Wednesday, May 4, 2011

၂၁ ရာစုရဲ့ မီဒီယာ ဒသနသစ်  
ခုတစ်လော ထရံပေါက်က မြင်ရတဲ့ ကမ္ဘာကြီးကိုကြည့်ရင်း ဗုဒ္ဓရှင်တော် ဟောကြားတော်မူတဲ့ ဇနိတံပါ ကံ ဇနေတိ၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန် ဆိုတာနဲ့ သမ္မာကျမ်းလာ စိုက်တဲ့အတိုင်း ရိတ်သိမ်းရမယ် အဆို၊ သိပ္ပံ ပညာရဲ့ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုတာတွေ တစ်ထပ်တည်း ကျနေတာ သတိထား သတိရမိနေပါတယ်။ စဉ်းစားကြည့်တော့ မဟာဂုရုကြီး ရာဟုလသံကစ္စယာနက ဒဿန ဒိ ဒဿန ကိုရေးခဲ့တယ်။ အချုပ်က သစ္စာပဲ။ အိန္ဒိယရဲ့ နောက်ဂုရုကြီး တစ်ပါးက ဂျပန်နိုင်ငံရောက်ခိုက် ဂျပန် တက္ကသိုလ်စုံ ကျောင်းသားတွေ ရဲ့ ဘာသာတရား တကာရဲ့ ဘာသာ ရေးဟာ ဘာလဲ၊ အမေးကို အမှန် တရားသစ္စာလို့ ဖြေခဲ့တယ်။ ဘယ် သူကပြောပြော၊ ဘယ်အခါမှာပြော ပြော၊ ဘယ်အခြေအနေမှာ ပြောပြော မဖောက်မပြန် ဧကန်မှန်တာဟာ သစ္စာတဲ့။ ချွင်းချက်မဲ့ အမှန်။ အမှန် တရားဆိုတာ စာသဘော(အဘိဓမ္မာ) နဲ့ဆိုရင် ပရမတ္တဖြစ်တယ်။ အတ္တပရ မတ္ထနိဆိုတယ်။ နိစ္စော ဓူဝေါ အဝိပရိ နာမဓမ္မောတဲ့။ သေဆုံး၊ ပျောက်ပျက်၊ ကွယ်ပမသွားဘူး။ တစ်ချိန်ချိန်မှာ ထင်ရှား ပေါ်ပေါက်လာမှာ မုချ။ ဧကန္တိက။ God see the truth but wait ဆိုစကားရှိသလေ။ အောင့်နိုင်ရင် အကျိုးရှိ။ စောင့်နိုင်ရင် သူခိုးမိ ဆိုကိုး။ ဒါကြောင့် လောကကြီးဟာ ဆိတ်ကွယ်ရာမဲ့မဟုတ်ဘူးလို့ ပညာရှိ သူတော်ကောင်းတွေ ပြောကြတာ။ ပို ထင်ရှားလာတာကတော့ ၂ဝ ရာစု နှောင်းကစလို့ ၂၁ ရာစု ကမ္ဘာကြီးမှာ Information Technology & Comm-unication-IT&C ခေါ် သတင်းနည်း ပညာနဲ့ ဆက်သွယ်ရေးနည်းပညာ တွေ အံ့မခန်း တိုးတက်နေတာမို့ ဘဒ္ဒကမ္ဘာကြီးမှာ ဆိတ်ကွယ်ရာမဲ့ သွားပါပြီ။ သောင်းသိန်းချီတဲ့ News website တွေ၊ သန်းချီတဲ့ Blog တွေ၊ ပြီးတော့ ၂ဝဝဝ ပြည့်နှစ်ဆီမှာ ကျယ် လောင်လာတဲ့ Citizen Journalism ဆိုတဲ့ လူထုသတင်းသမား ဝါဒ ဒီ ဝါဒရဲ့ ဆောင်ပုဒ်က Every Citizen is Reporter တဲ့။ တိုင်းသားပြည်သူ ဟူသမျှ သတင်းထောက်လို့ ဆိုသော် ရအံ့ထင်၏ ပေါ့နော့။

ဒီဝါဒ၊ ဒီဆောင်ပုဒ်ကို အစဦး ထုတ်ဖော်၊ လက်တွေ့လဲ လုပ်ခဲ့တဲ့ သူတွေက တောင်ကိုရီးယားနိုင်ငံသား စွန့်ဦးတီထွင်သူ Oh Yeon Ho နဲ့ ကော လိပ် ကျောင်းသားသုံးဦးတဲ့။ သူတို့ က Ohmy News website တင်ကြ ပြီး On Line Daily နေ့စဉ်သတင်းစာ ထုတ်ဖြန့်သတဲ့။ သူတို့ သတင်း ဝက်ဘ်ဆိုက်မှာ ပြည်သူပြည်သားများ ပါဝင်ရေးသားကြပါ ဖိတ်ခေါ်လမ်း ဖွင့်ပေးပါတယ်။ မကြာလှပါဘူး။ လူထုထဲက သတင်းရေးပို့တဲ့ လူထု သတင်းထောက် ၇၂၇ ယောက်ရှိလာ ရောတဲ့။ သူတို့လုပ်ခဲ့တာ ခုနစ်နှစ် ကြာတဲ့ ၂ဝဝ၇ ခုနှစ်မှာ အောင်မြင် လိုက်တာ ဝက်ဝက်ကွဲ။ လူထု သတင်းထောက်ပေါင်း ၅ဝဝဝဝ နဲ့ နိုင်ငံပေါင်း ၁ဝဝ အထိ သတင်းတွေ ဖြန့်ပေးနေပြီလေ။ Oh Yeon Ho ကိုလဲ သူတို့ Firm ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် တာဝန် အပ်နှင်းကြသတဲ့။

သမားရိုးကျအားဖြင့် လူထုကို ပရိသတ်လို့ သိထားကြတဲ့အခါမှာ လူထုက သူတို့မှာရှိတဲ့ သတင်းဖော် ပြနိုင်တဲ့ ပစ္စည်းကိရိယာနဲ့ တစ် ယောက်ကို တစ်ယောက် သတင်း ပေးပို့တာ ပြည်သူ၊ ပြည်သား သတင်း သမားဝါဒပဲ။

၂ဝဝ၄ ခုနှစ်ထုတ် Dan Gillmor ရေး We the Media: Grassroots Journalism by the people for the people စာအုပ်မှာ တွေ့မိတာပါ။ စာအုပ်ရေးတဲ့ Dan Gillmor  ဆိုသူဟာ Harvard တက္က သိုလ် ဥပဒေကျောင်းရဲ့ Barkman Center for internet Society နဲ့ အရီ ဇိုးနားပြည်နယ်တက္ကသိုလ်၊ လူထု ဆက်သွယ်ရေးဌာန Walter Cron-kite School of Journalism တို့ အပါအဝင် ပူးတွဲတည်ထောင်တဲ့ The Center for citizen Media http://citmedia.org တည်ထောင်သူနဲ့ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူသူ ဖြစ်ပါတယ်။ သူတို့ဆောင်ပုဒ်က We the Media- - ငါတို့ဟာမီဒီယာတဲ့။ သို့ ကလိုဖြင့် ဈေးကွက်ဂျာနယ်မှာ တိုတို ထွာထွာတွေ ကူးချ။ အဲ-အဲလေ ရေးနေတဲ့ ထူးရွှေမောင်လဲ မီဒီယာပေါ့။ အို- လောက၊ အသင် လောက။ အကျွန်ုပ် ထူးရွှေမောင်သည်ကား မီဒီယာဖြစ်ပေတော့သည်လို့ လက် ယာလက်ရုံး ဆန့်တန်းကာ ကြွေးကြော် ကျူးရင့်အံ့လို့ အံခဲကာ Internet Cafe ထဲ လှမ်းသတတ်။

၂ဝဝ၇ ခုနှစ်မှာ On line Journalism Review ရဲ့ အကြီးတန်း အယ်ဒီတာ J.D Lasica ဆိုသူက Participatory Journalism လို့ ဆိုပြန် ပါတယ်။ လူထုပါဝင် သတင်းဝါဒလို့ ဆိုရမလား။ မှားသော်ပြင်ကြပါ။ ဘာသာပြန်အတတ် ငမောင်မတတ်ပါ။ အင်္ဂလိပ်စာကိုတော့ ထမင်းစားတယ်။ ရေသောက်တယ်ဆိုရုံလောက်အထိ ရှိပါတယ်လို့ ငမောင်ဝန်ခံပါတယ်။ မရှက်ပါဘူး။ ရှက်စရာမှ မဟုတ်တာ။ အဲဒီ အယ်ဒီတာကြီးက လူထု သတင်းသမားတွေဆိုတာ သတင်း စာမူခလဲ မပေးရဘူး။ သင်တန်းလဲ မပေးရဘူး။ သတင်းဖြစ်ရာမှာ ရှိနေ ကြသူတွေလဲဖြစ်လို့မို့ လူထုအခြေခံ ကလာတဲ့သတင်းတွေဟာ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်ပဲတဲ့။ သမားရိုးကျ မီဒီယာတွေ မရ၊ မပို့၊ မမီတဲ့သတင်းတွေကို လူထုသတင်း သမားတွေရတာတဲ့။ ဒါကြောင့်လဲ နိုင်ငံစုံမှာ အရှိန်အဟုန်နဲ့ အောင် မြင်တောက်ပနေတာတဲ့။ စာမူခ မပေးချင်တာများတော့ ဒီနိုင်ငံက ဂျာနယ်တချို့ရဲ့ အယ်ဒီတာ၊ ထုတ် ဝေသူတချို့ကို အတုယူ အားကျ တယ်ထင်ပါရဲ့။

၂ဝဝ၈ ခုနှစ် တရုတ်ပြည်မှာ ဖြစ်ခဲ့တဲ့ Sichuan ငလျင်ကြီးသတင်း ကိုငလျင်ဖြစ်ရာနေရာက လူထု သတင်းသမားတွေ Cell Phone တွေနဲ့ ငလျင်ဘေးဆိုးကြီးကို ကမ္ဘာက ကြား၊ မြင်ရအောင် တင်ပြနိုင်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ News Website တွေက သောင်းသိန်း၊ Blog တွေက သန်း၊ ကုဋေ။ ဆီးတား ဆို့ ပိတ်ဆိတ်ကွယ်ရာမဲ့ကမ္ဘာ။ သာ ဓက ဆိုရရင် ကင်ညာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံ ဒေသ အတွင်း အကြမ်းဖက်မှုတွေကို မဖော် ပြဖို့ သမားရိုးကျ မီဒီယာတွေ ပိတ် ဆို့နေချိန် အာဖရိက အခြေပြု Blogger တွေက ဒီသတင်းတွေကို Cell phone နဲ့ အသံ၊ ရုပ်၊ Text message တွေပို့ကြပါလို့ တိုက်တွန်း အားပေးပါတယ်။ သမားရိုးကျ မီဒီ ယာတွေ အသံတိတ်နေချိန်မှာ Citi-zen Media တွေက သတင်းတွေ မပြတ်ပို့နေပါတယ်။

နောက်သာဓကဆိုရရင် မှတ်မိ ကြမှာပါ။ အိန္ဒိယနိုင်ငံ Mumbai အကြမ်းဖက်တိုက်ခိုက်မှုကြီးလေ။ ဖြစ်နေတဲ့ နေရာက Citizen Media တွေ၊ Cell phone တွေနဲ့ ကြားသိမြင် တွေ့ရသမျှတွေကို Net Work Web Site တွေ၊ Flicker တွေ၊ Twitter  တွေဆီ ပို့လွှတ်ပါတယ်။ ကမ္ဘာက ကြားသိ မြင်တွေ့ရပါတယ်။

ငမောင်တို့ငယ်ငယ်က နှောင် ကြိုးမဲ့ကမ္ဘာဆိုတဲ့ စာအုပ် စာစဉ် ဖတ်ရဖူးပါတယ်။ ခုလဲ Citizen Media နဲ့ပတ်သက်လို့ ဆိတ်ကွယ် ရာမဲ့ ကမ္ဘာ စာစဉ်ကလေး ထုတ်စေ ချင်ပါတယ်။ နည်းပညာတွေလဲ ရေး၊ သတင်းတွေလဲရေးပေါ့။ ဘယ်သူများ လုပ်ပါ့မယ် မျှော်မိတယ်။ နိုင်ငံ့ အနာ ဂတ်အတွက် လူငယ်တွေကို နည်းပညာသစ်၊ ပစ္စည်းကိရိယာသစ်၊ အတွေးအမြင်သစ်တွေ ပေးရမယ်။ လူငယ်တွေကလဲ နည်းပညာသစ်၊ ပစ္စည်းကိရိယာသစ်၊ အတွေးအခေါ် သစ်တွေကို ခုံမင်တယ်။ စူးစမ်းဖွေ ရှာတယ်။ တစိုက်မတ်မတ် လိုက်ပါ တတ်တယ်။ ဒါဟာ လူငယ်ရဲ့ ကောင်းမွန်တဲ့ အင်္ဂါတစ်ရပ် ဖြစ်ပေ မယ့် နည်းပညာသစ်၊ ပစ္စည်းကိရိယာ သစ်တွေ စားသုံးတဲ့အခါ-

အမေရိကန်နိုင်ငံမှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုအားလုံးရဲ့ အနည်းဆုံး ၂၈ ရာခိုင်နှုန်း နှစ်စဉ်ဒါမှမဟုတ် ယာဉ်တိုက်မှုပေါင်း ၁.၆ သန်းဟာ ယာဉ်မောင်းသူက မောင်းနေတုန်း Cellphone သုံးလို့။ Text Message ပို့လို့။ ဖတ်လို့ ဖြစ်ရတာလို့ National Safety Council ရဲ့ ခန့်မှန်းချက် သစ် မှာဖော်ပြပါတယ်။ UC Berkely Wellness Letter, USA မှာ ပါတဲ့ သတင်းပါ။ သတိထားဆင်ခြင်စရာ ပေါ့။

နိုင်ငံတိုင်းမှာ Internet Cafe တွေ၊ Internet Kiosks တွေလို အများသုံး အင်တာနက်ဆိုင်တွေ တိုးများတွင်ကျယ်လာသလို Cellphone တွေ ကို On line Access လို့ခေါ်တဲ့ အင် တာနက်ချိတ်ဆက်မှုကိုလဲလုပ်နိုင် ပါပြီ။ စာကြည့်တိုက်တွေမှာလဲ အင် တာနက်သုံးနိုင်ပါတယ်။ ဒီလိုသုံးနိုင် တဲ့နိုင်ငံတွေမှာ ဒါတွေကို အသုံး အများဆုံးက လူငယ်တွေပါပဲ။ ဂျပန် နိုင်ငံမှာ Cellphone ၉ဝ ရာခိုင်နှုန်း အင်တာနက် ချိတ်ဆက်နိုင်ပြီး အိန္ဒိယ မှာ ၂ဝဝ၇ ခုနှစ်ထဲမှာပဲ အင်တာနက် သုံးသူ ၅၄ ရာခိုင်နှုန်း တိုးလာသတဲ့။ အိန္ဒိယဟာ အင်တာနက် သုံးသူ တစ်ဟုန်ထိုးတိုးတက်လာတဲ့ နိုင်ငံတဲ့။ အများစုဟာ လူငယ်တွေတဲ့။ နည်းပညာသစ်တွေ ရစ်ပတ်နေတဲ့ ကမ္ဘာကြီးဟာ သမားရိုးကျဘဝက လမ်းခွဲနေပါပြီ။ ကိုယ်ကအသစ်ကို ငြင်းဆန်နေရင် ကမ္ဘာကြီးက ကိုယ့်ကို လမ်းခွဲထားရစ်ခဲ့လိမ့်မယ်။

သို့ပေမယ့် သတင်းနဲ့ဆက် သွယ်ရေးနည်းပညာသစ်၊ ပစ္စည်းကိရိ ယာသစ်တွေကို သုံးစွဲတာမှာတော့ ကောင်းတာကိုရော ဆိုးတာကိုပါ ကျန သေချာလေ့လာ၊ သတိရှိသင့် တာတွေကို သတိရှိဖို့ လိုအပ်ပါ တယ်။ လောကရဲ့ သဘာဝ နိယာမ အရ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အကောင်း အဆိုး ဒွန်တွဲ ရှိနေ၊ ဖြစ်နေတတ် တာပဲလေ။ ခု နည်းပညာသစ် သုံး စွဲတာမှာလဲ နည်းပညာကို စေတနာ ဆိုးနဲ့ လွဲလွဲမှားမှား အသုံးချတာတွေ ရှိတာ သိထားရပါလိမ့်မယ်။ သာဓက ဆိုပါစို့။ ကိုယ့်ဆီကို မတောင်းဘဲ ဝင်လာတတ်တဲ့ Spam ခေါ် အနှောင့် အယှက်ပေး အီးမေးလ်တွေမှာ မဖွယ် မရာ ညစ်ညမ်းတာတွေ ပါလာတတ် ပါတယ်။

လေ့လာသူတွေ သိကြတဲ့အတိုင်း ပါပဲ။ Website ဆိုတာတွေဟာ အဖွဲ့အစည်းတွေ၊ ပညာရေး အသင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ဖန်တီးထားတဲ့ လျှပ်စစ် စာမျက်နှာပါပဲ။ သန်းနဲ့ချီတဲ့ Website တွေက လူငယ်တွေ ဈေး ဝယ်ဖို့ သုတေသနလုပ်ဖို့၊ သူငယ်ချင်း တွေ ဆက်သွယ်ဖို့၊ ကစားဖို့၊ ဂိမ်း တွေ၊ သီချင်းတွေ ကိုယ့်ကွန်ပျူတာထဲ ကူးထည့်ဖို့ အခွင့်အလမ်းတွေ ရစေပါတယ်။ နို့ပေမယ့် နည်းပညာ သစ်ကို ဆိုးညစ်တဲ့ စိတ်ထားနဲ့ လွဲမှား အသုံးချသူတွေက လိင်ကိစ္စ ကွက် ကွက်ကွင်းကွင်း တင်ပြထားတဲ့ Site တွေကလဲ အမှတ်မဲ့၊ အလွယ်ချိတ် ဆက်မိနိုင်တာ သတိရှိရဦးမယ်။ လေ့လာမှုတစ်ခုမှာ ဗြိတိန်ကလေး အသက်ရှစ်နှစ်မှ ၁၆ နှစ်ကြား ၉ဝ ရာခိုင်နှုန်းတို့က အများအားဖြင့် အိမ် စာလုပ်နေတုန်း မထင်မှတ်ဘဲ ညစ် ညမ်းပုံပါ Site တွေ ဖွင့်မိတယ် ပြော ကြသတဲ့။ ကနေဒါက ဆယ်တန်း၊ ၁၁ တန်းကျောင်းသား ၂၅ ရာခိုင်နှုန်း နီးပါးက လောင်းကစားနိုင်တဲ့ Site တွေထဲ ဝင်ကြည့်ကြတယ် ဝန်ခံသ တဲ့။

What in the world are your kid doing on line စာအုပ်ပါ နည်း ပညာကို အလွဲအမှား အသုံးပြုသူ တချို့က နှစ်ကိုယ်ကြား သီးသန့် လျှပ်စစ်စကားဝိုင်း Chat Room ထဲ ဝင်ဖို့ဖိတ်ခေါ်တတ်သတဲ့။ အဆိုးဆုံးက On line sex ပြုဖို့ သွေးဆောင် ဖြားယောင်းတာပဲတဲ့။ ငမောင်ဖြင့် လုံးဝ နားမလည် တတ်နိုင်အောင်ပဲ။ ဘုရားတ ထိတ်လန့်မိပါရဲ့။ ဒါဟာ နည်းပညာသစ်နဲ့ ပစ္စည်းကိရိယာ သစ်ကို အပြစ်တင်စရာ၊ ထိတ်လန့် စရာမဟုတ်ပါဘူး။ အသုံးပြုသူနဲ့ အသုံးပြု အကြောင်းကသာ ပြဿနာ ဖြစ်စေတာပါ။ ဒီနည်းပညာနဲ့ ပစ္စည်း ကိရိယာကြောင့် Citizen Journalism လို လူထုဘဝမှန်ဖော်ပြနိုင်တဲ့ သတင်း ဝါဒ ထွန်းကားလာရတာပါ။ သေချာ တာကတော့ ကမ္ဘာကြီးဟာ ဆိတ် ကွယ်ရာမဲ့ပါပြီ။ ဘယ်လို လျှို့ဝှက် ဖုံးကွယ်ထားတဲ့ မကောင်းမှုပဲဖြစ်ပါ စေ၊ သိန်းချီရှိနေပြီး News website တွေ သန်းချီရှိနေတဲ့ Blog တွေနဲ့ လွတ်ကင်း နိုင်ဖွယ်မရှိပါကြောင်း။
ထူးရွှေမောင်
 

No comments: