Tuesday, January 31, 2017

လွှတ်ချခြင်ပြီ

May Thingyan Hein-Myitmakha's photo.
3 hrs ·
လွှတ်ချခြင်ပြီ
May Thingyan Hein-Myitmakha
8 hrs ·
အိမ်ထောင်ရေးမှာ လွှတ်ချဖို့ လိုအပ်လာခဲ့ရင်...
====================================
ဘ၀အခက်အခဲတွေနဲ့လောကဓံတွေထဲမှာ အိမ်ထောင်ရေး ကံဆိုးတာက အိမ်ထောင်ရှင်တွေအတွက် အကြမ်းတမ်းဆုံးနဲ့စိတ်ထိခိုက်ရဆုံးပဲလို့သာ ဆိုချင်တော့တယ်။
အိမ်ထောင်ရေးမှာ ကံဆိုးခြင်း၊ ကံကောင်းခြင်းဆိုတာ တိကျတဲ့သတ်မှတ်ချက်တော့ မရှိပါဘူး။
ကိုယ်ကျင့်တရားမကောင်းလို့ ဖောက်ပြန်တတ်တဲ့ခင်ပွန်းကို ရထားတဲ့ ဇနီး၊ ကိုယ်ကျင့်တရား မကောင်းလို့ ဖောက်ပြန်တတ်တဲ့ ဇနီးကို ရထားတဲ့ ခင်ပွန်း တွေကို သာဓက ထားပြီး အိမ်ထောင်ရေး ကံဆိုးတဲ့သူလို့ အများက သတ်မှတ်လေ့ရှိပါတယ်။
ဒါ့အပြင် ရိုက်နှိပ်တတ်တဲ့ အိမ်ထောင်ဘက်၊ အရက်သောက်တတ်တဲ့ သူတွေ၊ ပြစ်မှု ကျူးလွန်တတ်တဲ့သူတွေ၊ပြီးတော့ လောင်းကစားလုပ်တတ်တဲ့သူတွေ(ချဲ၊ နှစ်လုံးနဲ့ ဘော်လုံးပွဲလောင်းတာပါပါဝင်ပါတယ်)နဲ့ အိမ်ထောင်ကျတဲ့သူတွေကလည်း ကံဆိုးတဲ့ ထဲ ပါဝင်ပါတယ်။
ယောက္ခမဆိုးဆိုး၊ ယောင်းမဆိုးဆိုး စတဲ့ အိမ်ထောင်ဘက်ရဲ့ မိဘတွေနဲ့သားချင်းတွေရဲ့ နှိပ်စက်မှုတွေကို သည်းခံပြီး နေထိုင်ရတဲ့ အိမ်ထောင်ရှင်တွေလည်း ကံဆိုးတယ်လို့ ဆိုကြပါတယ်။
ကျွန်မကတော့ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ပါစေ အိမ့်ထောင်ကျပြီးမှ အိမ်ထောင်ဘက်ကြောင့်
စိတ်ဆင်းရဲရတာ၊ စိတ်ထိခိုက်ရတာ၊ နာကျည်းပြီး စိတ်ဒဏ်ရာ ရစေတာတွေ မကြာခဏ ဖြစ်လာတယ်ဆိုရင်တော့ အိမ်ထောင်ကျ ကံဆိုးတယ်လို့ ယူဆပါတယ်။
အိမ်ထောင်ရေး ကံဆိုးပေမဲ့ ဒီအိမ်ထောင်တစ်ခုကိုပဲ တည်မြဲအောင် အားထုတ်နေထိုင်နေတဲ့ အိမ်ထောင်ရှင်တွေကတော့ သားသမီးတွေကြောင့်သည်းခံနေကြတာပါ။
“ညီမရယ် နာကျင်လိုက်တာ ပြောစရာစကားတောင်မရှိပါဘူး၊ အစ်မကိုလည်း ပေါင်း ၊ ဟိုမှာလည်း သွားပေါင်းနေတာပဲ ဘယ်လိုမှ မခံစားနိုင်ပါဘူး၊ အတူတူလည်း နေချင်စိတ် မရှိတော့ဘူး၊ သူ့မျက်နှာတောင် မမြင်ချင်လောက်အောင် ဖြစ်ရပါတယ်။ ကွဲဖို့စဉ်းစားပါတယ်။ ငါ့ကို မပေါင်းပါနဲ့တော့ဆိုပြီးတော့ပါ၊ သားကြီးက တက္ကသိုလ်တက်နေပြီ၊ သမီးကတော့ အလည်တန်းတက်နေတယ်၊ သမီးက အဖေ့ကို မခွဲနိုင်ဘူးလို့ဆိုတယ်၊ အစ်မ ဘယ်လိုလုပ်ရမလဲ၊ ဒီသား… ဒီသမီးတွေ အတွက် အစ်မ သည်းခံနေတာ၊ နှလုံးသားက သွေးစိမ်းကျပါတယ်“
အဲဒီလို မိခင်မျိုး ရှိသလို၊ သားလူပျိုရဲ့ မျက်နှာလည်း မထောက်နိုင်၊ သားသမီးတွေရဲ့ အနာဂတ်ကိုလည်း ဂရုမစိုက်နိုင်တဲ့ အဖေမျိုးလည်း ရှိတယ်။ အဲဒီလို မိသားစုလေး မပြိုကွဲရေးအတွက် ကလေးတွေရဲ့အမေက သူ့နှလုံးသွေးနဲ့ ဒီအိမ်ထောင်ရေးကို ကျားကန်နေသတဲ့။
သားသမီးတွေ အရွယ်ရောက်ချိန်မှာ အဖေ ခေါ်စရာမရှိမှာ စိုးရိမ်တဲ့စိတ်၊ သားသမီးတွေ အိမ်ထောင်ပြုတဲ့အခါ သူ့ အဖေက နောက်အိမ်ထောင်နဲ့ပေါင်းနေတယ်လို့ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ကိုယ့်သားရဲ့အသည်းနုနုကို ထိခိုက်နာကျင်သွားစေမဲ့ အဖြစ်ဆိုးတွေ မကြံစေချင်လို့ပဲ ဖြစ်ဖြစ် သည်းခံနေကြတာ။
ကိုယ်ကျင့်တရားမကောင်းလို့ မယားငယ်ယူပြီးဖောက်ပြန်နေတဲ့ ခင်ပွန်းသည်တွေကို သည်းခံပြီး ပေါင်းသင်းနေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့သည်းခံနိုင်အားကိုတော့ကျွန်မအနေနဲ့ အတော့်လေးကို ချီးကျူးမိပါတယ်။ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်အကာကွယ်ပေးလိုစိတ်ကြောင့်လို့ပဲ နားလည်မိတယ်။
ဖောက်ပြန်နေတဲ့အိမ်ထောင်ဘက်ကို လက်တွဲဖြုတ်လိုက်မလား၊ ဒီအတို်ငးဆက်သွားရမလား၊ ဆက်ပြီး သည်းခံနေထိုင်ရမလား လို့ မေးလာတိုင်း ကျွန်မမှာ အဖြေမရှိပါဘူး။
“သူပြုတဲ့အကုသိုလ်က သူနဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်ကတော့ ကောင်းတာကိုပဲ ပြုပါ အစ်မရေ၊ သူက မကောင်းဘူး၊ဒါပေမဲ့ ကိုယ်ကတော့သားသမီးတွေကြောင့်ဒီလူကို ဆက်ပေါင်းနေရတယ် ဆိုရင်လည်း ကိုယ့်စိတ်ထဲက သူ့မကောင်းမှုတွေမကူးစက်ဖို့နဲ့ သူပေးတဲ့စိတ်သောကတွေကြောင့် စိတ်ထောင်းကိုယ်ကျေ မဖြစ်စေဖို့ ဘာသာရေးကို ပိုပြီး အာရုံစိုက်ပါနော်“ ဆိုတဲ့အားပေး စကားတစ်ခွန်းအပြင် အခြားလည်း မပြောတတ်ပြန်ပါဘူး။
ကျွန်မအနေနဲ့ အိမ်ထောင်ပြုစဉ်တုန်းက ငယ်ရွယ်စဉ်မို့ အိမ်ထောင်ရေးဆိုတာ လောကရဲ့အရေးကြီးဆုံး အရေးလို့နားမလည်ခဲ့မိဘူး။ ဒါကြောင့်ဆွေမျိုးရေးတွေ ဘာတွေလည်း သိပ်ပြီး ဂရုစိုက်ခဲ့မိတာတော့ မဟုတ်ဘူး။
နောက်ပိုင်းကျမှာ အိမ်ထောင်ရေးမှာ ပြဿနာဖြစ်စေတဲ့ ဖောက်ပြန်မှုတွေအပြင် နောက်ထပ် ပြဿနာ ဖြစ်စေတာကတော့ ဆွေမျိုးရေးဆိုတာကို အသက်အရွယ်လေးရမှ သိလာရပါတယ်။
ဆွေမျိုးကြောင့် ကွဲရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိတယ်။ ဒီလိုမျိုး ကြုံလာရင်လည်း သားသမီးမျက်နှာကို ကြည့်ပြီး အစွမ်းကုန် သည်းခံပြီး နေထိုင်ရတဲ့ အိမ်ထောင်ရှင်တွေလည်း ရှိပါတယ်။
“အစ်မရယ် သူ့ကို ယုံလို့ သူ့အိမ်လိုက်နေတာ၊ အဲဒါကို ပြဿနာဖြစ်တော့သူက မသိချင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားတယ်၊ ညီမကို သူ့အမေနဲ့သူ့ညီမအစ်မတွေက ၀ိုင်းပြော ၀ိုင်းဆိုကြတာပေါ့၊ အဲဒါ သူ့ကို ပြောပြတော့ နင်အနေအထိုင်မတတ်လို့ လို့ ပြောတယ်၊ ညီမလေ သူ့အမေနဲ့သူ့ညီမပြောတာထက်တောင်မှ သူအဲလို ပြောလိုက်တာကို ပို ရင်နာပါတယ်။ ညီမက တစ်အိမ်လုံးရဲ့ ကျွန်လိုပဲ နေတာပါ။ ဒါကို မြင်လျက်သိလျက်နဲ့ ညီမကို ပြောရက်လိုက်တာ။ သမီးလေးကို ပိုက်ပြီး အိမ်ပေါ်က ဆင်းသွားရမလား လို့စဉ်းစားသေးတယ်၊ ကလေးပိုက်ပြီး အိမ်ပေါ်ဆင်းလာပြီး အမေအိမ်တက်ရမှာ …“
ဆွေမျိုးဆိုတာ ကိုယ့်အိမ်ထောင်ရေးမှာ ပိုပြီးအေးချမ်းသာယာအောင် လုပ်မပေးတတ်ကြပေမဲ့ လင်နဲ့မယား သွေးကွဲအောင်တော့ လုပ်နိုင်စွမ်း ရှိကြပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် အိမ်ထောင်ရှင်တိုင်းဟာ ကိုယ့်မိသားစုလေး မပြိုကွဲရေးအတွက်တော့ကြိုးစားအားထုတ်ကြရတာပါပဲ။
ကျွန်မ အနေနဲ့ကတော့အိမ်ထောင်ရေး မပြိုကွဲစေဖို့ အရာအားလုံးကိုလိုက်ပြီး အလျော့ပေး၊ညည်းခံပြီး နှိမ့်ကျနေနေရတာကိုလည်း အမြဲတမ်း မှန်ကန်တယ်လို့တော့ မယူဆမိပါဘူး။
မမျှတတဲ့ ရက်စက်တဲ့ အိမ်ထောင်ဘက်တွေနဲ့ ကံဆုံကြတဲ့ သူတွေမှာ တစ်ဘက်ကပဲ အမြဲတမ်း အနစ်နာခံနေရမယ်ဆိုတာလည်း ရက်စက်လွန်းတယ်လို့ မြင်မိတယ်။
ဒါကြောင့်တဘက်သတ်ဖြစ်လွန်းနေရင်။ နစ်နာလွန်းနေရင် လွှတ်ချသင့်တယ်။ မလွှတ်ချခင်မှာတော့ တစ်ကြိမ်တစ်ခါ ဖြစ်ဖြစ်ကြိုးစားကြည့်စေချင်တယ်။
ကိုယ့်အိမ်ထောင်မှာ အားနည်းချက်က ဘာလဲ ဆိုတာကို မြင်အောင်ကြည့်ဖို့၊ အိမ့်မိသားစုရဲ့ လိုအပ်ချက် သို့မဟုတ်၊ ပြောင်းလဲဖို့ လိုအပ်နေတာကို တွေ့ရင်လည်း မိသားစုကို အေးချမ်းသာယာအောင် ပြောင်းလဲနိုင်ဖို့ ကြိုးစားသင့်ပါတယ်။သူ့ဘက်ရော၊ ကိုယ့်ဘက်က လျော့ကြပြီး အိမ်ထောင်ရေး သာယာအောင်ကြိုးပမ်းဖို့ နှစ်ဘက်စလုံးက တာဝန်ယူ တာဝန်ရှိစေချင်တာပါပဲ။
ကိုယ်ကျင့်တရားမကောင်းလို့ ဖောက်ပြန်တတ်တဲ့သူကို ဆွဲဖမ်းထာသရွေ့ ကိုယ်ကပဲ နာကျင်ခံစားနေရမှာပါပဲ။ ဒါကြောင့် လွှတ်ချဖို့ လိုတယ်လို့ယူဆရင် သတ္တိရှိရှိသာ လွှတ်ချလိုက်ပါ။
ဒါပေမဲ့လွှတ်ချဖို့လည်း ခက်ခဲတတ်တဲ့
စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေရတဲ့ အိမ်ရှင်မတွေကိုတော့ အိမ်ထောင်ရေး သောကတွေကနေ လွတ်မြောက်ရေးအတွက်
ဘာသာရေးကိုပိုပြီး အာရုံပြုဖို့စိတ်အေးချမ်းအောင် တရားထိုင်ဖို့ တိုက်တွန်းလိုပါတယ်။
နောက်တစ်ချက်ကတော့ သားသမီးကြောင့်ပဲဖြစ်ဖြစ် ကွဲဖို့မဖြစ်နိုင်တဲ့အိမ်ထောင်ရေးမှာတော့ သူ့ရဲ့မတရားမှု၊ ဖောက်ပြန်မှု၊ အကျဉ်းတန်မှုတွေကို လိုက်ပါ ခံစားမနေဘဲ၊ဥပက္ခာပြုနိုင်ရေးကိုပဲ ကြိုးစားပါလို့သာ ဆိုချင်ပါတယ်။ ဥပက္ခာပြုတယ်ဆိုတာကလည်း သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို လွှတ်ချလိုက်ခြင်းတစ်မျိုါ်ပါပဲ။
ရခဲလှတဲ့လူ့ဘ၀မှာ ဒီလူတစ်ယောက်ကြောင့် နေ့စဉ်နဲ့အမျှ သောကနဲ့ ရှင်သန်နေရတယ်ဆိုရင်လည်း လူဖြစ်ရှုံးလှပါတယ်။ ဒါကြောင့် အချို့ကိစ္စရပ်တွေမှာ လွှတ်ချသင့်တယ်လို့ လက်ခံနားလည်ပြီး လွှတ်ချဖို့အတွက်လည်း တိုက်တွန်းအားပေးလိုပါသေးတယ်။
မတူတဲ့ အမြင်များရှိရငလည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: