Sunday, April 3, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၄)


အမျိုးသားပြန်လည်သင့်မြတ်ရေး :  ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၄)

ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးလား။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်မျိုးကို ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းခဲ့တဲ့ အချိန်လောက်ကတည်းကကြားလာကြရတာပါ။ ပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီးတော့မဲ့အရေးက ကယ်တင်လိုက်ရတာပါလို့ အာဏာသိမ်းစဉ်က စစ်ခေါင်းဆောင်များက အကြောင်းပြခဲ့ ပါတယ်။ သဘောကတော့ စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ အထူးသဖြင့်ရှမ်းပြည်ခေါင်းဆောင်များ က အခြေခံဥပဒေကိုပြင်ဆင်ရန်တင်ပြတောင်းဆိုတာကို ပြည်ထောင်စုပြိုကွဲတော့မဲ့အရေးလို့ အကြောင်းပြတာ ပါ။ တနည်းအားဖြင့် ရှမ်းပြည်ခေါင်းဆောင်များတင်ပြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူဆိုတာကို တိုင်းပြည်ပြိုကွဲရေးလို့အကြောင်းပြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဝါဒဖြန့်မှုအောက်မှာ ကြီးပြင်းလာရသူများအနေနဲ့ ဖက်ဒရယ်ဆိုတာ ပြည်ထောင် စုပြို ကွဲရေးလို့ထင်မှတ်လေ့ရှိကြတယ်။ တကယ်တော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အင်အားတောင့်တင်းမှု ကိုဖြစ်စေတဲ့ စုစည်းမှုလို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်ရှိ နယ်မြေကျယ်ပြန့် ကြီးမားတဲ့(အင်အားကြီး) နိုင်ငံ ၁၀ နိုင်ငံ မှာ ၈နိုင်ငံလောက်က ပြည်ထောင်စုနိုင်ငံ ထူထောင်ထားကြပါတယ်။

ပြည်ထောင်စုအမည်အမျိုးမျိုး

ကမ္ဘာမှာ ပြည်ထောင်စုနိုင်ငံတွေဆိုလို့ အာရှပစိဖိတ်ဒေသမှာ ၆ နိုင်ငံ၊ ဥပရောပမှာ ၇ နိုင်ငံ၊ အာဖရိကမှာ ၄ နိုင်ငံ၊ အမေရိကတိုက်မှာ ၇ နိုင်ငံ အသီးသီးရှိကြပါတယ်။ ကမ္ဘာ့မြေဧရိယာရဲ့ သုံးပုံ နှစ်ပုံလောက်က ဒီ ပြည်ထောင်စု ၂၄ နိုင်ငံတွေအတွင်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော့ဒီပြည်ထောင်စုနိုင်ငံတွေစာရင်းမှာ မပါပါဘူး။

ပြည်ထောင်စုကို အင်္ဂလိပ်လို ယူနိုက်တစ်စတိတ်၊ ဖက်ဒရေးရှင်း၊ ဖက်ဒရေးတစ်၊ ယူနီယံ အစရှိသည်ဖြင့် အမည် အမျိုးမျိုးတတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ယူနက်တစ် စတိတ်အောဖ် အမေရိကားလို့ အမည်ပေး ထားပါတယ်၊ အစိုးရကိုတော့ ဖက်ဒရယ်ဂါးဗားမဲန့် (ပြည်ထောင်စုအစိုးရ) နဲ့ စတိတ်ဂါးဗားမဲန့် (ပြည်နယ်အစိုးရ များ) လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပြည်ထောင်စုတရားရုံးများကို ဖက်ဒရယ်တရားရုံးလို့ခေါ်ကြပါတယ်။ ဆိုဗီယက် နိုင်ငံတော်ကြီး ပြိုကွဲပြီးနောက် ရုရှားနိုင်ငံကတော့ ရုရှားဖက်ဒရေးရှင်းဆိုပြီး ပြည်ထောင်စုဖွဲ့ပါတယ်။ ရုရှားဖက် ဒရေးရှင်းမှာ ရီပတ်ဗလစ် ၂၁ ခု၊ ရီဂျင်(ပြည်နယ်) ၄၆ ခု၊ တာရီတိုရီ(နယ်မြေ) ၉ခု၊ ဖက်ဒရယ် မြို့တော် ၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (အော်တိုနိုးမတ်စ်) ဧရိယာ ၄ခု၊ စုစုပေါင်း ၈၃ ခုနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံကိုတော့ အိန္ဒိယ ရီပတ်ဗလစ်လို့ တရားဝင်မည့်ခေါ်ထားပါတယ်။ ပြည်နယ် ၂၈ခု၊ ပြည်ထောင်စု နယ်မြေ ၇ ခုတို့နှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖွဲ့စည်းထူထောင်ထားတာဖြစ်ပါတယ်။ သြစတေးလျကိုတော့ Common Wealth of Australia လို့ခေါ်ပါတယ်။ မူလဌာနေတိုင်းရင်းသားများ(အဘိုးရီးဂျင်း) နှင့် ၁၇၇၀ ခုနှစ်နောက်ပိုင်း လာရောက် အခြေချသူ ဥရောပသားများ၊ အာရှသားများနေထိုင်ကြပါတယ်။ ဗြိတိသျှကိုလိုနီနယ် ၆ နယ်တို့ကို ပြည်ထောင်စုဖွဲ့စည်းထားတာဖြစ်တယ်။ ကနေဒါကိုတော့ ကနေဒါလို့ဘဲခေါ်ကြပါတယ်။ ပြည်နယ် ၁၀ခု၊ တာရီတိုရီ သုံးခုဖြင့်ပြည်ထောင်စုဖွဲ့စည်းထားပါတယ်။ ဘရာဇီးလ်နိုင်ငံကိုတော့ ဖက်ဒရေးတစ်ရီပတ်ဗလစ် အောဖ် ဘရာဇီးလ်လို့ အမည်တတ်ပါတယ်။ ကမ္ဘာ့ပဉ္စမအကြီးဆုံးနိုင်ငံဖြစ်တယ်။ ပြည်နယ် ၂၆ခု၊ ဖက်ဒရယ်ခရိုင် ၁ခုနဲ့ ပြည်ထောင်စု ဖွဲ့စည်းထားတာဖြစ်တယ်။ လူဖြူ၊ လူမဲ၊ မဖြူမမဲ၊ လူညို၊ လူဝါ စုံလင်စွာနေထိုင်ကြပါတယ်။ ပေါ်တူဂီဘာသာစကားက ဘရာဇီးလ်ပြည်ထောင်စုရဲ့ တရားဝင်ရုံးသုံးဘာသာစကားဖြစ်ပါတယ်။ ဥရောပယူနီယံ (အီးယူ- ဥရောပပြည်ထောင်စု)ကတော့ လွတ်လပ်တဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ဖယ်ဒရေးရှင်း ပြည်ထောင်စု နိုင်ငံဖြစ်တယ်။ အဖွဲ့ဝင် ၂၇ နိုင်ငံပါရှိပါတယ်။ အဖွဲ့ဝင်လျှောက် ထားဆဲနိုင်ငံများလည်းရှိပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုဟုဆိုရာမှာ

ဖွဲ့စည်းမှု။                  ဖက်ဒရယ်ပြည်ထောင်စုလို့ဆိုရာမှာ လွတ်လပ်တဲ့ ပြည်ထောင်တွေဟာ မိမိဆန္ဒအ လျှောက် ပြည်ထောင်စုထဲမှာပါဝင်တာမျိုးရှိသလို၊ နယ်မြေတွေကိုအဆင့်သတ်မှတ်ပြီး ပြည်ထောင်စုဖွဲ့တာမျိုး လည်းရှိတတ် ကြပါတယ်။ ဥပမာ ဘရာဇီးလ်နိုင်ငံ။ အမည်အားဖြင့်တော့ ဖက်ဒရေးတစ် ရီပတ်ဗလစ်အောဖ် ဘရာဇီးလ်ဖြစ်ပါ တယ်။ ဘရာဇီးလ်ပြည်ထောင်စုဟာ လွတ်လပ်တဲ့ပြည်ထောင်တွေနဲ့ ပြည်ထောင်စုဖွဲ့ထားတာမဟုတ်သလို လူမျိုး စု ပြည်နယ်များနဲ့ပြည်ထောင်စုဖွဲ့စည်းထားတာမျိုးလည်းမဟုတ်ပါဘူး။ ယူနိုက်တစ်စတိတ်အောဖ် အမေရိ ကားကို ကြည့်ရင်လည်းပြည်နယ် ၅၀စလုံးဟာ ကိုယ့်သဘောနဲ့ကိုလာပေါင်းထားကြတာမဟုတ်ပါဘူး။ ရုရှားဖက်ဒရေးရှင်း လည်း ထိုနည်းလည်းကောင်း၊ အိန္ဒိယလည်း ထိုနည်းလည်းကောင်းပါဘဲ။

ပြည်ထောင်စုစံ။   ပြည်နယ်များကိုကိုယ်စားပြုတဲ့ အထက်လွှတ်တော်အတွက် ပြည်နယ်ကိုယ်စားလှယ် အညီအမျှ ရွေးချယ်ပေးရခြင်းကိုပြည်ထောင်စုရဲ့ ညီမျှခြင်းကိုဖေါ်ဆောင်တဲ့စံတခုလို့ယူဆကြပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကတော့ ဒီမိုကရေစီအခြေခံနဲ့အညီလို့ယူဆကာ အထက်လွတ်တော်ကိုယ်စားလှယ်အတွက် ပြည် နယ်များရှိ လူဦးရေအချိုး အရဘဲရွေးချယ်ပါတယ်။ ကနေဒါကတော့တစ်မျိုးပါ။ ဆီးနိတ်အထက်လွတ်တော် အမတ်များကို ဖက်ဒရယ်အစိုးရ ဝန်ကြီးချူပ်ရဲ့အကြံပြုချက်အရ ပြည်ထောင်စုအုပ်ချုပ်ရေးမှူး(ဂါဗနာဂျနရယ်)က ခန့်အပ်ရပါတယ်၊ အထက်လွှတ်တော်အမတ်များဟာ အသက်၇၅နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရ ကြပါတယ်။ ဘရာဇီးလ်နိုင်ငံကတော့ ဖက်ဒရယ်ဆီးနိတ်လွှတ်တော်ကို ပြည်နယ်တိုင်းနဲ့ဖက်ဒရယ်ခရိုင်က ကိုယ် စားလှယ် သုံးဦးကျစီအညီအမျှ ရွေးချယ်ပေးကြရပါတယ်။ ရုရှားဖက်ဒရေးရှင်းမှာတော့ အဆင့်ဆင့်သတ်မှတ်ထား တဲ့ ရီပတ်ဗလစ်၊ ပြည်နယ်၊ နယ်မြေ၊ ပြည်ထောင်စုမြို့တော်ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစတဲ့ အစုအဖွဲ့ ၈၃ ခုမှ ကိုယ်စားလှယ် ၂ ဦးကျစီရွေးချယ်ပေးရပါတယ်။ နိုင်ငံငယ်လေးတွေဖြစ်တဲ့ အာရှက ယူအေအီး အာရပ်စော် ဘွားများပြည်ထောင်စု၊ မက်ခရိုနီးရှားပြည်ထောင်စုနဲ့ အမေရိကတိုက်က St. Kitts and Nevis နိုင်ငံများကတော့ ဥပဒေပြုလွှတ်တော် တရပ်ဘဲထားကြပါတယ်။

အာဏာခွဲဝေခြင်း။          အာဏာခွဲဝေခြင်းဟာ ပြည်ထောင်စုဖွဲ့စည်းကြခြင်း၏ အဓိကလက္ခဏာတရပ်ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စုနဲ့ပြည်နယ်များအကြား ဥပဒေပြုအာဏာများကို အခြေခံဥပဒေနဲ့ သတ် မှတ်ခွဲဝေထားကြပါတယ်။ ပြည်ထောင်စုကဥပဒေပြုခွင့်ရှိတဲ့အာဏာ၊ ပြည်နယ်များကဥပဒေပြုခွင့်ရှိတဲ့အာဏာ၊ ပြည်ထောင်စုကော ပြည်နယ်ကပါထပ်တူဥပဒေပြုခွင့်ရှိတဲ့အာဏာစသည်ဖြင့်ဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေ ပြုစာရင်းထဲမှာလည်း မပါ၊ ပြည်နယ် ဥပဒေပြုစာရင်းထဲမှာလည်း မပါတဲ့ ဥပဒေပြုစရာတွေ၊  တနည်းအားဖြင့် ကြွင်းကျန်တဲ့ ဥပဒေပြုအာဏာ(Residual power)ကို တချို့နိုင်ငံက ပြည်ထောင်စုကိုပေးအပ်ထားပါတယ်၊ တချို့နိုင်ငံတွေမှာက ပြည်နယ်များကိုအပ်နှင်းလေ့ရှိပါတယ်။ နားလည်မှုရှိရှိ အခြေခံဥပဒေအရ ခွဲဝေသတ်မှတ် ထားပေးသည့် ဥပဒေပြုရေး၊ စီမံအုပ်ချုပ် ရေးကိစ္စအဝဝကို ပြည်နယ်များက လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိရပါ မယ်။ ပြည်နယ်တွေဟာ သက်ဆိုင်ရာပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးကိစ္စ၊ ဥပဒေပြုရေးကိစ္စတွေမှာ (ခြွင်းချက်မှ အပ) ပြည်ထောင်စု အစိုးရရဲ့စွက်ဖက်မှုကင်းစွာ၊ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ခွင့်မရှိဘူးဆိုရင် အဲဒီလိုမျိုး ပြည်ထောင်စုဟာ အမည်ခံပြည်ထောင်စုသာဖြစ်ပါမယ်။ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်နိုင်မှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံပြည်ထောင်စုနဲ့ ကွာခြားချက်

လွတ်လပ်ရေးရပြီးစက ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၇ခုနှစ်အခြေခံဥပဒေခေတ်) တုန်းကဖွဲ့စည်းတည်ဆောက် ထားတဲ့  ပြည်ထောင်စုသမတ မြန်မာနိုင်ငံဆိုတာကော၊ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် (၁၉၄၇ ခုနှစ်အခြခံဥပဒေခေတ်)က တည်ဆောက်ထားတဲ့ ပြည်ထောင်စု ဆိုရှယ်လစ်သမတမြန်မာနိုင်ငံတော် ဆိုတာကော၊ အခု န အ ဖ ရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ တော်ကော ပြည်ထောင်စုနိုင်ငံတွေမဟုတ်ဘူးလား လို့မေးစရာရှိပါတယ်။ 

ပြည်ထောင်စုနိုင်ငံများမှာ ပြည်ထောင်စုဆိုင်ရာကိစ္စအဝဝကိုဥပဒေနှင့်အညီ စီမံဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုး ရ နဲ့ သက်ဆိုင်ရာပြည်နယ်ရေးရာကိစ္စအဝဝကိုဆောင်ရွက်ရန် ပြည်နယ်အစိုးရ ဟူ၍ရှိကြရပါတယ်။ ဒီလိုဘဲ ပြည် ထောင်စုအစိုးရကို  ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ဥပဒေပြုပေးတဲ့ ပြည်ထောင်စုဥပဒေပြုလွှတ် တော် ရှိရသလို၊ အခြေခံဥပဒေအရ ပြည်နယ်များကို ပေးအပ်ထားတဲ့ ဥပဒေပြုကိစ္စရပ်များအတွက် ဥပဒေပြု ဖို့ ပြည်နယ်ဥပဒေပြုလွှတ်တော် ရှိကြရပါတယ်။ ပြောရရင်တော့ ပါလီမန်ဒီမိုကရေစီခေတ် ပြည်ထောင်စု သမတ မြန်မာနိုင်ငံ(၁၉၄၇ အခြေခံဥပဒေခေတ်) မှာ ဗမာပြည်နယ်ရယ်လို့မရှိခဲ့ပါဘူး၊ ဗမာပြည်နယ်အစိုးရမရှိသလို၊ ဗမာ ပြည်နယ်ဥပဒေပြုလွှတ်တော်လည်းမရှိခဲ့ပါ။ ဒါကြောင့် ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုကိုလည်း ကိုယ် စားပြုသလို ဗမာပြည်မရဲ့ ကိုယ်စားပြုအစိုးရသဘောမျိုးလည်းဖြစ်သွားပါတယ်။ ဒါကြောင့် ပြည်ထောင်စု အသွင် အပြင်ကိုက အချိုးမကျသလိုဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ မ ဆ လ ခေတ် ပြည်ထောင်စုကတော့ အမည်အား ဖြင့်သာ ပြည်ထောင်စုလို့ဆိုထားတာဖြစ်တယ်။ ပြည်နယ်များကိုကိုယ်စားပြုတဲ့ အထက်လွှတ်တော်ဆိုတာ မရှိ သလို၊ ပြည်နယ်တွေမှာလည်း ဥပဒေပြုလွှတ်တော်များလည်းမရှိပါ။ အစိုးရလည်းတရပ်သာရှိတယ်။ ဒါကြောင့် မဆလခေတ်ကပြည်ထောင်စုကို ပြည်ထောင်စုလို့ပြော၍မရပါဘူး။ လက်ရှိ န အ ဖ ခေတ် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရတော့ပြည်ထောင်စုအဆင့်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်ဆိုပြီး ဥပဒေပြုလွှတ်တော် နှစ်ရပ်ဖွဲ့ထားပါတယ်။ နောက်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း ဥပဒေ ပြုနိုင်ဖို့အတွက် ပြည်နယ်လွှတ်တော်-တိုင်းဒေသကြီးလွှတ်တော်တွေလည်းဖွဲ့စည်းထားပါတယ်။ အာဏာခွဲဝေ ကျင့်သုံးစေတဲ့သဘောဖြစ်တယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဆန်ဆန် ပြည်ထောင်စုလို့ပြောလို့ရပါတယ်။  နိုင်ငံဖွဲ့စည်း ပုံအရက ပြည်ထောင်စုပုံစံတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဥပဒေပြုလွှတ်တော်ဟာ တပ်မတော် လွှတ်တော်သဖွယ်ဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်တိုင်းမှာတပ်မတော်သားများကို လေးပုံတစ်ပုံ ထည့်သွင်းပေးရပါတယ်။ အဲဒီတပ်မတော်သားကိုယ်စားလှယ်များကို သမတလည်းမဟုတ်၊ ဝန်ကြီးချုပ်လည်းမဟုတ်တဲ့  ကာကွယ်ရေးဦးစီး ချုပ်ဆိုသူတစ်ဦးတည်းသဘောနဲ့ခန့်အပ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကျောထောက်နောက်ခံပါတီကိုလည်းဖွဲ့ ထားပြန်ပါတယ်။ ဒါဟာ လွှတ်တော်တိုင်းမှာ-
(တပ်မတော်ကိုယ်စားလှယ် များ+တပ်မတော်ကျောထောက်နောက်ခံပါတီ ကိုယ်စားလှယ် = ကိုယ်စားလှယ် အ များစု) ဖြစ်နေရလေအောင် ဖန်တီးယူထားတာပါ။ ဒီ ကိုယ်စားလှယ်များဟာ ဥပဒေပြုရာမှာဘဲဖြစ်ဖြစ်၊ စီမံအုပ် ချုပ် ရေးရာကိစ္စများမှာဘဲဖြစ်ဖြစ်၊ ကာကွယ်ရေး ဦးစီးချုပ်သြဇာအောက်ကနေ တစ်သံတည်း ဖြစ်နေကြရပါလိမ့် မယ်။ ပြည်နယ်ဆိုင်ရာဥပဒေပြုရေး၊ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာလည်း သက်ဆိုင်ရာပြည်နယ်များက လွတ်လပ် စွာ ဆောင်ရွက်နိုင်ကြမည်မဟုတ်ပါ။ ဒါကြောင့်အာဏာခွဲဝေကျင့်သုံးမှု ဆိုတာဟာလည်းဟန် ပြဘဲဖြစ်တယ်။ ဒီ ပြည်ထောင်စုဟာလည်း အမြင်ကောင်းရုံ၊ လူကြားကောင်းရုံဖေါ်ပြထားတဲ့ဟန်ပြ ပြည်ထောင်စု သာဖြစ် ပါတယ်။

ယနေ့ပြည်သူများ လိုလားနေတာက

နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲကြီးစွာနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ကြရတဲ့ တိုင်းရင်းသားများနှင့်တကွ နိုင်ငံသား ပြည်သူတရပ်လုံးဟာဆင်းရဲခြင်းကင်းဝေးလျှက်၊ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝကိုလိုလားလျှက်ရှိကြပါတယ်။ တန်းတူရေးရှိတဲ့၊ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးတောင်းဆိုချက်ကို အကြောင်းပြုလျှက် စစ်အာဏာ ရှင်စနစ်ပေါ်လာသလို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်တဲ့ အင်အားစုများလည်းပေါ်ပေါက်တိုးပွားလာကြ တာ ဖြစ်တယ်။ ပြည်ထောင်စုတည်ဆောက်ရေးလိုလားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ စစ်အစိုးရတို့ အ ကြား ဖြစ်ပွားနေတဲ့ နှစ်ရှည်ပြည်တွင်းစစ် (ဗကပ နှင့်ဖြစ်သည့်စစ်လည်းအပါအဝင်) သည်လည်းကောင်း၊ စစ်အစိုးရ၏ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုသည်လည်းကောင်း၊ ပြည်သူတို့အား ဆင်းရဲဒုက္ခတွင်း ကိုဆွဲသွင်းပေး တဲ့ အကြောင်းရင်းတွေဖြစ်တယ် ဆိုရင်မှားမယ်မဟုတ်ပါ။ ဒါကြောင့်  စစ်မှန်တဲ့ပြည်ထောင်စု၊ အနှစ်သာရရှိတဲ့ ပြည်ထောင်စုကိုတည်ဆောက်ခြင်းဟာ ပြည်သူတို့အား ဆင်းရဲဒုက္ခရောက်နေခြင်းမှ ကင်းသွားနိုင်ပါတယ်။ စစ်မှန် တဲ့ပြည်ထောင်စုဆိုတာခြုံပြောရရင် ပြည်နယ်အသီးသီးတို့မှာ နိုင်ငံရေးအရ၊ တန်းတူအခွင့်အရေးရှိသော ပြည် ထောင်စုကိုတည်ဆောက်ခြင်းကိုဆိုလိုပါတယ်။ တနည်းအားဖြင့်တော့ ဖက်ဒရယ်ပြည်ထောင်စုလို့ဆိုလို့ လည်းရ နိုင်ပါတယ်။ ပြည်ထောင်စုနှင့်ပြည်နယ်အသီးသီးတို့အကြား အခြေခံဥပဒေအရ အာဏာကိုခွဲဝေထားပြီး၊ ပြည်နယ် အသီးသီးက အခြေခံဥပဒေအရသတ်မှတ်ထားတဲ့ ၎င်းတို့ရဲ့အာဏာများကို လွတ်လွတ်လပ်လပ် ကျင့်သုံးလို့ရတဲ့ စနစ်မျိုးပါ။

မြန်မာနိုင်ငံကိုပြည်ထောင်စုနိုင်ငံအဖြစ်တည်ဆောက်ရာမှာ၊ ဘယ်လို အမည်တတ်မလဲ။ တနည်းအားဖြင့် ယူနိုက် တစ်စတိတ်အောဖ်….လို့အမည်တတ်မလား၊ ယူနီယံအောဖ်…လို့အမည်တတ်မလား၊ ဖက်ဒရယ်ယူနီယံ အောဖ်...လို့အမည်တတ်မလား၊ ဖက်ဒရယ်လို့ပြောရင်ကော သံသယတွေဖြစ်နေမလားဆိုတာဟာ ဧကန်မုချ ဆွေးနွေးရမဲ့ကိစ္စဖြစ်လာပါလိမ့်မယ်။

(အဲဒါကို ဆွေးနွေးကြတဲ့အခါမှာ (၁) သမိုင်းကြောင်းကို ဇောင်းပေးဆွေးနွေးပါက၊ သမိုင်းအချက်အလက်ဆိုင်ရာ အငြင်းပွားနိုင်စရာတွေဖြစ်နိုင်တဲ့အပေါ်မှာ လိုရာပန်းတိုင်းကိုရောက်နိုင်မည်မဟုတ်ပါ။ (သမိုင်းကိုပစ်ပယ်ဖို့ ဆိုလို တာတော့မဟုတ်ပါဘူး လတ်တလောလိုအပ်ချက်ခရီးရောက်ရန်အတွက်ဖြစ်သည်)။ (၂) အချက်က ပြည်ထောင် စု သဘောတရားရေးရာတွေအပေါ်မှာ အလွန်အလေးထားလွန်းပါက (ဟိုနိုင်ငံမျိုးမှ ပြည်ထောင်စုစစ်တယ်၊ ဒီနိုင်ငံလိုမျိုးက ပြည်ထောင်စုမစစ်ဘူးစတာတို့၊ ဖက်ဒရယ်မကျတကျတို့- ဖက်ဒရယ်ကျ ကျတို့ စတာတွေ နဲ့) ခရီးရောက်မှာမဟုတ်ပါ။ (၃) ကတော့ ခွဲထွက်ခွင့်၊ အဲဒါကတော့ အကြီးမားဆုံးသံသယ ဖြစ်စရာကိစ္စဖြစ်တယ်။ အခြေခံဥပဒေရေးဆွဲရာမှာ ခွဲထွက်ခွင့်ပါမှဖြစ်မယ်ဆိုရင်တော့ရှင်းပါတယ်၊ သံသယစိတ်တွေဝင်ကြပြီး ပြည်ထောင် စုတည်ဆောက်ရေးခရီး ရှေ့တိုးနိုင်မည်မဟုတ်ပါ။ (ခွဲထွက်ခွင့်ကို အခြေခံဥပဒေ တွင်ထည့်မထား သော်လည်း၊ အစိုးရတရပ်က ဖိနှိပ်မှုတွေလွန်ကဲလာမယ်၊ လူမျိုးကြီးတစ်မျိုးက လူမျိုးငယ်များအပေါ် အလွန် အ ကျွံ နှိမ်ထက်စီးနင်းလုပ်မယ်ဆိုရင်၊ ခွဲထွက်ရေး အော်သံ၊ ဆူသံတွေ၊ လှုပ်ရှားမှုတွေ ပေါ်လာမှာအသေအချာဘဲ ဖြစ်တယ်။)

ပြည်ထောင်စုနာမယ်ကို အဆင်ပြေသလိုထားလို့ရနိုင်ပါတယ်။ ယူနိုက်တစ်စတိတ်လို့ထားလျှင်ဘဲဖြစ်ဖြစ်၊ ဖက်ဒ ရယ်ယူနီယံလို့ထားလျှင်ဘဲဖြစ်ဖြစ် နောင်ဆိုခွဲထွက်မသွားလားဆိုတာမျိုး(လွန်ခဲ့တဲ့နှစ် ၄၀ ကျော်လောက် က သံသယ ဖြစ်ခဲ့ကြပေမဲ့) အခုအချိန်မှာ သံသယမရှိသင့်ကြတော့ပါဘူး။ ပြည်ထောင်စုနာမယ်ကို ဖက်ဒရယ်တတ် ခြင်းမတတ်ခြင်းထက် အာဏာခွဲဝေကျင့်သုံးတဲ့၊ တရားတဲ့ ဥပဒေကို ပြဌာန်းကျင့်သုံး၊ လိုက်နာတတ်တဲ့ (ကိုယ့် ကျင့်တရားမျိုး) ကျင့်သုံးကြရေးသာ အဓိကကျပါတယ်လို့ထင်ပါတယ်။ ယနေ့ ပြည်သူတွေဟာ နိုင်ငံတကာ နိုင်ငံ ရေးအတွေ့အကြုံဗဟုသုတများလည်းရှိကြပြီဖြစ်တယ်။ အုတ်ရှစ်သီးနှစ်လုံးထုတဲ့ရလဒ်ကိုသိကြရပြီးလည်းဖြစ်ပါ တယ်။

ခြုံပြောရမယ်ဆိုရင် ကိုယ့်ပြည်နယ်လေးကိုဘဲ ကိုယ့်တိုင်းပြည်လို့မမှတ်ယူကြဘဲ ပြည်ထောင်စုတခုလုံးဟာ ကိုယ့် တိုင်းပြည်ဘဲလို့ခံယူပါမှ၊ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးလောက်ကိုဘဲချစ်တဲ့စိတ်ဆိုတာထက်၊ ပြည်သူတိုင်းကိုချစ်ခင် တတ်တဲ့စိတ်မျိုးရှိကြပါမှ၊  ပြည်ထောင်စုချစ်စိတ်အပြည့်အဝရှိရာကျပါမယ်။ လူနည်းစုလူမျိုးစုများရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကိုလေးစားပါမှ၊ ကိုယ့်အခွင့်အရေးအတွက်ကိုယ်သိတတ်တန်ဖိုးထားသလို၊ တဖက်သားရဲ့ အခွင့်အရေးရှိတယ်ဆိုတာကိုလည်းအပြန်အလှန်လေးစားတန်ဖိုးထားတတ်ပါမှ၊ စစ်မှန်သည့် ပြည် ထောင်စုကြီး၊ တောင့်တင်းခိုင်မာတဲ့ ပြည်ထောင်စုကြီး ကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူ တို့လိုလားတဲ့၊ ငြိမ်းချမ်းတဲ့ လူမှုဘဝကြီးဖြစ်ပေါ်လာနိုင်ကြောင်း စေတနာအရင်းခံဖြင့် စုစည်းတင်ပြလိုက်ရပါ တယ်။


ဝင်းမောင်။
၂၃ ရက် မတ်လ၊ ၂၀၁၁ ခုနှစ်။


----------------------------------------------------------------------------------------------------------------------


အောက်ပါစာအုပ်များနှင့် ဝဲဘ်ဆိုက်ပါ အချက်အလက်များကို အသုံးပြုပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန။ (၂၀၀၈)၊ “ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)” ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ထုတ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ။ (၁၉၇၃)၊ “ပြည်ထောင်စု ဆိုရှယ်လစ်သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သောအဓိပ္ပါယ်ရှင်လင်းချက်များ” ၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်း ကော်ပို့ရေးရှင်း။

မြန်မာ့သမိုင်းဖြစ်ရပ်မှန်ပြုစုရေးအဖွဲ့။ (၁၉၉၀)၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ။

မြန်မာ့သမိုင်းဖြစ်ရပ်မှန်များပြုစုရေးသားရေးအဖွဲ့၊ (၁၉၉၁)၊ ၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေး၊ တတိယတွဲ၊ တက္ကသိုလ်များပုံနှိပ် တိုက်၊ ရန်ကုန် ။

မြန်မာ့သမိုင်းဖြစ်ရပ်မှန်များပြုစုရေးသားရေးအဖွဲ့(၁၉၉၁)၊ ၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေး၊ စတုထ္ထတွဲ၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန် ။

Baster, C. , &  Rahman, S. ( 1989) Historical Dictionary of Bangladesh

Department of Justice. (2011) Constitution Acts, 1867 to 1982. Retrieved from March 19, 2011 http://laws.justice.gc.ca/en/const/2.html#anchorbo-ga:s_17-gb:s_21

Government of Canada Privy Council Office. (2009) Interactive Map of the Federations of the World. Retrieved March 18, 2011, from  http://www.pco-bcp.gc.ca/aia/index.asp?lang=eng&page=world-monde

Government of Canada Privy Council Office. (2009) Interactive Map of the Federations of the World. Retrieved March 18, 2011, from http://indiacode.nic.in/ coiweb/fullact1.asp?tfnm=00%2099

Louisiana Secretary of State. (2011) Louisiana History under 10 Flags. Retrieved from March 14, 2011 from http://www.sos.louisiana.gov/tabid/216/Default.aspx

Nanda, V.(2001) “Self-determination and Secession under International Law”, Denver Journal of



Peebles, P. (2006) The History Sri Lanka.

Rosenberg, M. (2011) New Countries of the World: The 33 New Countries Created since 1990.

Sakwa, R. (Ed.). (2005) Chechnya from Past to Future.

Spartz, India M.  (2001) “Eight Star of Gold: The Story of Alaska’s flag, Alaska State

                Musiums. Retrieved March14, 2011 from.

U.S. Department of State Diplomacy in Action (2010) Country profiles, Brazil. Retrieved


U.S. Department of State Diplomacy in Action (2010) Country profiles, Brazil. Retrieved





















No comments: