Friday, July 28, 2017

ကိုသန်းစိုး(ရဲရင့်)ကိစ္စကို တပ်မတော်နှင့်ပြည်သူ့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲ

မြန်မာ့ဒီမိုကရေစီ ရေး၊ လူ့ အခွင့်အရေး ၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးလမ်းကြောင်းပေါ်မသွေဖီပဲ ကိုသန်းစိုး(ရဲရင့်)ကိစ္စကို တပ်မတော်နှင့်ပြည်သူ့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲ
25 July 2017
နိုင်ငံတကာရောက် ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ္ဋ်ထံ သို့ ကိုသန်းစိုး(ရဲရင့်) နှင့်ပတ်သက်၍ စာရေးသားတောင်းဆို
ခဲ့ကြကြောင်း သတင်းရရှိပါသည် ။
အဓိကအချက်အနေဖြင့် မြန်မာပြည်မှာ နိုင်ငံရေးသမားတွေလုံခြုံမှုမရှိသေးတာနဲ့ တရားဥပဒေအပေါ်စစ်တပ်က ဆက်လက်ထိမ်းသိမ်းထားတာတွေကို စိုးရိမ်နေကြတာဟုကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက သုံးသပ်ပြောဆိုနေကြတာဖြစ်ပါသည် ။
မြန်မာပြည်တွင် ၂၀၁၅ ရွေးကောက်ပွဲမှ တက်လာသည့် ပြည်သူ့ အစိုးရသည် ၂၀၀၈ဖွဲ့ စည်းပုံအောက်၌
တိုင်းပြည်၏တရားဥပဒေစိုးမိုးရေး ၊ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များတွင် တင်းပြည့်ကျပ်ပြည့် လုပ်ကိုင်ပိုင်ခွင့် မရရှိသေးဘူးဟု ဝေဖန်မှုများ ရင်ဆိုင်နေရပေသည် ။ တိုင်းပြည်၏ ကာကွယ်ရေး ၊နယ်စပ်လုံခြုံရေး ၊ပြည်ထဲရေးသည် ယခင်စစ်အာဏာရှင်စနစ်အောက်၌ အာဏာရှင်ကြီးများ၏ ခါးပိုက်ဆောင်တပ်ဟု နာမည်ကြီးခဲ့သော တပ်မတော်၏ လက်အောက်၌ ရှိနေဆဲဖြစ်ပြီး ပြည်သူ့ ဘ၀လုံခြုံရေးသည် မေးခွန်းထုတ်နေရဆဲဖြစ်ပေသည် ။
ဆိုလိုသည်မှာ ၂၀၁၀ရွေးကောက်ပွဲမှတက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် သတင်းထောက်ကိုပါကြီးသည် အသတ်ခံခဲ့ရသည့်နည်းတူ ယခုပြည်သူ့ အစိုးရလက်ထက်တွင်လည်း ဦးကိုနီကဲ့သို့ သော နိုင်ငံသိ ဥပဒေပညာရှင်တစ်ယောက် လူမြင်ကွင်းတွင် ရက်ရက်စက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုသည် ပြည်သူလူထု၏ လုံခြုံရေး နှင့် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေပေသည် ။
လတ်တလောတွင် ရှမ်းပြည်နယ်ရှိ စစ်ဖြစ်နေသော ဒေသသို့ သွားရောက်ပြီး သတင်းယူသည့် သတင်းထောက်များအား ဖမ်းဆီးထိမ်းသိမ်းမှုသည် ဒီမိုကရေစီကျင့်စဉ်၏ သတင်းလွတ်လပ်ခွင့်ကို သတင်းအမှောင်ချသည့် အာဏာရှင်စနစ်အောက်၌လုပ်ရိုးလုပ်စဉ် ကိစ္စတရပ်လို လုပ်ဆောင်လိုက်ခြင်းက ဒီမိုကရေစီ လမ်းကြောင်းကိုသွားမည့်ပြည်သူအစိုးရကို စိန်ခေါ်နေပေသည် ။
ထိုမျှသာမက တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မြန်မာ့တပ်မတော်က စွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားရုံးတင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းက တပ်မတော်၏ ဒီမိုကရေအင်အားစုများအပေါ်ထားရှိသည့်သဘောထားက ရင်ကြားစေ့ရေးလား နောက်ကြောင်းပြန်လှည့်နေသလား မေးခွန်းထုတ်နေရဆဲဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်ပါ ။
ပြီးခဲ့တဲ့ သတင်းပတ်များ အတွင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်တယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို တောင်းပန်စာပေးပို့ခဲ့ရသည့်ကိစ္စသည် တပ်မတော်သည် မထင်ရင် မထင်သလို ၂၀၀၈ဖွဲ့ စည်းပုံအောက်၌ အာဏာရှင်ဆန်နေပြီလားဟု လူထုကြား ထင်ကြေးပေးနေကြပေသည် ။
တခြားတဖက်တွင်လည်း တိုင်းပြည်ကို တည်ငြိမ်အောင်မအုပ်ချုပ်နိုင်လျှင် ဦးနုအစိုးရလက်ထက်ကလို တပ်မတော်ကို အာဏာလွှဲပြောင်းပေးဖို့ ပြည်သူ့ အစိုးရကို ဗြောင်ကျကျပြောဆိုသည့် ဦးဝီရသူလို သာသာရေး လူမျိုးရေးပြဿနာများဖန်တိးနေသည့် ရဟန်းကိုတော့ တပ်မတော်က မဖမ်းမဆီးပဲ လက်ပိုက်ကြည့်နေခြင်းက မသူတော်ခြင်း ပေါင်းဖက်မွေ့ နေသည်ဟုဆိုလျှင် ပြောဆိုဝေဖန်သူကို တောင်းပန်ခိုင်းဦးမည့် တပ်မတော်ဖြစ်နိုင်ပေသည် ။
အချုပ်ဆိုရသော် မြန်မာပြည်၏ နိုင်ငံရေးအပြောင်းအလဲ၌ လက်ရှိ ပကတိအခြေအနေ ကို သေသေချာချာ သုံးသပ်ကြည့်လျှင် သေနတ်သံများကြားနေရဆဲဖြစ်ပြီး ဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပေသည် ။
အထက်ပါအချက်အလက်များကြောင့် မြန်မာ့ဒီမိုကရေစီရေးကို တက်ကြွစွာလှုပ်ရှားပြီး မြန်မာ့ဒီမိုကရေစီရေးကို ကမ္ဘာသိအောင် အကြမ်းမဖက် လေယာဉ်ပြန်ပေးဆွဲကာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို တောင်းဆိုခဲ့သည့် ကိုသန်းစိုး(ရဲရင့်)အား ကနေဒါမှ မြန်မာပြည် ပြန်ပို့ ခံရပါက တပ်မတော်အနေဖြင့် သက်သက်ညှာညှာလုပ်နိုင်ချေမရှိဟုဆိုကာ ကျနော်အပါအ၀င် ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက စိုးရိမ်ပူပန်နေကြတာဖြစ်ပါသည် ။
တခြားတဖက်တွင်လည်း ပြည်သူ့ အစိုးရမှ ကိုသန်းစိုး(ရဲရင့်)၏ အသက် ဘ၀လုံခြုံရေးကို ယခုအချိန်တွင် အာမ မခံနိုင်ပါက ကနေဒါအစိုးရသို့ စာရေးအကြောင်းကြားကာ ၂၁ရာစုပင်လုံလို ငြိမ်းချမ်းရေးညီလာခံကျင်းပပြီးစီးကာ ဖွဲ့ စည်းပုံအသစ်ရေးဆွဲပြီးမှ ပြန်ပို့ ရန်မေတ္တာရပ်ခံစေချင်ပေသည် ။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့လည့်း ကိုသန်းစိုး(ရဲရင့်) နှင့်ပတ်သက်၍ စာရေးသားပေးပို့ မည်ဟု ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက ပြောဆိုနေကြပါသည် ။
ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများထဲက တယောက်ဖြစ်သည့် ဖိုးသက် ( Poe Ziwa ) ၇ဲ့ Face book မှာရေးသားထားတဲ့ ကိုသန်းစိုး(ရဲရင့်)ရဲ့ နောက်ဆုံးရသတင်းလေးနဲ့ ကျနော့ ဆောင်းပါးကို အဆုံးသတ်ချင်ပါသည် ။
ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနက သြဂုတ် ၈ရက်နေ့ မှာ for travel document အင်တာဗျူးလုပ်မယ်ဆိုတဲ့အမိန့်စာကို ဇူလိုင် ၁၉ရက်နေ့ မှာ လက်ခံရရှိခဲ့ပါတယ်။ (မြန်မာပြည်ရဲ့  ကြေကွဲဖွယ် အမှတ်တစ်ရနေ့ တွေပါ).. အခုထိ အစိုးရတွေ..နှစ်ကိုယ်ကြားတွေ ပါဝင်ပတ်သက်ခြင်း မရှိသေးဘူးလို့  မြင်နေရပါတယ်။ မြန်မာသံရုံးက အကြောင်းပြန်ထားခြင်း မရှိသေးပါ။ ရဲရင့်မှာ မည်သည့်နိုင်ငံသား ဖြစ်မှုကဒ်ပြားမှ ရှိမနေပါ။
ကိုသန်းစိုး(ရဲရင့်) အား မြန်မာနိုင်ငံသို့  ပြန်ပို့ မည့်ကိစ္စ သိရှိခြင်း ရှိ/မရှိနှင့် ကနေဒါလူဝင်မှုကြီးကြပ်ရေးနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ခြင်း ရှိ/မရှိတို့ အား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ္ဋ်ထံ တရားဝင်အကြောင်းပြန်ရန် နိုင်ငံတကာရောက် ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက စာရေးသား တောင်းဆိုလိုက်သည်။
မြန်မာ့ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးသည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးလမ်းကြောင်းပေါ်ရောက်မရောက် ကိုသန်းစိုး(ရဲရင့်)ကိစ္စကို တပ်မတော်နှင့်ပြည်သူ့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုသည့်အပေါ်များစွာတည်မှီနေပေသည် ။ အမှန်တရားအတွက် ဘ၀တွေ အသက်တွေ စတေးခဲ့သူများအတွက် နတ်ကောင်းနတ်မြတ်များမသည်ဟုဆိုရိုးစကားကို မှန်ကန်စေချင်လျက် ဒီမိုကရေစီသူရဲကောင်း ကိုသန်းစိုး(ရဲရင့်)အနာဂတ် လှပပါစေသား ။
အောင်ခိုင်မြင့်
၂၅ ဇူလိုင်လ ၂၀၁၇

 No automatic alt text available.
 Image may contain: text
 Image may contain: 4 people, people smiling, people standing

 Image may contain: 1 person

No comments: