလှန် တည်မှီနေသလို၊ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလဲရှိနေတဲ့ စစ်ရဲ့ အခြေခံ သဘောတရားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၄၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Alger, J. (1982) The Quest for Victory: The History of the Principles of War, Westport, CN:
Greenwood Press

Howard, M. (1983) Clausewitz, Past Masters series, Oxford University Press

Howard, M. & Paret, P. (1976) Clausewitz: On War, Princeton University Press

Edward Luttwak (1987) Strategy: The Logic of War and Peace, Cambridge, MA: The Belknap Press of Harvard University Press


paradoxical reasoning and principles of war.pdfparadoxical reasoning and principles of war.pdf
44K   View   Download