တစစီ ပြန့်ကျဲလို့
ဝါး..............။
သားလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့်၊ သူဆော့ဖို့ လုပ်ထားပေးတဲ့ အခန်းလေးဆီ ကျွန်မ အပြေးအလွှား သွားမိပါတယ်။ ကစားနေရင်း တခုခုလိုချင်လာရင် သူက ကျွန်မဆီ ပြေးလာနေကြ၊ တခါတလေကျတော့လဲ အမေကို သတိရလို့ဆိုပြီး လာနှုတ်ဆက်ပြီးမှ ပြန်သွားကစားတတ်သေးတာ။ ကစားရင်း ငိုတယ်ဆိုတော့ ကျွန်မတော်တော်လန့်သွားမိတယ်။
ဒီလိုနဲ့ သားကစားနေတဲ့ အခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတော်တော် စိတ်ညစ်သွားပါတယ်။ အခန်းထဲမှာ ခြေချစရာနေရာမရှိအောင် jigsaw အပိုင်းအစလေးတွေက ပြန့်ကျဲလို့ နေပါတယ်။ jigsaw ကစားရင် ကလေးတွေရဲ့ ဆက်စပ်တွေးခေါ်မှုဥာဏ်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သားလေးအတွက် jigsaw ဘူးလေးတွေ ဆယ်ဘူးလောက် ၀ယ်ထားပေးပါတယ်။ တချို့ဘူးလေးတွေထဲက အပိုင်းအစလေးတွေက ဆက်လိုက်ရင် စက်ရုပ်ပုံ၊ တချို့က လေယာဉ်ပျံ၊ တချို့က မော်တော်ကား ပုံလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံတမျိုးမျိုး ထွက်လာဖို့ဆိုရင် သူ့ဘူးနဲ့ သူ့အပိုင်းအစလေးတွေကိုက်ညီမှ ဖြစ်နိုင်မှာပါ။
ဒါကြောင့်လဲ အပိုင်းအစ ၂၀၀ ကျော်၊ လေးရာကျော်စီရှိနေတတ်တဲ့ ဘူးလေးတွေကို ကျွန်မက သီးခြားစီ ခွဲထားပေးပါတယ်။ ကစားရင်လဲ အမေနဲ့သား၊ တူတူကစားလေ့ရှိတာမို့ ဘူးလေးတွေထဲက အပိုင်းအစလေးတွေ ထုတ်ပြီးရင်၊ ဆက်စပ်တဲ့ ပုံရိပ်တခုခုကတော့ ထွက်လာတာပါပဲ။ ဒါပေမယ့် အခုတော့ သားပေါက်စလေးက ဘယ်လို ရွှေဥာဏ်တော် စူးရောက်တယ်မသိ။ ဘူးဆယ်ဘူးထဲက ရှိသမျှ အပိုင်းအစလေးတွေအားလုံးကို သွန်ချရောနှောပြီးမှ ကစားဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဟိုနားမှာလဲ အပိုင်းအစ လေးငါးခု၊ ဒီနားမှာလဲ ဆယ်ခုလောက်တွေကို သူလိုက်ဆက်ပြီး ပုံရိပ်ဖော်ဖို့ ကြိုးစားရင်း မရတော့တာကြောင့် ဒေါသတကြီးနဲ့ ထငိုနေတာပါ။
ဒါနဲ့ သားလေးကို ဒီအပိုင်းအစလေးအားလုံးဟာ ပုံရိပ်တွေ အများကြီး ဖြစ်နိုင်စေပေမယ့်၊ ရောနှောပြီး ပုံဖော်လို့ မရဘူးဆိုတာ သေချာ ရှင်းပြရပါတော့တယ်။ ဘယ်လိုပဲ ပြောပေမယ့် သားလေးကတော့ သူဆက်လို့ ရထားတဲ့ အပိုင်းအစလေးတချို့ကို ကိုင်ပြီး၊ ၀မ်းနည်းနေဆဲပါပဲ။
သားလေးကို ရှင်းပြရင်း ကျွန်မရဲ့ အတွေးတွေက political ideologies သင်တန်းတခုဆီကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီတုန်းက communism, socialism, liberalism, conservatism, fascism စတာတွေ ပါဝင်တဲ့ linear spectrum၊ Social Democracy, New Right, New Left, Anarcho-capitalism စတာတွေ ပါဝင်တဲ့ alternative spectrum၊ national communism, international communism, national socialism, international socialism, social democratism, social republicanism, capital democratism, capital republicanism, Progressive Neoliberalism, Conservative Neoliberalism, Nationalism, Activism, Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စတာတွေကို ပရော်ဖက်ဆာက သင်ကြားပို့ချပေးခဲ့ပါတယ်။
ပရော်ဖက်ဆာက နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့နဲ့ stable government ဖြစ်ဖို့အတွက် တူညီတဲ့ political ideologies တွေပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း၊ ဒီလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၊ရွေးကောက်ပွဲအနိုင်ရ ပါတီက အစိုးရဖွဲ့တဲ့အခါ အဲဒီပါတီနဲ့ political ideologies မတူတဲ့ ပါတီတွေက အတိုက်အခံ ပါတီတွေ ဖြစ်လာကြောင်း၊ မတူညီတဲ့ နိုင်ငံရေးဝါဒတွေပေါ် အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပုံရိပ်တွေကို ပါလီမန်မှာ ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေလုပ်ကြပြီး ပုံဖော်ကြကြောင်း၊ မိမိတို့ လိုချင်တဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် အစိုးရဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပြီး၊ အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိမြင်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလျော့နည်းလာပြီး ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းကြတာကြောင့် နိုင်ငံရေးတည်ငြိမ်မှုလဲ ရှိလာကြောင်း စတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။
ပရော်ဖက်ဆာ သင်ကြားပို့ချပေးခဲ့တဲ့ သင်ခန်းစာတွေက အများအပြားပါ။ ဒီအထဲမှာ ကျွန်မ လုံးဝမမေ့နိုင်တာကတော့ political ideologies ကို အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ အားနည်းမှုဟာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ကို ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှုစတဲ့ ခေါင်းစီးတွေအောက်မှာ အများပါဝင်နိုင်အောင် နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ တွေ စုဖွဲ့တည်ထောင်ကြပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုတည်း (သို့) ပါတီတခုတည်းမှာတင် political ideologies မတူသူတွေ သွားစုမိနေတတ်ကြပါတယ်။ အဲဒီမှာတင် သက်ဆိုင်ရာ ပါတီ (သို့မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အကွဲအပြဲတွေ ဖြစ်ကြ၊ အိုင်ဒီရော်လော်ဂျီ တခုအပေါ်မှာ အခြေခံတဲ့ တိကျသော မူဝါဒတွေကို ပြတ်ပြတ်သားသား ပုံဖော်လို့ မရပဲ ညီညွတ်ရေးကွဲမှာစိုးလို့ ၀ိုးတ၀ါး ပုံဖော်ရတာတွေ ဖြစ်ကြ၊ တပါတီ (သို့) တဖွဲ့တည်းကနေ လားရာမတူတဲ့ ပန်းတိုင်တွေနဲ့ လမ်းစဉ်တွေကို တယောက်တပေါက်ပြောကြနဲ့ ဖြစ်လာတတ်ပါတယ်။
အဲဒီအခါမှာ contentious politics ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ အတွေးအမြင်တူညီဖို့ ကိုယ့်အဖွဲ့ထဲမှာတင် ပြန်ညှိနေကြရတာနဲ့တင် အချိန်ကုန်ပြီး တိကျတဲ့ မူဝါဒနဲ့ လမ်းစဉ်ကို ချမှတ်လို့မရပဲ လည်နေတတ်ပါတယ်။ conventional politics ဖြစ်တဲ့ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ ပါတီတူအချင်းချင်း ပါလီမန်မှာ ပြန်ကန့်ကွက်တဲ့ အခြေအနေမျိုးထိကို ဖြစ်သွားတတ်ပါတယ်။ ပါတီတခု၊ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ တဦးချင်းလွတ်လပ်ခွင့် (individual freedom) ကို ပါတီ (သို့) အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ ညှိပြီး trade-off လုပ်ရတယ်ဆိုတာကို နားလည်မှုတွေ အားနည်းပြီး၊ မုန်ယိုနေတဲ့ဆင်က ကိုယ့်တပ်ကိုယ်ပြန်နင်းသလို လုပ်လာကြတာတွေလဲ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကြန့်ကြာတတ်တာတွေ၊ လွတ်လပ်ပြီးနိုင်ငံတွေမှာလဲ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ ကွဲလိုက်ပြဲလိုက်နဲ့ ပြည်တွင်းစစ်ဖြစ်တတ်တာတွေဟာ တူညီသော political ideologies တွေပေါ်မှာ အခြေတည်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင်ဖို့ အားနည်းချက် နဲ့ ညီညွတ်ရေးတစုံတရာကို အကြောင်းပြပြီး political ideologies မတူညီတဲ့ အစုအဖွဲ့တွေကို မဟာမိတ်တပ်ပေါင်းစုအသွင် စုစည်းလိုက်တဲ့ နိုင်ငံရေးသန္ဓေမမှန်မှု အချက်တွေကြောင့် ဖြစ်တယ်လို့ ပရော်ဖက်ဆာက ရှင်းလင်းပြောကြားခဲ့ပါတယ်။
သားလေးရဲ့ အခန်းထဲက jigsaw အပိုင်းအစလေးတွေကို ကြည့်ရင်း ကျွန်မရဲ့ အတွေးတွေက တက္ကသိုလ်ထဲက lecture hall ဆီ ပြန်ရောက်သွားနေမိပါတယ်။ ဒီအပိုင်းအစလေးတွေထဲမှာ တန်ဖိုးမရှိတဲ့ အပိုင်းအစလေးတွေ တခုမှ မရှိပါဘူး။ တချို့က လေယာဉ်ပျံပုံ၊ တချို့က စက်ရုပ်ပုံ၊ တချို့က မော်တော်ကားပုံ ဆိုပြီး၊ သက်ဆိုင်ရာ ပုံရိပ်တွေအတွက် သူ့နေရာနဲ့သူ အသုံးဝင်ကြတာတွေ ချည်းပါပဲ။ ဒါပေမယ့် အားလုံးက ရောထွေးနေတော့ ဟိုနားတစု၊ ဒီနားတစုနဲ့ ဘာပုံရိပ်မှ ပေါ်လာတာ မရှိတော့ပါဘူး။
သားက ဘာပုံလိုချင်တာလဲလို့ ငိုနေတဲ့ သားလေးကို မေးမိတယ်။ သားလေးက ကတ်ထူဘူးတခုပေါ်က လေယာဉ်ပျံရုပ်လေးကို လက်ညှိုးထိုးပြတယ်။ ကျွန်မပြောလိုက်မိပါတယ်။
"လေယာဉ်ပျံရုပ်လေးဖြစ်လာဖို့က ရောထွေးနေတဲ့ အပိုင်းအစလေးတွေထဲက လေယာဉ်ပျံကို ပုံဖော်ပေးနိုင်တဲ့ အပိုင်းအစလေးတွေကို ပြန်စုရဦးမှာ သားရဲ့။ ချက်ချင်း လေယာဉ်ပျံရုပ်လေးကိုတော့ ဘယ်ရနိုင်ပါ့မလဲ။ အဲဒီအတွက် အချိန်တခုကိုတော့ သားစောင့်ဖို့ လိုလိမ့်မယ်" လို့ပါ။
သြော်- ကျွန်မမြင်ကွင်းထဲမှာတော့ ပုံရိပ်တခုချင်းစီအတွက် တန်ဖိုးရှိတဲ့ အပိုင်းအစလေးတွေကလေ ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစစီ ပြန့်ကျဲလို့.................. .....။
ခင်မမမျိုး (၈၊ ၅၊ ၂၀၁၁)
No comments:
Post a Comment